Language : |
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

ပြည်ထောင်စုဝန်ကြီး ဦးလှမိုး တပ်ကုန်းမြို့နယ်အတွင်း နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေဖြင့် ဆောင်ရွက်သည့် နွေစပါးနှင့် ဝါသီးနှံစိုက်ပျိုးရေးလုပ်ငန်းများ အောင်မြင်ရေး ကွင်းဆင်းစစ်ဆေး


12 Mar,2024

နေပြည်တော် မတ် ၁၂

သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးလှမိုးသည် ဒုတိယ ဝန်ကြီး ဦးမြင့်စိုး၊ အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ်များ သက်ဆိုင်ရာတာဝန်ရှိသူများ နှင့်အတူ ယနေ့ နေ့လည်ပိုင်းက ပြည်ထောင်စုနယ်မြေ နေပြည်တော် တပ်ကုန်းမြို့နယ်အတွင်း နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေဖြင့် ဆောင်ရွက်သည့် နွေစပါးနှင့် ဝါသီးနှံစိုက်ပျိုးရေးလုပ်ငန်းများ အောင်မြင်ရေး ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ ပြည်ထောင်စုဝန်ကြီး၊ ဒုတိယဝန်ကြီးနှင့်အဖွဲ့သည့် တပ်ကုန်းမြို့နယ်၊ ရှားတော ကျေးရွာသို့ ရောက်ရှိပြီး ကျေးရွာဓမ္မာရုံ၌ ရှားတောစိုက်ပျိုးရေးနှင့် အထွေထွေသမဝါယမအသင်း အမှုဆောင်များ၊ အသင်းသားတောင်သူများ၊ ကျေးရွာသူကျေးရွာသားများနှင့် တွေ့ဆုံရာ  ပြည်ထောင်စုနယ်မြေ နေပြည်တော်သမဝါယမဦးစီးဌာန ဦးစီးမှူးက ရှားတောစိုက်ပျိုးရေးနှင့် အထွေထွေသမဝါယမအသင်း၏ နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေဖြင့် နွေစပါးစိုက်ပျိုးမှု အခြေအနေ များ၊ ဝါနှင့် အခြားဆောင်းသီးနှံ စိုက်ပျိုးထားရှိမှုအခြေအနေများအားလည်းကောင်း၊ နေပြည်တော် တိုင်း စိုက်ပျိုးရေးဦးစီးဌာန ညွှန်ကြားရေးမှူးက စိုက်ပျိုးရေးကဏ္ဍဆိုင်ရာ ဆောင်ရွက်ပေးမှု အခြေအနေများအားလည်းကောင်း ရှင်းလင်းတင်ပြကြပါသည်။ ရှင်းလင်းတင်ပြမှုများအပေါ် ပြည်ထောင်စုဝန်ကြီးက ဝါစိုက်တောင်သူများအနေဖြင့် ဝါသီးနှံများ အထွက်တိုးရေး၊ မျိုးကောင်း မျိုးသန့်ရရှိရေး၊ ဈေးကွက် သေချာစွာရရှိရေးတို့မှာ အရေးကြီးပါကြောင်း၊ ဒါ့အပြင် ဝါစိုက်ပျိုးရာ တွင်လည်း လိုအပ်သည့် သွင်းအားစုများထည့်သွင်းအသုံးပြုနိုင်ရေး၊ စိုက်နည်းစနစ်မှန်ကန်စေရေး၊ စိုက်ပျိုးရေရရှိရေးတို့မှာ လည်း အရေးကြီးပါကြောင်း၊ ဝါစိုက်တောင်သူများ၏ လိုအပ်ချက်များကို စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနနှင့် ပူးပေါင်းဆောင်ရွက်ပေးသွားမည် ဖြစ်ကြောင်း၊ တောင်သူများဘက်မှလည်း မိမိတို့၏ လိုအပ်ချက်များကို တင်ပြကြရန်နှင့် အဆိုပါ တင်ပြချက်များအပေါ် မြေပြင်ကွင်းဆင်းစစ်ဆေးပြီး အမြန်ဆုံး ပေါင်းစပ်ဖြည့်ဆည်းဆောင်ရွက် ပေးသွားမှာဖြစ်ကြောင်း၊  ထို့အပြင် ထွက်ရှိလာသော ဝါများအား ချည်ဖြစ်သည်အထိ ထုတ်လုပ် နိုင်ရေးအတွက် လုပ်ငန်းစဉ်အဆင့်ဆင့်ကို ဆောင်ရွက်နိုင်ရေး သက်ဆိုင်ရာ စက်မှုဝန်ကြီးဌာန၊ ပုဂ္ဂလိက အသေးစား အလတ်စား လုပ်ငန်းရှင်များနှင့် ပူးပေါင်းဆောင်ရွက်ပေးသွားမှာဖြစ်ကြောင်း၊  လိုအပ်သည့် စက်ပစ္စည်းများဝယ်ယူရရှိရေးနှင့် လိုအပ်သော အရင်းအနှီးများရရှိရေးတို့ကို MSME ချေးငွေမှ ရရှိရေးချိတ်ဆက်ဆောင်ရွက်ပေးမည်ဖြစ်ကြောင်း၊ အခက်အခဲများရှိပါကလည်း ပေါင်းစပ် ဆောင်ရွက်ပေးမည်ဖြစ်ကြောင်း၊ ပြည်တွင်းဝါထွက်ရှိမှု ဖူလုံပြီး လိုအပ်သောချည်ကို ပြည်ပမှ တင်သွင်းမှုလျော့ချနိုင်ပါက နိုင်ငံခြားငွေသုံးစွဲမှု လျော့ချနိုင်မှာဖြစ်ကြောင်း၊ ဒါ့ကြောင့် နိုင်ငံတော် အစိုးရ၏ လမ်းညွှန်ချက်နှင့်အညီ ဝါအထွက်တိုးရေး၊ ဖူလုံရေး၊ ဈေးကွက်ရရှိရေးတို့ကို စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ စက်မှုဝန်ကြီး ဌာနတို့ပူးပေါင်း ဆောင်ရွက်ပေးသွားမှာဖြစ်ကြောင်း၊ တောင်သူများမှလည်း လက်ရှိဆောင်ရွက်နေမှု အခြေအနေများနှင့် တွေ့ကြုံရသည့် အခက်အခဲ၊ ဖြေရှင်းပေးစေလိုသည့် ပြဿနာများကို ပွင့်ပွင့် လင်းလင်း တင်ပြကြစေလိုကြောင်း ပြောကြားပါသည်။

ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးက နေပြည်တော်အတွင်းရှိ မြို့နယ်(၈)မြို့နယ်တွင် နွေစပါးစိုက်ဧက (၆၄၀၀)ကျော် စိုက်ပျိုးရန်လျာထားပြီး အဆိုပါ စိုက်ဧကများအနက်မှ တပ်ကုန်း မြို့နယ်အပါအဝင် ပျဉ်းမနား၊ လယ်ဝေး၊ ဇမ္ဗူသီရိ၊ ဒဏ္ခိဏသီရိ စသည့်မြို့နယ် ၅ ငါးမြို့နယ်မှ စိုက်ဧကပေါင်း ၃၂၀၀ ကျော်ကို နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေမှ တစ်ဧကလျှင် ငွေကျပ်နှစ်သိန်းနှင့် ညီမျှသော သွင်းအားစုများကို ပံ့ပိုးပေးသွားမှာဖြစ်ပါကြောင်း၊ ကျန်စိုက်ဧကများကို အသင်းသား တောင်သူများ၏ အစီအစဉ်ဖြင့် ထွန်ယက်စိုက်ပျိုးသွားမှာဖြစ်ပါကြောင်း၊ စပါးစိုက်တောင်သူများ အနေဖြင့် ပန်းတိုင်အထွက်နှုန်းရရှိရေး လိုအပ်သည့် မျိုးကောင်းမျိုးသန့် ရရှိရေး၊ စိုက်ပျိုးမြေ အရည်အသွေးကောင်းမွန်အောင် စနစ်တကျပြုပြင်ရေး၊ စိုက်ပျိုးရေ ဖူလုံစွာရရှိရေး၊ စိုက်နည်းစနစ် မှန်ကန်ရေးတို့ အလေးထားဆောင်ရွက်ရန်လိုအပ်ကြောင်းနှင့် စိုက်ပျိုးနိုင်သည့် မြေများပေါ်တွင် မိုးသီးနှံအပြီး ဆောင်းသီးနှံနှင့် နွေသီးနှံများ သီးထပ်(၃)သီး စိုက်ပျိုးခြင်းအားဖြင့် ကျေးရွာ တောင်သူများ၏ ဝင်ငွေနှင့် လူနေမှုအဆင့်အတန်း မြင့်မားလာစေမှာဖြစ်သည့်အတွက် အစွမ်းကုန် ကြိုးစားဆောင်ရွက်ကြဖို့ လိုအပ်ကြောင်း၊ ကျေးရွာတောင်သူများအနေဖြင့် မြန်မာ့လယ်ယာ ဖွံ့ဖြိုးရေးဘဏ်မှချေးငွေများနှင့် နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေမှ ထောက်ပံ့ငွေများကို သီးနှံ ပေါ်ပါက သတ်မှတ်ကာလအတွင်း အပြေအကြေပေးသွင်းကြရန် လိုအပ်ကြောင်းနှင့် ဒေသ ဖွံ့ဖြိုးရေးဆိုင်ရာ များကိုရှင်းလင်းပြောကြားပြီး ဝါစိုက်တောင်သူများ၊ အသင်းသားတောင်သူများ၏ စိုက်ပျိုးရေး၊ မွေးမြူရေးဆိုင်ရာ လိုအပ်မှု တင်ပြချက်များကို ပေါင်းစပ်ဖြည့်ဆည်းဆောင်ရွက် ပေးပြီးနောက် နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေဖြင့် နွေစပါးစိုက်ပျိုးထားရှိမှု အခြေအနေများ၊ ဝါစိုက်ပျိုးထားရှိမှု အခြေအနေများ၊ ခရမ်းချဉ်၊ ကြက်သွန်စိုက်ပျိုးထားရှိမှု အခြေအနေများကို ကြည့်ရှုအားပေးခဲ့ကြောင်း သတင်းရှိပါသည်။


ဆက်စပ်လင့်ခ်များ

အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။

  • တယ်လီဖုန်း

    ၀၆၇ - ၄၁၀၀၃၃
  • ဖက်စ်

    ၀၆၇ - ၄၁၀၀၃၆
  • Email

    contact@mcrd.gov.mm