Language : |
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

“တောင်သူလိုအင်ဖြည့်ဆည်းဖို့ သမဝါယမစနစ်ဖြင့် ဝိုင်းဝန်းကူညီဆောင်ရွက်စို့”


11 Mar,2024

               ခေတ်စနစ်တွေ ပြောင်းလဲလာသည်နှင့်အမျှ ကျေးလက်နေ တောင်သူများ၏ လယ်ယာ လုပ်ငန်းခွင်ဆောင်ရွက်နေမှုများကလည်း ခေတ်မီလာပြီဟု ဆိုချင်ပါသည်။ ယခင်အချိန်များက မိရိုးဖလာ ကျွဲ၊ နွားများဖြင့် ထွန်ယက်စိုက်ပျိုးနေကြသည်မှ ယနေ့ခေတ်ဆိုလျှင် လယ်ယာသုံး စက်ကိရိယာများသုံးစွဲကာ စိုက်ပျိုးလုပ်ကိုင်နေကြသည်ကို တွေ့မြင်နေရပါသည်။ လယ်ယာလုပ်သား ရှားပါးမှု၊ အချိန်ကုန်သက်သာမှု၊ ကွက်ပြည့်စိုက်ပျိုးနိုင်မှု၊ အထွက်နှုန်းတိုးတက်မှု၊ ရိတ်သိမ်းချိန်လွန် အလေအလွင့်နည်းပါးမှု စသည့် ကောင်းကျိုးများကို သိရှိလာကြသော တောင်သူများအနေဖြင့် ခေတ်မီလယ်ယာသုံးစက်ကိရိယာများဝယ်ယူ၍ အသုံးပြုလာကြသည်မှာ ပစ္စက္ခကာလများအတွင်း များပြားလာသည်မှာ ငြင်းဖွယ်မရှိပါ။ ယင်းသို့ လယ်ယာသုံးစက်ကိရိယာများကို အသုံးပြုကြရာတွင် အချို့တောင်သူများသည် တစ်ဦးချင်းပိုင် ဝယ်နိုင်ကြသလို၊ အချို့မှာ  စုပေါင်း၍ ဝယ်ချင်နေကြကြောင်း သိရှိရပါသည်။ တောင်သူများအနေဖြင့် လယ်ယာသုံးစက်ကိရိယာများကို ဝယ်ချင်နေသော်လည်း ဝယ်နိုင်ခွင့်နည်းပါးနေကြသည်က အမှန်ပါ။ လယ်ထွန်စက် တစ်စီးလျှင် ကျပ် ၅၀၀-၆၀၀ သိန်းခန့်၊ ရိတ်သိမ်းခြွေလှေ့စက် တစ်စီးလျှင် ကျပ် ၁၀၀၀ သိန်း ဝန်းကျင် ပေါက်ဈေးရှိနေသည်က တောင်သူ တွေအတွက် အခက်တွေ့နေသည်က မြေပြင်မှာ အမှန်ဖြစ်နေပါသည်။ အချို့က လက်ငင်းငွေချေ စနစ်ဖြင့် ဝယ်ယူလိုသော်လည်း တောင်သူစိတ်ကြိုက်ထွန်စက်များက ဈေးကွက်မှာပစ္စည်းပြတ်လို့ ဝယ်၍မရ။ အချို့ကျပြန်တော့လည်း အသုံးပြုလိုသည့်ထွန်စက်ကြီးဝယ်လို့ရနေသော်လည်း ငွေကြေး အရင်းအနှီးက လုံလောက်မှုမရှိ ဖြစ်နေကြသည်။ ထိုထိုသော တောင်သူလိုအင်တွေကို ဖြည်းဆည်း ပေးနိုင်ဖို့ သမဝါယမလယ်ယာဝန်ဆောင်မှုအထောက်အကူပြုအသင်းများက ကူညီဖော်ဆောင်ပေး နေသည်ဟု ကြားသိရ၍ ဝမ်းသာနေမိပါသည်။

               သို့ဆိုရာ သမဝါယမက ဘာတွေလုပ်ပေးနေသလဲလို့ စောကြောတက်မိပြန်သည်။ သမဝါယမအသင်းများပိုင် လယ်ယာသုံးစက်ကိရိယာများဖြင့် လယ်ယာဝန်ဆောင်မှုလုပ်ငန်းများကို တိုင်းဒေသကြီး/ပြည်နယ် (၁၄)ခု၊ (၁၃၂)မြို့နယ်တွင် သမဝါယမအသင်းပိုင် ထွန်စက် (၄၅၂)စီး၊ ရိတ်သိမ်းခြွေလှေ့စက် (၁၁၂)စီး၊ ကောက်စိုက်စက် (၂၄)စီး၊ မျိုးစေ့ချစက် (၄၀)ခုတို့ဖြင့် သီးနှံများ ရာသီ အချိန်မီ စိုက်ပျိုးနိုင်ရေး နွေ၊ မိုး၊ ဆောင်း အချိန်မရွေး လယ်ယာဝန်ဆောင်မှုပေးနေသည်က မြေပြင်ရှိ လယ်ယာလုပ်ငန်းခွင်က တောင်သူလယ်သမားများ လက်တွေ့ခံစားနေကြရပါသည်။ သမဝါယမအသင်းပိုင်လယ်ယာသုံးစက်ကိရိယာများဖြင့်လယ်ယာဝန်ဆောင်မှုလုပ်ငန်းများ လုပ်ကိုင် ဆောင်ရွက်ပေးသလို မိမိတို့တစ်ဦးချင်းပိုင်အနေဖြင့် ဝယ်ယူလိုသူများကိုလည်း အသင်းသားတောင်သူ တစ်ဦးချင်း စိတ်ကြိုက်ဝယ်ယူခွင့်ရရှိနိုင်ရေး စီစဉ်ဆောင်ရွက်လျက်ရှိနေခြင်းကြောင့် စက်ဝယ်ယူလိုသူ တောင်သူများက သမဝါယမဦးစီးဌာနသို့ စုံစမ်းမေးမြန်းမှုများ ရှိနေကြသည်ဟု ကြားသိရပါသည်။ (၆၂)နှစ်မြောက် တောင်သူလယ်သမားနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် သမဝါယမလယ်ယာ ဝန်ဆောင်မှုသရုပ်ပြရှင်းလင်းပွဲများကို  နေပြည်တော်တွင် (၄)ကြိမ်နှင့် မန္တလေးတိုင်းဒေသကြီးတွင် (၁)ကြိမ် ဆောင်ရွက်ပေးနိုင်ခဲ့ခြင်းကြောင့် တောင်သူတွေလိုအပ်သော လယ်ယာသုံးစက်ကိရိယာ ဝယ်ယူသုံးစွဲခွင့်ရရှိရေး အစိုးရ - တောင်သူ - စက်ရောင်းကုမ္ပဏီတို့ ဝိုင်းဝန်းညှိနှိုင်းဆောင်ရွက် ပေးနိုင်ခဲ့ခြင်း၏ ရလဒ်ကောင်းဟု ဆိုချင်ပါသည်။

               လုံလောက်သောအရင်းအနှီးမရှိသေးပေမယ့် စက်ပိုင်ရှင်ဖြစ်ဖို့အခွင့်ကောင်းကို တောင်သူ များ ဆုပ်ကိုင်နိုင်ရန် သမဝါယမဦးစီးဌာနအနေဖြင့် စက်ဝယ်ယူလိုသူ တောင်သူများအား ယင်းတို့ နေထိုင်ရာကျေးရွာရှိ စိုက်ပျိုးထုတ်လုပ်ရေးသမဝါယမအသင်းများသို့ အသင်းသားအဖြစ် ပါဝင် စေခြင်း၊ အသင်းမဖွဲ့ရသေးသည့်ကျေးရွာများရှိ လုပ်ချင်ကိုင်ချင်စိတ်ရှိ၍ စိတ်ဆန္ဒတူသူ တောင်သူ များအား လယ်ယာဝန်ဆောင်မှုသမဝါယမအသင်းဖွဲ့စည်းပေးခြင်း၊ ၎င်းတို့လိုအပ်သော စက်ကိရိယာ များအား စက်ရောင်းကုမ္ပဏီများနှင့်ချိတ်ဆက်ပေးခြင်း၊ လယ်ယာသုံးစက်ကိရိယာများအတွက် နှစ်ရှည်အရစ်ကျပေးဆပ်စနစ်ဖြင့် JICA (နှစ်ဆင့်ချေးငွေ) Two Step Loan ရရှိနိုင်ရေး မြန်မာ့ လယ်ယာဖွံ့ဖြိုးရေးဘဏ်နှင့် ချိတ်ဆက်ပေးခြင်းတို့ကို ဆောင်ရွက်ပေးလျက်ရှိနေခြင်းက သမဝါယမ ဆိုသည့် အဓိပ္ပာယ်နဲ့အညီ အတူတကွ ပူးပေါင်းဆောင်ရွက်ပေးနေခြင်းကို ပုံဖော်နေခြင်းဟု ဆိုချင် ပါသည်။ယင်းသို့ ဝိုင်းဝန်းပူးပေါင်းဆောင်ရွက်ပေးခဲ့ခြင်းကြောင့် (၁-၃-၂၀၂၄) ရက်နေ့အထိ ဖော်ပြပါ ဇယားအတိုင်း တောင်သူများလိုအပ်သော ထွန်စက် (၂၁)စီး၊ ရိတ်သိမ်းခြွေလှေ့စက် (၉)စီး ဆက်စပ် ပစ္စည်း(၅)ခုတို့ကို ဖြည့်ဆည်းဆောင်ရွက်ပေးနိုင်ခဲ့ကြောင်း တွေ့ရှိရပါသည် -

သမဝါယမဦးစီးဌာနအနေဖြင့် စက်ကိရိယာဝယ်ယူခွင့်ရရှိသော တောင်သူများနှင့် စက်ကို မောင်းနှင်အသုံးပြုမည့်သူများအားလည်း “စက်မောင်းကျွမ်းကျင်နှင့် စက်ပြင်သင်တန်း” များကိုလည်း စက်မှုလယ်ယာဦးစီးဌာနနှင့်ချိတ်ဆက်ညှိနှိုင်း၍ သင်တန်းများ ဖွင့်လှစ်ပေးသွားမည်ဟု သိရှိရသည့် အတွက်လည်း တောင်သူလိုအင်ကို သမဝါယမက တတ်စွမ်းသမျှ ဖြည့်ဆည်းဆောင်ရွက်ပေးနေ သည်ဟု မှတ်ယူရမည်ဖြစ်ပေသည်။ After Sale Service အပိုင်းကိုလည်း သက်ဆိုင်ရာ စက်ရောင်း ကုမ္ပဏီများက တာဝန်ယူဆောင်ရွက်ပေးလျက်ရှိပြီး အဆိုပါ ကုမ္ပဏီများအနေဖြင့်လည်း တောင်သူ လိုအပ်သော စက်ကိရိယာများကို Stock လက်ကျန်ပေါ်မူတည်ပြီး ချက်ချင်းဆောင်ရွက်ပေးနိုင်မှု၊ တောင်သူလိုချင်သော်လည်း ထပ်မံတင်သွင်းရမည့် စက်ကိရိယာများကို အမြန်ဆုံးတင်သွင်း၍ ဖြည့်ဆည်းဆောင်ရွက်နိုင်မှုတို့ကို အားကြိုးမာန်တက်လုပ်ဆောင်ရွက်ပေးလျက်ရှိနေပါသည်။

               ကျပ်သိန်း(၇၀၀)တန် ထွန်စက်၊ သိန်း(၁၀၀၀)တန် ရိတ်သိမ်းခြွေလှေ့စက်ကို ဝယ်ယူဖို့ သမဝါယမက ဘာတွေလုပ်ပေးမှာလဲဆိုတဲ့မေးခွန်းက ‌ရှေ့တန်းရောက်လာပါသည်။ အသင်းသား တောင်သူတစ်ဦးသည် သိန်း(၇၉၆)တန်ဖိုးရှိ ဂျွန်ဒီးယား 55 HP ကိုဝယ်ယူမည်ဆိုကြပါစို့။  အသင်းသားက ယင်းငွေကို  တစ်လုံးတစ်ခဲတည်းမပေးချေနိုင်။ မိမိအမည်ပေါက် ပုံစံ(၇) ကလည်း (၁၀)ဧကမရှိလျှင် မိသားစု၊ ဆွေမျိုးသားချင်းများနှင့်သမဝါယမအသင်းဖွဲ့၍ ယင်းအသင်းသားများ၏ လယ်ဧက(၁၀) ပြည့်မီအောင် ညှိနှိုင်းပေါင်းစပ်ပေးပါသည်။ အကယ်၍ ပုံစံ(၇)ပိုင်ဆိုင်မှု တစ်ဦးတည်း အမည်ပေါက် (၁၀)ဧကရှိလျှင် ထိုသူကို စက်ရောင်းကုမ္ပဏီနှင့်ချိတ်ဆက်ပြီး တောင်သူစိတ်ကြိုက် အဆိုပါထွန်စက် ကို ဝယ်ယူနိုင်မည်ဖြစ်ပါသည်။ ယင်းသို့ဝယ်ယူရာတွင် တောင်သူအနေဖြင့် ချေးငွေပမာဏ၏ (၃၀%)နှင့်ညီမျှသောငွေကို မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်တွင် စုဆောင်းအပ်နှံထားခြင်းနှင့် အာမခံ အဖြစ် (၁၀)ဧက အမည်ပေါက် ပုံစံ (၇)ကို ဘဏ်သို့ အပ်နှံထားရမည် ဖြစ်ပါသည်။ ဘဏ်ကလည်း တောင်သူဝယ်ယူသွားသော စက်တန်ဖိုးကို သက်ဆိုင်ရာစက်ရောင်းကုမ္ပဏီသို့ ထုတ်ပေးနိုင်ရေး သမဝါယမက လိုအပ်သည်များ ကူညီဆောင်ရွက်ပေးသွားမည်ဖြစ်ပါသည်။ ဘဏ်အနေဖြင့် ချေးငွေ သတ်မှတ်ချက်များနှင့် ညီညွတ်မှုရှိသော JICA နှစ်ဆင့်ချေးငွေများအား တစ်ဦးချင်းဆိုလျှင် ကျပ် (၇၀၀)သိန်းအထိလည်းကောင်း၊ အစုအဖွဲ့ဆိုလျှင် ကျပ်(၅၀၀၀)သိန်းအထိလည်းကောင်း ထုတ်ချေး ပေးပြီး ချေးငွေအပေါ် တစ်နှစ်လျှင် (၅%) အတိုးရယူခြင်းနှင့် တောင်သူစုဆောင်းအပ်နှံငွေပေါ်တွင် လျှင် တစ်နှစ်လျှင် (၅%) အတိုးပေးလျက်ရှိကြောင်း သိရပါသည်။

               စက်ဝယ်ယူရရှိပြီးသောတောင်သူအနေဖြင့် တစ်နှစ်လျှင်တစ်ကြိမ် ဘဏ်က သတ်မှတ် ထားသည့်ပမာဏကို ပေးသွင်းရမည်ဖြစ်ပြီး ချေးငွေကာလ(၅)နှစ်အထိ ရယူနိုင်ပါသည်။ ထွန်ယက်၊ ရိတ်သိမ်းခြင်းမှရငွေများဖြင့် ဘဏ်သို့ အရစ်ကျပေးဆပ်ရမည်ဖြစ်ပြီး ဝင်ငွေကောင်း၍ သတ်မှတ် ကာလထက်စော၍ ပြန်လည်ပေးဆပ်မည်ဆိုပါကလည်း ဆပ်နိုင်ပါသည်။ စက်ရောင်းကုမ္ပဏီများ ဘက်မှလည်း သမဝါယမလယ်ယာဝန်ဆောင်မှုအသင်း/အသင်းသားများအတွက် ဘဏ်နှင့် ချိတ်ဆက်ခြင်းမဟုတ်ဘဲ သက်ဆိုင်ရာကုမ္ပဏီဖြင့် တိုက်ရိုက်ချိတ်ဆက်ဝယ်ယူလိုပါကလည်း စက် တန်ဖိုး (၅၀%)ကိုလက်ငင်းပေးချေပြီး ကျန်(၅၀%)ကို (၁)နှစ် (၂)ကြိမ်ခွဲ၍ အရစ်ကျ ပေးဆပ် နိုင်အောင် သမဝါယမက ကြားဝင်ကူညီချိတ်ဆက်ပေးလျက်ရှိပါသည်။ စက်ဝယ်ယူလိုသူ တောင်သူ များ၏တင်ပြချက်အရ စက်ကိရိယာအမျိုးအစားပေါ်မှာ စွဲလန်းမှုကြီးနေသည်ကိုလည်း တွေ့ရပါ သည်။ ပမာဆိုရလျှင် ကူဘိုတာ 60HP နှင့်အထက် ထွန်စက်ကိုရမှပဲ ဝယ်လိုကြသည်များလည်း ရှိကြရာ သက်ဆိုင်ရာကုမ္ပဏီအနေဖြင့်လည်း ပြည်ပနိုင်ငံမှ တင်သွင်းရမည့်အခြေအနေ ဖြစ်သည့် အတွက် လတ်တလောမရနိုင်သေးကြောင်းရှင်းပြသော်လည် ကူဘိုတာမှ ကူဘိုတာ အစွဲ ရှိနေကြသူ များအတွက် လအနည်းငယ် စောင့်ဆိုင်းရမည့်အနေအထားဖြစ်ကြောင်း သိရှိရပါသည်။ စက်မှု လယ်ယာကူးပြောင်းရေး၊ ရာသီသီးနှံအချိန်မီစိုက်ပျိုးနိုင်ရေး ပန်းတိုင်အထွက်နှုန်း ပြည့်မီနိုင်ရေးတို့ အတွက် တောင်သူလိုအပ်သော လယ်ယာသုံးစက်ကိရိယာများကို ဦးစားပေး တင်သွင်း ရောင်းချ ပေးနိုင်ရေးကို ဆောင်ကြဉ်းပေးသင့်ပါကြောင်း အကြံပြုအပ်ပါသည်။

               သမဝါယမလယ်ယာဝန်ဆောင်မှု သရုပ်ပြပွဲများတွင် သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေး ဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးမှ ကျေးရွာနေတောင်သူများအနေဖြင့် စိုက်ပျိုးရေ လုံလောက်စွာ ရရှိသည့်နေရာများတွင် မိုးသီးနှံအပြီး ဆောင်းသီးနှံ၊ ဆောင်းသီးနှံအပြီး နွေသီးနှံ၊ သီးထပ် သုံးသီး စိုက်ပျိုးနိုင်ပါက တစ်မိသားစုချင်း ဝင်ငွေများတိုးပွားလာမည်ဖြစ်သည့်အတွက် ဒေသနှင့်ကိုက်ညီ သည့် သီးနှံများကို တိုးချဲ့စိုက်ပျိုးကြပြီး ပန်းတိုင်အထွက်နှုန်းရရှိရေး ဆောင်ရွက်ရမည့် စိုက်ပျိုးရေး နည်းစနစ်များအတိုင်း လိုက်နာဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ ထွန်ယက်ခြင်း၊ ရိတ်သိမ်းခြင်းတို့ အတွက် လိုအပ်သော ထွန်စက်၊ အစေ့ချစက်နှင့် ရိတ်သိမ်းခြွေလှေ့စက်များ အသုံးပြုရန် လိုအပ် ပါကြောင်း၊ အဆိုပါစက်များကို တစ်ဦးချင်း တစ်ယောက်ချင်း ဝယ်ယူ အသုံးပြုနိုင်ခြင်းမရှိပါက အသင်းအဖွဲ့အနေဖြင့် စုဖွဲ့ဝယ်ယူနိုင်ရေး ပုဂ္ဂလိကလုပ်ငန်းရှင်များ၊ စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီး ဌာန မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်၊ သမဝါယမဦးစီးဌာနတို့ပူးပေါင်းပြီး သက်သာသောအတိုးနှုန်း ဖြင့် ညှိနှိုင်းပေါင်းစပ်ဆောင်ရွက်ပေးမည်ဖြစ်ကြောင်း ဟူ၍ လမ်းညွှန်ပြောကြားမှုများကလည်း သမဝါယမကဏ္ဍမှ တောင်သူလိုအင်၊ လိုအပ်ချက်များကို တစ်ဖက်တစ်လမ်းမှ ကူညီပံ့ပိုးပေးနေမှု များဟု မှတ်ယူရမည်ဖြစ်ပေသည်။

               အချူပ်အားဖြင့်ဆိုရလျှင် လယ်ယာဝန်ဆောင်မှုအထောက်အကူပြု သမဝါယမအသင်းများ အနေဖြင့် ကျေးလက်နေတောင်သူများ ရာသီ သီးနှံများအား အချိန်မီစိုက်ပျိုးနိုင်ရေး၊ စုပေါင်း ထွန်ယက်၊ စုပေါင်းစိုက်ပျိုး၊ စုပေါင်းရိတ်သိမ်းနိုင်ရေး လယ်ယာသုံးစက်ကိရိယာများဖြင့် လယ်ယာ ဝန်ဆောင်မှုများဆောင်ကြဉ်းပေးနေခြင်းအပြင် ယခုကဲ့သို့တောင်သူစိတ်ကြိုက် လယ်ယာသုံး စက်ကိရိယာများ ဝယ်ယူရရှိနိုင်ရေး ဝိုင်းဝန်းပူးပေါင်းဆောင်ရွက်ပေးခြင်းအား နိုင်ငံအဝှမ်း တိုးချဲ့ လုပ်ဆောင်ပေးခြင်းဖြင့် မြန်မာ့လယ်ယာကဏ္ဍ ဖွံ့ဖြိုးတိုးတက်လာခြင်း၊ စက်မှုလယ်ယာစနစ်များ ကျယ်ပြန့်လာခြင်း၊ လယ်ယာထုတ်ကုန်သီးနှံများတိုးမြှင့်ထုတ်လုပ်လာနိုင်ခြင်း၊ ပြည်တွင်းစားသုံးမှု ဖူလုံပြီး ပြည်ပပို့ကုန် တိုးမြှင့်တင်ပို့လာနိုင်ခြင်းနှင့် သီးနှံအထွက်နှုန်းတိုးလာခြင်းကြောင့် တောင်သူ များ ဝင်ငွေတိုးပွားလာကာ ယင်းတို့၏ လူမှုစီးပွားဘဝများဖွံ့ဖြိုးတိုးတက်လာမည်ဟု ယုံကြည်နေမိ ပါတော့သည်ဟူ၍။                ။             

                                                                                                   

K ဇင်သစ်

(မန်းတက္ကသိုလ်)

4.3.2024

3:20 pm


ဆက်စပ်လင့်ခ်များ

အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။

  • တယ်လီဖုန်း

    ၀၆၇ - ၄၁၀၀၃၃
  • ဖက်စ်

    ၀၆၇ - ၄၁၀၀၃၆
  • Email

    contact@mcrd.gov.mm