Language : |
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

ပန်းစုံတောအလယ်မှာ ဂုဏ်ဝင့်ထည်နေသော ယွန်းပညာကောလိပ်(ပုဂံ) (ဆောင်းပါးအဆက်)


11 Mar,2024

မြင့်စိုး(နတလ)

ပန်းယွန်းမြို့တော်မှ အပြန်

          သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၌ တာဝန်ထမ်းဆောင်ခွင့်ရခဲ့သော ၂၀၂၂ ခုနှစ်၊ ဧပြီလ ၁ ရက်နေ့မှစ၍ ယနေ့ထိ အချိန်ကာလတစ်ခုအတွင်း ကျွန်တော်သည် ပြည်နယ်နှင့် တိုင်းဒေသကြီးအားလုံးကို ရောက်ခဲ့ပြီးပြီ။ နေရာဒေသ တော်တော်များများ အကြောင်း၊ ဖွံ့ဖြိုးရေးလုပ်ငန်းများအကြောင်း ဆောင်းပါးများ ရေးဖြစ်ခဲ့သည်။ ထိုနည်းတူစွာ မိမိတို့ဝန်ကြီးဌာနအောက်ရှိ သမဝါယမနှင့်စီမံခန့်ခွဲမှုပညာတက္ကသိုလ် (စစ်ကိုင်းနှင့်သန်လျင်) သမဝါယမကောလိပ် (မန္တလေးနှင့်ဖောင်ကြီး)၊ ဆောင်းဒါး ရက်ကန်းနှင့် သက်မွေးပညာသိပ္ပံ၊ သမဝါယမစာရင်းရေးစာရင်းကိုင် သက်မွေးပညာသင်တန်းကျောင်းများ၊ ရက်ကန်းနှင့် အသက်မွေးပညာသင်တန်းကျောင်းများ နှင့်ပတ်သက်၍လည်း ရေးခဲ့ဖူးသည်။ သမဝါယမ တက္ကသိုလ်များအကြောင်းကို ရေးစဉ်က သန်လျင်ဆိုသည့် အမည်နာမကို အကြောင်းပြု၍ နတ်ရှင်နောင်၊ ငဇင်ကာနှင့် ၎င်း၏ဇနီးဖြစ်သူ စောသဒ္ဓါ(စောသန္တာ) တို့အကြောင်း၊ အေဒီ ၁၆၁၃ ခုနှစ်တွင် အနောက်ဘက်လွန်မင်းက သန်လျင်ကိုဝင်တိုက်ပြီး သစ္စာဖောက် နတ်ရှင် နောင်နှင့် ပေါ်တူဂီလူမျိုး နယ်ချဲ့ငဇင်ကာတို့ကို ရှင်းလင်းသုတ်သင်ခဲ့သည့် အကြောင်း၊ ယင်းသို့ ရှင်းလင်းတိုက်ခိုက်ချိန်မှာ ငဇင်ကာ၏ ဇနီးဖြစ်သူ စောသဒ္ဓါနှင့် သားတော် နန္ဒာဘယ၊ သမီးတော် သုပဘာဒေဝီတို့ မြစ်ဝကျွန်းပေါ်ဒေသ ဟင်္သာတဘက်သို့ ရေကြောင်း ခရီးဖြင့် တိမ်းရှောင်ကြစဉ် လမ်းတွင် စောသဒ္ဓါကွယ်လွန်ခဲ့ပုံ၊ ကျန်ရစ်သော မောင်နှမ နှစ်ယောက်က လေးမျက်နှာဘက်သို့ ရောက်သွားပြီး ယခုရေကြည်မြို့နယ် သီတာကုန်းပြင် အရပ်တွင် မြို့တည်၍ နေထိုင်ကြပုံ၊ ၎င်းတို့ကွယ်လွန်သွားကြသောအခါ နတ်မောင်နှမအဖြစ် ရှိနေကြသည်ဟု ယုံကြည်ကိုးကွယ်ခြင်းခံရသောကြောင့် သီတာကုန်းပြင်ရှိ သီတာမောင်နှမ နတ်ကွန်းနှင့် ၎င်းတို့တည်ထားခဲ့သော ရွှေနန်းဦး(မြသိန်းတန်စေတီ)၊ ရွှေဒါန်းဦးစေတီ ဘုရား ပွဲတော်ကာလ၌ ကုန်းပွဲ၊ ရေပွဲများဖြင့် ခြိမ့်ခြိမ့်သဲသဲ ကျင်းပလျက်ရှိပုံအကြောင်းများကို ရေး ဖြစ်ခဲ့သည်။

          ထိုနည်းတူစွာပင် မန္တလေးမြို့ရှိ ဆောင်းဒါး ရက်ကန်းနှင့် အသက်မွေးမှုပညာသိပ္ပံ အကြောင်းရေးစဉ်ကလည်း ရက်ကန်းနှင့် အထည်အလိပ်ပြတိုက်တွင် ပြသထားသော စုဖုရား လတ်၏ ဝတ်လဲတော် (မူရင်း) နှင့် သင်တန်းသူများ၏လက်ရာ အခြားဝတ်လဲတော်တစ်စုံ တို့ကို ကြည့်ရှုလေ့လာနေရင်း ဆရာမြသန်းတင့်၏ “တောင်သမန်ရွှေအင်းက လေညင်းဆော် တော့” စာအုပ်ပါ သမိုင်းအချက်အလက်များနောက်သို့ ကောက်ကောက်ပါအောင် လိုက်သွား မိပါသည်။ ၁၈၈၄၊ ၁၈၈၅ ခုနှစ် မန္တလေး နန်းတွင်းရေးအခြေအနေများ ရှုတ်ထွေးနေချိန်၊ စုဖုရားလတ်နှင့် ကင်းဝန်မင်းကြီး၊ တိုင်တားမင်းကြီးတို့၏ ပြုပြင်ပြောင်းလဲရေးဝါဒီများ၏ ဂိုဏ်းဂနကွဲပြားမှုများ၊ အင်္ဂလိပ်၊ ပြင်သစ်နှင့် အီတလီတို့၏ သုံးပွင့်ဆိုင် ခြေရှုတ်လာမှုများ၊ ပြင်သစ်ထံမှ လက်နက်ခဲယမ်းများ တင်သွင်းရေးဆိုင်ရာ ၁၈၈၄ ခုနှစ် ဇန်နဝါရီလ၌ ပါရီ မြို့တွင် ချုပ်ဆိုခဲ့သော ပြင်သစ်-မြန်မာစာချုပ်၊ စုဖုရားလတ်၏ လူယုံတော် နိုင်ငံခြားသူ အင်္ဂလိပ်ကပြား၊ ပြင်သစ်လိုလားသူ မက်တီကာလိုဂရီဒီနှင့် ပြင်သစ်လူမျိုး နန်းတွင်းစစ်ဘက် အကြံပေး၊ အဝယ်တော် ဗွန်ဗီလိန်းတို့၏ အချစ်ရေးအရှုတ်တော်ပုံ၊ ဗွန်ဗီလိန်းက ပါရီသို့ ပြန်သွားပြီး မိန်းမတစ်ယောက်ယူလာသည်ကို ကလဲ့စားချေလိုသဖြင့် မက်တီကာလိုဂရီဒီ သည် ကင်းဝန်မင်းကြီး၏ စာရေးဖြစ်သူအား မြှူဆွယ်ပေါင်းသင်းကာ ပြင်သစ်-မြန်မာစာချုပ် ကို ရအောင်ခိုးယူပြီး အီတလီကောင်စစ်ဝန်နှင့် ဘုံဘေဘားမား သစ်ကုမ္ပဏီကိုယ်စားလှယ် အန်ဒရေနိုမှတစ်ဆင့် အင်္ဂလိပ်တို့လက်ထဲသို့ ထည့်လိုက်ခြင်းက တတိယအင်္ဂလိပ်-မြန်မာ စစ်ပွဲအတွက် မီးစတစ်စဖြစ်လာပုံတို့ကို ဆောင်းပါးထဲမှာ ထည့်သွင်းရေးသားခဲ့ဖူးပါသည်။

          သို့တစေ ယွန်းပညာကောလိပ်(ပုဂံ)ကို ၂၀၂၃ ခုနှစ်က တစ်ခေါက်ရောက်ခဲ့သော်ငြား လည်း ဆောင်းပါးတစ်ပုဒ်တစ်လေမျှ မရေးဖြစ်ခဲ့၊ ကျွန်တော့်ဘက်က ပျက်ကွက်ခဲ့ပါသည်။ ရေးရအောင်လည်း ကျွန်တော် အချိန်တိုလေးအတွင်း မြင်ခဲ့သိခဲ့ကြားခဲ့သမျှလောက်နှင့်တော့ ပြည့်ပြည့်စုံစုံ ရေးသားဖော်ပြဖို့ရာ ခက်ပါသည်။ တစ်နည်းဆိုရသော် ယွန်းပညာရပ်များသည် ပုဂံ၊ အင်းဝ၊ ကုန်းဘောင် ခေတ်များကတည်းက ခေတ်အဆက်ဆက် ဖြတ်သန်းလာခဲ့သော အစဉ်အလာနှင့် အရှိန်အဝါကြီးမားသည့် ပညာရပ်များ ဖြစ်နေ၍ ကျွန်တော် မတို့မထိရဲတာ လည်း ဖြစ်ပါလိမ့်မည်။ ယခုတစ်ခေါက်ခရီးစဉ်တွင် ယွန်းပညာကောလိပ် ရာပြည့်မဂ္ဂဇင်း စာအုပ်တစ်အုပ် လက်ဆောင်ရရှိခဲ့သည်။ ထိုစာအုပ်တွင် ပါဝင်ရေးသားထားသူများမှာ အငြိမ်းစားကျောင်းအုပ်ဆရာကြီးများနှင့် ဆရာ၊ ဆရာမများ၊ သုတေသနပညာရှင်များ၊ ယွန်း လုပ်ငန်းရှင်များနှင့် ပညာရှင်များ၊ လက်ရှိ သင်ကြားရေး ဆရာဆရာမများ၊ ကျောင်းသား ကျောင်းသူဟောင်းများအပြင် ကျွန်တော် ရိုသေလေးစားရသော အမေတင်ရီမ (ညောင်ဦး) တို့လို ပုဂံ/ ညောင်ဦးသူစစ်စစ် စာရေးဆရာမကြီးများလည်း ပါဝင်နေပေသည်။ ဆိုရသော် ရာပြည့်မဂ္ဂဇင်းသည် မြန်မာ့ရိုးရာယွန်းပညာရပ်များ၏ အနုပညာလက်ရာမြောက်မှု၊ သိမ်မွေ့ နက်နဲမှု၊ တန်ဖိုးကြီးမားမှုတို့ကို ရည်ညွှန်းဂုဏ်ပြုဖော်ပြထားသော စာပေါင်းသိုက်ကြီးတစ်ခု ပမာ ကျွန်တော် ခံစားဖတ်ရှုလေ့လာခဲ့မိပါသည်။

ယွန်းဆိုသည်မှာ

          ယွန်းပညာကောလိပ်ရာပြည့်မဂ္ဂဇင်းတွင် ဦးမောင်လင်း(ဌာနမှူး-ငြိမ်း)က ရာပြည့်ကဗျာ လေးချိုးကြီးဖြင့် စတင်၍ မော်ကွန်းရေးထိုး ဖွဲ့ဆိုထားပေရာ ယွန်းအခြေခံနှင့်ပတ်သက်၍ အောက်ပါအတိုင်း သီကုံးရေးဖွဲ့ထားပါသည် -

                   ယွန်းအခြေခံ အနက်ထည်ပါပဲ

                   ယှက်နွယ်ကာ တန်ဆာဆင်ဖို့

                   မြန်မာ့အသွင်အပြင် ရှေးခေတ်ပန်းချီကိုမှ

                   အတွေးသစ်အလီလီ ကနုတ်နရီ ကပီကဇာဟန်နဲ့

                   စုတ်ညီညီ အနီအဝါရံကာ အဆင်အခွဲပညာဖြင့်

                   အစဉ်တွဲယှဉ်ကာ နိပါတ်အသွယ်သွယ်တို့ကို

                   သိမှတ်လွယ်သတိချပ်ဖွယ် ယွန်းကညစ်အကျော်အမော်တွေက…ဟူ၍။

          ယွန်းဆိုသည်မှာ ဝါး၊ သစ်သားထည်တို့တွင် သစ်စေးသရိုးကိုင်ကာ ပြိန်းဖြစ်စေ၊ ဆေးရေးဖြစ်စေ၊ ရွှေဇဝါရေးဖြစ်စေ ခြယ်လှယ်ပြုလုပ်သော (ယွန်းအမျိုးသားတို့ မူလသုံးစွဲ လေ့ရှိသည်) အိမ်သုံးပစ္စည်း၊ ယင်းလက်ရာဟူ၍လည်းကောင်း၊ သစ်စေးသရိုးကိုင် ခြယ်လှယ် လုပ်ကိုင်သော အတတ်ပညာဟူ၍လည်းကောင်း မြန်မာအဘိဓာန်၌ ဖွင့်ဆိုထားပါသည်။ လူမျိုးကိုအစွဲပြု၍ ယင်းတို့လုပ်ဆောင်ခဲ့သော ပစ္စည်းများကို ယွန်းဟုခေါ်ဝေါ်ခြင်း ဖြစ်နိုင် သလို ယွန်းထည်လုပ်ငန်းပြုလုပ်နေကြသော ဒေသကိုအစွဲပြု၍လည်း ပုဂံယွန်း၊ ကျောက္ကာ ယွန်း၊ အင်းဝယွန်း၊ ရှမ်းယွန်းဟူ၍လည်း ခေါ်ဝေါ်ကြကြောင်း သိရသည်။ ဝါး (သို့မဟုတ်) သစ်သားကို အခြေခံ၍ ပုံဖော်ပြုလုပ်ထားသော ဝတ္တုပစ္စည်းကို အဖြူထည်ဟုခေါ်ပြီး ယင်း အဖြူထည်မျက်နှာပြင်ပေါ်သို့ သစ်စေးသုတ်လိမ်းခြင်း၊ အချောကိုင်ခြင်း၊ အခြောက်ခံခြင်းတို့ အကြိမ်ကြိမ်ပြုလုပ်ပြီးလျှင် အနက်ထည်ယွန်းကို ရရှိမည်ဖြစ်သည်။ အနက်ထည်သည် ဒီဇိုင်း မပြုလုပ်မီ အခြေအနေဖြစ်၏။

          ထိုမှ ယွန်းအနက်ထည်ပေါ်တွင် ကညစ်တံဖြင့် ရေးခြစ်ပုံဖော်ပြီး ဆေးရောင်စုံသွင်း၍ မွမ်းမံခြယ်လှယ်ထားသော ကညစ်ယွန်း၊ ယွန်းအနက်ထည်ပေါ်တွင် သစ်စေးသားရိုးကိုင်၍ ဖောင်းကြွအောင်ပြုလုပ်ထားသော သားရိုးပန်းကြွယွန်းဟု ခေါ်ကြောင်း သိရသည်။ သားရိုး ပန်းကြွယွန်းနှင့်ပတ်သက်၍ ကျောင်းအုပ်ကြီး ဒေါ်နီလာမြင့်၏ ရှင်းလင်းပြောကြားချက်အရ မျက်နှာပြင်ချောမွေ့စေရန် ယခင်က သားရိုးပြာကို အသုံးပြုခဲ့ကြသော်လည်း ယခုအခါ စပါးခွံ ပြာ (သို့မဟုတ်) ဖိုလယ်ပြာနှင့် သစ်စေးတို့ ရောစပ်ပြီး အသုံးပြုလျက်ရှိကြောင်း သိရသည်။ ရွှေဇဝါယွန်းကမူ ယွန်းအနက်ထည် မျက်နှာပြင်ပေါ်တွင် ရွှေမျက်ပါးကို ကပ်တင်၍ ရုပ်ပုံ ဒီဇိုင်းများအား ရွှေဖြင့် ပုံဖော်ထားသော ယွန်းအမျိုးအစား ဖြစ်ပါသည်။

ယွန်းပြတိုက်မှာလေ့လာစရာ

          ပုဂံခေတ်တွင်စတင်၍ အသုံးပြုခဲ့သော ယွန်းထည်ပစ္စည်းများအား အများပြည်သူ လေ့လာကြည့်ရှုနိုင်စေရန် ရည်ရွယ်ချက်ဖြင့် ယွန်းပြတိုက်ကို ၁၉၇၃ ခုနှစ် စက်တင်ဘာလ ၃၀ ရက်နေ့တွင် စတင်ဖွင့်လှစ်ပြသပေးခဲ့သည်။ ယွန်းပြတိုက်သည် ယွန်းပညာကောလိပ်(ပုဂံ) ကျောင်းဝင်းအတွင်း၌ပင် တည်ရှိနေပါသည်။ ယွန်းပြတိုက်အတွင်း၌ ခေတ်အဆက်ဆက် အသုံးပြုခဲ့သော ယွန်းထည်ပစ္စည်းများအပြင် နိုင်ငံတကာပူးပေါင်းဆောင်ရွက်မှု အစီအစဉ်မှ ပေါ်ပေါက်လာသော ဗီယက်နမ်ယွန်းထည်ပစ္စည်းများ၊ ကိုရီးယားယွန်းထည်ပစ္စည်းများကို လည်း တွေ့ရမည်ဖြစ်သည်။ မြန်မာ့ယွန်းထည်ပစ္စည်းများတွင်လည်း နှစ်ပေါင်းရာချီ၍ သက် တမ်းရှိသော ယွန်းထည်များ၊ ဘာသာရေးအခမ်းအနားသုံးနှင့် ထီးသုံးနန်းသုံးပစ္စည်းများ၊ ခေတ်မီနည်းစနစ်များ ပေါင်းစပ်ဖန်တီးထားသည့် ယွန်းထည်များကို တွေ့ရမည်ဖြစ်သည်။ ၎င်းအပြင် ဒေသအလိုက် ယွန်းများဖြစ်ကြသည့် ပုဂံယွန်း၊ ကျိုင်းတုံယွန်း၊ ကျောက္ကာယွန်း များကိုလည်း တစ်ပြိုင်တည်း ကြည့်ရှုလေ့လာနိုင်ပါမည်။ ထို့အတူ မန္တလေးလက်ရာ မှန်စီ ရွှေချ ယွန်းထည်များကို ပြသထားသကဲ့သို့ အေဒီ ၁၁ ရာစု (ပျူခေတ်) လက်ရာများကိုလည်း တွေ့မြင်ရမည်ဖြစ်သည်။ ထီးသုံးနန်းသုံး ယွန်းထည်ပစ္စည်းများထဲတွင် ကုန်းဘောင်ခေတ် သုံး ကညစ်ယွန်းစာတိုက် (ဇတိုက်) ကြီးတစ်လုံးကိုလည်း ဂုဏ်ယူဖွယ်ရာ ထားရှိပြသထား ပါသည်။ မင်းတုန်းမင်းနှင့် သီပေါမင်းတို့ထံ အမှုတော်ထမ်းရွက်ခဲ့သော မြစ်စဉ်အမြင့် မြို့ဝန်မင်းကြီး မဟာသမိန်ဗရမ်း ခေါ် မင်းလက်ဝါးကြီး သုံးစွဲခဲ့သည့် ယွန်းပစ္စည်းဖြစ် ကြောင်း သိရပါသည်။ အေဒီ ၁၂၂၃ ခုနှစ်တွင် တည်ထားသော မင်းနန်သူ လေးမျက်နှာ အုတ်ကျောင်းအတွင်း ရှာဖွေတွေ့ရှိခဲ့သည့် ပုဂံခေတ်သုံး ယွန်းခွက်တစ်ခုကိုလည်း ရှေးဟောင်းသုတေသနကိုယ်စား ဆရာမင်းဘူးဦးအောင်ကြိုင်ကိုယ်တိုင် လာရောက်လှူဒါန်း ထားကြောင်း သိရှိရပါသည်။

ဂုဏ်ယူဖွယ်ရာ ယွန်းနည်းစဉ်ခန်းမ

          နည်းစဉ်ခန်းမဆိုသည်မှာ ယွန်းပညာကောလိပ်(ပုဂံ)၏ အသည်းနှလုံးဟူ၍ ကျွန်တော် က တင်စားခေါ်ဝေါ်လိုက်ချင်ပါသည်။ ယွန်းပညာ၏ ခက်ခဲနက်နဲမှု၊ သိမ်မွေ့မှု၊ နန်းဆန်မှု စသည်တို့ကို အနုစိပ်ရှုမြင်လေ့လာတွေ့ရှိနိုင်သော နေရာတစ်ခုလည်း ဖြစ်ပါသည်။ တစ်နည်း ဆိုရသော် ယွန်းကောလိပ်တွင် ယွန်းထည်ထုတ်လုပ်မှုအဆင့်ဆင့်ကို ကြည့်ရှုလေ့လာနိုင် သောနေရာလည်း ဖြစ်သည်။ အခြေခံထည်ဖြစ်သော ဝါးကို စတင်ပြုလုပ်သည်မှစ၍ ယွန်း အချောထည်အဖြစ် တွေ့မြင်ရသည်အထိ လုပ်ငန်းစဉ်အဆင့်ဆင့် ကူးပြောင်းသွားခြင်းဖြစ်၍ ယွန်းနည်းစဉ်ခန်းမဟု အမည်သညာ မှည့်ခေါ်ထားခြင်း ဖြစ်သည်။ ကောလိပ်ကျောင်းသား၊ ကျောင်းသူများကိုယ်တိုင် ပညာရပ်တစ်ခုချင်းစီအတွက် ဝင်ရောက်သရုပ်ပြ လုပ်ကိုင် ဆောင်ရွက်နေကြသည်ဖြစ်ပေရာ ဒေသအတွက်ရော ယွန်းပညာကောလိပ်(ပုဂံ) အတွက်ပါ ဂုဏ်ယူဖွယ်ရာ နည်းစဉ်ခန်းမကြီးတစ်ခုပင် ဖြစ်ပါသည်။

နိုင်ငံတကာနှင့် ချိတ်ဆက်ဆောင်ရွက်ခဲ့မှုများ

          ယွန်းပညာကောလိပ် ရာပြည့်မဂ္ဂဇင်း၏ ဓာတ်ပုံကဏ္ဍတွင် ရှေးကပုံရိပ်များ အမည် ဖြင့် ဖြူ/မဲ မှတ်တမ်းဓာတ်ပုံအချို့ကို ဖော်ပြထားသည်။ ထိုအထဲတွင် ဗြိတိန်တော်ဝင် မင်းသမီး အန်းနှင့် ကြင်ယာတော်အဖွဲ့ ယွန်းအတတ်သင်ကျောင်းသို့ လာရောက်လေ့လာ နေပုံ၊ ၁၉၉၇ ခုနှစ်၌ ဂျပန်ယွန်းပညာလေ့လာနေပုံ စသည့်ရှားပါးဓာတ်ပုံများကို တွေ့ရသည်။ ယွန်းပညာကောလိပ်(ပုဂံ) အနေဖြင့် ၁၉၅၃ ခုနှစ်ကတည်းက နိုင်ငံတကာနှင့် ပူးပေါင်း ဆောင်ရွက်မှုများ ရှိခဲ့သည်။ ဂျပန်နိုင်ငံနှင့်ပူးပေါင်း၍ ယွန်းပညာရပ်များ ဖလှယ်ခဲ့ကြသည်။ ၂၀၀၄ ခုနှစ်မှ ၂၀၁၇ ခုနှစ်ထိ ဂျပန်နိုင်ငံ Asian Lacquer Craft Exchange Research Project နှင့်ပူးပေါင်း၍ နိုင်ငံတကာယွန်းပြပွဲများ ကျင်းပခြင်း၊ နည်းပညာဖလှယ်ခြင်းများ ပြုလုပ်ခဲ့သည်။ ၂၀၁၃ ခုနှစ်မှ ၂၀၁၅ ခုနှစ်ထိ ယွန်းပညာကောလိပ်(ပုဂံ)နှင့် ဂျပန်နိုင်ငံ Tokyo National Research Institute for Cultural Properties (TNRICP) တို့ နားလည်မှု စာချွန်လွှာ လက်မှတ်ရေးထိုး၍ ယွန်းပြတိုက်အတွင်းမှ ရှေးဟောင်းယွန်းထည်ပစ္စည်းများ သုတေသနပြုလုပ်ခြင်းလုပ်ငန်း ဆောင်ရွက်ခဲ့ကြသည်။ ၂၀၁၅ ခုနှစ်တွင် ကုလသမဂ္ဂစက်မှု ဖွံ့ဖြိုးရေးအဖွဲ့ (UNIDO) နှင့်ပူးပေါင်း၍ အီတလီနိုင်ငံမှ ဒီဇိုင်းပညာရှင် Ms. Daniela Bulgarelli က ယွန်းဒီဇိုင်းနှင့် ကုန်ထုတ်ဖွံ့ဖြိုးမှုသင်တန်းကို ကောလိပ်ဝန်ထမ်းများနှင့် ပုဂံ ဒေသ ယွန်းလုပ်ငန်းရှင်များအား ဖွင့်လှစ်ပို့ချပေးခဲ့သည်။ ၂၀၁၇ ခုနှစ်ထဲမှာပင် အီတလီနိုင်ငံ အနုပညာတက္ကသိုလ်၊ ဂျပန်နိုင်ငံ တိုကျိုအနုပညာတက္ကသိုလ်များနှင့် ပူးပေါင်း၍ ယွန်း အနု ပညာ ဖလှယ်ရေးလုပ်ငန်းများ ဆောင်ရွက်နိုင်ခဲ့ကြပါသည်။

          ယွန်းထည်လုပ်ငန်း အတတ်သင်ကျောင်းအဖြစ် ဖွင့်လှစ်သင်ကြားနေစဉ်ကာလအတွင်း ၁၉၈၇-၈၉ နှစ်များ၌ပင် အန်းမင်းသမီးနှင့် ကြင်ယာတော်တို့အပြင် ထိုင်းနိုင်ငံ တော်ဝင် မင်းသား (ယခုထိုင်းဘုရင်မင်းမြတ်) မဟာဗာဂျီရာ လောင်ကွန်၊ မလေးရှားနိုင်ငံ ဝန်ကြီးချုပ် ဒေါက်တာ မဟာသီယာနှင့် ဇနီးတို့ လာရောက်လေ့လာခဲ့ကြကြောင်းလည်း သိရသည်။

ဖိတ်ခေါ်ပါသည် ယွန်းပညာကောလိပ်ဆီ

          ယွန်းပညာကောလိပ်(ပုဂံ)သည် လူငယ်လူရွယ်များ၏ လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုး တိုးတက်ရေးအတွက်သာမက ဒေသတွင်း ယွန်းလုပ်ငန်းရှင်များကိုပါ အကျိုးပြုနေသော ကျောင်းတော်မဟာတစ်ခု ဖြစ်သည်။ မြန်မာ့ရိုးရာယဉ်ကျေးမှု အစဉ်အလာကောင်းများ ပျောက်ပျက်မသွားရလေအောင် ထိန်းသိမ်းစောင့်ရှောက်ပေးနေသော နေရာဌာနတစ်ခုလည်း ဖြစ်ပေသည်။ မြန်မာမှု အနုလက်ရာများကို တန်ဖိုးထားသော နိုင်ငံခြားခရီးသွားဧည့်သည် များအတွက်လည်း မဖြစ်မနေ ရောက်သင့်သော၊ ကြည့်ရှုလေ့လာသင့်သော နေရာတစ်ခု ဟုဆိုလျှင် မမှားပေ။ မြန်မာနိုင်ငံတွင် တစ်ကျောင်းတည်းရှိသကဲ့သို့ အရှေ့တောင်အာရှတွင် လည်း တစ်ကျောင်းတည်းသော ယွန်းလက်မှုအတတ်သင်ကျောင်းအဖြစ် ရပ်တည်လျက် ရှိသည်။ အားလုံးရဲ့ပုဂံ ဆိုသည့်အတိုင်း မြန်မာ့ရိုးရာယဉ်ကျေးမှု အမွေအနှစ်များ စုဝေးရာ ပုဂံ/ ညောင်ဦးဒေသသို့ အလည်တစ်ခေါက် ရောက်ခဲ့ပါလျှင် ပုဂံမြို့ဟောင်းရှိ ယွန်းပညာ ကောလိပ်နှင့် ပြတိုက်သို့ ကြည့်ရှုလေ့လာကာ သစ္စာရှင်ဘုရားအား ဖူးမြော်နိုင်ပါကြောင်း ဖိတ်မန္တကပြုလိုက်ရပါသည်။


ဆက်စပ်လင့်ခ်များ

အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။

  • တယ်လီဖုန်း

    ၀၆၇ - ၄၁၀၀၃၃
  • ဖက်စ်

    ၀၆၇ - ၄၁၀၀၃၆
  • Email

    contact@mcrd.gov.mm