Language : |
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

“ကွန်ချက်ကို သင်ပေးပါ”


04 Mar,2024

ခန့်ဇော်(ကျေးလက်)

ဖွံ့ဖြိုးရေးလုပ်ငန်းများဆောင်ရွက်ရာမှာ လိုအပ်ချက်(Need)နှင့် လိုချင်မှု(Want)ကို ခွဲခြားနိုင်ဖို့ စနစ်တကျစိစစ်ရန် လိုအပ်သလို၊ တကယ်လိုအပ်သည့်နေရာ၊ လိုအပ်သည့်လုပ်ငန်း လုပ်နိုင်ရန် အတွက် စီမံကိန်းလျာထားမှုမှာ လိုအပ်ချက်အလိုက် ဦးစားပေး အစီအစဉ်နှင့် အံဝင်ဂွင်ကျဖြစ်ရန် လျာထားဆောင်ရွက်နိုင်ရေး အလွန်အရေးကြီးပါသည်။ ထို့ကြောင့် ဦးစားပေးရွေးချယ်ခြင်း ဗျူဟာ (Targeting Strategy)ကို ကျေးလက်ဖွံ့ဖြိုးရေးမူဘောင်မှာ ချမှတ်ရေးဆွဲဆောင်ရွက်နေခြင်းဖြစ်ပါသည်။

          စာရေးသူအနေဖြင့် ဒေသမျိုးစုံကို အကြိမ်ကြိမ်ရောက်ဖူးပါသည်။ အကြီးအကဲ ဝန်ကြီး၊ ဒုတိယ ဝန်ကြီးများနှင့် ခရီးစဉ်များကိုလည်း အကြိမ်ကြိမ်လိုက်ပါခဲ့ဖူးပါသည်။ ရောက်တိုင်းမှာ ဒေသခံများ၊ ကျေးလက်နေပြည်သူများရဲ့လိုအပ်ချက်များတင်ပြသည်ကို လေ့လာသုံးသပ်ကြည့်လျှင် တင်ပြချက် များအနေဖြင့် ကျေးလက်လမ်း၊ ကုန်ထုတ်လမ်း၊ ကျေးလက်ရေရရှိရေး၊ ကျေးလက်မီးလင်းရေး၊ စာသင်ကျောင်း၊ ဆေးပေးခန်း၊ Community Center (ကျေးရွာခန်းမ)၊ စိုက်ပျိုးရေး၊ မျိုး၊ သွင်းအားစု လိုအပ်မှု၊ မွေးမြူရေးဆောင်ရွက်ရန် အရင်းအနှီး လိုအပ်မှု၊ ဈေးကွက်လိုအပ်မှု၊ နည်းပညာ လိုအပ်မှု စသည်တို့ကို တွေ့ရှိရပါတယ်။ အမှန်တကယ်လိုအပ်ချက်များလည်း ဖြစ်ပါသည်။

          သို့သော် ဌာနတိုင်းတွင် မူဝါဒ၊ ရည်မှန်းချက်၊ ဦးစားပေးရွေးချယ်ရေးမူများ ရှိသလို နိုင်ငံတော် ဘဏ္ဍာရန်ပုံငွေသည်လည်း ကန့်သတ်ချက်ရှိသည်ပင်။ အထူးသဖြင့် ဖွံ့ဖြိုးဆဲနိုင်ငံများအနေဖြင့် အမြဲတမ်းကန့်သတ်ချက်ရှိနေပြီး အစိုးရ၏ဦးစားပေးအစီအစဉ်များအတိုင်း စီစဉ်ဆောင်ရွက်ကြရခြင်း ဖြစ်ပါသည်။ အစိုးရတိုင်းသည် ပြည်သူလိုအပ်ချက်ကို ပြည့်မီအောင်ဆောင်ရွက်ပေးလိုသည့် စေတနာ ရှိကြသလို၊ အစိုးရအဖွဲ့ဝင် ဝန်ကြီးတိုင်းကလည်း ဆောင်ရွက်ပေးချင်သည့် စေတနာ ရှိကြပါသည်။

          ဒီနေရာမှာ နိုင်ငံဘဏ္ဍာရန်ပုံငွေကို အသုံးပြုဆောင်ရွက်ကြရတာမို့ ထိရောက်အောင်မြင်ဖို့၊ အကျိုးပိုရှိဖို့၊ Effective ဖြစ်ဖို့ လိုပါသည်။ အလိုအပ်ဆုံးဖြစ်ဖို့ လိုသလို ဦးစားပေးအစီအစဉ်အတိုင်း ဖြစ်ဖို့လည်း လိုအပ်ပါသည်။ အစိုးရမူဝါဒနှင့်လည်း ကိုက်ညီဖို့ လိုအပ်ပါသည်။ “Need” လိုအပ်တာ ဖြစ်ဖို့လိုပြီး “Want” လိုချင်တာကို မလုပ်မိဖို့ လိုပါသည်။ ထို့ကြောင့် Targeting Strategy နှင့်အညီ ကဏ္ဍတိုင်း၊ လုပ်ငန်းတိုင်းတွင် သတ်မှတ်ထားသည့်Criteriaဖြင့် ရွေးချယ်သတ်မှတ်ဖို့ လိုအပ်ပါ သည်။ ဌာန၏မူ၊ Criteriaတို့နှင့်အညီဖြစ်ဖို့ ပြည်သူကို ပွင့်လင်းမြင်သာမှုရှိစွာ ချပြဆွေးနွေးဖို့လိုသလို ပြည်သူများကလည်း ပါဝင်ဆွေးနွေးဖို့ လိုပါသည်။ ဆွေးနွေးပွဲတွေမှာ ကျေးရွာ၏ရှိပြီးအချက်အလက် အရင်းအမြစ်များကို သိအောင်လုပ်ပြီး လိုအပ်ချက်တွေကို ဖော်ထုတ်နိုင်ရန် လိုအပ်ပါသည်။ ဤသို့ စနစ်တကျလုပ်လျှင် လိုအပ်ချက်၊ ဆောင်ရွက်သင့်သည့်စီမံကိန်းအမျိုးအစားများ ပေါ်ထွက်လာပြီး ဦးစားပေးလိုအပ်ချက်ကို  ကျေးရွာပြည်သူများကိုယ်တိုင် ပါဝင်ရွေးချယ်စေကာ အစီအစဉ် ရေးဆွဲ ရမည်ဖြစ်ပါသည်။

          လိုအပ်ချက်များအားလုံးကို ဖြည့်ဆည်းပေးချင်သည်မှန်သော်လည်း အလိုအပ်ဆုံးလုပ်ငန်း၊ အလိုအပ်ဆုံးဒေသကို ဦးစားပေး လုပ်ဆောင်ပေးရန် အလွန်အရေးကြီးပါသည်။ ငိုတတ်သည့်ကလေး နို့စို့ရသည်ဆိုသကဲ့သို့ တောင်းတတ်သူရတာမျိုး မဖြစ်ရန်လိုအပ်ပါသည်။ ဌာနမှ ချမှတ်ထားသည့်မူ နှင့် ကိုက်ညီဖို့လိုအပ်သလို ချမှတ်ထားသည့်မူကို လိုက်နာကျင့်သုံးဖို့လည်း လိုအပ်ပါသည်။ မျှတစွာ စဉ်းစားပေးရန်လည်း လိုအပ်ပါသည်။ ပြည်ထောင်စုဝန်ကြီးများ၊ ဒုတိယဝန်ကြီးများ၊ ဝန်ကြီးချုပ်များ၊ ဌာနဆိုင်ရာအကြီးအကဲများ၊ တာဝန်ရှိသူများအနေဖြင့် ဒေသတိုင်း၊ မြို့တိုင်း၊ ရွာတိုင်းကို မရောက်နိုင်ပါ။ ထို့ကြောင့် အမှန်တကယ် ဆင်းရဲနွမ်းပါးသည့်ဝေးလံဒေသများအပါအဝင် ဒေသအားလုံး အချိုးညီညီ ဖွံ့ဖြိုးတိုးတက်အောင် မြို့နယ်အဆင့် တာဝန်ရှိသူများက မူဘောင်နှင့်အညီ စီမံဆောင်ရွက်ပေးရန် လိုအပ်ပါသည်။

          ပညာရေးလိုအပ်သည့်နေရာ ပညာရေးအတွက် အထောက်အပံ့ဖြစ်စေမည့်လုပ်ငန်းများ ပိုလုပ် ပေးရမှာဖြစ်သည်။ ရေလိုသည့်နေရာမှာ ရေရရှိရေး ပိုလုပ်ပေးရမှာဖြစ်ပြီး လမ်းမရှိသည့်နေရာ လမ်း လုပ်ပေးရမည်ဖြစ်သည့်အပြင် လျှပ်စစ်မီးမရှိသည့်ဒေသများအတွက် လျှပ်စစ်မီးရရှိအောင် လုပ်ပေးရ မည်ဖြစ်သည်။ သို့ရာတွင် အစိုးရနှင့် ဌာနဆိုင်ရာတာဝန်၊ ပြည်သူ့တာဝန် ခွဲခြားဆောင်ရွက်ရန်လည်း လိုအပ်ပေသည်။ ကျေးရွာ၏အခြေခံလိုအပ်ချက်များ အကောင်အထည်ဖော်ဆောင်ရွက်သည့်အခါ မူဝါဒ၊ စည်းမျဉ်းစည်းကမ်းများ လိုက်နာဆောင်ရွက်နိုင်သည့် ကျေးရွာများက ပို၍အောင်မြင်သည်ကို တွေ့ရှိရသည်။ သတိပြုရမည်က လုပ်ငန်းများအောင်မြင်ပြီးနောက် တန်ဖိုးထားပြုပြင်ထိန်းသိမ်းမှသာ ရေရှည်ခံမည်ဟူသည့်အချက်ပင်ဖြစ်သည်။ ကျေးရွာတာဝန်ဖြစ်သည့် ပူးပေါင်းဆောင်ရွက်မှု၊ ကျေးရွာ ဖွံ့ဖြိုးရေးကော်မတီဖွဲ့စည်းမှု၊ ကျသင့်အခွန်အခ ထည့်ဝင်ဆောင်ရွက်မှု၊ လည်ပတ်ထိန်းသိမ်းရေးတာဝန် ယူနိုင်မှု၊ ဖွံ့ဖြိုးရေးလုပ်ငန်းများကို တန်ဖိုးထားထိန်းသိမ်းနိုင်မှုစသည့်ရွာ၏တာဝန်၊ ကော်မတီတာဝန် တွေကို ချပြဆွေးနွေးခြင်း၊ သင်တန်းပေးခြင်း၊ ဆောင်ရွက်စေခြင်း၊ လိုက်ပါဆောင်ရွက်မှုရှိ/ မရှိ၊ လုပ်/ မလုပ် စစ်ဆေးခြင်းများ ဆောင်ရွက်ကြရမည်ဖြစ်သည်။

          အချို့ကျေးရွာများတွင် လိုအပ်ချက်များသည့်အလျှောက် လိုအပ်သမျှ လုပ်ပေးပြီး အစစ အဆင်ပြေပြီးခါမှ ရွာက အားမထည့်၊ တန်ဖိုးထားရကောင်းမှန်းမသိ၊ ကြိုးစားမှုမရှိဘဲ လိုအပ်သမျှ အကုန် တောင်းနေတတ်ကြတာတွေ့ရသည်။ အကြီးအကဲများကလည်း စေတနာအပြည့်ဖြင့် ရောက်လေရာ အရပ်၏လိုအပ်တာမှန်သမျှ အကုန်လုပ်ပေးချင်၊ လုပ်ပေးလိုကြသည်သာ။ စာရေးသူအနေဖြင့်မူ တင်ပြချက်များကို ပြန်လည်ဆွေးနွေးချိန်တွင် လုပ်ပေးသင့်သည့်အရာ၊ လုပ်ပေးရမည့်အရာကို အမှန် တကယ်လို/ မလို၊ စည်းမျဉ်းနှင့် ကိုက်ညီမှု ရှိ/မရှိ စိစစ်သုံးသပ်၍ အစဉ်ချပြဆွေးနွေး အကြံပြုပေး လေ့ရှိပါသည်။ လက်ငင်းအကျိုးအတွက်သာမက ရေရှည်တည်တံ့စေရေးကိုပါ ထည့်သွင်းစဉ်းစားရန် လိုအပ်ခြင်းကြောင့်လည်း ဖြစ်ပါသည်။ သည်နေရာတွင် ထည့်တွက်စဉ်းစားရမည်က ရေတိုအဆင်ပြေမှု နှင့် ရေရှည်အကျိုးကျေးဇူး… တစ်နည်းဆိုရသော် အဆင်သင့်ခူးခပ်စားရန်ဖန်တီးပေးခြင်းနှင့် ကိုယ်တိုင် ရှာဖွေစားသောက်တတ်စေရန်နည်းပေးလမ်းပြခြင်းတို့အနက် မည်သည့်နည်းက ပို၍ထိရောက် အကျိုး များစေမည်ဟူသည့်အချက်ပါပင်။

ကွန်ချက်

          ရေရှည်ဖွံ့ဖြိုးရေးကိုဖော်ဆောင်လျှင် တောင်သူများကို နည်းလမ်းပေးရပါမည်။ ထမင်း အဆင် သင့်ရအောင် လုပ်ပေး၍မဖြစ်၊ ထမင်းခွံ့ကျွေး၍ မဖြစ်။ စဉ်းစားတတ်အောင်၊ တွေးခေါ်တတ်အောင် သင်ကြားဆွေးနွေးပေးရပါမည်။ တောင်သူတွေကို “ငါတို့ လုပ်နိုင်တယ်”ဆိုသည့် မိမိကိုယ်ကို ယုံကြည်စိတ်ရှိလာအောင် လေ့ကျင့်ပျိုးထောင် ပေးရမည်ဖြစ်သည်။ ငါး ဖမ်းမပေးဘဲ ငါးရှာနည်း ကွန်ချက်ကို သင်ပေးရမည်ဖြစ်သည်။ စပါး/ ဆန် ပေးရမည်မဟုတ်ဘဲ အထွက်တိုးမျိုး ရနိုင်မည့် နေရာ၊ အထွက်တိုးအောင်စိုက်ပျိုးသည့်နည်းလမ်းများကို လမ်းညွှန် သင်ပြပေးရမည်ဖြစ်သည်။ စိုက်ပျိုးရေးနည်းစနစ်များ သင်ကြားပေးရမည်။ ပေးသည့်နည်းအတိုင်း လုပ်/ မလုပ် စောင့်ကြည့်ရ ပါမည်။ ဈေးကွက်ချိတ်ဆက်ပေးရပါမည်။ သွင်းအားစုများ အရည်အသွေးပြည့်၊ ဈေးနှုန်းမှန်ဖြင့် အချိန်မီရစေရန် ချိတ်ဆက်ပေးရမည်ဖြစ်ပါသည်။

          တောင်သူများ ကိုယ်တိုင်လုပ်၍ရသည့်အရာများကို ကိုယ်တိုင်လုပ်ချင်လာစေရန် ဦးဆောင် လမ်းပြပေးရမည်က အစိုးရတိုင်း၏တာဝန်၊ သက်ဆိုင်ရာဝန်ထမ်းများ၏တာဝန်ဖြစ်ပါသည်။ တောင်သူ များ ကိုယ်တိုင်လုပ်ရန် လက်လှမ်းမမီသည်များကိုသာ ထောက်ကူပေးသင့်ပါသည်။ တောင်သူနှင့် ပြည်သူက ကိုယ့်အလုပ် ကိုယ် မလုပ်လျှင် နိုင်ငံတော်ကို ဝန်ပို၊ ဝန်တိုးစေမည်ဖြစ်သည်။

          နေပြည်တော်ကောင်စီနယ်မြေ၊ တပ်ကုန်းမြို့နယ်ရှိ နွယ်ရစ်ကျေးရွာသို့ ခရီးစဉ်ဖြင့် ရောက်ရှိ စဉ်မှာ စိုက်ပျိုးရေအတွက် Solar Pump ဖြင့် ရေတင်စနစ် ဆောင်ရွက်ပေးစေချင်ကြောင်း တင်ပြ သည်။ ဒေသကလည်း (၂)သီး၊ (၃)သီး စိုက်နိုင်သည့်ဒေသဖြစ်၍ ပြည်ထောင်စုဝန်ကြီးကလည်း လုပ် ပေးမည်ဆိုတော့ မိမိလည်း အသေးစိတ်အချက်အလက်များကို တိုးတိုးတိတ်တိတ် မေးမြန်း လေ့လာ ရတော့သည်။ ဆုံးဖြတ်ရာတွင် အထောက်အကူဖြစ်စေရန် မြေပြင်အမှန်အခြေအနေကို ပြန်တင်ပြ နိုင်ဖို့လိုသည်ကိုး။

တွေ့ရှိချက်က ထိုရွာတွင် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနက စိုက်ပျိုးရေ အတွက် ရေတွင်းတူးပေးထားပြီး (၁၀)တွင်းခန့်ရှိသည်။ လျှပ်စစ်မီးသွယ်တန်းပေးထားပြီး Pumpဖြင့် ရေတင် စိုက်ပျိုးနိုင်အောင် ဆောင်ရွက်ပေးထားသည်။ သို့သော် လျှပ်စစ်မီတာခ မဆောင်၍ မီးဖြတ် ခံထားရသည်ဟူ၏။ ထို့ကြောင့် ဆိုလာ တောင်းနေခြင်းဖြစ်သည်။ ပြည်ထောင်စုဝန်ကြီးထံ တွေ့ရှိ ချက်ကို ချက်ချင်းတင်ပြသည့်အခါ ပြည်ထောင်စုဝန်ကြီးက …

“မီတာခ ဆောင်ပါ။ ဥပဒေနဲ့အညီ မီးခွန်၊ မီတာခဆောင်ရမယ်။ ဒါမှ တာဝန်ကျေမယ်။ လုပ်ပြီးသားဖြစ်လို့ နိုင်ငံ့ဘဏ္ဍာ ထပ်မကုန်သင့်ဘူး၊ ဆိုလာ မလုပ်ပေးနိုင်ဘူး၊ မီတာခဆောင်ပါ။ လျှပ်စစ်မီး ပြန်လွှတ်ပေးရန် ဌာနချင်း ချိတ်ဆက်ဆောင်ရွက်ပေးမယ်” ဟု လမ်းညွှန်မှာကြားကာ ဆောင်ရွက်ပေးနိုင်သည့်အပိုင်းကိုပါ တစ်ပါတည်းပြောကြားခဲ့သည်။ ယခုတော့ မီတာခ ပြန်ဆောင် သဖြင့် လျှပ်စစ်မီးလည်း ရ၊ ဒီဇယ်ဖိုးလည်း ကုန်စရာမလိုဘဲ လျှပ်စစ်ဖြင့် ရေတင်ရခြင်းဖြစ်၍ ကုန်ကျ ငွေ သက်သာသည့်အတွက် ဝင်ငွေလည်း တိုးနေပြီဖြစ်သည်ကို တွေ့ရသည်။

          ချောင်းပိတ်၊ မြောင်းပိတ်၍ စိုက်ပျိုးရေရစေရန် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်း ဝန်ကြီးဌာနက ယာယီရေတားတမံများ ဆောင်ရွက်ပေးသည်။ ကျေးလက်ဒေသဖွံ့ဖြိုး တိုးတက်ရေး ဦးစီးဌာနက အချို့နေရာများတွင် အသေးစားဆိုလာရေတင်စနစ် လုပ်ပေးသည်။ ဤသို့ဖြင့် နွေရာသီနှင့် ဆောင်းရာသီတွင် သီးနှံများ စိုက်ပျိုးလာနိုင်သည်ကို တွေ့ရသည်။

ပြည်ထောင်စုဝန်ကြီးက ခရီးစဉ် ဆင်းစစ်သည့်အခိုက် ဝဲကြီးကျေးရွာတွင် ချောင်းထဲ၌ ဝါးဖောင်လုပ်ပြီး ဖောင်ပေါ်တွင် Solarနှင့် Pump တင်ကာ ချောင်းဘေးတစ်လျှောက် ဘေးဘယ်ညာ မှာရှိသည့်တောင်သူတွေကို အလှည့်ကျ ရေပေး၍ စိုက်ပျိုးနေကြသည်ကို တွေ့ရသည်။ နောက်ထပ် တစ်ခု လိုချင်ကြောင်း တင်ပြကြရာ ပြည်ထောင်စုဝန်ကြီးက “ကျွန်တော်တို့နိုင်ငံမှာ ကျေးရွာပေါင်း (၆၄,၀၀၀)ကျော်ရှိတယ်၊ လုပ်စရာတွေ အများကြီးကျန်သေးတယ်၊ ခင်ဗျားတို့ ထပ်လုပ်ချင်ရင် ရင်းနှီး ပေးမယ်၊ ပြန်ဆပ်ပါ။ ဘယ်လိုဆပ်ရမလဲဆိုရင် ခင်ဗျားတို့ ခုရေတင်တာ ဆီမကုန်ဘူး၊ ဆိုလာနဲ့ မဟုတ်ရင် ဒီဇယ်ဖိုး ကုန်တယ်မို့လား၊ ဒါ့ကြောင့် (၁)ဧကကို တတ်နိုင်တဲ့နှုန်းနဲ့ ငွေကောက်ထား၊ စုထား၊ ရတဲ့ငွေနဲ့ နောက်တစ်ခုဝယ်ပါ” ဟူ၍ ရှင်းပြပြောပြပြီး လမ်းညွှန်ခဲ့သည်။ ယခုမူ ဌာန၏ လမ်းပြမှုဖြင့် ရွာတွင် Solar Pumpနောက်(၁)စုံကို ရွာ၏အစီအစဉ်ဖြင့် ဆောင်ရွက်နိုင်ခဲ့ပြီး လည်ပတ် အသုံးပြုနိုင်နေပြီဖြစ်သည်။

“ယခင်နှစ်က ဆောင်ရွက်ခဲ့သည့်ချောင်းပိတ်၊ မြောင်းပိတ် Solar ရေတင် စိုက်ပျိုးရေးလုပ်ငန်း တွေကို ယခုနှစ်တွင် ဆက်လက်အသုံးပြု စိုက်ပျိုးခြင်း ရှိ/ မရှိ လိုက်လံစစ်ဆေးပြီး မစိုက်လျှင်၊ မလုပ်လျှင် စိုက်ပျိုးမည့်ဒေသ၊ အသုံးပြုမည့်နေရာသို့ ရွှေ့ပြောင်းအသုံးပြုမည်” ဟု ပြည်ထောင်စု ဝန်ကြီးက တွန်းအားပေးမှာကြားလာခဲ့ပါသည်။ ဤစကားမှာ ပြောရမည့်စကားကို အားမနာတမ်း ဒေသအကျိုးအတွက်၊ အမှန်တကယ် အကျိုးရှိစွာအသုံးပြု စိုက်ပျိုးစေလိုသော စေတနာဖြင့် အမုန်းခံ ပြောကြားရခြင်းလည်းဖြစ်ပါသည်။

မည်သည့်လုပ်ငန်းမဆို ဆောင်ရွက်ပြီးစီးသည့်နောက်ပိုင်း ပြင်ဆင်ထိန်းသိမ်းရေး မပျက်မကွက် လုပ်ဆောင်ရန်လိုအပ်သလို အကျိုးရှိအောင် အသုံးချတတ်ရန်လည်း လိုအပ်ပါသည်။ စဦးလုပ်ငန်း ကုန်ကျစရိတ်၏နောက်တွင် ပြင်ဆင်ထိန်းသိမ်းစရိတ်၊ ပြုပြင်စရိတ်များအတွက် လိုအပ်သည့်ငွေကြေး အတွက် ထိုက်သင့်သည့်နှုန်းထားဖြင့် အခွန်အခကောက်ခံသည့်နည်းလမ်းဖြင့် ကြိုတင်စီမံထားရှိသင့် သည်။ ရေပေးရေးလုပ်ငန်းများတွင် ရေမီတာတပ်ဆင်ပြီး ရေခွန် ကောက်ခံလေ့ရှိခြင်းဖြစ်သည်။

ရေခွန် မဆောင်စေဘဲ အခမဲ့လုပ်ပေးမည်ဆိုပါက အများအပြား လုပ်ပေးနိုင်မည်မဟုတ်။ အချို့သောမြစ်ရေတင်လုပ်ငန်းများတွင် ရေခွန် မဆောင်၍ လျှပ်စစ်မီတာခ မဆောင်နိုင်၊ မီတာခ မဆောင်၍ ဝင်ငွေ အခွန်မရ၊ အခွန်မရသည့်အတွက် အသစ် လုပ်မပေးနိုင်၊ မလုပ်ပေးနိုင်၍ ရေမရ၊ ရေမရ၍ မစိုက်ပျိုးနိုင်၊ မစိုက်ပျိုးနိုင်၍ တောင်သူများ ဝင်ငွေ မရ၊ တောင်သူများ ဝင်ငွေ မတိုးသည့်အခါ နိုင်ငံ၏စီးပွားရေးပါ ထိခိုက်… “ဂျာအေး သူ့အမေရိုက်” ဖြစ်နေတော့သည်။ ထို့ကြောင့် ဆောင်ရွက် ပေးသူများဘက်မှလည်း လုပ်သင့်သည်ကို လုပ်ပေးရမည်ဖြစ်သကဲ့သို့ ပေးဆောင်ရမည့် သူများဘက် မှလည်း ကျသင့်အခွန်အခတွေကို မပျက်မကွက် ပေးဆောင်ကြရန်လိုပါသည်။ မည်သည့်လုပ်ငန်း တွင်မဆို လည်ပတ်ထိန်းသိမ်း ရန်ပုံငွေ ရှိရမည်။ ပြုပြင်ထိန်းသိမ်းခြင်း လုပ်ရမည်။ သို့မှသာ ရေရှည် အသုံးပြုနိုင်ပြီး အကျိုးရှိမည်ဖြစ်သည်။

          မကြာသေးမီက မကွေးတိုင်းဒေသကြီးအတွင်း ရွာတစ်ရွာသို့ ခရီးစဉ်ဖြင့် ရောက်ရှိခဲ့ရာ ရေ အခက်အခဲဖြစ်နေကြောင်း ရွာက တင်ပြပါသည်။ ရေတွင်း (၂)တွင်းရှိရာ (၁)တွင်းကို ကျေးလက် ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက လုပ်ပေးထားပြီး ပုံမှန်လည်ပတ်လျက်ရှိတာ တွေ့ရသည်။ ကျန် (၁)တွင်းမှာ ယခင်စက်မှုလယ်ယာဦးစီးဌာနအောက်မှ ကျေးလက်ရေပေးရေးဌာနခွဲမှ လုပ်ပေးထား ခြင်းဖြစ်ပြီး Mono Pumpစနစ်ဖြင့် တင်ခြင်းဖြစ်ကြောင်း၊ နှစ်ပေါင်းကြာမြင့်ပြီဖြစ်၍ ပျက်နေကြောင်း တင်ပြကြသည်။ ရေစင်လည်းရှိတာ တွေ့ရသည်။ ပြင်ဆင်ပေးရမည်က ရေကော်မတီနှင့် ကျေးလက် ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနတို့၏တာဝန်ဖြစ်ပါသည်။  

သို့သော် ဖြစ်စေချင်သည်/ ဖြစ်သင့်သည်က… “ဌာန၏မူဝါဒနှင့်အညီ ရေကော်မတီက ရေခွန် ရေခ ဘယ်လောက် ကောက်ခံထားရှိပြီး ရသည့်ငွေဖြင့် ဘာတွေသုံးထားတယ်။ လက်ကျန်ငွေ ဘယ်လောက်ရှိတယ်။ ပြင်ဆင်စရိတ် ဘယ်လောက် ထပ်လိုလို့ ကူညီဆောင်ရွက်ပေးပါ”ဆိုသည့် တာဝန်ယူမှု၊ တာဝန်ခံမှုပါသော တင်ပြချက်မျိုး။  ဒီလိုတင်ပြချက်မျိုး လိုအပ်သည်။

အတွေ့အကြုံအရမူ မကွေးတိုင်းဒေသကြီးတွင် ရေကော်မတီများ အားကောင်းပါသည်။ လွန်ခဲ့သော နှစ်ပေါင်း (၃၀)ကျော်ကတည်းက ရေမီတာစနစ်ဖြင့် ဆောင်ရွက်နေခြင်းဖြစ်သည့်အပြင် ကျေးရွာများမှ ပူးပေါင်းပါဝင် လုပ်ဆောင်ခဲ့ကြသည့်ဒေသ။ ယခုလို အားနည်းသည့်ကော်မတီမျိုးကို အားသာသည့်၊ စီမံခန့်ခွဲမှု၊ တာဝန်ယူတာဝန်ခံမှုအားကောင်းသည့်ကော်မတီများနှင့်ချိတ်ဆက်ပြီး “ကွန်ချက်” ပြရပေဦးမည်။

          ရေရှည်စဉ်ဆက်မပြတ်ဖွံ့ဖြိုးမှုကို ဖော်ဆောင်ရာတွင် ကျေးလက်နေပြည်သူများဘက်မှလည်း လုပ်ချင်ကိုင်ချင်စိတ်ရှိဖို့ လိုပါသည်။ ပူးပေါင်းပါဝင်လိုစိတ် ရှိရပါမည်။ “အမှန်တကယ် ပူးပေါင်း ဆောင်ရွက်လာအောင်၊ ပူးပေါင်းဆောင်ရွက်မှုကို ဂုဏ်ယူတတ်အောင်၊ နိုင်ငံသား တာဝန်ကျေတာကို ဂုဏ်ယူတတ်အောင်၊ ဒီရွာက တာဝန်ကျေတယ်၊ ဒီရွာက စည်းကမ်းသတ်မှတ်ချက်တွေ လိုက်နာ တယ်ဆိုတာမျိုး သတ်မှတ်ခံရသည်ကို ဂုဏ်ယူတတ်အောင်” လေ့ကျင့်သင်ကြားပေးရပါမည်။ အသိ အမြင်၊ အတွေးအခေါ်၊ ခံယူချက်များ မှန်ကန်အောင်၊ ပူးပေါင်းဆောင်ရွက်တတ်သည့်အလေ့အကျင့် ကောင်းများ ရရှိလာအောင် လေ့ကျင့်သင်ကြားပေးကြရပါမည်။ စိတ်ပိုင်းဆိုင်ရာခံယူချက်စိတ်ဓာတ်က အလွန်အရေးကြီးသည်ဖြစ်ရာ စည်းလုံးညီညွတ်ကြရန်၊ တက်ကြွစွာပူးပေါင်းပါဝင်ဆောင်ရွက် တတ် စေရန်အတွက် ကိုယ့်အားကိုယ်ကိုးပြီး ကိုယ်တိုင်လုပ်နိုင်သည်ဟူသော“ကျေးရွာစိတ်ဓာတ်”ကို ကျေးရွာ ဖွံ့ဖြိုးရေးလုပ်ငန်းတိုင်းတွင် လေ့ကျင့်ပျိုးထောင်ပေးလျက်ရှိပါသည်။ နိုင်ငံတော်နှင့် ဌာနအသီးသီးက ကျေးလက်နေပြည်သူများ၏ လူမှုစီးပွားဘဝ ဖွံ့ဖြိုးရေးအတွက် ကဏ္ဍအလိုက် လိုအပ်ချက်များကို ဖြည့်ဆည်းဆောင်ရွက်ပေးရာတွင် ကိုယ့်အားကိုယ် ကိုးတတ်လာစေရန်၊  လုပ်ချင်ကိုင်ချင်စိတ် ရှိလာ စေရန်၊ တကယ်လုပ်လျှင် တကယ်ပံ့ပိုးသည့် အကျိုးဖြစ်ထွန်းမှုနှင့် ဆွဲဆောင်သည့်နည်းလမ်းဖြင့် “ကွန်ချက်”များကို သင်ကြားပြသပေးကြရမည်ဖြစ်ပါကြောင်း အကြံပြုတင်ပြလိုက်ရပါသည်။


ဆက်စပ်လင့်ခ်များ

အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။

  • တယ်လီဖုန်း

    ၀၆၇ - ၄၁၀၀၃၃
  • ဖက်စ်

    ၀၆၇ - ၄၁၀၀၃၆
  • Email

    contact@mcrd.gov.mm