နေပြည်တော် ဇူလိုင် ၈
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမြင့်စိုးသည် ဇူလိုင်လ (၇) ရက်နေ့ နံနက်ပိုင်းက သမဝါယမဦးစီးဌာန၊ ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးသောင်းနိုင်၊ ကျေးလက် ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၊ ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးမျိုးနိုင်အောင်၊ အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာန၊ ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါ်ငြိမ်းအေး၊ ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာန၊ အင်ဂျင်နီယာချုပ် ဦးနေဦးနှင့် ဌာနဆိုင်ရာတာဝန်ရှိသူများ လိုက်ပါလျက် ရှမ်းပြည်နယ်(တောင်ပိုင်း)၏ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်နေမှုအား ကွင်းဆင်းစစ်ဆေးပါသည်။
ရှေးဦးစွာ ဒုတိယဝန်ကြီး ဦးမြင့်စိုးနှင့်အဖွဲ့သည် ကလောမြို့နယ်၊ ဘော်နင်းကျေးရွာသို့ ရောက်ရှိပြီး ဒေသခံပြည်သူများနှင့်တွေ့ဆုံရာတွင် ရှမ်းပြည်နယ်၊ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၊ ပြည်နယ်မှူးဦးစီးမှူးက ဘော်နင်းကျေးရွာအား ခေတ်မီစံပြကျေးရွာ (SMART Village) အဖြစ် အကောင်အထည်ဖော် ဆောင်ရွက်နေသော လုပ်ငန်းများအားလည်းကောင်း၊ ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာန၊ ဒုတိယညွှန်ကြားရေးမှူးက ကျေးလက်လမ်းကတ္တရာခင်းခြင်းလုပ်ငန်း ဆောင်ရွက်နေမှုအားလည်းကောင်း၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များက မိမိတို့ဦးစီးဌာနအလိုက် သက်ဆိုင်ရာကဏ္ဍများအလိုက် စံပြကျေးရွာအတွက် ဆောင်ရွက်ပေးမည့် လုပ်ငန်းများ ရှင်းလင်း တင်ပြမှုအပေါ် ဒုတိယဝန်ကြီးက မိမိတို့ဝန်ကြီးဌာနအနေဖြင့် ပြည်နယ်နှင့် တိုင်းဒေသကြီးအသီးသီး တွင် ခေတ်မီစံပြကျေးရွာ (၄၂) ရွာ ရွေးချယ်၍ Pilot Project အနေဖြင့် ယခုဘဏ္ဍာနှစ်မှစ၍ အကောင်အထည်ဖော် ဆောင်ရွက်နေပါကြောင်း၊ စံပြကျေးရွာများ ရွေးချယ်ရာတွင် စိုက်ပျိုးရေး၊ မွေးမြူရေး၊ ဒေသထွက်ကုန် စသည်တို့အား အခြေခံ၍ ဖွံ့ဖြိုးတိုးတက်အောင် ဆောင်ရွက်နေ ပါကြောင်း၊ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ဘော်နင်းကျေးရွာအတွက် ဆောင်ရွက် ပေးထားသည့် မြစိမ်းရောင်ကျေးရွာစီမံကိန်း၊ ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစီမံကိန်းနှင့် Cash For Work စီမံကိန်းခွင့်ပြုရန်ပုံငွေများအား စီမံကိန်းလက်စွဲပါ စည်းမျဉ်း၊ စည်းကမ်းများနှင့်အညီ ကျေးရွာလူထုမှ ဝိုင်းဝန်းပူးပေါင်းဆောင်ရွက် ပေးစေလိုပါကြောင်း၊ နယ်မြေဒေသ တည်ငြိမ် အေးချမ်းရန်လည်း လိုအပ်ပါကြောင်း ပြောကြားပါသည်။ ထို့နောက် ဘော်နင်းကျေးရွာ၊ အုပ်ချုပ်ရေးမှူး ဦးညိုအေးမှ ကျေးရွာအတွက် လုပ်ငန်းလိုအပ်ချက်များ တင်ပြမှုအပေါ် ဒုတိယ ဝန်ကြီးက ညှိနှိုင်းပေါင်းစပ် ဆောင်ရွက်ပေးပြီး ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ဆောင်ရွက်နေသည့် ကျေးရွာတွင်းလမ်း ကွန်ကရစ်ခင်းခြင်းလုပ်ငန်း ဆောင်ရွက်နေမှုအား ကြည့်ရှုစစ်ဆေးပါသည်။
ဆက်လက်၍ ဒုတိယဝန်ကြီးနှင့်အဖွဲ့သည် ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနမှ တာဝန်ယူ ဆောင်ရွက်နေသည့် ရွာတော်-မြက်ဆက်(တ)-မြက်ဆက်(မ)-ဘော်နင်း ကျေးရွာ(၄)ရွာ၏ ကတ္တရာ ခင်းခြင်းလုပ်ငန်းအား ကြည့်ရှုစစ်ဆေးကာ ဒုတိယဝန်ကြီးက စီမံကိန်းလုပ်ငန်းများအား သတ်မှတ် ဘဏ္ဍနှစ်အလိုက် အချိန်မီပြီးစီးရန်၊ အရည်အသွေး စံချိန်စံညွှန်းပြည့်မှီရန် မှာကြားကာ လုပ်ငန်း လိုအပ်ချက်များ အပေါ် ဖြည့်ဆည်း ဆောင်ရွက်ပေးခဲ့ပါသည်။
ထို့နောက် ဒုတိယဝန်ကြီးနှင့်အဖွဲ့သည် ညောင်ရွှေမြို့နယ်၊ စိုက်ပျိုးရေးကျေးရွာရှိ ရှမ်းပြည် နယ်သမဝါယမအသင်းစုချုပ်က ဆောင်ရွက်နေသော သဘာဝမြေဩဇာ ထုတ်လုပ်ရေးလုပ်ငန်းသို့ ရောက်ရှိခဲ့ရာ ပြည်နယ်သမဝါယမအသင်းစုချုပ်ဥက္ကဋ္ဌ ဦးကျော်မြခိုင်နှင့် ညောင်ရွှေမြို့နယ် သမဝါယမအသင်းစု ဥက္ကဋ္ဌ ဦးလှထွန်းတို့မှ လုပ်ငန်းဆောင်ရွက်နေမှု အခြေအနေများအားလည်း ကောင်း၊ သဘာဝမြေဩဇာအား လက်တွေ့အသုံးပြုနေသော စပါးစိုက်တောင်သူတစ်ဦးနှင့် ပြောင်းစိုက်တောင်သူတစ်ဦးတို့မှ စိုက်ပျိုးဖြစ်ထွန်းမှုအခြေအနေများအားလည်းကောင်း ရှင်းလင်း တင်ပြကြပါသည်။ တင်ပြမှုများအပေါ် ဒုတိယဝန်ကြီးက လိုအပ်သည်များ ဖြည့်စွက်မှာကြားကာ ဓာတ်မြေဩဇာထုတ်လုပ်နေမှုများကို လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့ပါသည်။ ယင်းနောက် အင်းလေးကန်အတွင်းမှ ဗေဒါမြေဆွေးကုန်ကြမ်း ရရှိသည့်နေရာသို့ စက်လှေဖြင့် သွားရောက်ကြည့်ရှု စစ်ဆေးပြီး လုပ်ငန်းဆောင်ရွက်နေမှုများအပေါ် ညှိနှိုင်းပေါင်းစပ် ဆောင်ရွက်ပေးပါသည်။
ဆက်လက်၍ ဒုတိယဝန်ကြီးနှင့်အဖွဲ့သည် တောင်ကြီးမြို့၊ သမဝါယမစာရင်းရေးစာရင်းကိုင် သက်မွေးပညာသင်တန်းကျောင်းသို့ ရောက်ရှိကာ ကျောင်းသား၊ ကျောင်းသူများနှင့် တွေ့ဆုံ အားပေးစကားများပြောကြားပြီး သင်တန်းကျောင်းအတွင်းရှိ စာသင်ဆောင်၊ သင်တန်းသား အိပ်ဆောင်များ၊ စားရိပ်သာနှင့် မီးဖိုဆောင်တို့အား ကြည့်ရှုစစ်ဆေး၍ လိုအပ်သည်များ ဖြည့်ဆည်းပေးခဲ့ကြောင်း သတင်းရရှိပါသည်။
Related News and Articles
အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။