Language : |
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

ပြည်ထောင်စုဝန်ကြီး ဦးလှမိုး မန္တလေးတိုင်းဒေသကြီးအတွင်း သမဝါယမလုပ်ငန်းများနှင့် ကျေးလက်ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများကွင်းဆင်းစစ်ဆေး


22 Feb,2024

နေပြည်တော် ဖေဖော်ဝါရီ ၂၂

မန္တလေးတိုင်းဒေသကြီး၊ ပုသိမ်ကြီးမြို့နယ် လက်သစ်ကျေးရွာ သစ်ဆန်းလွင်စိုက်ပျိုး ထုတ်လုပ်ရေးသမဝါယမအသင်းနှင့် KUBOTA MYANMAR ကုမ္ပဏီလီမိတက်မှ ဖြန်ဖြူး ရောင်းချ သော လယ်ထွန်စက်ဖြင့် သမဝါယမလယ်ယာဝန်ဆောင်မှုသရုပ်ပြရှင်းလင်းပွဲ အခမ်းအနား ကို  ယနေ့နံနက်ပိုင်းက လက်သစ်ကျေးရွာ၌ ကျင်းပပြုလုပ်ရာ သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးလှမိုး၊ မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးမျိုးအောင်၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေးမှူး ချုပ်များနှင့် သက်ဆိုင်ရာ တာဝန်ရှိသူများ တက်ရောက်ကြသည်။

အခမ်းအနားတွင် ပြည်ထောင်စုဝန်ကြီး ဦးလှမိုးက မိမိတို့ ဝန်ကြီးဌာန အနေဖြင့် ကျေးလက်နေပြည်သူများ ဝင်ငွေတိုးပွားရေးနှင့် တောင်သူများ၏ လူမှုစီးပွားဘဝမြင့်မားလာစေရေး အတွက် စိုက်ပျိုးရေး၊ မွေးမြူရေးလုပ်ငန်းများ ပိုမိုလုပ်ကိုင်နိုင်ရေး၊ ကျေးရွာများတွင် အမှန်တကယ် လုပ်ငန်း လုပ်ကိုင်လိုသူများ၊ လုပ်ငန်းအမျိုးအစားတူညီသူများ စိတ်တူကိုယ်တူ ဆန္ဒတူသူများကို စုပေါင်း၍ သမဝါယမအသင်းများ ဖွဲ့စည်းပေးပြီး အသင်းသားတောင်သူများ၏ အဓိက လိုအပ်သော မျိုးကောင်းမျိုးသန့်များရရှိရေး၊ သွင်းအားစုပံ့ပိုးပေးနိုင်ရေး ထွက်ရှိလာသော သီးနှံများကို ဈေးကွက် ခိုင်မာမှုရရှိရေး လုပ်ဆောင်ပေးလျက်ရှိပါကြောင်း၊ ယခုအခါ လက်မှုလယ်ယာစနစ်မှ စက်မှု လယ်ယာစနစ်သို့ ပြောင်းလဲလာခြင်း၊ လယ်ယာလုပ်သားများ ရှားပါးလာခြင်းတို့ကြောင့် လက်တွေ့ ထွန်ယက်စိုက်ပျိုးရေး ထွန်စက်များ၊ စိုက်စက်များ၊ ရိတ်သိမ်းခြွေလှေ့စက်များ လိုအပ်လျှက် ရှိပါကြောင်း၊ ဒါ့ကြောင့် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာနနှင့် ပုဂ္ဂလိကတို့ ပူးပေါင်းပြီး ဌာနစက်၊ အသင်းစက်၊ ပုဂ္ဂလိက ရောင်းချမည့်စက်များဖြင့် ပြည်သူများသို့ အချိန်မီ ထွန်ယက်ရန် သက်သာသောဈေးနှုန်းဖြင့် ထွန်ယက်ရန် ပူးပေါင်းဆောင်ရွက်ပေးခဲ့ပါကြောင်း၊ သမဝါယမဦးစီးဌာန၏ ကြီးကြပ်ကွပ်ကဲမှုဖြင့် ပြည်နယ်/တိုင်းဒေသကြီးအသီးသီးတွင် ဖွဲ့စည်းထားသော  သမဝါယမအသင်းများမှ လယ်ယာ အထောက်အကူပြု ဝန်ဆောင်မှုပေးသည့် လုပ်ငန်းစတင်သည်မှစ၍ ယနေ့အချိန်ထိ ရိတ်သိမ်း ခြွေလှေ့စက် (၅၀)အစီး၊ ထွန်စက်ကြီး (၄၅၂)စီး၊ စုစုပေါင်း (၅၀၂)စီးဖြင့် ထွန်ယက်ဧက (၁၃၇၆၀၀) ကျော်နှင့် ရိတ်သိမ်းခြွေလှေ့ဧက(၂၇၃၀၀)ကျော်တို့အား အသင်း(၁၁၃)သင်းမှ လယ်ယာဝန်ဆောင်မှု ပေးသည့် လုပ်ငန်းများ ဆောင်ရွက်ပေးနိုင်ခဲ့ပါကြောင်း၊ ဒါ့အပြင် တောင်သူများ စုပေါင်းထွန်ယက် စိုက်ပျိုးနိုင်ရန်အတွက်လည်း ဝန်ကြီးဌာန (၃)ခု ဖြစ်သည့် စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန၊ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနနှင့် သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေး ဝန်ကြီးဌာနတို့ ပူးပေါင်း၍ စက်မှုလယ်ယာ ထွန်ယက်သရုပ်ပြပွဲတွင် ထွန်စက် ကြီးများနှင့် ရိတ်သိမ်းခြွေလှေ့စက်များကို ချိတ်ဆက်ရောင်းချ ပေးနိုင်ခဲ့ပါကြောင်း၊ သို့သော် တစ်ဦးချင်း အနေဖြင့် ဝယ်ယူရန် ဘဏ္ဍာငွေကြေးပိုင်းဆိုင်ရာ အခက်အခဲများကြောင့် စီမံကိန်းနှင့် ဘဏ္ဍာရေး ဝန်ကြီးဌာနအောက်ရှိ မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်မှ ဆောင်ရွက်နေသော JICA Two Step Loan နှင့် ချိတ်ဆက် ဆောင်ရွက်နိုင်ခဲ့ပါကြောင်း၊ အသင်းသား တောင်သူများ အနေဖြင့်လည်း ယခုလို ပုဂ္ဂလိက၊ နိုင်ငံတော်နှင့် သမဝါယမကဏ္ဍများမှ လာရောက် ဖြည့်ဆည်း ကူညီဆောင်ရွက် ပေးသည့်အချိန်တွင် မိမိတို့၏ လယ်ယာများ အထွက်တိုးရေး၊ စည်းစည်းလုံးလုံးညီညီညွတ်ညွတ် ဆောင်ရွက်ကြရန်လိုအပ်ကြောင်း၊ မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်မှ ချေးငွေများနှင့် နိုင်ငံ့စီးပွား မြှင့်တင်ရေးရန်ပုံငွေမှ ထောက်ပံ့ငွေများကို သီးနှံပေါ်ပါက သတ်မှတ်ကာလအတွင်း အပြေအကြေ ပေးသွင်းကြရန် လိုအပ်ကြောင်းပြောကြားပါသည်။

ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးက  နိုင်ငံတော်အစိုးရမှ လူသားအရင်းအမြစ်များ မွေးထုတ်ပေးလျက်ရှိရာ ၂၀၂၃-၂၀၂၄ ခု ပညာသင်နှစ်မှ စတင်၍ ခရိုင် ၅၀ ရှိ အခြေခံပညာ အထက်တန်းကျောင်း ၅၀ တွင် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် စက်မှုပေါင်းစည်း အထက်တန်း ကျောင်းများ တွဲဖက်၍ ဖွင့်လှစ်ပို့ချလျက်ရှိပါကြောင်း၊ မိမိတို့ဝန်ကြီးဌာန အနေဖြင့်လည်း ကျေးရွာများရှိ Grade-9 အောင်မြင်ပြီးသူများကို မန္တလေး၊ ပုသိမ်၊ မကွေး၊ မော်လမြိုင်၊ တောင်ကြီး စသည့် သမဝါယမစာရင်းရေးစာရင်းကိုင် သက်မွေးပညာ သင်တန်းကျောင်းများတွင် အခမဲ့ တက်ရောက်နိုင်ကြောင်း၊ အဆိုပါ သင်တန်းကျောင်း တက်ရောက်ပြီးပါက ထူးချွန်သူများ အနေဖြင့် သမဝါယမကောလိပ်များ၊ သမဝါယမနှင့် စီမံခန့်ခွဲမှုပညာ တက္ကသိုလ်များသို့ ဆက်လက် ပေါင်းကူး တက်ရောက်နိုင်မှာဖြစ်ကြောင်းပြောကြားပါသည်။

ဆက်လက်၍ မန္တလေးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးအောင်က တိုင်းဒေသကြီးအတွင်း စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် အသေးစားကုန်ထုတ်လုပ်ငန်းများ တိုးတက်မြင့်မားလာစေရေး၊ စားနပ်ရိက္ခာဖူလုံစေရေး ဖြည့်ဆည်းဆောင်ရွက်ပေးမှုအခြေအနေများနှင့် အဓိကစားသုံးသီးနှံ ဖြစ်သည့် ဆန်စပါးမျိုးများ အထွက်တိုးစေရေး မျိုးကွဲများ မများစေဘဲ အထွက်အတိုးစပါးမျိုးများ ကိုသာ စိုက်ပျိုးကြရန်နှင့် အခြားဆီထွက်သီးနှံများဖြစ်သည့် မြေပဲ၊ နှမ်း၊ နေကြာတို့ကိုလည်း တိုးချဲ့စိုက်ပျိုးကြရန်မှာကြားလိုပါကြောင်း၊ သီးထပ်သုံးသီး စိုက်ပျိုး နိုင်သော စိုက်ပျိုးမြေများတွင် ဒေသနှင့်ကိုက်ညီသော ဈေးကွက်ဝင်သော သီးနှံများ တိုးချဲ့စိုက်ပျိုး ကြစေလိုကြောင်း ပြောကြား ပါသည်။

ဆက်လက်၍ သမဝါယမဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးအောင်သူရက သမဝါယမလယ်ယာ ဝန်ဆောင်မှုလုပ်ငန်းဆောင်ရွက်မှုအခြေအနေများအားလည်းကောင်း၊ Kubota Myanmar ကုမ္ပဏီ လီမိတက်မှ တာဝန်ရှိသူက ၎င်းတို့၏ ကုမ္ပဏီမှ ထုတ်လုပ်သော လယ်ယာသုံးစက်ကိရိယာ များနှင့် တင်သွင်းရောင်းချမှု ပြင်ဆင်ထိန်းသိမ်းရေးဝန်ဆောင်မှု (Service)ပေးနေမှု အခြေအနေများအား လည်း ကောင်း၊ တိုင်းဒေသကြီးမြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်မှ တိုင်းဒေသကြီးမန်နေဂျာက JICA Two Step loan ချေးငွေဖြင့် တောင်သူတစ်ဦးချင်း၊ သမဝါယမ အသင်းသား တစ်ဦးချင်း အနေဖြင့် လည်းကောင်း၊ အသင်းအစုအဖွဲ့အနေဖြင့်လည်းကောင်း သက်သာသောအတိုးနှုန်းဖြင့် ချေးငွေ ရယူပြီး ထွန်စက်များ၊ ရိတ်သိမ်းချွေလှေ့စက်များ ဝယ်ယူနိုင်မည့် အခြေအနေများအားလည်းကောင်း ရှင်းလင်းတင်ပြကြရာ တက်ရောက်လာသည့် အသင်းသားတောင်သူများမှ သိရှိလိုသည်များ မေးမြန်းချက်များပေါ် သက်ဆိုင်ရာတာဝန်ရှိသူများက ပြန်လည်ရှင်းလင်းဖြေကြားပြီးနောက် ပြည်ထောင်စုဝန်ကြီးနှင့် တိုင်းဒေသကြီးဝန်ကြီးချုပ်တို့က အသင်းသားတောင်သူများထံ သွင်းအားစု နှင့် မျိုးစပါးများ ထောက်ပံ့ပေးအပ်ပါသည်။

ထို့နောက် ပြည်ထောင်စုဝန်ကြီးနှင့် တာဝန်ရှိသူများက လယ်ထွန်စက်များ သမဝါယမ လယ်ယာ ဝန်ဆောင်မှု ထွန်ယက်သရုပ်ပြနေမှုကို ကြည့်ရှုအားပေးပြီးနောက် အသင်းသားတောင်သူ များ လိုအပ်သည့် လယ်ယာသုံးစက်ကိရိယာများ  ဝယ်ယူအသုံးပြုနိုင်ရေး မြန်မာ့လယ်ယာဖွံ့ဖြိုးရေး ဘဏ်၊ သမဝါယမအသင်းစုများ၊ သက်ဆိုင်ရာကုမ္ပဏီတို့ ပူးပေါင်းပြီး အရစ်ကျရောင်းချပေးနိုင်ရေး၊ စက်ပစ္စည်းများ ရေရှည်ကိုယ်တွင်အသုံးပြုနိုင်ရေး လိုအပ်သော သင်တန်းများပေးရန်နှင့် After Sale Service ပေးရန်လိုအပ်ကြောင်း၊ အပိုပစ္စည်းများ အလွယ်တကူရရှိရေး ချိတ်ဆက် ဆောင်ရွက်ပေး နိုင်ရေး ကြိုတင်စီမံဆောင်ရွက်ပေးရန် လမ်းညွှန်မှာကြားပါသည်။

          ဆက်လက်၍ ပြည်ထောင်စုဝန်ကြီး၊ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့သည် ခေတ်မီစံပြ ကျေးရွာအဖြစ် အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိသည့် ပုသိမ်ကြီးမြို့နယ်၊ နန္ဒာ(မြောက်) ကျေးရွာသို့ ရောက်ရှိရာ ကျေးရွာဓမ္မာရုံ၌ သင်တန်းသူ (၁၃)ဦးဖြင့် အသေးစားစက်မှုလက်မှုလုပ်ငန်း ဦးစီးဌာနက ကြီးမှူး၍ ဖွင့်လှစ်ပို့ချလျက်ရှိသော အဆင့်မြင့်စက်ချုပ်သင်တန်းတက်ရောက်လျက် ရှိသော သင်တန်းသူများ၊ ကျေးရွာကော်မတီဝင်များ၊ ဒေသခံတောင်သူများ၊ ကျေးရွာသူ ကျေးရွာ သားများနှင့်တွေ့ဆုံရာ ပုသိမ်ကြီးမြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ဦးစီးမှူးက နန္ဒာ(မြောက်)ကျေးရွာ၌ ခေတ်မီစံပြကျေးရွာ ထူထောင်ခြင်းစီမံကိန်း(Smart Village) ဖြင့် အဓိက ကဏ္ဍကြီး(၆)ရပ်ဖြင့် ကျေးရွာအခြေခံအဆောက်အအုံ ဖွံ့ဖြိုးရေးလုပ်ငန်းများ၊ အသက်မွေး ဝမ်းကျောင်းနှင့် ကျေးလက်စီးပွားမြင့်မားရေးလုပ်ငန်း ဆောင်ရွက်နေမှု အခြေအနေများ၊ ကျေးရွာ ကုန်ထုတ်လမ်းဆောင်ရွက်ပြီးစီးမှု အခြေအနေများကို ရှင်းလင်းတင်ပြပါသည်။  ရှင်းလင်းတင်ပြမှု များအပေါ် ပြည်ထောင်စုဝန်ကြီးက မိမိတို့ဝန်ကြီးဌာန အနေဖြင့် အိုးမကွာ၊ အိမ်မကွာဖြင့် မိသားစု ဝင်ငွေ တိုးပွားရေးဆောင်ရွက်လိုသော အမျိုးသမီးများ၊ ပညာရေးဆုံးခန်း တိုင်အောင် သင်ကြား နိုင်မှု မရှိခဲ့သည့် လူငယ်လူရွယ်များကို အသက်မွေးဝမ်းကျောင်း ပညာရပ်များသင်ကြား တတ်မြောက်စေပြီး ကိုယ်ပိုင်လုပ်ငန်းများနှင့် ပုဂ္ဂလိကလုပ်ငန်းများတွင် အမှန်တကယ် ဝင်ရောက် လုပ်ကိုင်နိုင်ပြီး ဝင်ငွေများရရှိစေရန် ရည်ရွယ်၍ စက်ချုပ်သင်တန်းများ အပါအဝင် အသက်မွေး ဝမ်းကျောင်း အထောက်အကူပြု သင်တန်းများ ဖွင့်လှစ်ပို့ချလျက် ရှိပါကြောင်း၊ သင်တန်းပြီး ဆုံးပါက အမှန်တကယ်လုပ်ငန်းလုပ်ကိုင်လိုသူများကို လုပ်ငန်းသုံး ပစ္စည်းများ မတည်ရင်းနှီး ပေးမည်ဖြစ်ကြောင်း၊ မိမိတို့ဝန်ကြီးဌာနအနေဖြင့် လိုအပ်သည့် အရင်းအနှီးများ မတည်ဆောင်ရွက် ပေးမည်ဖြစ်ကြောင်းနှင့် ဒေသဖွံ့ဖြိုးရေးဆိုင်ရာများကို ဆွေးနွေးပြောကြားပြီး ဒေသခံပြည်သူများ ၏ တင်ပြချက်များအပေါ် လိုအပ်သည်များ ညှိနှိုင်းပေါင်းစပ် ဆောင်ရွက် ပေးပြီးနောက် ကျေးရွာ တောင်သူ ၄၇ ဦး၏ စိုက်ပျိုးမြေ (၉၈) ဧကကျော်ကို အကျိုးပြုပေးနိုင်မည့် နန္ဒာ(မြောက်) ကျေးရွာကုန်ထုတ်လမ်း ဖောက်လုပ်ပြီးစီးမှု အခြေအနေများကို ကြည့်ရှုစစ်ဆေးကာ ကျေးရွာ ကော်မတီဝင်များနှင့် သက်ဆိုင်ရာ တာဝန်ရှိသူ အားလုံးက လမ်းရေရှည်တည်တံ့ခိုင်မြဲရေး ဝိုင်းဝန်း ထိန်းသိမ်းကြရန် လမ်းညွှန်မှာကြားပါသည်။

ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် ပုသိမ်ကြီးမြို့နယ်ကျေးလက်လမ်းဖွံ့ဖြိုးရေး ဦးစီးဌာနမှ တာဝန်ယူဆောင်ရွက်ခဲ့ပြီး ကျေးရွာ တစ်ရွာ၊ အိမ်ခြေ ၁၅၄ အိမ် ၊ လူဦးရေ ၇၂၆ ဦးတို့ကို အကျိုးပြုပေးနိုင်မည့် ဂန္ဓမာကျေးရွာအဝင်လမ်း အရှည် ခြောက်ဖာလုံအား ကွန်ကရစ်လမ်းအဖြစ် အဆင့်မြှင့်တင်ခြင်းလုပ်ငန်းခွင်သို့ ရောက်ရှိကြည့်ရှုစစ်ဆေးရာ တိုင်းဒေသကြီးကျေးလက်လမ်း ဖွံ့ဖြိုးရေးဦးစီးဌာန   ဦးစီးမှူးက လုပ်ငန်းများ ဆောင်ရွက်ပြီးစီးမှု အခြေအနေများအား ရှင်းလင်း တင်ပြရာ တင်ပြမှုများအပေါ် ပြည်ထောင်စုဝန်ကြီးက ကျေးရွာလမ်းကော်မတီဝင်များနှင့် ဒေသခံ ပြည်သူအားလုံးမှ လမ်းရေရှည်ကောင်းမွန်စေရေး ဝိုင်းဝန်းထိန်းသိမ်းကြရန်ဆွေးနွေး မှာကြား ပါသည်။

ထိုမှတစ်ဆင့် ပြည်ထောင်စုဝန်ကြီးနှင့် အဖွဲ့သည် ခေတ်မီစံပြကျေးရွာအဖြစ် အကောင် အထည်ဖော်ဆောင်ရွက်လျက်ရှိသော မန္တလေးတိုင်းဒေသကြီး၊ သာစည်မြို့နယ်၊ ကြက်မောက် ကျေးရွာတွင် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနနှင့် ကျေးလက် လမ်းဖွံ့ဖြိုးရေးဦးစီးဌာန တို့ ပူးပေါင်းဆောင်ရွက်ခဲ့သည့် ရဲဘော်-၂ဆည်၊ ပျူတွင်းဆည်ရေတို့ဖြင့် ဆီထွက်သီးနှံ နေကြာနှင့် ကြက်သွန်စိုက်ပျိုးထားရှိမှု အခြေအနေများအားလည်းကောင်း၊ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနက ကျေးလက်စီးပွားမြင့်မားရေးရန်ပုံငွေထူထောင်ခြင်း (RBF) စီမံကိန်း ရန်ပုံငွေဖြင့် ဆိတ်မွေးမြူရေး၊ နွားမွေးမြူရေး လုပ်ငန်းများဆောင်ရွက်နေမှုအားလည်းကောင်း ကြည့်ရှုစစ်ဆေး ကာ ဒေသခံပြည်သူများ၏ ဒေသဖွံ့ဖြိုးရေးလုပ်ငန်း လိုအပ်ချက်များ တင်ပြမှုအပေါ် ပေါင်းစပ် ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ကြောင်း သတင်းရရှိပါသည်။


ဆက်စပ်လင့်ခ်များ

အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။

  • တယ်လီဖုန်း

    ၀၆၇ - ၄၁၀၀၃၃
  • ဖက်စ်

    ၀၆၇ - ၄၁၀၀၃၆
  • Email

    contact@mcrd.gov.mm