Language : |
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

နှစ် (၁၀၀) ပြည့် အပြည်ပြည်ဆိုင်ရာသမဝါယမနေ့ အခမ်းအနား ကျင်းပ


03 Jul,2022

နေပြည်တော် ဇူလိုင် ၂

          နှစ် (၁၀၀) ပြည့် အပြည်ပြည်ဆိုင်ရာသမဝါယမနေ့ အခမ်းအနားကို ယနေ့နံနက်ပိုင်းက သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ ရုံးအမှတ် (၁၆) ၌ ကျင်းပပြုလုပ်ရာ သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးလှမိုး၊ ဒုတိယဝန်ကြီး ဦးမြင့်စိုး၊ အမြဲတမ်း အတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ်များ၊ ဗဟိုသမဝါယမအသင်းလီမိတက် ဥက္ကဋ္ဌ၊ သမဝါယမနှင့် စီမံခန့်ခွဲမှုပညာတက္ကသိုလ်(သန်လျင်၊ စစ်ကိုင်း)တို့မှ ပါမောက္ခချုပ်များ၊ သမဝါယမကောလိပ် (မန္တလေး၊ ဖောင်ကြီး) တို့မှ ကျောင်းအုပ်ကြီးများ၊ တိုင်းဒေသကြီး/ ပြည်နယ်သမဝါယမဦးစီးဌာန များမှ ညွှန်ကြားရေးမှူးများ၊ တိုင်းဒေသကြီး/ ပြည်နယ် သမဝါယမအသင်းစုချုပ် ဥက္ကဋ္ဌများ၊ သမဝါယမအသင်းသားများ၊ ဝန်ထမ်းများနှင့် တာဝန်ရှိသူများ တက်ရောက်ကြပါသည်။

          အခမ်းအနားတွင် ပြည်ထောင်စုဝန်ကြီး ဦးလှမိုးက အပြည်ပြည်ဆိုင်ရာသမဝါယမအဖွဲ့ချုပ် (International Co-operative Alliance-ICA) ကို ၁၈၉၅ ခုနှစ်၊ ဩဂုတ်လ ၁၉ ရက်နေ့တွင် အင်္ဂလန်နိုင်ငံ၊ လန်ဒန်မြို့၌ စတင်ဖွဲ့စည်းခဲ့ပြီး ၁၉၂၃ ခုနှစ်မှစတင်၍ အပြည်ပြည်ဆိုင်ရာ သမဝါယမနေ့အထိမ်းအမှတ်ပွဲများ ကျင်းပလာခဲ့သည်မှာ နှစ် (၁၀၀) တိုင်ခဲ့ပြီ ဖြစ်ပါကြောင်း၊ မြန်မာနိုင်ငံ ဗဟိုသမဝါယမအသင်းသည် (၇-၉-၁၉၉၃) ရက်နေ့တွင် အပြည်ပြည်ဆိုင်ရာသမဝါယမ အဖွဲ့ချုပ်၏ အဖွဲ့ဝင်အဖြစ် စတင်ဝင်ရောက်ခဲ့ပါကြောင်း၊ ၁၉၉၅ ခုနှစ်မှာ ကုလသမဂ္ဂအထွေထွေ ညီလာခံကြီးက နှစ်စဉ် ဇူလိုင်လပထမပတ် စနေနေ့ကို အပြည်ပြည်ဆိုင်ရာသမဝါယမနေ့အဖြစ် သတ်မှတ်ခဲ့ပြီး နှစ်စဉ်အပြည်ပြည်ဆိုင်ရာသမဝါယမနေ့ကို သမဝါယမများအကြောင်း အသိပညာ ပေးမှုကို တိုးမြှင့်လုပ်ဆောင်ရန်နှင့် နိုင်ငံတကာစည်းလုံးညီညွတ်ရေး  ရည်မှန်းလှုပ်ရှား ဆောင်ရွက် မှု၊ အချိန်တိုအတွင်း စီးပွားရေးအကျိုးဖြစ်ထွန်းမှု၊ တန်းတူညီမျှမှုနှင့် ကမ္ဘာကြီး ငြိမ်းချမ်းသာယာဝ ပြောမှုများကို အားပေးမြှင့်တင်ရန် ရည်ရွယ်ပြီး ကမ္ဘာတစ်ဝှမ်းကျင်းပခြင်းဖြစ်ပါကြောင်း၊

          ကမ္ဘာ့လူဦးရေရဲ့ ၁၂% ကျော်၊ တစ်နည်းအားဖြင့် ကမ္ဘာ့လူဦးရေ သန်း(၂၈၀)ကျော်ကို ကမ္ဘာ့ သမဝါယမအသင်းများက အလုပ်အကိုင်အခွင့်အလမ်းများ ဖန်တီးပေးနိုင်ခဲ့ကြောင်း၊ သမဝါယမများ သည် စီးပွားရေးလုပ်ငန်းများတွင် ပါဝင်ဆောင်ရွက်ခြင်း၊ သဘာဝပတ်ဝန်းကျင်ဆိုင်ရာ ပျက်စီးမှုနှင့် ရာသီဥတုပြောင်းလဲခြင်းတို့ကို ထိန်းသိမ်းကာကွယ်ပေးခြင်း၊ အလုပ်အကိုင်ကောင်းများ ဖော်ဆောင် ပေးခြင်း၊ အစားအစာဘေးကင်းလုံခြုံရေးနှင့် ဖူလုံစေရေးအတွက် အကူအညီ အထောက်အပံ့ ပေးခြင်း၊ ဒေသဆိုင်ရာ အဖွဲ့အစည်းများအတွင်း ငွေကြေးအရင်းအနှီး ထောက်ပံ့ပေးခြင်း၊ လူ့ကျင့်ဝတ် စံတန်ဖိုးများကို ပျိုးထောင်ပေးခြင်း၊ အများပြည်သူများရဲ့ ရုပ်ပိုင်းဆိုင်ရာ လိုအပ်ချက် များနှင့် ဘေးကင်းလုံခြုံမှု တိုးတက်ကောင်းမွန်အောင် ဆောင်ရွက်ပေးခြင်းအားဖြင့် စစ်မှန်တဲ့ ငြိမ်းချမ်းမှုကို အထောက်အကူပြုနိုင်ခြင်း စသည်တို့ကို အားပေးမြှင့်တင် ဆောင်ရွက်လျက် ရှိပါကြောင်း။

          မြန်မာနိုင်ငံတွင် ၁၉၀၄ ခုနှစ်၌ သမဝါယမအသင်းအက်ဥပဒေကို ပြဋ္ဌာန်းခဲ့ပြီး ၁၉၀၅ ခုနှစ်၊ ဇန်နဝါရီလ (၃) ရက်နေ့တွင် စစ်ကိုင်းခရိုင် မြင်းမူငွေစုငွေချေးသမဝါယမအသင်းကို စတင်ဖွဲ့စည်း ကာ သမဝါယမအသင်းများ ရှင်သန်ဖွံ့ဖြိုးရေးအတွက် ဦးစီးဌာန၊ ဝန်ကြီးဌာန ဖွဲ့စည်းထူထောင်ပြီး လမ်းညွှန်ကြီးကြပ်မှုများဖြင့် ဆောင်ရွက်ခဲ့ရာ (၁၇-၆-၂၀၂၁) ရက်နေ့တွင် သမဝါယမနှင့်ကျေးလက် ဖွံ့ဖြိုးရေးဝန်ကြီးဌာနကို ဝန်ကြီးဌာနအသစ်အဖြစ် ပြန်လည်ဖွဲ့စည်းတည်ထောင်ခဲ့ပြီး ခေတ်နှင့် အညီ မူဝါဒအသစ်များဖြင့် သမဝါယမလုပ်ငန်းများ ရှင်သန်ဖွံ့ဖြိုးလာစေရေး ဆောင်ရွက်လျက် ရှိပါကြောင်း၊

          သမဝါယမဦးစီးဌာနသည် ပြည်သူတို့၏ လူမှုစီးပွားအတွက် ထိရောက်အကျိုးရှိမည့် မျှော်မှန်းချက်၊ ရည်မှန်းချက်၊ မူဝါဒများ၊ လုပ်ငန်းစဉ်များ၊ Action Plan(၈)ရပ် ချမှတ်ပြီး ယနေ့ထိ သမဝါယမအသင်းပေါင်း(၃၉၃၉၉)သင်း  ဖွဲ့စည်းခဲ့ပြီးဖြစ်ပါကြောင်း၊ ပြည်သူများ၏ လူမှုစီးပွားဘဝ မြင့်မားရေးနှင့် အလုပ်အကိုင်အခွင့်အလမ်းများ ဖန်တီးပေးနိုင်ရေးအတွက် အမှန်တကယ် အလုပ် လုပ်လိုသူများ၊ လုပ်ငန်းတူရာအလိုက် စိတ်ဝင်စားသူများအား စည်းရုံးဖွဲ့စည်း ဆောင်ရွက်လျက်ရှိ ပါကြောင်း၊

          သမဝါယမလုပ်ငန်းများ ရေရှည်ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဦးစီးဌာနအချင်းချင်းသော် လည်းကောင်း၊ သမဝါယမဦးစီးဌာနနှင့် အသင်းများ အချင်းချင်းသော်လည်းကောင်း ပေါင်းစပ် ညှိနှိုင်းကာ လုပ်ငန်းများ  အောင်မြင်မှုရှိစေရန်  သမဝါယမအခြေခံမူများ၊ ကျင့်ဝတ်နှင့် အနှစ်သာရ များကို လိုက်နာကျင့်သုံး ဆောင်ရွက်ကြရန် ပြောကြားလိုပါကြောင်း၊

          အပြည်ပြည်ဆိုင်ရာသမဝါယမအဖွဲ့ချုပ်(ICA)က “သမဝါယမ”ဟူသည် ကိုယ့်အားကိုယ်ကိုး ခြင်း၊ ကိုယ်တိုင်တာဝန်ယူဆောင်ရွက်ခြင်း၊ ဒီမိုကရေစီစနစ်နဲ့ အုပ်ချုပ်သော အဖွဲ့အစည်း ဖြစ်ခြင်း၊ တန်းတူညီမျှခြင်း၊ တရားမျှတ စာနာထောက်ထားခြင်း၊ စည်းလုံးညီညွတ်ခြင်းနှင့် မှန်ကန် ဖြောင့်မတ်တဲ့ လူ့ကျင့်ဝတ် စံတန်ဖိုးများရှိခြင်း၊ ရိုးသားပွင့်လင်းခြင်း၊ လူမှုတာဝန်ရှိပြီး အခြား သူများကို ပြုစုစောင့်ရှောက်ခြင်းဆိုတဲ့ သမဝါယမအနှစ်သာရများကို အလေးထား လိုက်နာကျင့်ကြံ ဆောင်ရွက်ကြရမှာပါကြောင်း၊

          ၂၀၂၂ ခုနှစ် အပြည်ပြည်ဆိုင်ရာသမဝါယမနေ့ ဆောင်ပုဒ်ဖြစ်သည့် “Cooperatives Build a Better World” (ကမ္ဘာ့လောက ပိုမိုကောင်းမွန်ရေး သမဝါယမများက တည်ဆောက်ပေး) ဆိုသည့် အတိုင်း နိုင်ငံတကာသမဝါယမများက မျှဝေခံစားတတ်သည့် လူ့ကျင့်ဝတ် ဂုဏ်သိက္ခာ စံတန်ဖိုး များအပေါ် အခြေတည်ထားသည့် အခြေခံမူများအတိုင်း လိုက်နာကျင့်သုံး ကြိုးစားအားထုတ် လုပ်ကိုင်နေချိန်တွင် မြန်မာ့သမဝါယမများကလည်း သမဝါယမပုံရိပ်ကို ပြန်လည် မြှင့်တင်ပေးရန် လိုအပ်ပါကြောင်း တိုက်တွန်းပြောကြားပါသည်။

          ဆက်လက်၍ ဗဟိုသမဝါယမအသင်းဥက္ကဋ္ဌ ဦးအောင်ဖြူက ဗဟိုသမဝါယမအသင်းမှ အကောင်အထည်ဖော်ဆောင်ရွက်နေသည့် သမဝါယမလုပ်ငန်းအခြေအနေများအား ရှင်းလင်းတင်ပြ ပါသည်။

          ထို့နောက် အပြည်ပြည်ဆိုင်ရာသမဝါယမအဖွဲ့ချုပ်မှ ပေးပို့သောသဝဏ်လွှာကို ဗဟိုသမဝါယမ အသင်းလီမိတက်၊ ဒါရိုက်တာအဖွဲ့ဝင် ဒေါက်တာတိုးနန္ဒာတင်က ဖတ်ကြားခဲ့ပြီး  အပြည်ပြည်ဆိုင်ရာ သမဝါယမနေ့ဂုဏ်ပြုမှတ်တမ်းတင် Video Clip ကို ပြသခဲ့ပါသည်။ အဲဒီနောက် အခမ်းအနားသို့ တက်ရောက်လာသော ပြည်ထောင်စုဝန်ကြီးနှင့်တကွ ဧည့်ပရိတ်သတ်အပေါင်းတို့က အပြည်ပြည် ဆိုင်ရာသမဝါယမနေ့ အထိမ်းအမှတ် ပြခန်းများကို လှည့်လည်ကြည့်ရှုခဲ့ကြကြောင်း သတင်းရရှိ ပါသည်။ 


ဆက်စပ်လင့်ခ်များ

အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။

  • တယ်လီဖုန်း

    ၀၆၇ - ၄၁၀၀၃၃
  • ဖက်စ်

    ၀၆၇ - ၄၁၀၀၃၆
  • Email

    contact@mcrd.gov.mm