Language : |
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

သမ/ကျေးလက်ရင်သွေးငယ်များ၏ နေပြည်တော်လေ့လာရေးခရီးစဉ်


30 Jan,2024

မြင့်စိုး(နတလ)

သမဝါယမစာရင်းရေးစာရင်းကိုင်သက်မွေးပညာ

သင်တန်းကျောင်းများ

                             “သားတို့သမီးတို့ ပျော်ကြရဲ့လား”

                             “ပျော်ပါတယ်”

                             “နောက်တစ်ခေါက်လာချင်သေးလား”

                             “လာချင်ပါတယ်”

ကျွန်တော်မေးသမျှကို အတိုင်အဖောက်ညီစွာ ပြန်လည်ဖြေကြားနေသည့် သူတို့လေး တွေ၏ အသံက စားရိပ်သာခန်းမအတွင်းမှာ ဟိန်းထွက်သွားသည်။ သူတို့လေးတွေဆိုသည် မှာ အခြားမဟုတ်ပါ။ သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ သမဝါယမဦးစီးဌာန အောက်ရှိ သမဝါယမစာရင်းရေးစာရင်းကိုင် သက်မွေးပညာသင်တန်းကျောင်း ၅ ကျောင်း ဖြစ်သော မကွေး၊ မန္တလေး၊ မော်လမြိုင်၊ တောင်ကြီးနှင့် ပုသိမ်မြို့များတွင် ဖွင့်လှစ်ထားသည့် သင်တန်းကျောင်းများမှ ပထမနှစ် ကျောင်းသား၊ ကျောင်းသူလေးများ ဖြစ်ပါသည်။ ပြည်ထောင်စုဝန်ကြီး ဦးလှမိုး၏ လမ်းညွှန်မှုဖြင့် သူတို့လေးတွေအတွက် နေပြည်တော်နှင့် ပတ်ဝန်းကျင် လေ့လာရေးခရီးစဉ် (၃) ရက်ကို ရေးဆွဲစီစဉ်ဆောင်ရွက်ပေးခဲ့သည်။

          ပညာဆက်လက်သင်ယူရန် အခက်အခဲရှိသူများကို စာရင်းရေးစာရင်းကိုင်ပညာဖြင့် သက်မွေးမှုလုပ်ငန်းများ ဆောင်ရွက်နိုင်စေရန်၊ သက်မွေးမှုပညာ သင်ယူတတ်မြောက်ပြီးသူ များထဲမှ ထူးချွန်သူများကို သမဝါယမကောလိပ်များ၊ သမဝါယမနှင့် စီမံခန့်ခွဲမှုပညာ တက္ကသိုလ်များသို့ ပေါင်းကူး၍ ပညာဆက်လက်သင်ယူနိုင်သည့် အခွင့်အလမ်းများ ရရှိ နိုင်စေရန် ရည်ရွယ်လျက် အဆိုပါသင်တန်းကျောင်းများကို ဖွင့်လှစ်ပေးခဲ့ခြင်း ဖြစ်သည်။ ရှေးယခင်က အချို့သင်တန်းကျောင်းများသည် သမဝါယမကူးသန်းရောင်းဝယ်ရေးသင်တန်း ကျောင်း ဟူ၍လည်းကောင်း၊ အချို့က သမဝါယမသင်တန်းကျောင်း ဟူ၍လည်းကောင်း အမည်အမျိုးမျိုးနှင့် ရှိနေရာမှ သင်တန်းကျောင်း၏ ဖွဲ့စည်းပုံနှင့် သင်ကြားပို့ချပေးမည့် ဘာသာရပ်များကိုပါ မွမ်းမံပြင်ဆင်ပြီးလျှင် ၂၀၂၂ ခုနှစ်၊ ဇွန်လ ၁၆ ရက်နေ့၌ သမဝါယမစာရင်းရေးစာရင်းကိုင် သက်မွေးပညာသင်တန်းကျောင်းများအဖြစ် ဖွင့်လှစ် သင်ကြားပေးခဲ့ခြင်း ဖြစ်သည်။ ပထမနှစ်သင်တန်းတွင် စာရင်းရေးစာရင်းကိုင်ဘာသာရပ် (Business Accounting)၊ Fundamentals of ICT ဘာသာရပ်၊ သမဝါယမပညာ ဘာသာရပ် များနှင့်အတူ မြန်မာစာ၊ အင်္ဂလိပ်စာ၊ သင်္ချာ၊ ဘောဂဗေဒ ဘာသာရပ်များကို သင်ကြားပေး ခဲ့သည်။ ဒုတိယနှစ်တွင်မူ Cost Accounting၊ Financial Accounting၊ Computerized Accounting၊ Business Accounting၊ Business Organization and Management၊ သမဝါယမစာရင်းကိုင်ပညာနှင့် စာရင်းစစ်ဆေးခြင်း၊ အင်္ဂလိပ်စာ၊ သင်္ချာနှင့် ဘောဂဗေဒ ဘာသာရပ်များကို သင်ကြားပို့ချပေးလျက် ရှိသည်။ ဒုတိယနှစ်တွင် ဘာသာစုံ အောင်မှတ် ရရှိပြီး အထူးပြုဘာသာရပ်များ၌ ဂုဏ်ထူးမှတ်ရရှိသူများနှင့် သင်္ချာဘာသာရပ် ဂုဏ်ထူးရရှိသူ များသည် သမဝါယမတက္ကသိုလ်၊ ကောလိပ်များသို့ ပေါင်းကူးတက်ရောက်ခွင့် ရကြမည်။ ကျန် ကျောင်းသားကျောင်းသူများသည်လည်း Certificate in Business Accounting လက်မှတ်ရရှိထားပြီးဖြစ်၍ သင့်တော်ရာ လုပ်ငန်းခွင်သို့ ဝင်ရောက်ကြမည် ဖြစ်သည်။

လေ့လာရေးခရီးစဉ်၏ ရည်ရွယ်ချက်

          ကျောင်းသားကျောင်းသူအချင်းချင်း ခင်မင်ရင်းနှီးမှု ရရှိစေရန်၊ စာတွေ့လက်တွေ့ လုပ်ငန်းများအပြင် ဒေသန္တရဗဟုသုတများ ရရှိစေရန်၊ တိုင်းရင်းသားစည်းလုံးညီညွတ်ရေး စိတ်ဓာတ်၊ ပြည်ထောင်စုစိတ်ဓာတ်များ ရှင်သန်ထက်မြက်လာစေရန် ရည်ရွယ်၍ နေပြည်တော်နှင့်ပတ်ဝန်းကျင် ၂ ညအိပ် ၃ ရက် ခရီးစဉ်ကို ရေးဆွဲစီစဉ်ဆောင်ရွက်ပေးခဲ့ခြင်း ဖြစ်သည်။ ရှေးနှစ်ပေါင်းများစွာကပင် ပြည်နယ်နှင့် တိုင်းဒေသကြီးအသီးသီး၏ နေရာ တိုင်းမှာ တိုင်းရင်းသားလူမျိုးပေါင်းစုံ မရှိအတူရှိအတူ၊ အေးအတူပူအမျှ ဥမကွဲသိုက်မပျက် ရင်းနှီးချစ်ကြည်စွာလက်တွဲ၍ ပြည်ထောင်စုကြီးအတွင်းက ပြည်ထောင်စုငယ်လေးများ သဖွယ် ရင်းနှီးချစ်ကြည်စွာ နေထိုင်ခဲ့ကြသဖြင့် ယခုရောက်ရှိလာသည့် ကျောင်းသား ကျောင်းသူလေးများထဲမှာလည်း တိုင်းရင်းသားလူမျိုး ပေါင်းစုံပါလာပါသည်။ သည့်အတွက် ပြည်ထောင်စုစိတ်ဓာတ် ရှင်သန်ထက်မြက်လာစေရန် ရည်ရွယ်ခြင်းဖြစ်ပါသည်။

          တစ်ခုပြောစရာရှိလာသည်က သူတို့လေးတွေသည် နေရပ်ဒေသအသီးသီးမှ နေပြည်တော်သို့ တိုက်ရိုက်ရောက်ရှိလာခြင်း မဟုတ်ပေ၊ ပြည်ထောင်စုဝန်ကြီး၏ လမ်းညွှန် ချက်အတိုင်း မော်လမြိုင်နှင့် ပုသိမ် သင်တန်းကျောင်းများမှ ကျောင်းသားကျောင်းသူများ အား သမဝါယမနှင့် စီမံခန့်ခွဲမှုပညာတက္ကသိုလ် (သန်လျင်)သို့ လည်းကောင်း၊ မကွေး၊ မန္တလေးနှင့် တောင်ကြီး သင်တန်းကျောင်းများမှ ကျောင်းသား ကျောင်းသူများအား သမဝါယမနှင့်စီမံခန့်ခွဲမှုပညာတက္ကသိုလ် (စစ်ကိုင်း)သို့လည်းကောင်း ပို့ဆောင်ပေးခဲ့သည်။ တစ်ချိန်မှာ မိမိတို့ပေါင်းကူးတက်ရောက်သင်ယူခွင့်ရကြမည့် တက္ကသိုလ်များ၏ သဘော သဘာဝ ၊ သင်ကြားပို့ချပေးသော ဘာသာရပ်များအကြောင်း သိစေလို၍ ဖြစ်သည်။ သန်လျင် ပါမောက္ခချုပ် ဒေါက်တာရီရီဝင်း၊ စစ်ကိုင်းပါမောက္ခချုပ် ဒေါက်တာမို့မို့ရီတို့ ဦးဆောင်သော ပါမောက္ခဌာနမှူးများ၊ ဆရာဆရာမများ၊ ကျောင်းသားကျောင်းသူများကလည်း လှိုက်လှဲ နွေးထွေးစွာ ကြိုဆို၍ တက္ကသိုလ်အကြောင်း သိကောင်းစရာများကို ရှင်းလင်း ပြောကြားကာ လိုက်လံပြသပေးခဲ့ကြသည်။ သူတို့ရင်ထဲမှာ တက္ကသိုလ်ပညာကို ဆက်လက်သင်ယူခွင့် ရရှိအောင် ကြိုးစားချင်စိတ်တွေ ပေါ်ပေါက်လာစေရန်အတွက်လည်း ရည်ရွယ်ရင်း ဖြစ်သည်။ ၂၀၂၃ ခုနှစ်၊ ဒီဇင်ဘာလ ၁၀ ရက်နေ့တွင် တက္ကသိုလ်အသီးသီးသို့ သွားရောက်လေ့လာခဲ့ကြ သော လေ့လာရေးအဖွဲ့ဝင် ကျောင်းသားကျောင်းသူများ၊ သင်တန်းကျောင်းအုပ်များ၊ သင်တန်းနည်းပြဆရာဆရာမများ၊ စုစုပေါင်းအင်အား ၁၆၉ ဦးတို့သည် ယင်းနေ့ညဦးပိုင်း တွင် နေပြည်တော်သို့ ရောက်ရှိလာကြရာ ၎င်းတို့ခေတ္တတည်းခိုနေထိုင်ကြမည့် အမှတ် (၃) တည်းခိုရေးနှင့် စစ်ကြောရေးစခန်း (ရွာတော်)၌ ကျွန်တော်နှင့် အမြဲတမ်းအတွင်းဝန် ဦးခန့်ဇော်၊ ညွှန်ကြားရေးမှူးချုပ်များက စောင့်ကြိုနှုတ်ဆက်ပြီး စနစ်တကျ နေရာချထား ပေးခဲ့ပါသည်။

မာရဝိဇယရုပ်ပွားတော်မြတ်ကြီးအား ဦးခိုက်ဖူးမြော်

          ဒီဇင်ဘာလ ၁၁ ရက်နေ့ လေ့လာရေးခရီးစဉ်ကို ပြည်ထောင်စုနယ်မြေ နေပြည်တော် ဒက္ခိဏသီရိမြို့နယ်ရှိ ဗုဒ္ဓဥယျာဉ်ဝတ္တုကံတော်တွင် တည်ထားပြီး ကမ္ဘာပေါ်ရှိ ထိုင်တော်မူ ကျောက်ဆစ်ဗုဒ္ဓရုပ်ပွားတော်များအနက် ဉာဏ်တော်အမြင့်ဆုံးဖြစ်သည့် မာရဝိဇယရုပ်ပွား တော်မြတ်ကြီးအား သွားရောက်ဦးခိုက်ဖူးမြော်ခြင်းဖြင့် အစပြုခဲ့ပါသည်။ အဝေးကနေ သတင်းစကားတွေ ကြားသိရ၊ တီဗွီဖန်သားပြင်မှာပဲ ဖူးမြော်ခွင့်ရကြသဖြင့် သူတို့အားလုံး ကြည်နူးဝမ်းသာ ပီတိဖြာခဲ့ကြသည်။ အလှူငွေများ ထည့်ဝင်လှူဒါန်းကြသည်။ တာဝန် ရှိသူများကလည်း ဗုဒ္ဓရုပ်ပွားတော်မြတ်ကြီး ဖြစ်ပေါ်လာရေးအတွက် ဆောင်ရွက်ခဲ့သည့် မှတ်တမ်းများနှင့် တည်ထားကိုးကွယ်ရခြင်း၏ သမိုင်းကြောင်းကို Projector ဖြင့် ရှင်းလင်း ပြသသည်။

          ထို့နောက် မြန်မာ့အသံနှင့်ရုပ်မြင်သံကြား (MRTV) သို့ သွားရောက်ကြည့်ရှုလေ့လာ ကြရာ တာဝန်ရှိသူများက သတင်းရိုက်ကူးတည်းဖြတ်ထုတ်လွှင့်ပုံအဆင့်ဆင့်၊ တိုင်းရင်းသား ရုပ်သံလိုင်း (NRC) ထုတ်လွှင့်နေမှုများ၊ စိန်ရတုပြတိုက်သို့လေ့လာခြင်းနှင့် ရေဒီယိုထုတ်လွှင့် ရေးအစီအစဉ်များကို လိုက်လံရှင်းလင်းပြသပြီးနောက် လေ့လာရေးအဖွဲ့များ၏ ရိုးရာအက များကို မှတ်တမ်းတင်ရိုက်ကူးခဲ့ကြသည်။

  •  

အမှတ်ရမိသော အတိတ်ကာလဆယ်စုနှစ်များ

          စင်စစ်သော်ကား ယခုကဲ့သို့ လေ့လာရေးခရီးစဉ်များကို ကျွန်တော့်ဘဝမှာ အများကြီး ကြုံတွေ့ခဲ့ပြီး ဖြစ်သည်။ နယ်စပ်/ စည်ပင်ဝန်ကြီးဌာန ဝန်ထမ်းဘဝ၊ နယ်စပ်ရေးရာဝန်ကြီး ဌာန ဝန်ထမ်းဘဝ၊ တိတိကျကျပြောရလျှင် နတလဝန်ထမ်းဘဝတစ်လျှောက်လုံး ကြုံဆုံခဲ့ရ ခြင်းဖြစ်၏။ ကျွန်တော်မှတ်တမ်းပြုထားသလောက် ပြန်လည်တင်ပြရလျှင် နတလလုပ်ငန်း ကော်မတီ၏ အစီအစဉ်ဖြင့် ၁၉၉၃ ခုနှစ်မှစ၍ ရန်ကုန်မဟာသင်္ကြန်ပွဲတော်သို့ တိုင်းရင်းသား ယဉ်ကျေးမှုအဖွဲ့များကို ဖိတ်ကြားခေါ်ယူခဲ့ရာ ထားဝယ်နှင့် ဓနု တိုင်းရင်းသားတိုင်းရင်းသူ များ ရောက်ရှိလာကြသည်။ ၁၉၉၄ တွင် ကရင်အဖွဲ့၊ ၁၉၉၅ တွင် ကိုးကန့်နှင့် “ဝ”၊ ၁၉၉၆ တွင် မွန်၊ နာဂ၊ ချင်း၊ ရခိုင်၊ ပလောင်၊ ပအိုဝ်း၊ ကယား၊ ၂၀၀၀ ပြည့်နှစ်တွင် ကယား၊ ကရင်၊ ကိုးကန့်၊ “ဝ” စသည်ဖြင့် မြန်မာပြည်တစ်နံတစ်လျားမှ ဖိတ်ကြားခေါ်ယူခဲ့ရာ ၂၀၀၁ ခုနှစ် တွင် ၉ ဖွဲ့၊ ၂၀၀၂ ခုနှစ်တွင် ၁၅ ဖွဲ့၊ ၂၀၀၃ ခုနှစ်တွင် ၁၉ ဖွဲ့၊ ၂၀၀၄ ခုနှစ်တွင် ၁၀ ဖွဲ့တို့ ရောက်ရှိလာကြသည်။

          တိုင်းရင်းသားလေ့လာရေးအဖွဲ့များကိုမူ ၂၀၀၁ ခုနှစ်တွင် ရှမ်းပြည်နယ်(တောင်ပိုင်း) ကျိုင်းတောင်း/ ကျိုင်းခမ်းဒေသမှ ရှမ်းတိုင်းရင်းသားတိုင်းရင်းသူ ၁၀၄ ဦးဖြင့် အစပြု၍ ရန်ကုန်မြို့နှင့်ပတ်ဝန်းကျင် လေ့လာရေးခရီးစဉ်များ ရေးဆွဲဆောင်ရွက်ခဲ့ကြရသည်။ ၂၀၀၁ ခုနှစ်တွင် မတူပီဒေသမှ ချင်းတိုင်းရင်းသားအဖွဲ့ ထပ်မံရောက်ရှိလာသည်။ ယင်းနောက် ၂၀၀၂ တွင် ၅ ဖွဲ့၊ ၂၀၀၃ တွင် ၂ ဖွဲ့၊ ၂၀၀၄ တွင် ၁ ဖွဲ့ စသည်ဖြင့် ဖိတ်ကြားခေါ်ယူခဲ့ရာ ၂၀၁၈ ခုနှစ်၊ ဇန်နဝါရီလတွင် နေပြည်တော်သို့ ခေါ်ယူခဲ့သော မြစ်ကြီးနား၊ ပူတာအိုဒေသမှ ဂျိမ်းဖောနှင့် ရဝမ်၊ ပလက်ဝ၊ ရှင်းလက်ဝဒေသမှ ချင်း၊ မက်မန်းဒေသမှ လွယ်လ၊ လားဟူ၊ ရှမ်း၊ ဟိုပုံး၊ ပင်လောင်း၊ ဆီဆိုင်ဒေသမှ ပအိုဝ်းတိုင်းရင်းသားအဖွဲ့ထိ စုစုပေါင်း ၂၆ ဖွဲ့နှင့် ကျွန်တော် ရေစက်ဆုံခဲ့ရသည်။

နိုင်ငံတော်၏ ယဉ်ကျေးမှုသံတမန်များ

          ထိုစဉ်ကာလက ရောက်ရှိလာကြသော တိုင်းရင်းသားယဉ်ကျေးမှုအဖွဲ့များနှင့် ပတ်သက်၍လည်း ဆောင်းပါးများစွာ ရေးဖြစ်ခဲ့ပါသည်။ ရိုးရာယဉ်ကျေးမှုဓလေ့ထုံးစံများကို လေးစားလိုက်နာကြပြီး အပြန်အလှန် ဖလှယ်ခွင့်ရခဲ့ကြသလို ဒေသအသီးသီးသို့ ရောက်ရှိ ပျံ့နှံ့စေခဲ့သဖြင့် “နိုင်ငံတော်၏ယဉ်ကျေးမှုသံတမန်များ” ဟူ၍ ဂုဏ်ပြုတင်စားခေါ်ဝေါ် ရေးသားခဲ့ဖူးသည်။ သူတို့ပြန်သွားလျှင် သင်္ကြန်ပုံရိပ်များက ရင်ထဲမှာထင်ကျန်ရစ်ပြီး လွမ်းမောတသနေရသောကြောင့်လည်း အလွမ်းသင်္ကြန်၊ ပန်းသင်္ကြန်ဟူ၍လည်းကောင်း၊ နွေဧည့်သည်တို့အိမ်အပြန် ဟူ၍လည်းကောင်း၊ ပြည်ထောင်စုသားတို့သင်္ကြန် ဟူ၍လည်း ကောင်း၊ ပြည်ထောင်စုရနံ့သင်းပျံ့နေသောသင်္ကြန် ဟူ၍လည်းကောင်း ခေါင်းစဉ်အမျိုးမျိုး နှင့် ဆောင်းပါးတွေ ထွက်လာခဲ့ဖူးသည်။ လေ့လာရေးခရီးစဉ် ဆောင်းပါးများလည်း ထိုနည်း နှင်နှင်ပင်။

ပြည်ထောင်စုဝန်ကြီး၏ ဩဝါဒခံယူ

          ၂၀၂၄ ခုနှစ်၊ ဇန်နဝါရီလ ၁၁ ရက်နေ့ မွန်းလွဲပိုင်းတွင် လေ့လာရေးအဖွဲ့ဝင် ကျောင်း သားကျောင်းသူလေးများနှင့် အုပ်ချုပ်သူ ဆရာဆရာမများအား သမဝါယမနှင့် ကျေးလက် ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးလှမိုးက ရုံးအမှတ် (၁၆) စုပေါင်းခန်းမ၌ တွေ့ဆုံ၍ လက်ဖက်ရည်၊ မုန့်များဖြင့် တည့်ခင်းဧည့်ခံကာ နှုတ်ဆက်အမှာစကား ပြောကြား ခဲ့သည်။ ယင်းသို့မှာကြားရာတွင် တက္ကသိုလ်၊ ကောလိပ်များသို့ ပေါင်းကူးတက်ရောက်ခွင့် ရရှိရေး ကြိုးစားကြရန်၊ ဒုတိယနှစ်ပြီးဆုံး၍ လုပ်ငန်းခွင် ဝင်ရောက်မည့်သူများအတွက်လည်း မိမိတို့ဝန်ကြီးဌာနက စီးပွားရေးအဖွဲ့အစည်းများ၊ သမဝါယမအသင်းများ၊ ဘဏ်များနှင့် ချိတ်ဆက်ဆောင်ရွက်ပေးလျက်ရှိကြောင်း၊ နိုင်ငံတော်နှင့် ဝန်ကြီးဌာနက စားသောက်စရိတ်၊ တူညီဝတ်စုံ၊ စာရေးကိရိယာများနှင့် ခုတင်၊ အိပ်ရာ၊ ခြင်ထောင်ကအစ ထောက်ပံ့ပေးထား သဖြင့် စာကိုကြိုးစားသင်ယူပြီး မိမိအတွက်၊ မိသားစုအတွက်၊ နိုင်ငံတော်အတွက် အားကိုး အားထားပြုရမည့် လူချွန်လူကောင်းများဖြစ်လာအောင် ကြိုးစားကြရန် အလေးထား မှာကြားခဲ့သည်။

  • ALBUM များပေးအပ်

          ဇန်နဝါရီလ ၁၂ ရက်နေ့နံနက်ပိုင်းတွင် ဥပ္ပါတသန္တိစေတီတော်မြတ်ကြီးအား သွားရောက် ဖူးမြော်ကြည်ညိုကြမည်၊ ပြီးလျှင် ရတနာဆင်ဖြူတော် ထိန်းသိမ်းစောင့်ရှောက်ရေးဥယျာဉ် သို့ သွားရောက်၍ ရတနာဆင်ဖြူတော်လေး ရဋ္ဌနန္ဒကနှင့် ဆင်ဖြူတော်များအား ကြည့်ရှု လေ့လာကာ အာဟာရဒါနများ ပြုကြမည်။ ယင်းနောက် လေ့လာရေးအဖွဲ့ဝင် ကျောင်းသား ကျောင်းသူလေးများသည် မိမိတို့သင်တန်းကျောင်းများ တည်ရှိရာ မကွေး၊ မန္တလေး၊ မော်လမြိုင်၊ တောင်ကြီးနှင့် ပုသိမ်မြို့များ ရှိရာသို့ မော်တော်ယာဉ်များဖြင့် အသီးသီးအသက ပြန်လည်ထွက်ခွာကြမည် ဖြစ်သည်။ ယင်းသို့ ပြန်လည်ထွက်ခွာခြင်းမပြုမီ နံနက် ၇ နာရီ အချိန်တွင် လေ့လာရေးအဖွဲ့များရှိရာ ရွာတော်တည်းခိုရေးစခန်းသို့ သွားရောက်ပြီး လေ့လာ ရေးခရီးစဉ်တစ်လျှောက် ရိုက်ကူးထားသော မှတ်တမ်းဓာတ်ပုံ ALBUM များကိုလည်းကောင်း၊ သမဝါယမဦးစီးဌာန ရုံးဝန်ထမ်းများက စီစဉ်ဆောင်ရွက်ပေးထားသော Address Book များကိုလည်းကောင်း ပေးအပ်ခဲ့ပါသည်။

  •  

          ဇန်နဝါရီလ ၁၁ ရက်နေ့သည် ကရင်နှစ်သစ်ကူးနေ့(ရုံးပိတ်ရက်) ဖြစ်သည်။ အခြေ အနေအရ ထိုနေ့ကို လေ့လာရေးခရီးစဉ် ဆွဲထားမိသောအခါ တကူးတကစောင့်ကြိုရှင်းလင်း ပြသပေးကြပါသော သက်ဆိုင်ရာဝန်ကြီးဌာန၊ ဦးစီးဌာနများမှ တာဝန်ရှိသူများအား အလွန် အားနာစွာနှင့် ကျေးဇူးတင်ရပါသည်။ ထိုနည်းတူစွာပင် တည်းခိုနေထိုင်ခွင့်ပြုခဲ့ပါသော အမှတ်(၃) စစ်ကြောရေးနှင့် တည်းခိုရေးစခန်း(ရွာတော်)ကိုလည်း ကျေးဇူးတင်ရှိပါသည်။ ကလေးများအတွက် ကျန်းမာရေးစောင့်ရှောက်မှုပေးခဲ့သော ကျန်းမာရေးဝန်ထမ်းများကို လည်းကောင်း၊ MRTV နှင့် မြဝတီ ရိုက်ကူးရေးအဖွဲ့များကိုလည်းကောင်း ကျေးဇူးအထူးတင်ရ ပါသည်။ ရွာတော်တည်းခိုရေး၌ ကလေးများနှင့်အတူ နံနက်စာစားနေစဉ် လွန်ခဲ့သော နှစ်ပေါင်း ၂၀ ကျော်က ရန်ကုန်မြို့ရှိ ဘုရင့်နောင် စစ်ကြောရေးနှင့် တည်းခိုရေးစခန်းမှာ ဆရာကြီး ဘကျော်တို့ အကြပ်စစ်သည် ရဲမေများက ဝိုင်းဝန်းကူညီပေးကြပုံများကို သတိရ၍ ပြန်လည်ပြောပြမိသေးသည်။ တိုင်းရင်းသားယဉ်ကျေးမှုအဖွဲ့ပေါင်းများစွာ၊ လေ့လာရေးအဖွဲ့ ပေါင်းများစွာနှင့် ထိတွေ့ရဖန်များလာသောအခါ ဘယ်တိုင်းရင်းသားအဖွဲ့က ဘယ်အစား အစာကို မကြိုက်ဖူး၊ ဘယ်ဟာကိုတော့ဖြင့် ကြိုက်တယ်ကအစ သူတို့သိနေကြသည်။ မဟာ သင်္ကြန်ပွဲတော်အတွက် လာရောက်သည့် အဖွဲ့များက ရက်ကြာကြာနေရသဖြင့် တစ်ဖွဲ့နှင့် တစ်ဖွဲ့ တစ်ဦးနှင့်တစ်ဦး ပို၍ရင်းနှီးခင်မင်ခဲ့ကြသည်။ ဆုံဆည်းခွင့်ရသည့် အချိန်တိုကာလ လေးအတွင်းမှာပင် ပြည်ထောင်စုစိတ်ဓာတ် ရှင်သန်ထက်မြက်ရေးကို အထောက်အကူ ဖြစ် စေခဲ့လျှင်………မည်သည့်လေ့လာရေးအဖွဲ့အတွက်မဆို ကျွန်တော်တို့ စီစဉ်ဆောင်ရွက်ပေး ရကျိုးနပ်ပါပြီ။


ဆက်စပ်လင့်ခ်များ

အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။

  • တယ်လီဖုန်း

    ၀၆၇ - ၄၁၀၀၃၃
  • ဖက်စ်

    ၀၆၇ - ၄၁၀၀၃၆
  • Email

    contact@mcrd.gov.mm