Language : |
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

အခြေခံမော်တော်ဆိုင်ကယ်ပြုပြင်ထိန်းသိမ်းနည်း(TOT)သင်တန်းဖွင့်လှစ်


28 Jun,2022

နေပြည်တော်၊ ဇွန်(၂၈)

သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနသည် ဆင်းရဲနွမ်းပါးမှုလျော့ချ‌ရေး၊  ဒေသတွင်းအလုပ်အကိုင်အခွင့်အလမ်းများရရှိရေးနှင့် တစ်ဦးချင်းဝင်ငွေ တိုးပွားရေးတို့အတွက် Vocational Training သင်တန်းများဖွင့်လှစ်ဆောင်ရွက်လျက်ရှိရာ တိုင်းဒေသကြီးနှင့်ပြည်နယ် အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနရုံးများ ကြီးကြပ်မှုအောက်၌ အသစ်တိုးချဲ့ဖွင့်လှစ်ခဲ့သော ခရိုင်ရုံးများတွင်တာဝန်ထမ်းဆောင်မည့် ဝန်ထမ်းများအား အရည်အသွေး ပြည့်ဝသည့် သင်တန်းနည်းပြများအဖြစ် မွေးထုတ်ပေးနိုင်ရန်ရည်ရွယ်၍ အခြေခံမော်တော်ဆိုင်ကယ် ပြုပြင်ထိန်းသိမ်းနည်းသင်တန်းကို ယနေ့နံနက်ပိုင်းတွင် အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနရုံးရှိ လေ့ကျင့်ပျိုးထောင်ရေးစင်တာ(Incubation Center)၌ ဖွင့်လှစ်ခဲ့ပါသည်။

အခမ်းအနားသို့ အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ်၊ ဒုတိယ ညွှန်ကြားရေးမှူးချုပ်များ၊ ညွှန်ကြားရေးမှူးများ၊ သက်ဆိုင်ရာတာဝန်ရှိသူများ၊ သင်တန်းနည်းပြများ၊ သင်တန်းသားများ တက်ရောက်ကြပြီး သင်တန်းသားတစ်ဦးချင်းစီက မိတ်ဆက်စကားပြောကြား၍ သင်တန်းနည်းပြ အင်ဂျင်နီယာမှူးက သင်ကြားမည့် ဘာသာရပ်များကို ရှင်းလင်းပြောကြားခဲ့ပါသည်။  

ထို့နောက် ညွှန်ကြားရေးမှူးချုပ်က အမှာစကားပြောကြားရာတွင် ဌာနအနေဖြင့် ပြည်သူများ အိမ်တွင်းတစ်ပိုင်တစ်နိုင် လုပ်ငန်းများလုပ်ကိုင်ခြင်းဖြင့် အလုပ်အကိုင်အခွင့်အလမ်းများရရှိစေပြီး ဝင်ငွေတိုးပွားစေရန် အတွက် နည်းပညာပေးသင်တန်းများဖွင့်လှစ် ဆောင်ရွက်ပေးလျက်ရှိရာ ဌာနမှ ဝန်ထမ်းများအား အရည်အချင်းပြည့်ဝသော သင်တန်းနည်းပြများ ဖြစ်လာစေရန် ယခုကဲ့သို့  TOT သင်တန်းများဖွင့်လှစ်ပို့ချရခြင်းဖြစ်ပါကြောင်း၊ မော်တော်ဆိုင်ကယ်များသည် မြို့ပြသာမက ကျေးလက် ဒေသတွင်လည်း လမ်းပန်းဆက်သွယ်ရေးအတွက် တွင်တွင်ကျယ်ကျယ် အသုံးပြုနေကြပြီး အိမ်တိုင်းတွင် အနည်းဆုံး(၁)စီး စီ ရှိနေတတ်ကြသဖြင့် စက်များချို့ယွင်းပျက်စီးမှုများ ဖြစ်ပေါ်လာပါက ပြုပြင် ထိန်းသိမ်းမှုတွေလုပ်ဖို့ လိုအပ်လာမှာဖြစ်သောကြောင့် အခြေခံမော်တော်ဆိုင်ကယ် ပြုပြင်ထိန်းသိမ်း နည်းသင်တန်းများအား အများပြည်သူကို သင်ကြားပေးဖို့လိုပါကြောင်း၊ အဆိုပါ ပညာရပ်ကို ကျွမ်းကျင် ပိုင်နိုင်စွာ တက်မြောက်ထားမည်ဆိုပါက စက်မှုစက်ပြင်ပိုင်းဆိုင်ရာ အလုပ်အကိုင်တစ်ခုကိုလည်း ထူ ထောင်နိုင်မှာဖြစ်တဲ့အတွက် ယခုသင်တန်းသည် များစွာအကျိုးရှိသောသင်တန်းတစ်ခု ဖြစ်ပါကြောင်း၊ ယခုသင်တန်းကို ပြန်လည်ပို့ချပေးမည့် သင်တန်းသားများအနေဖြင့်လည်း မော်တော်ဆိုင်ကယ် ပြုပြင် ထိန်းသိမ်းခြင်းနည်းပညာရပ်ကို စာတွေ့လက်တွေ့ ကျွမ်းကျင်ပိုင်နိုင်စွာတတ်မြောက်အောင် သင်ကြား ကြရမှာဖြစ်ပါကြောင်း၊ သင်တန်းသားများအနေဖြင့် သင်တန်းမှပို့ချပေးခဲ့သည်များကို အလေးထား သင်ယူလေ့လာကြရန်နှင့် မိမိတို့ရဲ့ရုံးဌာနနေရာ ဒေသကို ပြန်ရောက်သည့်အခါတွင်လည်း နည်းပညာ များအား ပြည်သူများသို့ ထပ်ဆင့်ဖြန့်ဝေသွားရမှာ ဖြစ်ပါကြောင်းဖြင့် ပြောကြားခဲ့ပါသည်။

ယခုသင်တန်းတွင် တိုင်းနှင့်ပြည်နယ်ရုံးများ၊ ရက်ကန်းနှင့်အသက်မွေးပညာသင်တန်း ကျောင်းများ၊ ခရိုင်ရုံးများမှသင်တန်းသားစုစုပေါင်း(၂၀)ဦးတို့အား အင်ဂျင်အဓိပ္ပါယ်ဖွင့်ဆိုချက်၊ အင်ဂျင် အမျိုးအစားခွဲခြားခြင်း၊ အင်ဂျင်တည်ဆောက်ပုံနှင့် ပါဝင်သော အဓိကအစိတ်အပိုင်းများ၊ ဗားအဖွင့် အပိတ်ပြုလုပ်သော အစိတ်အပိုင်းများ(Valve Mechanism)၊ အင်ဂျင်ဆိုင်ရာ စက်မှုအခေါ်အဝေါ်များ၊ အင်ဂျင်အခြေခံ သဘောတရား၊ လောင်စာဆီပို့စနစ်(Fuel System)၊ အအေးပေးစနစ် (Cooling System)၊ ချောဆီပို့ စနစ်(Lubrication System)၊ ကလပ် အလုပ်လုပ်ပုံ (Function Of Clutch)၊ အားအဆင့်ဆင့်ပို့ပုံ (Power Transmission)၊ ဝါယာရိန်းစနစ် (Wiring System)၊ ပြစ်ချက် ရှာဖွေခြင်းနှင့် ဖြေရှင်းနည်းတို့ကို စာတွေ့လက်တွေ့ဖြင့် (၁၉) ရက်ကြာ သင်ကြားပေးသွားမည်ဖြစ် ကြောင်း သတင်းရရှိသည်။


ဆက်စပ်လင့်ခ်များ

အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။

  • တယ်လီဖုန်း

    ၀၆၇ - ၄၁၀၀၃၃
  • ဖက်စ်

    ၀၆၇ - ၄၁၀၀၃၆
  • Email

    contact@mcrd.gov.mm