နေပြည်တော် ဇန်နဝါရီ ၁၈
သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးလှမိုးသည် အမြဲတမ်း အတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ်များ သက်ဆိုင်ရာ တာဝန်ရှိသူများနှင့်အတူ ယနေ့ နံနက်ပိုင်းက မကွေးတိုင်းဒေသကြီးအတွင်း ကျေးလက်ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများနှင့် သမဝါယမလုပ်ငန်းများ ဆောင်ရွက်နေမှု အခြေအနေများကို ကွင်းဆင်းကြည့်ရှု စစ်ဆေးခဲ့ကြောင်းသိရသည်။
ရှေးဦးစွာ ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည့် မကွေးတိုင်းဒေသကြီး၊ ဆင်ပေါင်ဝဲမြို့နယ်၊ ချောင်းကောက်ကျေးရွာသို့ သွားရောက်ပြီး အောင်ကောင်းမြတ်လယ်ယာကုန်ထုတ်နှင့် အထွေထွေ စီးပွားရေးလုပ်ငန်းသမဝါယမအသင်းက ဆောင်ရွက်နေသော နှမ်းရိုးအခြေခံ သဘာဝမြေဩဇာ ထုတ်လုပ်နေမှုအား သွားရောက်ကြည့်ရှုစစ်ဆေးရာ တိုင်းဒေသကြီးသမဝါယမဦးစီးဌာန ဦးစီးမှူးက လုပ်ငန်း ဆောင်ရွက်နေမှု အခြေအနေများကို ရှင်းလင်းတင်ပြကြပါသည်။ တင်ပြချက်များအပေါ် ပြည်ထောင်စုဝန်ကြီးက မိမိတို့ဝန်ကြီးဌာနအနေဖြင့် ကျေးလက်နေပြည်သူများ၏ တစ်မိသားစုချင်း ဝင်ငွေတိုးပွားစေရေး မြို့ပြနှင့် ကျေးလက်ဖွံ့ဖြိုးမှု ကွာဟချက်များ ကျဉ်းမြောင်းလာစေရေး၊ လူနေမှု အဆင့်အတန်းမြင့်မားပြီး စီးပွားရေးခိုင်မာအားကောင်းသည့် ခေတ်မီစံပြကျေးရွာများ ဖြစ်ပေါ်လာ စေရေးအတွက် နိုင်ငံတော်အစိုးရ၏ စီမံလမ်းညွှန်မှုဖြင့် မိမိတို့ဝန်ကြီးဌာနမှ အခြေခံအဆောက်အအုံ ဖွံ့ဖြိုးရေးလုပ်ငန်းများ၊ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ကျေးရွာကုန်ထုတ်လုပ်ငန်းများအား အရှိန် အဟုန်ဖြင့် အကောင်အထည်ဖော် ဆောင်ရွက်ပေးလျက်ရှိပါကြောင်း၊ အသင်းသားတောင်သူများ အနေဖြင့် သီးနှံများစိုက်ပျိုးရာတွင် မြေဆီလွှာများပျက်စီးများ လျော့နည်းစေရေးအတွက် သဘာဝ မြေဩဇာများ တိုးချဲ့သုံးစွဲသွားရန်နှင့် ဓါတ်မြေဩဇာများ လျော့ချသုံးစွဲကြရန် မှာကြားလိုပါ ကြောင်း၊ ရာသီအလိုက် ဒေသနှင့်ကိုက်ညီသည့် သီးနှံများစိုက်ပျိုးရာတွင် ပန်းတိုင်အထွက်နှုန်း ရရှိစေရေး ဆောင်ရွက်ရမည့် စိုက်ပျိုးရေးလုပ်ငန်းစဉ်အားလုံး လုပ်ဆောင်ကြရန် လိုအပ်ကြောင်းနှင့် ဒေသဖွံ့ဖြိုးရေးဆိုင်ရာများကို ဆွေးနွေးပြောကြားပြီး ဒေသခံပြည်သူများ၏ တင်ပြချက်များအပေါ် လိုအပ်သည်များ ပေါင်းစပ် ဖြည့်ဆည်း ဆောင်ရွက်ပေးပြီးနောက် နှမ်းရိုးများ၊ နွားချေး၊ ဖွဲကြမ်း၊ ဖွဲနုတို့ကို အသုံးပြုပြီး တင်လဲရည်၊ EM ဖျော်ရည်များဖြင့် သဘာဝမြေဩဇာများ ထုတ်လုပ်ထားရှိမှု အခြေအနေများကို ကြည့်ရှုစစ်ဆေးကာ ပြည်ထောင်စုဝန်ကြီးပါ သဘာဝမြေ ဩဇာတွင် ပါဝင်သော ဓါတ်များကို စိုက်ပျိုးရေးဦးစီးဌာနနှင့် ချိတ်ဆက်၍ အမြန်ဆုံး ဓါတ်ခွဲစမ်းသပ်ဆောင်ရွက်ရန်နှင့် တစ်ဧကတွင် အသုံးပြုရမည့် ပမာဏကို တောင်သူများအား အသိပညာပေး ဆောင်ရွက်သွားရန် မှာကြားသည်။
ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည့် ခေတ်မီစံပြကျေးရွာအဖြစ် အကောင် အထည်ဖော် ဆောင်ရွက်လျက်ရှိသည့် မကွေးမြို့နယ်၊ သံဘိုရွာသစ်ကျေးရွာသို့ ရောက်ရှိရာ ကျေးရွာ ဘက်စုံသုံးခန်းမ၌ ကျေးရွာကော်မတီဝင်များ၊ ဒေသခံတောင်သူများ၊ ကျေးရွာသူကျေးရွာသား များနှင့်တွေ့ဆုံရာ မကွေးတိုင်းဒေသကြီးကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ဦးစီးမှူးက သံဘိုရွာသစ်ကျေးရွာ၌ ခေတ်မီစံပြကျေးရွာ ထူထောင်ခြင်းစီမံကိန်း(Smart Village) ဖြင့် ကျေးရွာ အခြေခံ အဆောက်အအုံဖွံ့ဖြိုးလုပ်ငန်းများ၊ သွင်းအားစုနှင့် ငွေကြေးဝန်ဆောင်မှုကူညီထောက်ပံ့မှု လုပ်ငန်းများ၊ အသက်မွေးဝမ်းကျောင်းနှင့် ကျေးလက်စီးပွားမြင့်မားရေးလုပ်ငန်းများ၊ အသင်းအဖွဲ့ ခိုင်မာ အားကောင်းစေခြင်းနှင့် နည်းပညာဖြန့်ဖြူးခြင်းလုပ်ငန်းများ၊ လူမှုကာကွယ်စောင့်ရှောက်ရေး နှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးလုပ်ငန်း ဆောင်ရွက်မှု အခြေအနေများကို ရှင်းလင်းတင်ပြ ပါသည်။ ရှင်းလင်းတင်ပြမှုများအပေါ် ပြည်ထောင်စုဝန်ကြီးက စိတ်တူကိုယ်တူ ဆန္ဒတူသူများ စုပေါင်း၍ သမဝါယမအသင်းများဖွဲ့စည်းကာ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် အခြားကုန်ထုတ် လုပ်ငန်း များ စုပေါင်းဆောင်ရွက်ကြရန် လိုအပ်ကြောင်း၊ မိမိတို့ဝန်ကြီးဌာန အနေဖြင့် လိုအပ်သည့် အရင်း အနှီးများ မတည်ဆောင်ရွက်ပေးမည်ဖြစ်ကြောင်းနှင့် ဒေသဖွံ့ဖြိုးရေးဆိုင်ရာများကို ဆွေးနွေး ပြောကြားပြီး ဒေသခံပြည်သူများ၏ တင်ပြမှုအပေါ် လိုအပ်သည်များ ညှိနှိုင်းပေါင်းစပ် ဆောင်ရွက် ပေးပြီးနောက် ရေသန့်စင်စနစ်ဆောင်ရွက်ပြီးစီးမှု အခြေအနေများ၊ ကျေးလက်စီးပွားမြင့်မားရေး ရန်ပုံငွေထူထောင်ခြင်းလုပ်ငန်းစီးမံကိန်း (RBF) ရန်ပုံငွေဖြင့် ဆောင်ရွက်ထားသည့် ခြံလှောင်စနစ် ဖြင့် စုပေါင်းနွားမွေးမြူထားရှိမှု အခြေအနေများကို ကြည့်ရှုစစ်ဆေးပါသည်။
ဆက်လက်၍ ပြည်ထောင်စုဝန်ကြီး၊ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့သည် သမဝါယမ စာရင်းရေးစာရင်းကိုင် သက်မွေးပညာသင်တန်းကျောင်း(မကွေး)သို့ ရောက်ရှိပြီး ဆရာ၊ ဆရာမများ၊ ကျောင်းသား ကျောင်းသူများနှင့်တွေ့ဆုံရာ ကျောင်းအုပ်ဆရာမကြီးက သင်တန်းကျောင်း၌ ပထမနှစ်၊ ဒုတိယနှစ်၊ ကျောင်းသား ကျောင်းသူများ တက်ရောက်မှု အခြေအနေများ၊ သင်ကြား ပို့ချနေမှု နည်းစနစ်များ၊ သင်တန်းကာလ ၂ နှစ် ပြီးဆုံးသည့် ကျောင်းသားကျောင်းသူများ အလုပ်အကိုင်ရရှိရေး Job Fair ပြုလုပ်ပေးမည့် အစီအစဉ်များ၊ ကျောင်းသားကျောင်းသူများ အတွက် စာသင်ဆောင်၊ သင်တန်းသား အိပ်ဆောင်၊ စားသောက်ရေးစီစဉ်ပေးထားမှုများနှင့် သင်တန်းကျောင်းအတွက် လိုအပ်ချက်များကို ရှင်းလင်း တင်ပြပါသည်။ ရှင်းလင်းတင်ပြမှုများ အပေါ် ပြည်ထောင်စုဝန်ကြီးက ကျောင်းသား ကျောင်းသူများ အနေဖြင့် ပျော်ရွှင်အေးချမ်းစွာ ပညာသင်ကြားကြပြီး စာကြိုးစားကြရန်မှာကြား လိုပါကြောင်း၊ ဆရာ၊ ဆရာမများအနေဖြင့်လည်း ကျောင်းသားကျောင်းသူများ အမှန်တကယ်တတ်မြောက်စေရေး၊ စွမ်းရည်များပြည့်ဝစေရေး အတွက် ကြိုးစားသင်ကြားပေးရန် လိုအပ်ကြောင်း၊ သင်တန်း ကာလ ၂ နှစ် ပြည့်မြောက်မည့် ကျောင်းသားကျောင်းသူများအနေဖြင့် သတ်မှတ်အရည်အချင်း ပြည့်မီပါက သမဝါယမကောလိပ်နှင့် တက္ကသိုလ်များသို့ ဆက်လက်ပေါင်းကူးတက်ရောက်နိုင်ကြောင်း၊ ကျန်ရှိသည့် ကျောင်းသား ကျောင်သူများကိုလည်း အလုပ်အကိုင်ရရှိရေး ချိတ်ဆက် ဆောင်ရွက်ပေးသွား မည်ဖြစ်ကြောင်း၊ သင်တန်းကျောင်း၏ ဂုဏ်ကိုဆောင်နိုင်သည့် စည်းကမ်း ရှိသော ကျောင်းသား ကျောင်းသူများ၊ နိုင်ငံ့သားကောင်းရတနာများဖြစ်အောင် ကြိုးစားကြရန် လိုအပ်ကြောင်း၊ ဆရာ၊ ဆရာမများ၊ ကျောင်းသား ကျောင်းသူများ တင်ပြချက်များကို ဖြည့်ဆည်းဆောင်ရွက်ပေးပါသည်။
ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည့် မကွေးတိုင်းဒေသကြီးအသေးစားစက်မှု လက်မှုလုပ်ငန်းဦးစီးဌာနရုံးသို့ရောက်ရှိပြီး ဒေသတစ်ခုထုတ်ကုန်တစ်ခု One Region One Product အစီအစဉ်ဖြင့် လက်ရက်ကန်း (၁)လသင်တန်းသူများနှင့်တွေ့ဆုံရာ တိုင်းဒေသကြီး အသေးစား စက်မှုလက်မှုလုပ်ငန်းဦးစီးဌာန ဦးစီးမှူးက လက်ရက်ကန်း(၁)လသင်တန်း ပြီးဆုံးပါက လုပ်ငန်းသုံး ပစ္စည်းများ ထောက်ပံ့ပေးအပ်မည့် အစီအစဉ်များကို ရှင်းလင်းတင်ပြမှုများအပေါ် ပြည်ထောင်စု ဝန်ကြီးက သင်တန်းသူများအတွက် သင်တန်းပြီးဆုံးပါက ကိုယ်ပိုင်လုပ်ငန်းထူထောင်ဆောင်ရွက် နိုင်ရေးအတွက် လက်ရက်ကန်းစင်များမတည်ပေးနိုင်ရေး တိုင်းဒေသကြီးအစိုးရအဖွဲ့နှင့် ပေါင်းစပ် ညှိနှိုင်း ဆောင်ရွက်ပေးမည်ဖြစ်ကြောင်းနှင့် သင်တန်းသူများ၏ လိုအပ်ချက်များကို ဖြည့်ဆည်း ဆောင်ရွက်ပေးပြီးနောက် တိုင်းဒေသကြီးအတွင်း အသေးစားကုန်ထုတ်လုပ်ငန်းရှင်များ၏ ဒေသ ထွက်ကုန်များ၊ အသက်မွေးဝမ်းကျောင်းသင်တန်းဆင်းသူများ၏ ထုတ်ကုန်များ၊ အထည်များ ခင်းကျင်းပြသထားမှု အား ကြည့်ရှုအားပေးရာ ပြည်ထောင်စုဝန်ကြီးက လုပ်ငန်းရှင်များအနေဖြင့် တိုင်းဒေသကြီးအတွင်း ထွက်ရှိသော ထွက်ကုန်များအပေါ် မူတည်၍ တန်းဖိုးမြှင့်ထုတ်ကုန်များ ထုတ်လုပ်ပြီး One Region One Product ထုတ်လုပ် နိုင်ရေးဆောင်ရွက်သွားရန် မှာကြားပါသည်။
ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် မကွေးမြို့နယ်ကျေးလက်လမ်းဖွံ့ဖြိုးရေး ဦးစီးဌာနမှ တာဝန်ယူဆောင်ရွက်ခဲ့ပြီး ကျေးရွာ နှစ်ရွာ၊ အိမ်ခြေ ၁၆၅၀ အိမ် ၊ လူဦးရေ ၆၇၈၆ ဦးတို့ကို အကျိုးပြုပေးနိုင်မည့် မကွေး-ကံပြား-မြို့သစ်-နေပြည်တော် ကားလမ်းမကြီးမှ ဘုရားပြို မြောက်ကျေးရွာနှင့် ဘုရားပြိုတောင်ကျေးရွာသို့ ဆက်သွယ်သောလမ်းအား ကွန်ကရစ်လမ်းအဖြစ် အဆင့်မြှင့်တင်ခြင်းလုပ်ငန်းခွင်သို့ ရောက်ရှိကြည့်ရှုစစ်ဆေးရာ တိုင်းဒေသကြီးကျေးလက်လမ်း ဖွံ့ဖြိုးရေးဦးစီးဌာန ဦးစီးမှူးက လုပ်ငန်းများ ဆောင်ရွက်နေမှု အခြေအနေများအား ရှင်းလင်း တင်ပြရာ တင်ပြမှုများအပေါ် ပြည်ထောင်စုဝန်ကြီးက သတ်မှတ်စံချိန်စံညွှန်း အရည်အသွေး ပြည့်မီအောင် ကြီးကြပ်ဆောင်ရွက်ရန်နှင့် ကျေးရွာလမ်းကော်မတီဝင်များနှင့် ဒေသခံပြည်သူ အားလုံးမှ လမ်းရေရှည်ကောင်းမွန်စေရေး ဝိုင်းဝန်း ထိန်းသိမ်းကြရန်ဆွေးနွေးမှာကြားခဲ့ကြောင်း သတင်းရရှိပါသည်။
Related News and Articles
အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။