Language : |
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

ပြည်ထောင်စုဝန်ကြီး ဦးလှမိုး စီမံကိန်းစောင့်ကြည့်လေ့လာခြင်းနှင့် ဆန်းစစ်သုံးသပ်ခြင်းသင်တန်းဖွင့်ပွဲသို့ တက်ရောက်မှာကြား


17 Jan,2024

နေပြည်တော် ဇန်နဝါရီ ၁၇

          သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာန အနေဖြင့် စီမံကိန်းလုပ်ငန်းများ တိုးတက်မှုရှိမရှိ၊ အောင်မြင်မှုရှိမရှိ တိုင်းတာဆောင်ရွက်နိုင်စေရန် နှင့် စီမံကိန်းလုပ်ငန်းများ အောင်မြင်စွာ ဆက်လက်အကောင်အထည်ဖော် ဆောင်ရွက်နိုင်စေရန် ရည်ရွယ်၍ အသေးစားကုန်ထုတ်လုပ်ငန်းများ ဖန်တီးပေးနိုင်ရေးနှင့် ကျေးလက်နေမိသားစုဝင်ငွေ တိုးရေး စီမံကိန်းလုပ်ငန်းများအတွက် စီမံကိန်းစောင့်ကြည့်လေ့လာခြင်းနှင့် ဆန်းစစ်သုံးသပ်ခြင်း သင်တန်းဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းက အဆိုပါဝန်ကြီးဌာန၊ စုပေါင်းအစည်းအဝေးခန်းမ ၌ ကျင်းပပြုလုပ်ရာ ပြည်ထောင်စုဝန်ကြီး ဦးလှမိုး၊ ဒုတိယဝန်ကြီး ဦးမြင့်စိုး၊ အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ်များ၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊ ညွှန်ကြားရေးမှူးများ၊ သက်ဆိုင်ရာ တာဝန်ရှိသူများနှင့် တိုင်းဒေသကြီး/ပြည်နယ်အသီးသီး မှ စီမံကိန်းလုပ်ငန်းဆောင်ရွက်လျက်ရှိသည့် အရာထမ်းများ တက်ရောက်သည်။

          ရှေးဦးစွာ ပြည်ထောင်စုဝန်ကြီး ဦးလှမိုးက အဖွင့်အမှာစကားပြောကြားရာတွင် အသေးစား စက်မှုလက်မှုလုပ်ငန်းဦးစီးဌာနအနေဖြင့် ၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ်မှစတင်၍ အသေးစားကုန်ထုတ် လုပ်ငန်းများ ဖန်တီးပေးနိုင်ရေးနှင့် ကျေးလက်နေ မိသားစုဝင်ငွေတိုးရေးစီမံကိန်း ကို ပြည်ထောင်စု နယ်မြေအပါအဝင် တိုင်းဒေသကြီး ပြည်နယ်များရှိ ကျေးရွာ (၁၅၁) ရွာမှာ အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိပါကြောင်း၊ ၎င်းစီမံကိန်းလုပ်ငန်းများမှ အမှန်တကယ် လုပ်ငန်းထူထောင်လိုစိတ် ရှိသူ၊ လုပ်ငန်းထူထောင်ရန်အတွက် အရင်းအနှီး အမှန်တကယ်လိုအပ်သူ၊ ဒေသဖွံ့ဖြိုးရေးအတွက် ဆောင်ရွက်လိုစိတ်ရှိသူ၊ ရိုးသားကြိုးစား၍ အမှန်တကယ်လုပ်ကိုင်မည့်သူများကို ရွေးချယ်ပြီး တစ်နိုင် တစ်ပိုင် စီးပွားရေးလုပ်ငန်းများ ထူထောင်နိုင်ရန်အတွက် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းသုံးပစ္စည်းများကို ထောက်ပံ့ပေးအပ်လျက် ရှိပါကြောင်း။

သင်တန်းကို တက်ရောက်လာကြသူများ အနေဖြင့် အချိန်ပေးပြီး တက်ရောက်ကြရခြင်း ဖြစ်၍ အချိန်ကို အကျိုးရှိအောင်အသုံးချပြီး သင်တန်းက ပို့ချပေးလိုက်သော သင်ခန်းစာများကို လက်တွေ့ နယ်ပယ်တွင် ထိထိရောက်ရောက် အသုံးချနိုင်အောင် လေ့လာမှတ်သားကြရမည် ဖြစ်ပါကြောင်း၊ မိမိတို့တာဝန်ကျရာဒေသအသီးသီးသို့ ပြန်လည်ရောက်ရှိသည့် အချိန်တွင်လည်း ဌာနက ဆောင်ရွက် ပေးလျက်ရှိသော စီမံကိန်းလုပ်ငန်းများ အောင်မြင်မှုရှိမရှိ စစ်တမ်းများကောက်ယူ၍ လေ့လာ သုံးသပ်မှုများ ပြုလုပ်ကာ လိုအပ်သည့်ပြင်ဆင်မှုများ ဆောင်ရွက်သွားကြရမည် ဖြစ်ပါကြောင်း၊ သက်ဆိုင်ရာတိုင်းဒေသကြီးပြည်နယ်အလိုက် စီမံကိန်းလုပ်ငန်းများကို စောင့်ကြည့်လေ့လာခြင်းနှင့် ဆန်းစစ်သုံးသပ်ခြင်း Monitoring & Evaluation ဆောင်ရွက်ကြရမည် ဖြစ်ပါကြောင်း၊ Third Party အဖွဲ့ဖြင့် သတ်မှတ်အချိန်မီစစ်ဆေးနိုင်ရေးအတွက် လေးလပတ် လုပ်ငန်းညှိနှိုင်းအစည်းအဝေး၌ မှာကြားထားပြီး ဖြစ်ပါကြောင်း၊ ထို့ကြောင့် တိုင်းဒေသကြီးပြည်နယ်များအနေဖြင့် ပြည်သူလူထု အကျိုးအတွက် ဆောင်ရွက်နေသည့် စီမံကိန်းလုပ်ငန်းများ စနစ်တကျ အောင်မြင်အောင် ဆောင်ရွက်ကြရမည် ဖြစ်ပါကြောင်း၊ မိမိတို့ဝန်ကြီးဌာနအနေဖြင့် နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေး အတွက် ရည်မှန်းချက်၊ မျှော်မှန်းချက်၊ လုပ်ငန်းတာဝန်များအတိုင်း အကောင်အထည်ဖော်ဆောင် ရွက်လျက်ရှိရာ တိုင်းဒေသကြီး/ ပြည်နယ် ခရိုင်ရုံးများကလည်း အဆင့်ဆင့်တာဝန်ယူမှု၊ တာဝန်ခံမှု တို့ဖြင့် လုပ်ငန်းများ အောင်မြင်အောင် ကြိုးပမ်းဆောင်ရွက်ကြရန် တိုက်တွန်းမှာကြားသည်။

ယင်းနောက် ပြည်ထောင်စုဝန်ကြီးက တိုင်းဒေသကြီး/ ပြည်နယ်အသီးသီးမှ  စီမံကိန်းလုပ်ငန်း ဆောင်ရွက်လျက်ရှိသည့် အရာထမ်းများအား ရင်းရင်းနှီးနှီးလိုက်လံနှုတ်ဆက်သည်။

ယခုသင်တန်းတွင် ကျွမ်းကျင်ပညာရှင်များက စီမံကိန်းစောင့်ကြည့်လေ့လာခြင်းနှင့် ဆန်းစစ် သုံးသပ်ခြင်း M& E၏ အခြေခံသဘောတရားများ လေ့လာခြင်း၊ စီမံကိန်းတွင်ပါဝင်သည့် ရည်မှန်းချက် များ၊ ရလဒ်များ၊ အညွှန်းကိန်းများအလိုက် M&E Plan ပြုစုရေးဆွဲခြင်း၊ စာရင်းဇယားနှင့် အချက် အလက်များကောက်ယူမည့်ပုံစံ အညွှန်းကိန်းအလိုက် (Data Collection Form) ရေးဆွဲခြင်း၊ စီမံကိန်း အတွက် စာရင်းဇယားနှင့် အချက်အလက်များ ကောက်ယူရန် အညွှန်းကိန်းအလိုက် အွန်လိုင်းပုံစံ (Google Form) တည်ဆောက်ခြင်း၊ စီမံကိန်းအတွက် စာရင်းဇယားနှင့် အချက်အလက်များ ကောက်ယူရန် အညွှန်းကိန်းအလိုက် Google Data Studio တွင် လေ့လာဆန်းစစ်သုံးသပ်ခြင်းနှင့် အစီရင်ခံစာပြုစုခြင်းတို့ကို ဇန်နဝါရီလ ၁၇ ရက်နေ့မှ ၁၉ ရက်နေ့အထိ () ရက်ကြာ သင်ကြားပို့ချ ပေးသွားမည်ဖြစ်ကြောင်း သိရသည်။

ယင်းနေ့မွန်းလွဲပိုင်းတွင် ပြည်ထောင်စုဝန်ကြီးသည် ဒုတိယဝန်ကြီး ဦးမြင့်စိုး၊ အမြဲတမ်း အတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ်များနှင့် တာဝန်ရှိသူများလိုက်ပါလျက် နေပြည်တော်ကောင်စီ နယ်မြေ၊ လယ်ဝေးမြို့နယ်၊ မြွေရိုးကျောင်းစုကျေးရွာအုပ်စု၊ ရုံးတောကျေးရွာသို့ သွားရောက်ပြီး ရုရှားဖက်ဒရေးရှင်းနိုင်ငံ ရော့စ်ကွန်ကရက်ရင်းနှီးမြှုပ်နှံမှုရန်ပုံငွေအဖွဲ့နှင့် ရွှေဝါထွန်း(၂) စိုက်ပျိုး ထုတ်လုပ်ရေးသမဝါယမအသင်းလီမိတက်တို့ ပူးပေါင်းကာ အသင်းပိုင်မြေ ၁၅ ဧကပေါ်တွင် ဆီထွက်သီးနှံနေကြာ စမ်းသပ်စိုက်ပျိုးနေမှုအခြေအနေများကို ကြည့်ရှုစစ်ဆေးရာ နေပြည်တော် သမဝါယမဦးစီးဌာန၊ တိုင်းဦးစီးမှူးက ရွှေဝါထွန်း(၂) စိုက်ပျိုးထုတ်လုပ်ရေးသမဝါယမအသင်း လီမိတက်၏ အသင်းပိုင်မြေ ၁၅ ဧကပေါ်တွင် ဆီထွက်သီးနှံ နေကြာမျိုးများဖြစ်သည့် မြန်မာနိုင်ငံမှ စိုက်ပျိုးရေးသုတေသနဦးစီးဌာန၏ ရေဆင်းစပ်မျိုး-၂၊ ရုရှားဖက်ဒရေးရှင်းနိုင်ငံမှ Norma ၊ Bravo ၊ Excellent စသည့်မျိုးများ စမ်းသပ်စိုက်ပျိုးထားမှုအား ရှင်းလင်းတင်ပြသည်။ တင်ပြမှုများအပေါ် ပြည်ထောင်စုဝန်ကြီးက မိမိတို့ဝန်ကြီးဌာနအနေဖြင့် မြန်မာနိုင်ငံ၏ ပြည်ပစားသုံးဆီ တင်သွင်းမှု လျော့ကျစေရေးနှင့် ပြည်တွင်းစားသုံးဆီ ဖူလုံစေရေးအတွက် ဆီထွက်သီးနှံများ ပိုမိုစိုက်ပျိုး ထုတ်လုပ်နိုင်ရေး ကဏ္ဍတစ်ရပ်အနေဖြင့် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာနနှင့် ပူးပေါင်း၍ တစ်ဖက်တစ်လမ်းမှ ဆောင်ရွက်လျက်ရှိပါကြောင်း၊ သမဝါယမအသင်းသားတောင်သူများ၊ သက်ဆိုင်ရာတာဝန်ရှိသူများအနေဖြင့် သီးနှံများ အထွက်တိုးစေရေးအတွက် လိုအပ်သည့် မျိုးကောင်းမျိုးသန့်၊ စိုက်ပျိုးမြေအမျိုးအစား၊ စိုက်ပျိုးရေရရှိရေးနှင့် စိုက်နည်းစနစ်များရရှိပြီဖြစ်၍ ပန်းတိုင်အထွက်နှုန်းရရှိရေး ကြိုးစားဆောင်ရွက်ကြရန်လိုအပ်ကြောင်း၊ မြန်မာနိုင်ငံ၏ ရာသီဥတု၊ မြေအမျိုးအစားပေါ် မူတည်၍ မည်သည့်မျိုးက မြန်မာနိုင်ငံရာသီဥတုနှင့်ကိုက်ညီပြီး အထွက်နှုန်း ကောင်းသည်ကို သိရှိနိုင်မည်ဖြစ်သောကြောင့် လုပ်ငန်းဆောင်ရွက်မှုအဆင့်ဆင့်ကို စနစ်တကျ မှတ်တမ်းတင်ထားရှိရန် လိုအပ်ကြောင်း၊ လုပ်ဆောင်ရမည့် စိုက်ပျိုးရေးလုပ်ငန်းစဉ်များကို စနစ်တကျဆောင်ရွက်ရန်၊ သက်ဆိုင်ရာဌာနများဖြစ်သည့် စိုက်ပျိုးရေးဦးစီးဌာန၊ စိုက်ပျိုးရေး သုတေသနဦးစီးဌာနတို့နှင့် ပူးပေါင်းဆောင်ရွက်ရန် လိုအပ်ကြောင်း၊ သတ်မှတ်ချိန် စိုက်ပျိုးရေ ရရှိရန်အတွက် ဆည်မြောင်းနှင့် ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာနနှင့်လည်း ပူးပေါင်းဆောင်ရွက် ရန် လိုအပ်ကြောင်း ဆွေးနွေးမှာကြားပြီးနောက် ဆီထွက်သီးနှံနေကြာ စမ်းသပ်စိုက်ပျိုးထားမှု အခြေအနေများကို ကြည့်ရှုအားပေးကာ လုပ်ငန်းလိုအပ်ချက်များအပေါ် ပေါင်းစပ်ဖြည့်ဆည်း ဆောင်ရွက်ပေးခဲ့ကြောင်း သတင်းရရှိသည်။


ဆက်စပ် သတင်းများ

Related News and Articles

ဆက်စပ်လင့်ခ်များ

အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။

  • တယ်လီဖုန်း

    ၀၆၇ - ၄၁၀၀၃၃
  • ဖက်စ်

    ၀၆၇ - ၄၁၀၀၃၆
  • Email

    contact@mcrd.gov.mm