နှစ်(၁၀၀)ပြည့် အပြည်ပြည်ဆိုင်ရာသမဝါယမနေ့ကို ရောက်ရှိလာပြီဆိုတော့ ကျွန်တော့ရဲ့ အတွေးထဲ ဆရာဇော်ဂျီ ခံစားရေးဖွဲ့ခဲ့တဲ့ ကဗျာတစ်ပုဒ်ကို သွားပြီး သတိရလိုက်မိပါတယ်။ နှုတ်က လည်း သူ့အလိုလို ကဗျာစာသား တစ်ပိုဒ်ကို ရွတ်ဆိုမိလိုက်ပါတယ်၊ " အယက်အကန်ခံလို့ ၊ ဗေဒါပျံ အံကိုခဲ ၊ ပန်းပန်လျက်ပဲ " ဆိုပြီးတော့လေ။
အဲ့ဒီ “ပန်းပန်လျက်ပဲ” ကဗျာထဲက ဗေဒါပင်လေးဟာ လှိုင်းတံပိုးတွေအောက် ရောက် သွားလိုက်၊ ရေထဲမျောပါလာတဲ့ အုန်းလက်ကြွေတွေက သူ့နံဘေး ဝင်ဆောင့်လိုက်၊ လှိုင်းအကြွမှာ ပြန်ပေါ်လာလိုက်၊ ပြန်ပေါ်လာတော့လည်း ချောင်းအဆွယ်ဆွယ် မြောင်းငယ်အသွယ်သွယ်ထဲက ဘဲအုပ် တစ်ရာနှစ်ရာက ထိုးမယ်ဆိတ်မယ်၊ စားမယ်ဝါးမယ် တကဲကဲ။ အဲ့ဒီလိုနဲ့ ဗေဒါပင်လေးခမြာ အန္တရာယ်တွေကြားထဲကနေ လောကဓံရဲ့ ရိုက်ခတ်မှုဒဏ်ကို ယက်ကန်ယက်ကန်နဲ့ ကြိုးစားကာ ကြံ့ကြံ့ခံလို့ အထက်ဆီသို့ပျံတက်ဖို့ အံကိုကြိတ်ပြီး အားခဲရုန်းကန်ခဲ့တဲ့အတွက် ကိုယ့်ရေစီးကြောင်းမှာ ကိုယ်တိုင်ပွင့်တဲ့ပန်းကို ကိုယ်တိုင်ပန်ဆင်ပြီး ရပ်တည်နိုင်ခဲ့သလိုမျိုး ကျွန်တော်တို့ သမဝါယမရဲ့ ခေတ်အဆက်ဆက် ရပ်တည်ခဲ့ရပုံကို နှိုင်းယှဉ်ဆက်စပ် တွေးမိလိုက်လို့ပါ။
မြန်မာ့သမဝါယမအစ မြင်းမူက
ကျွန်တော်က ဘာဖြစ်လို့ ဒီလိုပြောရတာလဲဆိုတော့ ကျွန်တော်တို့သမဝါယမရဲ့ သမိုင်း ကြောင်းကို ပြန်ကြည့်ရင် တစ်ချိန်က ကျွန်တော်တို့ မြန်မာနိုင်ငံဟာ အင်္ဂလိပ်အစိုးရ လက်အောက် အိန္ဒိယနိုင်ငံရဲ့ ပြည်နယ်တစ်ခုအနေနဲ့ ရပ်တည်နေခဲ့ရတဲ့ အချိန်တုန်းက အိန္ဒိယနိုင်ငံမှာ စီးပွားရေး အကြပ်အတည်းတွေနဲ့ရင်ဆိုင်ကြုံတွေ့နေရတော့ အိန္ဒိယဗဟိုအစိုးရက ဆာအက်ဒဝပ်လော ဆိုသူ ခေါင်းဆောင်တဲ့ ကော်မတီတစ်ရပ်ဖွဲ့စည်းပြီး ၁၉၀၄ ခုနှစ်၊ ငွေစုငွေချေးသမဝါယမအသင်းများ ဆိုင်ရာဥပဒေ ကို ရေးဆွဲစေခဲ့ပြီး သမဝါယမအသင်းတွေဖွဲ့စည်းဖို့ ၁၉၀၄ ခုနှစ်၊ မတ်လမှာ ထုတ်ပြန် ပြဋ္ဌာန်းခဲ့ပါတယ်။ အဲ့ဒီ ဥပဒေဟာ အိန္ဒိယနိုင်ငံအတွင်းမှာရှိတဲ့ ပြည်နယ်အားလုံးကို အကျိုးသက် ရောက်ခဲ့သလို သူ့ရဲ့ပြည်နယ်တစ်ခုအဖြစ် ရပ်တည်နေရတဲ့ မြန်မာနိုင်ငံဟာလည်း အကျိုးသက် ရောက်စေခဲ့ပါတယ်။ ဒါ့ကြောင့် အဲ့ဒီ ဥပဒေအရ မြန်မာနိုင်ငံဟာ စစ်ကိုင်းတိုင်း၊ မြင်းမူမြို့မှာ " မြင်းမူ ငွေစုငွေချေးသမဝါယမအသင်း " ကို ၁၉၀၅ ခုနှစ်၊ ဇန်နဝါရီလ(၃)ရက်နေ့က အသင်းသား (၉၀)ဦးနဲ့ ပထမဦးဆုံးသမဝါယမအသင်းအဖြစ် စတင်မှတ်ပုံတင်ဖွဲ့စည်းခဲ့ကြတယ်။ ဒီလိုနဲ့ မြန်မာနိုင်ငံမှာ (၇)နှစ်ကျော်ကာလအတွင်း သမဝါယမအသင်းတွေ အမြောက်အမြား ဖွဲ့စည်းခဲ့ကြပါတယ်။
အဲ့ဒီ ၁၉၀၄ ခုနှစ်၊ ငွေစုငွေချေးသမဝါယမအသင်းများဆိုင်ရာဥပဒေရဲ့ ရည်ရွယ်ချက်က လယ်ယာစိုက်ပျိုးသူတွေ၊ လက်မှုပညာသည်တွေ၊ ငွေအရင်းအနှီးချို့တဲ့သူတွေ ချွေတာစုဆောင်းတတ် တဲ့ အလေ့အထ၊ ကိုယ့်ဒူးကိုယ်ချွန် လုပ်ကိုင်လိုစိတ်နဲ့ အချင်းချင်းပူးပေါင်းဆောင်ရွက်တတ်တဲ့ အလေ့အကျင့်တွေ ဖြစ်ပေါ်လာစေဖို့ပဲဖြစ်ပါတယ်။ ဒါပေမယ့် သမဝါယမအသင်းတွေဟာ အဲ့ဒီ ဥပဒေ ရဲ့ ရည်ရွယ်ချက်တွေဖြစ်တဲ့ ချွေတာစုဆောင်းတတ်သည့် အလေ့အထလည်းဖြစ်မလာ၊ ကိုယ့်ဒူးကိုယ်ချွန် လုပ်ကိုင်လိုသည့် စိတ်ဓါတ်လည်းမပေါ်ပေါက်၊ အချင်းချင်းပူပေါင်းဆောင်ရွက်လိုသည့် အလေ့အကျင့် ဖြစ်ပေါ်အောင်လည်း မကြိုးပမ်းခဲ့ကြဘူး။ အဲ့ဒီတုန်းက သမဝါယမအသင်းတွေဟာ အစိုးရဆီကနေ စိုက်ပျိုးစရိတ်ချေးငွေ၊ အတိုးနှုန်းသက်သက်သာသာနဲ့ရမယ့် ဘဏ်ချေးငွေတွေ ချေးယူသုံးစွဲရဖို့ကိုပဲ အာရုံထားခဲ့တဲ့အတွက် မအောင်မြင်ခဲ့ကြဘူးလေ။
အဲ့ဒါကြောင့် ၁၉၀၄ ခုနှစ်၊ ငွေစုငွေချေးသမဝါယမအသင်းများဆိုင်ရာဥပဒေကို ဖျက်သိမ်း ပြီး ဒုတိယမြောက်ဥပဒေဖြစ်တဲ့ ၁၉၁၂ ခုနှစ်၊ သမဝါယမအသင်းများဆိုင်ရာအက်ဥပဒေကို ပြဋ္ဌာန်း လိုက်တဲ့အခါ မြန်မာတစ်နိုင်ငံလုံးမှာ ကျေးလက်ငွေစုငွေချေးသမဝါယမအသင်း(၄၀၉၇)သင်းနှင့် အခြား အသင်း(၁၄၆၆)သင်း စုစုပေါင်း(၅၅၆၃)သင်း၊ အသင်းသားဦးရေ စုစုပေါင်း(၁၅၆၀၀၃)ဦးအထိ ရှိလာ ခဲ့တယ်။ ဒါပေမယ့် အဲ့ဒီအချိန်တုန်းက သမဝါယမအသင်းတွေဟာ ကိုလိုနီအစိုးရရဲ့ပယောဂကြောင့် ဖွဲ့စည်းခဲ့ရတာဖြစ်ပြီး သမဝါယမရဲ့အခြေခံသဘောတရားတွေကို သိရှိနားလည်ခြင်းမရှိဘဲ ကိုယ့်သဘော နဲ့ကိုယ် ကိုယ်ထင်ရာကိုယ်လုပ်ခဲ့ကြတဲ့အတွက် ၁၉၂၅ ခုနှစ်မှ ၁၉၃၅ ခုနှစ်အတွင်း ဖွဲ့စည်းခဲ့တဲ့ သမဝါယမ အသင်းပေါင်း(၅၅၆၃)သင်းရှိရာကနေ သုံးပုံတစ်ပုံလောက်သာကျန်တဲ့အထိ လျော့နည်း ကျဆင်းသွား ခဲ့ရပြန်ပါတယ်။
၁၉၃၅ ခုနှစ် သမဝါယမအသင်းများ ပြန်လည်ပြုပြင်ရေး စီမံကိန်း
ဒီလိုနဲ့ ၁၉၁၂ ခုနှစ် သမဝါယမအသင်းများဆိုင်ရာအက်ဥပဒေဟာ မပြည့်စုံမလုံလောက်တဲ့ အတွက် ဒိုင်အာခီအုပ်ချုပ်ရေးစနစ်အရ ဥပဒေပြုပိုင်ခွင့် ရရှိထားပြီးဖြစ်တဲ့ မြန်မာအစိုးရက တတိယ မြောက်ဥပဒေအဖြစ် ၁၉၂၇ ခုနှစ် သမဝါယမအက်ဥပဒေ ကို အသစ်ထုတ်ပြန် ပြဋ္ဌာန်းပေးခဲ့ပါတယ်။ အဲ့ဒီ ဥပဒေအရ အသင်းတွေကို ဒလကြမ်းစာရင်းရှင်းလင်းဖျက်သိမ်းတဲ့အခါ အကြွေးရှိတဲ့အသင်းသား မှန်သမျှ လယ်ယာမြေတွေ၊ လှည်းတွေ၊ နွားတွေ၊ နောက်ဆုံး အိမ်ပါမကျန် ဝရမ်းထုတ်ဖမ်းဆီး လေလံ ပစ်တာကို ခံခဲ့ကြရပါတယ်။ အဲ့ဒီလို လယ်ယာမြေနဲ့ ပစ္စည်းတွေသိမ်းဆည်းခဲ့ပေမယ့် သမဝါယမ ချေးငွေနဲ့ အစိုးရဘဏ်ချေးငွေတွေကတော့ ပြန်မရခဲ့ပါဘူး။ ဒါ့ကြောင့် ဖြစ်ပေါ်နေတဲ့အခြေအနေ အရပ်ရပ်ကို ပြန်လည်ပြုပြင်ရန် အစိုးရက ကြေးတိုင်နှင့်မြေစာရင်းမင်းကြီး ဦးတင်ကြီးကို သမဝါယမ မင်းကြီးအဖြစ်ခန့်အပ်ကာ ၁၉၃၅ ခုနှစ် သမဝါယမအသင်းများ ပြန်လည်ပြုပြင်ရေး စီမံကိန်း ကို ရေးဆွဲစေခဲ့ပြီး အဲ့ဒီ စီမံကိန်းအရ သိမ်းယူခံထားရတဲ့လယ်ယာမြေတွေကို မူလ သမဝါယမအသင်းသား များ ဒါမှမဟုတ် အမွေစားအမွေခံတွေကို (၅)နှစ်မှ (၁၅)နှစ်အထိ အရစ်ကျစနစ်နဲ့ ပြန်လည် ဝယ်ယူခွင့် ပြုခဲ့ပါတယ်။ ကြွေးဟောင်းတွေကိုလည်း အရစ်ကျစနစ်နဲ့ပြန်ဆပ်ခွင့်ပြုခဲ့ပါတယ်။ သမဝါယမဌာနက စိုက်ပျိုးစရိတ်ချေးငွေတွေကို ထုတ်ချေးပေးခဲ့ပါတယ်။ မြေဖိုးအရစ်ကျပေးဆပ်ငွေနဲ့ စိုက်ပျိုးစရိတ် ချေးငွေ အရင်း၊ အတိုးငွေတွေကို ငွေသားနဲ့မဆပ်စေဘဲ မိမိတို့စိုက်ပျိုးတဲ့သီးနှံဖြင့် ပေးဆပ်ရန် စာချုပ်ချုပ်ဆိုပြီး သီးနှံကိုသာ ပေးဆပ်ခဲ့ကြရပါတယ်။ အဲ့ဒီလို ပေးသွင်းတဲ့သီးနှံတွေကို အသင်းက စုပေါင်းရောင်းချတဲ့အတွက် ဦးတင်ကြီးရဲ့ စီမံကိန်းအရ သမဝါယမ စုပေါင်းရောင်းချရေးလုပ်ငန်းဟာ ရုပ်လုံးပေါ်ခဲ့ပြီး အောင်မြင်ခဲ့ပါတယ်။ ဒါပေမယ့် ဦးတင်ကြီးရဲ့ စီမံကိန်းအရ သမဝါယမအသင်း ပေါင်း(၁၄၆၀)သင်းကို ပြုပြင်ဖွဲ့စည်းပြီးတဲ့အခါမှာပဲ မြန်မာပြည်ကို ဒုတိယကမ္ဘာစစ်မီး ကူးစက် လာတဲ့အတွက် သမဝါယမလုပ်ငန်းတွေအားလုံး ရပ်တန့်သွားခဲ့ရပါတယ်။
ဂျပန်ခေတ် မြန်မာ့သမဝါယမ
မြန်မာပြည်ထဲကို ဂျပန်စစ်တပ်တွေဝင်လာပြီးတဲ့နောက်ပိုင်း ဂျပန်ခေတ် ဒေါက်တာ ဘမော် ရဲ့ အဓိပတိအစိုးရဖွဲ့စည်းပြီးတဲ့အခါ သမဝါယမဌာနကို ပြန်လည်ဖွင့်လှစ်ခဲ့တယ်။ စစ်အတွင်း မြန်မာနိုင်ငံဟာ နိုင်ငံခြားနဲ့အဆက်အသွယ်ပြတ်တောက်နေပြီး မြန်မာတွေရဲ့ဆန်ဟာ နိုင်ငံခြားစျေးကွက် မရှိတဲ့အတွက် ဆန်စပါးတွေဟာ တောင်သူလယ်သမားတွေရဲ့ လက်တွင်းမှာပဲ စုပုံနေခဲ့ပါတယ်။ လယ်သမားတွေမှာ သုံးစရာငွေမရှိတော့တဲ့အတွက် အစိုးရက လယ်သမားတွေရဲ့ စပါးကို မှန်းပေါင်ယူပြီး သမဝါယမဌာနက ငွေထုတ်ချေးရန် ဆန်စပါးစုပေါင်းရောင်းချရေးအသင်းတွေ ဖွဲ့စေခဲ့ပါတယ်။ ကျွဲ၊ နွား၊ ဆိတ်၊ ဝက် အစရှိတဲ့ တိရိစ္ဆာန်တွေမျိုးမတုန်းစေဖို့ တိရိစ္ဆာန်မွေးမြူရေး အသင်းတွေကို ဖွဲ့စည်းစေခဲ့ပြီး သမဝါယမဌာနကို ချေးငွေများ ထုတ်ချေးပေးစေခဲ့တယ်။ အဲ့ဒီ စုပေါင်း ရောင်းချရေးအသင်းတွေနဲ့ တိရိစ္ဆာန်မွေးမြူရေးအသင်းတွေ စုစုပေါင်း(၂၅၀)သင်းလောက်ကို ဖွဲ့စည်း မှတ်ပုံတင်နိုင်ခဲ့ပေမယ့် စစ်ကြီးပြီးဆုံးသွားတဲ့အခါ အဲ့ဒီအသင်းတွေရဲ့ စာရင်းများ၊ မှတ်တမ်းများ၊ စာအုပ်များသာမက အသင်းသားတွေ မွေးထားတဲ့ တိရိစ္ဆာန်တွေပါ အားလုံး အစပျောက်သွားခဲ့ပါတယ်။
စစ်ပြီးခေတ် မြန်မာ့သမဝါယမ
ဒီလိုနဲ့ စစ်ပြီးခေတ် ၁၉၄၅ ခုနှစ် ဗြိတိသျှတွေ ပြန်လည်ဝင်ရောက်လာတဲ့အခါ အစိုးရ ရိက္ခာဖြန့်ဖြူးရေးဌာနတွေ ဖွင့်လှစ်ပြီး ပြည်သူလူထုကို ကုန်ပစ္စည်းတွေရောင်းချပေးခဲ့ရာ လက်လီ လက်ကား ကိုယ်စားလှယ်တွေက မှောင်ခိုစျေးကွက်သို့ရောင်းချပြီး အမြတ်ထုတ်ခဲ့ကြပါတယ်။ မြန်မာ နိုင်ငံမှာ မှောင်ခိုစျေးကွက်ပေါ်ပေါက်လာတဲ့အတွက် ၁၉၄၇ ခုနှစ်၊ ဇွန်လမှာ ဗိုလ်ချုပ်အောင်ဆန်း ဟာ ဆိုရန်တို ဗီလာ(sorrento Villa) အဆောက်အဦတွင် နိုင်ငံရဲ့စီးပွားရေးကို ပြန်လည်ထူထောင်ဖို့ စီးပွားရေး(၂)နှစ်စီမံကိန်းကို ရေးဆွဲချမှတ်ခဲ့ပါတယ်။ အဲ့ဒီ ဆိုရန်တို ဗီလာ ကွန်ဖရင့်အစည်းအဝေးက ကွန်ကိုး(CONCO)စီမံကိန်း လို့ အမည်တွင်တဲ့ စားသုံးသူသမဝါယမလုပ်ငန်းကို ဆောင်ရွက်ရန် ဆုံးဖြတ်ချက်အရ ပြည်သူ့ ရိက္ခာဖြန့်ဖြူးရေးဌာနရဲ့ လက်လီလက်ကားကိုယ်စားလှယ်များ အားလုံးကို ရုတ်သိမ်းပြီး မြို့ပေါ်ရပ်ကွက်တိုင်း/ ကျေးရွာအုပ်စုတိုင်းမှာ စုဝယ်ဝေငှသုံးစွဲရေးသမဝါယမအသင်းများ ကို တစ်ပြည်လုံးမှာ ဖွဲ့စည်းစေခဲ့ပါတယ်။ အဲ့ဒီ အသင်းတွေအနေနဲ့ ပြည်သူ့ရိက္ခာထောက်ပံ့ရေးဌာနက နိုင်ငံခြားမှ မှာယူတင်သွင်းတဲ့ ကုန်ပစ္စည်းတွေကို ပြည်သူလူထုထံသို့ ရောင်းချဖြန့်ဖြူးပေးဖို့ပဲ ဖြစ်ပါတယ်။ ၁၉၄၉ ခုနှစ်၊ ဇန်နဝါရီ(၁)ရက်နေ့အထိ မြို့ပေါ်နှင့် ကျေးလက်များမှာ ကွန်ကိုး ခေါ် စုဝယ်ဝေငှသုံးစွဲရေးသမဝါယမ အသင်းပေါင်း(၇၀၅၇)သင်း၊ အသင်းသားပေါင်း(၃ဒသမ၂)သန်းအထိ တိုးတက်လာခဲ့ပါတယ်။ ဒါပေမယ့် ၁၉၄၉ ခုနှစ်အစမှာပဲ ပြည်တွင်းသောင်းကျန်းမှုတွေ ပေါ်ပေါက် လာတဲ့အတွက် သမဝါယမအသင်းတွေဟာ စီးပွားရေးနှင့် လူမှုရေးလုပ်ငန်းများ ဆက်မလုပ်နိုင်တော့ဘဲ ရပ်ဆိုင်းသွားခဲ့ရပြန်ပါတယ်။
တစ်ခါပြန်ပြီး ၁၉၅၁ ခုနှစ်၊ ဇန်နဝါရီလမှာ ပထမအကြိမ် ပြည်လုံးကျွတ်ညီလာခံကြီးကို ကျင်းပကာ စစ်ပြီးခေတ် သမဝါယမ(၅)နှစ်စီမံကိန်းကို တင်သွင်းအတည်ပြုခဲ့ကြပြန်ပါတယ်။ ၁၉၅၁ ခုနှစ်၊ ဧပြီလ(၁)ရက်နေ့မှာ သမဝါယမနှင့်ကုန်စည်ဖြန့်ဖြူးရေးဝန်ကြီးဌာန ဆိုပြီး ဝန်ကြီးဌာနအသစ် တစ်ခု ထပ်မံဖွဲ့စည်းခဲ့ပါတယ်။ သမဝါယမ(၅)နှစ်စီမံကိန်းအရ (၁) သမဝါယမကောင်စီများ(ဗဟို၊ ခရိုင်၊ မြို့နယ်) (၂) လက်ကားသမဝါယမအသင်းများ(ဗဟို၊ခရိုင်၊မြို့နယ်) (၃) ကုန်ထုတ်လုပ်သူများ၏လယ်ယာနှင့် လုပ်ငန်းပေါင်းစုံသမဝါယမအသင်းများ၊ (၄) စားသုံးသူသမဝါယမအသင်းများ၊ (၅) စက်မှုလက်မှု သမဝါယမအသင်းများ၊ (၆) အင်း(ရေလုပ်ငန်း)သမဝါယမအသင်းများ၊ (၇) အထွေထွေသမဝါယမ အသင်းများ ဆိုပြီး အဓိက သမဝါယမအသင်းအမျိုးအစား(၇)မျိုးကို ဖွဲ့စည်းခဲ့ကြပြန်ပါတယ်။
အဲ့ဒီ (၅)နှစ်စီမံကိန်းအရ သမဝါယမအသင်းတွေဟာ အရှိန်အဟုန်နဲ့ပြန်လည် တိုးတက် လာခဲ့ရာ သမဝါယမအသင်းတွေမှာ ရိုးသားဖြောင့်မတ်ခြင်း မရှိသူများ၊ သိက္ခာစောင့်ထိန်းခြင်း မရှိ သူများ၊ အဂတိလိုက်စားသူများ၊ ကိုယ်ကျိုးရှာသူများ စသဖြင့် လူပေါင်းစုံ အုတ်ရောရော၊ ကျောက် ရောရော ပါဝင်လာကြပြီး သမဝါယမအသင်းတွေဟာ ဘာနဲ့အလားသဏ္ဍာန်တူနေလဲဆိုတော့ ထန်းလျက် အိုးတွေလို တစ်မျိုး၊ ခြကိုက်တဲ့ ထင်းရှူးသေတ္တာတွေလို တစ်ဖုံဖြစ်ခဲ့ရပါတယ် ။ သမဝါယမ မင်းကြီး နဲ့ သမဝါယမဌာနဟာ အသင်းတွေကို အမိန့်စာ၊ ညွှန်ကြားစာတွေနဲ့ ကြီးကြပ်ကွပ်ကွဲလို့ မရတော့တဲ့ အတွက် အစိုးရထံတင်ပြီးတော့ သမဝါယမမင်းကြီးကို အာဏာ(၉)မျိုးတိုးပေးတဲ့ ၁၉၅၆ ခုနှစ် သမဝါယမ အက်ဥပဒေ ကို ပါလီမန်သို့ တင်သွင်းပြဋ္ဌာန်းခဲ့ရပြန်ပါတော့တယ်။
၁၉၇၀ ပြည့်နှစ် သမဝါယမစီမံကိန်း
၁၉၆၂ ခုနှစ်၊ မတ်လ(၂)ရက်နေ့ တော်လှန်ရေးအစိုးရတက်လာတဲ့အခါ သမဝါယမအသင်း တွေမှာ အရင်းရှင်တွေနဲ့ ပူးပေါင်းဖွဲ့စည်းထားတဲ့ သမဝါယမအသင်းတွေရှိနေတဲ့အတွက် တော်လှန်ရေး အစိုးရဟာ မြို့နယ်လုံခြုံရေးနှင့် အုပ်ချုပ်ရေးကော်မတီတွေကို (၃)ဦးကော်မတီများဖွဲ့စည်းစေပြီး ပြုပြင်ဖွဲ့စည်းလို့ရတဲ့အသင်းတွေကို ပြုပြင်ဖွဲ့စည်းပြီး ပြုပြင်ဖွဲ့စည်းလို့ မရနိုင်လောက်အောင် ယိုယွင်းပျက်စီးနေတဲ့ အသင်းတွေကို စာရင်းရှင်းလင်းဖျက်သိမ်းခဲ့ရပါတယ်။ တော်လှန်ရေးအစိုးရဟာ ၁၉၇၀ ပြည့်နှစ် သမဝါယမစီမံကိန်းကိုချမှတ်ပြီး ၁၉၇၀ ခုနှစ် သမဝါယမအသင်းဥပဒေ ကို ပြဌာန်းကာ လယ်ယာနှင့် လုပ်ငန်းပေါင်းစုံသမဝါယမအသင်းများ၊ မြို့မစားသုံးသူသမဝါယမအသင်းများ၊ ရက်ကန်း သမဝါယမအသင်းများ၊ ငါးဖမ်းသမဝါယမအသင်း၊ စျေး၊ ကုန်စိမ်းသမဝါယမအသင်းများ၊ အလုပ်သမား များရဲ့ ချွေတာစုဆောင်းရေးနှင့် ငွေစုငွေချေးသမဝါယမအသင်းများ၊ တပ်တွင်းလုပ်ငန်းပေါင်းစုံ သမဝါယမ အသင်းများကို တိုးချဲ့ဖွဲ့စည်းခဲ့ကြပါတယ်။ ကျေးရွာအုပ်စုတိုင်းမှာလည်း လယ်ယာနှင့်လုပ်ငန်းပေါင်းစုံ သမဝါယမအသင်း တစ်သင်းကျစီ ဖွဲ့စည်းစေပြီး အသင်းတိုင်းမှာ အနည်းဆုံး အသင်းဆိုင် တစ်ဆိုင် ဖွင့်လှစ်စေခဲ့ပါတယ်။
ဈေးကွက်စီးပွားရေးစနစ်ကို အခြေခံသည့် သမဝါယမဖြစ်လာ
ကျွန်တော်တို့ မြန်မာ့သမဝါယမသမိုင်းတလျှောက် လွတ်လပ်ရေးမရမီကာလမှာ ဗြိတိသျှ ဥပဒေအရ အစိုးရက ၁၉၁၂ ခုနှစ် နဲ့ ၁၉၂၇ ခုနှစ်တွေမှာ သမဝါယမအသင်းအက်ဥပဒေ နှစ်ရပ် ကို ပြဌာန်းခဲ့ပါတယ်။ လွတ်လပ်ရေးရပြီးကာလ မြန်မာနိုင်ငံအစိုးရလက်ထက် ၁၉၅၆ ခုနှစ် နဲ့ ၁၉၇၀ ခုနှစ်တွေမှာ သမဝါယမအသင်းဥပဒေ နှစ်ရပ်တို့ကို ပြဋ္ဌာန်းခဲ့ပါတယ်။ အဲ့ဒီလို ဥပဒေတွေ ပြဋ္ဌာန်းပြီး သမဝါယမကို အောင်မြင်အောင် ဆောင်ရွက်ခဲ့ကြပေမယ့် အောင်မြင်လိုက်၊ ရှုံးနိမ့်လိုက်၊ မြုပ်သွားလိုက်၊ ပေါ်လာလိုက်နဲ့ ခေတ်ရေစီးကြောင်းပြောင်းလဲတဲ့ဒဏ်ကို ကြံ့ကြံ့ခံရင်း လျှောက်လှမ်း လာလိုက်တာ ၁၉၈၈ ခုနှစ်၊ နိုင်ငံတော်ငြိမ်ဝပ်ပိပြားမှုတည်ဆောက်ရေးအဖွဲ့ လက်ထက်ရောက်တော့ ခေတ်နဲ့အညီ စီးပွားရေးလုပ်ငန်းများ လုပ်ကိုင်နိုင်စေရန် ၁၉၇၀ ခုနှစ် သမဝါယမအသင်းဥပဒေပါ ခေတ်မမီတော့တဲ့ ပြဋ္ဌာန်းချက်တွေကို စျေးကွက်စီးပွားရေးစနစ်နဲ့အညီ လိုက်လျောညီထွေ ကျင့်သုံး ဆောင်ရွက်နိုင်ရန်အတွက် သမဝါယမအသင်းဥပဒေနဲ့ နည်းဥပဒေတွေကို ပြင်ဆင်ပြဋ္ဌာန်းခဲ့ပါတယ်။ အသင်းဥပဒေကို ၁၉၈၈ ခုနှစ်၊ ဒီဇင်ဘာလ(၈)ရက်နေ့မှာ နိုင်ငံတော်ငြိမ်ဝပ်ပိပြားမှု တည်ဆောက်ရေး အဖွဲ့က အမိန့်ကြော်ငြာစာအမှတ်(၁၁/၈၈)ဖြင့်ထုတ်ပြန်ခဲ့ပြီး ၁၉၉၂ခုနှစ်၊ ဒီဇင်ဘာလ(၂၂)ရက်နေ့မှာ နိုင်ငံတော် ငြိမ်ဝပ်ပိပြားမှုတည်ဆောက်ရေးအဖွဲ့က ဥပဒေအမှတ်(၉/၉၂)ဖြင့် ၁၉၉၂ခုနှစ် သမဝါယမ အသင်း ဥပဒေ ကို ထုတ်ပြန်ပြဋ္ဌာန်းခဲ့ပါတယ်။
ဒီလိုနဲ့ ကျွန်တော်တို့ သမဝါယမဟာ ပြန်လည်ရှင်သန်လာလိုက်တာ မြန်မာနိုင်ငံက ဗဟိုသမဝါယမအသင်းဟာ အပြည်ပြည်ဆိုင်ရာသမဝါယမအဖွဲ့ချုပ်ကို ၁၉၉၃ ခုနှစ်၊ စက်တင်ဘာလ (၇)ရက်နေ့မှာ အဖွဲ့ဝင်အသင်းအဖြစ် ပါဝင်နိုင်ခဲ့တဲ့အထိ မြန်မာ့သမဝါယမကို နိုင်ငံတကာက အသိ အမှတ်ပြု လက်ခံပူးပေါင်း ဆောင်ရွက်လာခဲ့ပါတယ်။ မြန်မာနိုင်ငံအနေနဲ့ အာဆီယံဒေသတွင်း နိုင်ငံတွေ၊ အာရှနှင့်ပစိဖိတ်ဒေသတွင်းနိုင်ငံတွေနဲ့ သမဝါယမလုပ်ငန်းများနှီးနှောဖလှယ်ပွဲ၊ လူမှုရေး၊ စီးပွားရေး ပတ်ဝန်းကျင် သမဝါယမလုပ်ငန်း ဆွေးနွေးပွဲတွေကိုလည်း ပြုလုပ်ကျင်းပခဲ့ပြီး ၁၉၉၄ ခုနှစ်မှာ ကျင်းပ ခဲ့တဲ့ (၄၉)ကြိမ်မြောက် ကမ္ဘာ့ကုလသမဂ္ဂအထွေထွေညီလာခံကြီးက နှစ်စဉ် ဇူလိုင်လရဲ့ပထမပတ် စနေနေ့ ကို အပြည်ပြည်ဆိုင်ရာ သမဝါယမနေ့ အဖြစ်သတ်မှတ်ပေးခဲ့ပါတယ်။
ပြည်သူများ ယုံကြည်မှုရရှိအောင် အရှိန်အဟုန်မြှင့် ကြိုးပမ်းဆောင်ရွက်လျက်ရှိ
အခုဆိုရင် ကျွန်တော်တို့ မြန်မာနိုင်ငံမှာ အပြည်ပြည်ဆိုင်ရာ သမဝါယမနေ့ အခမ်းအနားကို နှစ်စဉ်ကျင်းပလာလိုက်တာ နှစ်(၁၀၀)ပြည့်မြောက်ခဲ့ပြီဖြစ်ပါတယ်။ ဒီနှစ်မှာ ကျွန်တော်တို့ သမဝါယမက အကောင်အထည်ဖော်ဆောင်ရွက်နေတဲ့ သမဝါယမလှုပ်ရှားမှုတွေ၊ မူဝါဒတွေ၊ သဘောတရားတွေကို ပြည်သူများအကြား စိမ့်ဝင်ပျံ့နှံ့စေရန်၊ လက်ရှိအစိုးရလက်ထက်မှာ သမဝါယမကဏ္ဍ ပိုမိုကျယ်ပြန့်စွာ ပါဝင်နေတာကို ပြည်သူအများသိရှိစေရန်၊ ကမ္ဘာမှာ သမဝါယမစနစ်က သက်တမ်းအရှည်ဆုံးနဲ့ မရှိမဖြစ် လိုအပ်တယ်ဆိုတာကို ပြည်သူအများ သိရှိစေရန် ဆိုတဲ့ ရည်ရွယ်ချက်တွေနဲ့ နှစ်(၁၀၀)ပြည့် အပြည်ပြည်ဆိုင်ရာသမဝါယမနေ့ကို အနှစ်သာရရှိရှိ စည်ကားသိုက်မြိုက်စွာ ကျင်းပသွားမှာ ဖြစ်ပါတယ်။
ပြည်ထောင်စုဝန်ကြီးရဲ့လမ်းညွှန်ချက်ဖြစ်တဲ့ စုပေါင်းလုပ်ဆောင်ကြခြင်းဖြင့် လူမှုစီးပွားဆိုင်ရာ ကိစ္စရပ်များ ဖွံ့ဖြိုးရေးဆောင်ရွက်နိုင်ခြင်းသည် သမဝါယမလုပ်ငန်းများ၏ အနှစ်သာရဖြစ်သကဲ့သို့ ကုန်ထုတ်လုပ်မှုသည် သမဝါယမ၏ အသက်ဖြစ်ကြောင်း၊ သမဝါယမလုပ်ငန်းစုများမှ အရည်အသွေးမြင့် ထုတ်ကုန်များ ထုတ်လုပ်ဖြန့်ဖြူးပေးခြင်းဖြင့် ပြည်သူများ၏ ယုံကြည်မှုရရှိလာအောင် ဆောင်ရွက် ရန်နှင့် လက်ရှိဆောင်ရွက်နေမှုများကိုလည်း ပိုမိုကောင်းမွန်အောင် အရှိန်အဟုန်မြှင့် ကြိုးပမ်းဆောင်ရွက် သွားကြရန် ဆိုသည့် လမ်းညွှန်ချက်များနှင့်အညီ ပြည်သူတွေရဲ့ လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်ရေး အတွက် သမဝါယမဦးစီးဌာနရဲ့ ထိန်းကျောင်းပေးမှု၊ ဗဟိုသမဝါယမအသင်းရဲ့ ကူညီပံ့ပိုးမှု၊ တိုင်းဒေသကြီး၊ ပြည်နယ်သမဝါယမအသင်းစုချုပ်များ၊ မြို့နယ်သမဝါယမအသင်းစုများရဲ့ အကောင်အထည်ဖော် ဆောင်ရွက်မှုတို့ဖြင့် ၂၀၂၂ ခုနှစ်၊ မေလအထိ မြန်မာနိုင်ငံတစ်နိုင်ငံလုံးတွင် မြို့နယ်(၁၉၇)မြို့နယ်ရှိ အသေးစားချေးငွေလုပ်ငန်းသမဝါယမအသင်းပေါင်း(၁၂၂၇)သင်းမှ အသင်း သားပေါင်း(၁၁၈၀၃၀)ဦးထံ သို့ ချေးငွေကျပ်(၂၇၉၄၉ ဒသမ ၃၇၇)သန်းကိုလည်းကောင်း၊ မြို့နယ်(၂၆၁) မြို့နယ်ရှိ စိုက်ပျိုးထုတ် လုပ်ရေးသမဝါယမအသင်းပေါင်း(၂၂၉၆၀)သင်းမှ အသင်းသားပေါင်း(၁၅၀၅၅၂၉)ဦးထံသို့ ချေးငွေကျပ် (၁၉၉၈၄၈ ဒသမ ၃၃၅)သန်းကိုလည်းကောင်း၊ မြို့နယ်(၁၉၆)မြို့နယ်ရှိ မွေးမြူရေးလုပ်ငန်းသမဝါယမ အသင်းပေါင်း(၃၅၈၈)သင်းမှ အသင်းသားပေါင်း(၂၈၂၇၆၁)ဦးထံသို့ ချေးငွေကျပ်(၂၄၈၄၃ ဒသမ၃၈၅)သန်း ကိုလည်းကောင်း၊ မြို့နယ်(၁၁၃)မြို့နယ်ရှိ ရောင်းဝယ်ရေးလုပ်ငန်း သမဝါယမအသင်းပေါင်း(၃၃၃)သင်းမှ အသင်းသားပေါင်း(၇၈၉၈၄)ဦးထံသို့ ချေးငွေကျပ်(၁၄၀၉၁ ဒသမ ၃၀၈)သန်းကိုလည်းကောင်း၊ မြို့နယ်(၃၉)မြို့နယ်ရှိ စက်မှုလက်မှုလုပ်ငန်းသမဝါယမအသင်းပေါင်း(၈၀)သင်းမှ အသင်းသားပေါင်း (၅၄၅၃)ဦးထံသို့ ချေးငွေကျပ်(၉၇၀ ဒသမ ၄၃၀)သန်းကိုလည်းကောင်း၊ မြို့နယ်(၂၃၁)မြို့နယ်ရှိ ဈေးသမဝါယမအသင်းပေါင်း(၃၀၄)သင်းမှ အသင်းသားပေါင်း(၃၆၆၄၈)ဦးထံသို့ ချေးငွေကျပ်(၁၈၁၉၂ ဒသမ ၇၈၅)သန်းကိုလည်းကောင်း၊ မြို့နယ်(၃၀၃)မြို့နယ်ရှိ ဌာနဆိုင်ရာ သမဝါယမအသင်းပေါင်း (၁၁၄၂)သင်းမှ အသင်းသားပေါင်း(၃၁၇၂၉၉)ဦးထံသို့ ချေးငွေကျပ်(၉၉၆၆၉ ဒသမ ၀၇၄)သန်းကို လည်းကောင်း ချေးငွေများအသီးသီးထုတ်ချေးပေးခဲ့ရာ စုစုပေါင်း သမဝါယမအသင်းအမျိုးအစား(၇)မျိုး၊ အသင်းပေါင်း(၂၉၆၃၄)သင်းမှ အသင်းသားပေါင်း(၂၃၄၄၇၁၂)ဦးထံသို့ ၎င်းတို့၏ စီးပွားရေးလုပ်ငန်း များတွင် အရင်းအနှီးအဖြစ် အသုံးပြုနိုင်အောင် ချေးငွေပေါင်း ကျပ်(၃၈၅၅၆၄ ဒသမ ၆၉၄)သန်းအား ထုတ်ချေးပေးထားပြီးဖြစ်ပါတယ်။
သမဝါယမအသင်းသားများအား ချေးငွေထုတ်ချေးပေးခြင်းအပြင် လယ်ယာသုံးစက်ကိရိယာ များကိုလည်းရောင်းချပေးလျက်ရှိရာ နေပြည်တော်အပါအဝင် တိုင်းဒေသကြီး/ပြည်နယ်(၁၅)ခုတွင် မြို့နယ်(၂၁၈)မြို့နယ်ရှိ သမဝါယမအသင်းပေါင်း(၂၀၀၄)သင်းမှ လယ်ယာစိုက်ပျိုးရေးလုပ်ငန်း၊ ဥယျာဉ် ခြံမြေစိုက်ပျိုးရေးလုပ်ငန်းများ လုပ်ကိုင်ဆောင်ရွက်သူ သမဝါယမအသင်းသား(၃၉၄၉)ဦးထံသို့ ကိုရီးယား သမ္မတနိုင်ငံ၊ Daedong ကုမ္ပဏီမှထုတ်လုပ်သော လယ်ထွန်စက်မျိုးစုံနှင့် ရိတ်သိမ်းခြွေလှေ့စက် စုစုပေါင်း(၄၀၁၀)စီးကိုလည်းကောင်း၊ မြို့နယ်(၂၈၀)မြို့နယ်ရှိ သမဝါယမအသင်းပေါင်း(၁၂၇၉၄)သင်း မှ အသင်းသားတောင်သူ(၄၈၃၉၃)ဦးထံသို့ ပြည်တွင်းကုမ္ပဏီနှင့် လယ်ယာသုံးစက်ကိရိယာ အရောင်းဆိုင် အသီးသီးမှ ငွေကျပ်(၁၁၀၀၃၅ ဒသမ ၈၄၂)သန်း တန်ဖိုးရှိ စက်ကိရိယာအစီးရေ(၆၄၂၃၀)စီးကို လည်းကောင်း အရစ်ကျငွေချေစနစ်ဖြင့် ရောင်းချပေးနိုင်ခဲ့ပါတယ်။ ဒါ့အပြင် စိုက်ပျိုးရေးသွင်းအားစု တွေဖြစ်တဲ့ ဓါတ်မြေဩဇာ၊ သဘာဝမြေဩဇာ၊ ပိုးသတ်ဆေး၊ ပေါင်းသတ်ဆေး၊ ရွက်ဖြန်းအားဆေးနဲ့ အထွက်နှုန်းကောင်းမွန်သည့် မျိုးစေ့များကိုလည်း အသင်းသားတောင်သူများ စိတ်ကြိုက် ဝယ်ယူအသုံးပြု နိုင်စေရန် သီးနှံပေါ်ပေးစနစ်ဖြင့် ရောင်းချပေးလျက်ရှိပါတယ်။
ကျွန်တော်တို့ သမဝါယမဟာ ဒီနှစ် အပြည်ပြည်ဆိုင်ရာသမဝါယမနေ့ရဲ့" ကမ္ဘာလောက ပိုမိုကောင်းမွန်ရေး သမဝါယမများက တည်ဆောက်ပေး( Cooperatives Build a Better World) " ဆိုတဲ့ ဆောင်ပုဒ်အတိုင်း အသင်းသားပြည်သူများရဲ့ လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်ရေးနှင့် ကမ္ဘာလောက ပိုမိုကောင်းမွန်ရေးတို့ကို ယခု နှစ်ပေါင်း(၁၀၀)အတွင်း ဆောင်ရွက်မှုမှသည် နောင်အနာဂါတ် နှစ်ပေါင်းများစွာ စဉ်ဆက်မပြတ် ဆောင်ရွက်ပေးသွားမှာပဲ ဖြစ်ပါတယ်။
အချုပ်အားဖြင့်ဆိုရသော် ကျွန်တော်တို့ သမဝါယမဟာ ခေတ်ရေစီးကြောင်းတွေ အဖန်ဖန် ပြောင်းလဲခဲ့လည်းပဲ အံကိုခဲပြီး ကြံ့ကြံ့ခံ ရင်ဆိုင်လျှောက်လှမ်းခဲ့လို့ ယနေ့အချိန်ကာလသို့ တိုင်အောင် သမဝါယမအောင်လံကို မယိုင်မလဲ ခိုင်ခိုင်မြဲမြဲ စိုက်ထူနိုင်ခဲ့တာဖြစ်ပါတယ်။ ကျွန်တော် အစပိုင်းမှာ ပြောခဲ့သလို ဆရာဇော်ဂျီရဲ့ ကဗျာထဲက ဗေဒါပင်လေး " အယက်အကန်ခံလို့၊ ဗေဒါပျံ အံကိုခဲ၊ ပန်းပန်လျက်ပဲ " ဆိုပြီး အားမာန်တင်းကာ ကြိုးစားရပ်တည်နိုင်ခဲ့သလို ကျွန်တော်တို့ သမဝါယမကလည်း ဘယ်လိုအခက်အခဲမျိုးနဲ့ ရင်ဆိုင်ကြုံတွေ့ရစေကာမူ ပြည်သူတွေရဲ့ လူမှုစီးပွား ဘဝ ဖွံ့ဖြိုးတိုးတက်စေရေးနှင့် တိုင်းပြည်စီးပွားဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများဆောင်ရွက်ရာတွင် တစ်ဖက်တစ်လမ်းမှ အထောက်အကူပြုနိုင်စေရေးအတွက် မလျှော့သော ဇွဲ၊ လုံ့လ၊ ဝိရိယတွေနဲ့ အတူတကွ ပူးပေါင်းပြီး သမဝါယမအောင်လံမလဲရအောင် သစ္စာခိုင်မြဲစွာဖြင့် ကြိုးစားအားထုတ် သွားကြပါစို့လို့ နှစ်(၁၀၀)ပြည့် အပြည်ပြည်ဆိုင်ရာသမဝါယမနေ့ကို ကြိုဆိုဂုဏ်ပြုလိုက်ရကြောင်းပါ ခင်ဗျား။
သမဝါယမအောင်လံ ထာဝရစိုက်ထူနိုင်ကြပါစေ ... ။
စစ်လွမ်းနောင်(မန်းမြေသား)
Related News and Articles
အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။