နေပြည်တော် ဇန်နဝါရီ ၅
နိုင်ငံတော်အစိုးရအနေနှင့် တိုင်းပြည်တည်ငြိမ်အေးချမ်းရေး၊ တိုင်းပြည်သာယာဝပြောရေးနှင့် စားရေရိက္ခာဖူလုံစေရေးအတွက် နိုင်ငံရေး၊ လူမှုရေး၊ စီးပွားရေး ဦးတည်ချက် (၁၂)ရပ် ချမှတ်ကာ အမျိုးသားအကျိုးစီးပွား ဘက်စုံဖွံ့ဖြိုးတိုးတက်ရေးကို အရှိန်အဟုန်မြှင့်တင် ဆောင်ရွက်လျက် ရှိပါကြောင်း၊ နိုင်ငံ့လူဦးရေ ၇၀ % ကျော်ရှိသည့် ကျေးလက်နေပြည်သူများ၏ လူမှုစီးပွားဘဝ ဖွံ့ဖြိုး တိုးတက်မှသာ နိုင်ငံ့စီးပွားဖွံ့ဖြိုးလာစေမှာဖြစ်လို့ နိုင်ငံတော်အစိုးရအနေနှင့် စိုက်ပျိုးမွေးမြူရေး အခြေခံသည့် ကုန်ထုတ် စွမ်းအားမြင့်မားရေး အသေးစား အငယ်စားနှင့် အလတ်စား စီးပွားရေး လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးကို အထူးအလေးထား ဆောင်ရွက်လျက်ရှိပါကြောင်း၊ မိမိတို့ ဝန်ကြီးဌာန၏ ပင်မလုပ်ငန်း တာဝန်များဖြစ်သည့် သမဝါယမကဏ္ဍဖွံ့ဖြိုးရေး၊ အသေးစားစက်မှု လက်မှုလုပ်ငန်းများ ဖွံ့ဖြိုးရေးနှင့် ကျေးလက်ဒေသ ဘက်စုံဖွံ့ဖြိုးရေးလုပ်ငန်းများအပြင် နိုင်ငံတော် အစိုးရ၏ မူဝါဒ၊ ဦးတည်ချက်များနှင့်အညီ စိုက်ပျိုးရေး၊ မွေးမြူရေးဆိုင်ရာ သွင်းအားစုများ ထောက်ပံ့ခြင်း၊ ဆီထွက်သီးနှံများ တိုးချဲ့စိုက်ပျိုးနိုင်ရေး ဆိုလာရေတင်စနစ်ဆောင်ရွက်ခြင်း၊ ငွေကြေးထောက်ပံ့ခြင်း၊ နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေနှင့် စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများ ဆောင်ရွက်ခြင်း၊ အဆင့်မြင့် လယ်ယာစနစ်ဖော်ဆောင်ခြင်း စသည်တို့ကို သက်ဆိုင်ရာဌာနများ၊ ပုဂ္ဂလိကလုပ်ငန်းရှင်များ၊ နိုင်ငံတကာအဖွဲ့အစည်းများနှင့် ချိတ်ဆက်ပူးပေါင်း ဆောင်ရွက်လျက် ရှိပါကြောင်း ယနေ့နံနက်ပိုင်းက နေပြည်တော်ရှိ ရုံးအမှတ် (၃၆- ဘီ) ကျေးလက်ဒေသဖွံ့ဖြိုး တိုးတက်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်သည့် ၂၀၂၃-၂၀၂၄ ခုဘဏ္ဍာရေးနှစ် ဒုတိယလေးလပတ်လုပ်ငန်းညှိနှိုင်းအစည်းဝေးတွင် သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးလှမိုးက ပြောကြားခဲ့ခြင်းဖြစ်သည်။
အခမ်းအနားတွင် ပြည်ထောင်စုဝန်ကြီး ဦးလှမိုးက ဖွံ့ဖြိုးရေးလုပ်ငန်းများဆောင်ရွက်ရာတွင် ဦးစီးဌာနတစ်ခုတည်း ဆောင်ရွက်၍ မရသည့်အတွက် ဦးစီးဌာနအချင်းချင်း ညှိနှိုင်းပေါင်းစပ် ဆောင်ရွက်ရန် လိုအပ်ပြီး ဝန်ထမ်းများ အားလုံးကလည်း ညီညီညွတ်ညွတ်ပူးပေါင်းဆောင်ရွက်မှသာ ဌာနလုပ်ငန်းများ အောင်မြင်လာမှာဖြစ်ပါကြောင်း၊ ယခုဘဏ္ဍာနှစ်အတွင်း ဆောင်ရွက်ရန်လျာထား သည့် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများကိုလည်း အရည်အသွေး၊ စံချိန်စံညွှန်းပြည့်မီစွာဖြင့် စောလျင်စွာ ပြီးစီးရေး တာဝန်ရှိသူအသီးသီးမှ ကြပ်မတ်ဆောင်ရွက်ကြရန် မှာကြားလိုပါကြောင်း၊ အထူးသဖြင့် အကြီးအကဲခရီးစဉ် လမ်းညွှန်မှာကြားချက်များအားချက်ချင်းဆောင်ရွက်ကြရန်နှင့် ရန်ပုံငွေ လိုအပ်မှု ရှိပါက အနီးစပ်ဆုံး ဘဏ္ဍာရေးနှစ်တွင် လျာထားဆောင်ရွက်နိုင်ရေးစီမံဆောင်ရွက်ကြရန် လိုအပ် ကြောင်း၊ လုပ်ငန်းများဆောင်ရွက်ရာတွင် စောင့်ကြည့်စစ်ဆေးအကဲဖြတ်ခြင်း လုပ်ငန်းများကို သေချာစွာ ဆောင်ရွက်ကြရန်နှင့် လုပ်ငန်းအားနည်းချက်များကို ဖော်ထုတ်ပြီး တည့်မတ် ထိန်းကျောင်း တွန်းအားပေးစီမံခန့်ခွဲကြရန် မှာကြားလိုပါကြောင်း၊
မြစိမ်းရောင်ကျေးရွာစီမံကိန်းနှင့် အစုအဖွဲ့ဖြင့်ဆောင်ရွက်သည့် ကျေးလက် စီးပွားမြင့်မားရေး ရန်ပုံငွေထူထောင်ခြင်း (RBF) စီမံကိန်းများသည် ဒေသခံပြည်သူများ၏ မိသားစုဝင်ငွေတိုးပွားရေး အတွက် အမှန်တကယ် အကျိုးရှိထိရောက်သော စီမံကိန်းများဖြစ်လို့ စီမံကိန်းအောင်မြင်စေရေး အလေးထား ဆောင်ရွက်ကြဖို့ မှာကြားလိုပါကြောင်း။
အသက်မွေးဝမ်းကျောင်းသင်တန်းများနှင့် ပတ်သက်၍ သင်တန်းအမျိုးအစားရွေးချယ်ရာတွင် ဒေသအတွက် အမှန်တကယ်အကျိုးရှိ ထိရောက်မယ့် သင်တန်းများကို ရွေးချယ်ဖွင့်လှစ်ရန်၊ သင်တန်းဆင်းများ အလုပ်အကိုင်ရရှိရေး ချိတ်ဆက်ဆောင်ရွက်ပေးရန်နှင့် သင်တန်းဆင်းများ ကိုယ်ပိုင် စီးပွားရေးဆောင်ရွက်လိုပါက ဆောင်ရွက်နိုင်စေရန် ပစ္စည်းကိရိယာများ ၊ ငွေကြေးအရင်း အနှီးများ ထောက်ပံ့ပေးနိုင်ရေး စီစဉ်ဆောင်ရွက်ဖို့ ထပ်လောင်းမှာကြားလိုပါကြောင်း၊ ဖွင့်လှစ်ပြီး သင်တန်းများရဲ့ အကျိုးရှိထိရောက်မှု ပကတိအခြေအနေမှန်ကို သိရှိနိုင်ရေးအတွက် Third Party Assessment စစ်တမ်းကောက်ယူပြီး စစ်တမ်းတွေ့ရှိချက်၊ အကြုံပြုချက်များအပေါ် အခြေခံပြီး လိုအပ်သည်များ ပြုပြင်ပြောင်းလဲစီမံဆောင်ရွက်ဖို့ မှာကြားလိုပါကြောင်း ပြောကြားပါသည်။
ဆက်လက်၍ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးသိန်းလွင်က ၂၀၂၃-၂၀၂၄ ခုဘဏ္ဍာရေးနှစ်တွင် အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိသည့် ကျေးလက်ဒေသဖွံ့ဖြိုးရေးလုပ်ငန်း ဆောင်ရွက်ပြီးစီးမှုအခြေအနေများနှင့် ဆက်လက်ဆောင်ရွက် မည့်အစီအစဉ်များကို ရှင်းလင်းတင်ပြပါသည်။
ဆက်လက်၍ တိုင်းဒေသကြီး/ ပြည်နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ဦးစီးမှူးများက မိမိတို့ တိုင်းဒေသကြီး/ ပြည်နယ်များအတွင်း ယခုဘဏ္ဍာရေးနှစ်တွင် အကောင် အထည်ဖော်ဆောင်ရွက်လျက်ရှိသည့် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်ပြီးစီးမှုများအား အသီးသီးရှင်းလင်းတင်ပြကြပါသည်။
ဆက်လက်ပြီး ဒုတိယဝန်ကြီး ဦးမြင့်စိုးက သမဝါယမဖွံ့ဖြိုးရေးလုပ်ငန်းများ၊ အသက်မွေး ဝမ်းကျောင်းဆိုင်ရာ အသေးစားအလတ်စားစီးပွားရေးလုပ်ငန်းများနှင့် စဉ်ဆက်မပြတ် ကျေးလက် ဒေသဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများအတွက် လုပ်ငန်းလိုအပ်ချက်များအား ဆွေးနွေးပြောကြား ပါသည်။
ဆက်လက်ပြီး အမြဲတမ်းအတွင်းဝန် ဦးခန့်ဇော်က တိုင်းဒေသကြီး/ ပြည်နယ် ဦးစီးမှူးများ၏ တင်ပြချက်များအပေါ် သက်ဆိုင်ရာဝန်ကြီးဌာနများနှင့် ညှိနှိုင်းဆောင်ရွက် ရမည့်ကိစ္စရပ်များ၊ လုပ်ငန်းများ စံချိန်စံညွှန်းပြည့်မီစွာဖြင့် အချိန်မီပြီးစီးရေး သုံးသပ်ဆွေးနွေး တင်ပြပြီးနောက် ဆက်စပ်ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်များက ကျေးလက်ဒေသဖွံ့ဖြိုးရေးအတွက် သက်ဆိုင်ရာ ကဏ္ဍများအလိုက် ဦးစီးဌာနအချင်းချင်း ပေါင်းစပ်ဆောင်ရွက်နေမှု အခြေအနေများ ဆက်လက် ဆောင်ရွက်သွားမည့် အစီအစဉ်များကို ဆွေးနွေးတင်ပြကြပါသည်။
ရှင်းလင်းတင်ပြမှုများအပေါ် ပြည်ထောင်စုဝန်ကြီး ဦးလှမိုးက တိုင်းဒေသကြီး/ပြည်နယ် ဦးစီးမှူးများ အနေဖြင့် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများဆောင်ရွက်ရာတွင် လုပ်ငန်းစဉ်တလျှောက်လုံး အဂတိတရား ကင်းရှင်းစွာဖြင့် ပွင့်လင်းမြင်သာမှု၊ တာဝန်ယူမှု၊ တာဝန်ခံမှုအပြည့်နှင့် ဆောင်ရွက် ကြရန်မှာကြားလိုပါကြောင်း၊ ဝန်ထမ်းတစ်ဦးချင်းစီတိုင်းကလည်း ဒေသဖွံ့ဖြိုးရေး၊ နိုင်ငံတော် ဖွံ့ဖြိုးရေးအတွက် ကျရာတာဝန်ကို ကျေပွန်စွာ ထမ်းဆောင်ကြဖို့ အစွမ်းကုန် ကြိုးပမ်းဆောင်ရွက် သွားကြရန်နှင့် ထူးချွန်စွာကြိုးပမ်းဆောင်ရွက်သော ဝန်ထမ်းများအား နိုင်ငံ့ဂုဏ်ထူးဆောင်ဘွဲ့များ၊ တံဆိပ်များရရှိရေး အဆင့်ဆင့်ထောက်ခံတင်ပြသွားရန် လမ်းညွှန်မှာကြားခဲ့ကြောင်းသတင်းရရှိ ပါသည်။
Related News and Articles
အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။