20 Mar,2022
ဖွံ့ဖြိုးရေးတွေဟာ ရေရှည်တည်တံ့ဖို့လိုသလို စဉ်ဆက်မပြတ်ဖွံ့ဖြိုးဖို့လည်း လိုအပ်ပါတယ်။ ဒီအတွက်လည်း ကဏ္ဍအလိုက် မဟာဗျူဟာ၊ နည်းဗျူဟာတွေ ရေးဆွဲအကောင်အထည်ဖော်ကြ ရတယ်။ မဟာဗျူဟာ ရေးဆွဲရာမှာ ရေရှည်တည်တံ့ခိုင်မြဲရေးအတွက် ဆောင်ရွက်ရန်နည်းလမ်းများ၊ မူဝါဒများရေးဆွဲ ဆောင်ရွက်ရတယ်။ ဖွံ့ဖြိုးရေးလုပ်ငန်းတွေ ရေရှည်တည်တံ့ရေးနှင့် စဉ်ဆက် မပြတ်ဖွံ့ဖြိုးရေးကို စဉ်းစားရာမှာ အချိန်ကာလအားဖြင့် (၃)ပိုင်းရှိပါတယ်။ (၁) မဆောင်ရွက်မီ အချိန်ကာလ၊ (၂) ဆောင်ရွက်ဆဲကာလ၊ (၃) ဆောင်ရွက်ပြီးကာလတို့ပဲဖြစ်ပါတယ်။
မဆောင်ရွက်မီကာလ - အရေးကြီးတာကတော့ ဒီစီမံကိန်းတွေလုပ်ဖို့ အခြေခံကျတဲ့ Feasibility Study ဖြစ်နိုင်ချေလေ့လာမှုတွေက အရေးကြီးပါတယ်။ FS ကောင်းကောင်းမလုပ်ခဲ့ရင် Design မှာ လိုအပ်ချက်တွေရှိမယ်၊ တည်ဆောက်ရေးကာလမှာ လိုအပ်ချက်တွေရှိမယ်၊ ပြင်ရတာတွေ များမယ်၊ အချိန်ပိုကုန်ပါမယ်၊ ငွေကြေးပိုကုန်မယ်။ FS ကောင်းရင် “အစကောင်းမှ အနှောင်း သေချာ” ဆိုသလို ဖြစ်နိုင်ချေလေ့လာဆန်းစစ်မှုကောင်းတဲ့အတွက် Design ကောင်းမယ်၊ တည်ဆောက်ရေးကာလ အဆင်ပြေချောမွေ့မယ်။ ဒေသခံပြည်သူတွေရဲ့ အသံနားထောင်ဖို့ လိုအပ်ပါတယ်။ ထည့်သွင်းစဉ်းစားဖို့လိုအပ်ပါတယ်။
ဆောင်ရွက်ဆဲကာလ - အရေးကြီးတာကတော့ Project Team စနစ်တကျ စုဖွဲ့ဆောင်ရွက်ဖို့၊ အုပ်ချုပ်ထောက်ပံ့မှုတွေ ပြည့်ပြည့်စုံစုံ ထောက်ပံ့ပေးဖို့၊ စောင့်ကြည့်စစ်ဆေးအကဲဖြတ်ခြင်း (Monitoring and Evaluation) စနစ်တကျ ဆောင်ရွက်ဖို့၊ သတ်မှတ် Design ၊ Specification တွေအတိုင်း လုပ်ဖို့၊ စစ်ဖို့ သတ်မှတ်ကာလအတွင်း ပြီးစီးအောင် စီမံခန့်ခွဲဖို့၊ အထက်အဖွဲ့အစည်း အသီးသီးနှင့် အကြီးအကဲများ၏ အားပေးကူညီမှု၊ တာဝန်ယူမှု၊ ပံ့ပိုးမှု (Top Level Commitment) ရှိဖို့ စတာတွေ အရေးကြီးပြီး ရေရှည်ကောင်းခြင်း၊ မကောင်းခြင်း၊ သတ်မှတ် Design Period အတွင်း ခံနိုင်မှု၊ ခံနိုင်ရည် ရှိ/ မရှိ စတာတွေဟာ ဒီဆောင်ရွက် ဆဲကာလ ကြီးကြပ်ခြင်း၊ Quality Control (QC)အပိုင်း ကောင်းမှ ကောင်းမယ်၊ ရေရှည်ခံမယ်၊ ဒီနေရာမှာ ကြီးကြပ်သူများရဲ့ ကျင့်ဝတ်လိုက်နာမှုက အလွန်အရေးကြီးပါတယ်။ ကျင့်ဝတ်ဖောက်ဖျက်ပြီး မကောင်းတာ၊ မလုပ်သင့်တာကို မျက်ကွယ်ပြုခဲ့ရင် ရေရှည်အတွက် ဒုက္ခပေးတတ်ပါတယ်။ ဆောင်ရွက်ဆဲ ကာလတစ်လျှောက်လုံး ဒေသခံပြည်သူများကို ကဏ္ဍအလိုက် လိုအပ်သလို ပူးပေါင်းပါဝင်ခွင့် ပေးရမှာဖြစ်ပြီး ပြည်သူရဲ့အားနဲ့ လုပ်ငန်းများစီမံကိန်းများ အောင်မြင်အောင် အကောင်အထည် ဖော်ရမှာဖြစ်ပါတယ်။
ကြားကာလ - အရေးကြီးတာက Contract Management အပိုင်းဖြစ်ပြီး စာချုပ်ပါ ဆောင်ရွက်ရန် အချက်များကို ဆောင်ရွက်မှုရှိ/ မရှိ ကြီးကြပ်ရမှာ ဖြစ်ပါတယ်။ ဒီနေရာမှာ နည်းပညာပိုင်း စီမံခန့်ခွဲမှုအပိုင်း၊ ရန်ပုံငွေ၊ အချိန်၊ လုပ်ထုံးလုပ်နည်းများ အပါအဝင် လိုအပ်သည့် အထောက်အထား Documentation များ ကိုပါ စီမံခန့်ခွဲရန် လိုအပ်ပါတယ်။
ဆောင်ရွက်ပြီးကာလ - အလွန်ပဲ အရေးကြီးသွားပါပြီ။ စာချုပ်အရ အာမခံကာလကလွဲလို့ Design Period အရကလွဲလို့ ရေရှည်ခံဖို့ဆိုတာက လွယ်တာမဟုတ်။ ဒါကြောင့် ဆောင်ရွက်ပြီး ကာလ Operation & Maintenance (O&M) အပိုင်းဟာ အလွန်အရေးကြီးပါတယ်။ ဒီနေရာမှာ O & M ကို တာဝန်ရှိအဖွဲ့အစည်းတွေ၊ တာဝန်ရှိကျေးရွာကော်မတီက လုပ်ကြရပါတယ်။ ကျေးရွာများမှာ ရှိနေတဲ့ ဖွံ့ဖြိုးရေးလုပ်ငန်းတွေအတွက်တော့ တာဝန်ရှိဌာနဆိုင်ရာ အဖွဲ့အစည်း၊ ဆောင်ရွက်ခဲ့တဲ့ ကုမ္ပဏီနဲ့ ကျေးရွာကော်မတီတွေဟာ အလွန်ပဲအရေးကြီးပါတယ်။ လူတွေလည်း ကျန်းမာရေး မကောင်းရင် ဆေးခန်းပြရပါတယ်။ ဒါကြောင့် ကျန်းမာရေးကောင်းအောင် နေထိုင်၊ လေ့ကျင့်၊ စားသောက်ရပါတယ်။ မဖြစ်ခင် ကာကွယ်ရပါတယ်။ ဖွံ့ဖြိုးရေးလုပ်ငန်းတွေလည်း ဒီအတိုင်းပဲ လိုအပ်တဲ့ ပြုပြင်ထိန်းသိမ်း လည်ပတ်ရေး အစီအစဉ်ကောင်းတွေ မရေးဆွဲလို့ မရပါဘူး။ O & M Plan ရှိရမယ်။ Plan Budget နဲ့ ချိတ်ထားရမယ်။ လိုအပ်တဲ့ ပြုပြင်ထိန်းသိမ်းရေးတွေ ပုံမှန် ဆောင်ရွက်ပြီး ထိန်းသိမ်းရပါတယ်။
ပိုင်ရှင်စိတ်ဓါတ်ဟာလည်း ရေရှည်တည်တံ့ခိုင်မြဲရေးအတွက် အရေးကြီးပါတယ်။ ဘယ်သူတွေ Service ပေးပြီး ဘယ်သူတွေက Service ကို ရယူသုံးစွဲ နေကြလဲ….?
နိုင်ငံတော်ရဲ့ သက်ဆိုင်ရာဌာနတွေနဲ့ ကုမ္ပဏီတွေက ဖွံ့ဖြိုးရေးနဲ့ဆိုင်တဲ့ ဝန်ဆောင်မှု Service တွေကို ပေးရမှာဖြစ်ပြီး မြို့ပြ/ ကျေးလက်နေပြည်သူများက ဝန်ဆောင်မှုကို ရယူသုံးစွဲ ခံစားရမှာဖြစ်ပါတယ်။ ဒီနေရာမှာ ထိုက်သင့်တဲ့ အခွန်အခပေးဆောင်ချင်တဲ့ စိတ်ဓါတ်ရှိဖို့နဲ့ ဝန်ဆောင်မှုကောင်းပေးဖို့ အပြန်အလှန်လိုအပ်ပါတယ်။ ဝန်ဆောင်မှု မကောင်းရင် သုံးစွဲသူများမှ အခွန်မပေးချင်၊ မပေးလို၊ ထိုက်သင့်အခွန် မပေးရင် ဝန်ဆောင်မှုကောင်းကောင်း မပေးနိုင်ပါဘူး။ ဖွံ့ဖြိုးရေးလုပ်ငန်းတွေဆိုတာ အလှထားတာ မဟုတ်ပါဘူး၊ သုံးစွဲနေတာ၊ သုံးနေရင်း အချိန် တစ်ခု၊ ကာလတစ်ခုမှာ ပျက်တာပဲ၊ ပြင်ရမှာပဲ၊ လဲလှယ်ရမှာပဲ၊ ပြင်ရင်၊ လဲရင် ရန်ပုံငွေလိုမှာပဲ၊ ရန်ပုံငွေ ဘယ်ကရမှာလဲ။ Pay for Service ဝန်ဆောင်မှုကြောင့်ရတဲ့ အခွန်က ပေးရမှာပဲ။
သို့သော် ကျေးလက်ဖွံ့ဖြိုးရေးအခြေခံ အဆောက်အအုံအများစုအတွက် နိုင်ငံတော်ကို အခွန်မပေးကြရပါဘူး။ ဥပမာ - စာသင်ကျောင်း၊ ဆေးပေးခန်း၊ ကျေးလက်လမ်း၊ ရွာတွင်းလမ်း၊ ကျေးရွာရေရရှိရေး စတာတွေဟာ နိုင်ငံတော်မှ တာဝန်ရှိ အဖွဲ့အစည်းများကသာ ကျခံရင်းနှီး ဆောင်ရွက်ရပြီး အချို့မှာတော့ ပြည်သူ့ထည့်ဝင်မှုနဲ့ ဆောင်ရွက်ကြတာလည်းရှိပြီး သုံးစွဲမှု အတွက်မှာတော့ အခွန်အခ မပေးဆောင်ရပါဘူး။ သို့သော် ဖုန်း၊ အင်တာနက်၊ လျှပ်စစ်မီး (Grid) တို့ကတော့ သုံးစွဲသမျှ အခွန်အခ ပေးဆောင်ရပါတယ်။
ဒါဆိုရင် အခွန်မပေးရတဲ့ ဖွံ့ဖြိုးရေလုပ်ငန်းတွေ ရေရှည်တည်တံ့ဖို့ ဘာအရေးကြီးလဲဆိုရင် ပြည်သူ့အခန်းကဏ္ဍ၊ People Center ပြည်သူဗဟိုပြု စီမံကိန်းတွေ ဆောင်ရွက်ဖို့ စီမံကိန်း စတင်သည်မှ စီမံကိန်းကာလတစ်လျှောက်လုံး ပြည်သူတွေ ပါဝင်ခွင့်ရဖို့ တာဝန်တွေ ခွဲဝေပေးဖို့၊ ရန်ပုံငွေ ပွင့်လင်းမြင်သာသုံးစွဲဖို့၊ ပြည်သူပါဝင်မှုကို အသိအမှတ်ပြုတန်ဖိုးထားဖို့…
“ဒါငါတို့ရွာ စီမံကိန်း၊ ငါတို့မှာ တာဝန်ရှိတယ်” ဆိုတဲ့ စိတ်ဓါတ်ကို အစကတည်းက ရိုက်သွင်းလေ့ကျင့်ပေးရမှာ ဌာနရဲ့တာဝန်ပဲဖြစ်ပါတယ်။ ဒါကို “ကျေးရွာစိတ်ဓါတ်”လို့ ခေါ်ပါတယ်။ ကျေးရွာစိတ်ဓါတ်ဆိုတာ-
စည်းလုံးညီညွတ်အောင် နေထိုင်ပြုမူပြောဆိုရန် စိတ်ဓါတ်
ဖွံ့ဖြိုးရေးလုပ်ငန်းများမှာ တက်ကြွစွာ ပူးပေါင်းဆောင်ရွက်ချင်တဲ့စိတ်ဓါတ်
ကိုယ့်အားကိုယ်ကိုးတဲ့ စိတ်ဓါတ်
မိမိကိုယ်တိုင် ဖွံ့ဖြိုးတိုးတက်စေချင်တဲ့ စိတ်ဓါတ်
ဆောင်ရွက်ပြီး ဖွံ့ဖြိုးရေးလုပ်ငန်းများကို တန်ဖိုးထားပြီး ထိန်းသိမ်းတဲ့ စိတ်ဓါတ် တွေပဲဖြစ်ပါတယ်
ကျေးရွာတွေမှာလည်း တိုင်းရင်းသားလူမျိုးများ၊ ဘာသာတရား ကိုးကွယ်ယုံကြည်မှု အစုံ၊ အယူအဆ၊ အတွေးအခေါ်အစုံ ရှိနေနိုင်တာပါပဲ။ ဒါပေမဲ့ ကျေးရွာဖွံ့ဖြိုးရေးဆိုတဲ့ ဘုံသဘော ကိစ္စတွေမှာ အမြင်မတူ ငါ့ရန်သူ လုပ်လို့မရပါ။ ဦးစားပေးရွေးချယ်သတ်မှတ်ရာမှာ အများသဘော၊ အမှန်တကယ် လိုအပ်မှု စတာတွေကို ဆိုင်ရာဌာနတွေက Facilitation လုပ်ပေးပြီး ကျေးရွာကို ဆုံးဖြတ်ပိုင်ခွင့် ပေးရမှာမို့ အများအကျိုးအတွက်၊ ရွာအတွက်၊ တို့အားလုံးအတွက် စည်းလုံး ညီညွတ်ရပါမယ်။ လွတ်လပ်စွာ ကိုးကွယ်ပါ။ ယုံကြည်ပါ။ ဒါပေမဲ့ စည်းလုံးမှုမရှိ၊ တစ်ယောက် တစ်ပေါက်၊ ဦးနင်းပဲ့ထောင်၊ ပဲ့နင်းဦးထောင် ဖြစ်နေရင် ဘယ်အဖွဲ့အစည်း ဘယ်ဌာနကမှ လာချင်၊ လုပ်ချင်မှာ မဟုတ်ပါဘူး။ ဒါကြောင့် စည်းလုံးညီညွတ်ခြင်းသည် အဓိက ဖြစ်ပါတယ်။ ဌာနဆိုင်ရာတွေရဲ့ဖွံ့ဖြိုးရေးဆိုင်ရာ Targeting ဦးစားပေးမှုမှာလည်း စည်းလုံး ညီညွတ်မှုကို အခြေခံလာကြပြီဖြစ်ပါတယ်။ ရပ်ရွာဖွံ့ဖြိုးရေး အကျိုး၊ အများအကျိုး လိုလားသူ ရပ်မိရပ်ဖများ၊ ကျေးရွာခေါင်းဆောင်များ၊ လူငယ်များက ကျေးရွာစည်းလုံးညီညွတ်အောင် တည်ဆောက်ကြ ရမယ်။ ကျေးရွာစည်းလုံးညီညွတ်ရေးကို ပျက်ပြားစေနိုင်တာတွေကို သိရှိရှောင်ရှားကြရမယ်။ နိုင်ငံရေးပါတီများ/ နိုင်ငံရေးသမားများကြောင့်လည်းကောင်း၊ ဘာသာရေးယုံကြည်မှုကြောင့် လည်းကောင်း၊ အုပ်ချုပ်သူ ဦးဆောင်သူများ ညံ့ဖျင်းပြီး ပွင့်လင်းမြင်သာဆောင်ရွက်မှုမရှိခြင်း ကြောင့်လည်းကောင်း စည်းလုံးညီညွတ်မှု ထိခိုက်စေနိုင်ပါတယ်။ ထို့ကြောင့် ရွာအကြီးအကဲတွေ၊ အုပ်ချုပ်သူတွေ၊ ဦးဆောင်သူ ကျေးရွာခေါင်းဆောင်တွေဟာ ဆောင်ရန်/ ရှောင်ရန် စည်းမျဉ်း စည်းကမ်းတွေ ချမှတ်လိုက်နာ ကျင့်ကြံနေထိုင်ကြရန် လိုအပ်ပါတယ်။
“လက်သည်ကြီးပဲ အားမကိုးနဲ့ကိုယ်တိုင်လည်း အားစိုက်ဦး” ဆိုတဲ့ ဆိုရိုးစကားလည်း ရှိတာကိုး။ အရင်းအမြစ်တွေဆိုတာ အကန့်အသတ်နဲ့ရှိတာ၊ နိုင်ငံတော်ပံ့ပိုးမှုဆိုတာလည်း အကန့်အသတ်ရှိတာပဲ၊ ဒါကြောင့် စီမံကိန်း စကတည်းက ဖွဲ့စည်းတာဝန်ပေးမှုပေါ် မူတည်ပြီး ကျရာကဏ္ဍမှ တက်တက်ကြွကြွ ပူးပေါင်းပါဝင်ကြမှ အောင်မြင်မယ်၊ ဌာနဆိုင်ရာများမှ တာဝန်ရှိလို့ လာလုပ်ပေးရတယ် ဆိုပေမဲ့ ရွာရဲ့မူလစိတ်ဓါတ်ကိုက ဖော်ရွေတယ်၊ တက်တက် ကြွကြွရှိတယ်၊ ပူးပေါင်းပါဝင်မှု ကောင်းတယ်ဆိုရင် ဌာနဆိုင်ရာ ဝန်ထမ်းတွေပါ တက်ကြွ လာမယ်၊ စေတနာထပ်တိုးလာမယ်၊ မောင်တစ်ထမ်း မယ်တစ်ရွက်လိုပေါ့။ ခိုကပ်မှု မရှိ။ အတူ တကွ ပူးပေါင်းဆောင်ရွက်မှ အောင်မြင်မှာပါ။ အောင်မြင်မှု အသီးအပွင့်ဟာ တစ်ရွာလုံးနဲ့ ဆိုင်တာ၊ ဆိုင်တယ်ဆိုတာ သက်သေပြဖို့ အားလုံးတက်တက်ကြွကြွ ပါဝင်ဆောင်ရွက်ကြရမယ်။ ဒီရွာက တာဝန်ပေးလဲ မရ၊ ကူပါဆိုလည် မကူ။ လိုတာမှန်သမျှအကုန် နိုင်ငံတော်က ကျခံ ရအောင်လည်း အဆင်မပြေ၊ ဒီလိုဆိုရင် ကူညီပါဝင်မှု၊ လုပ်အားပါဝင်မှု၊ တတ်နိုင်တဲ့ ကြီးကြပ်မှု မရှိရင် ကုန်ကျစရိတ်များပြီး အနည်းငယ်သာ လုပ်နိုင်မယ်။ အဲသလိုမဟုတ်ပဲ နဲနဲနဲ့ ကျဲကျဲဝိုင်း ဆိုသလို လုပ်အားနှင့် တတ်နိုင်သမျှ ပါဝင်ကြမယ်ဆိုရင်ဖြင့် ငါတို့ကိုယ်တိုင် ပါဝင်လုပ်ခဲ့တာမို့ ငါတို့တန်ဖိုးထားရမယ်၊ ထိန်းသိမ်းကြရမယ်၊ ဒါဆို ရေရှည်တည်တံ့ ခိုင်မြဲပါမယ်။
ရေရှည်တည်တံ့ဖို့ကတော့ ကိုယ့်အားကိုယ်ကိုးရမယ်၊ ဒီစိတ်ဓါတ်လေးမွေးမြူခြင်းက တစ်ဦးချင်း၊ တစ်အိမ်ချင်းနဲ့ တစ်ရွာလုံးအတွက် အခြေခံကျတဲ့ အုတ်မြစ်မျိုးဖြစ်တယ်။ လုပ်မှ ရမယ်၊ ကိုယ်လုပ်မှ ကိုယ်ရမယ်၊ ဒါကြောင့် သူများကို အားမကိုးဘူး။ ကိုယ်တိုင် အားကိုးရမယ်။ ကိုယ့်အားကိုယ်ကိုးစိတ်ဓါတ်မရှိရင် နိုင်ငံတကာအကူအညီတွေ ဘယ်လောက်ပဲရရ၊ ဌာနဆိုင်ရာ တွေရဲ့ ဆောင်ရွက်ပေးမှု ဘယ်လောက်ပဲရှိရှိ ကြာရှည်ခံမှာ မဟုတ်ပါဘူး။ ပျက်ရင် ဌာနက လာပြင်လိမ့်မယ်။ ဒီလိုစိတ်မျိုးတွေရှိရင် ပိုပျက်စီးပါမယ်။ ပျက်ရင်ပြင်မယ်၊ ဒို့တာဝန်ဖြစ်လို့ သူများ အားမကိုးဘူးဆိုရင် မှီခိုစိတ်ကင်းလာပြီး ကိုယ့်အားကိုယ်ကိုးစိတ်ဓါတ်တွေ ရှင်သန်လာပြီး ဖွံ့ဖြိုးရေးလုပ်ငန်းတွေသာမက ကိုယ်ပိုင်စီးပွားရေးလုပ်ငန်းတွေမှာပါ ရေရှည်ထိန်းသိမ်းလာနိုင်မှာ ဖြစ်ပါတယ်။
မိမိကိုယ်တိုင် မိမိရပ်ရွာဖွံ့ဖြိုးရေးအတွက် ဆောင်ရွက်ရပါမယ်။ သူများလာလုပ်ပေးမှ ရမှာ မဟုတ်ပါဘူး။ အဲဒီလိုပဲ ဖွံ့ဖြိုးလိုစိတ်၊ ဖြစ်ချင်စိတ်က သူများပေးတာက ရတာမဟုတ်၊ မိမိတို့ကျေးရွာကစရမှာဖြစ်ပြီး မိမိတို့ရဲ့ ပကတိလိုအပ်ချက်က ဘာတွေလဲ၊ ဘာတွေဦးစားပေး ရမှာလဲ၊ စတာတွေကို သိရှိပြီး အစီအစဉ်တွေ ရေးဆွဲဆောင်ရွက်ကြရမှာ ဖြစ်ပါတယ်။ တတ်နိုင် တာကစပြီး သန္ဓေတည် စတင်ရပါမယ်။ သူကူမှ ငါကူမှဆိုပြီး စောင့်နေလို့မရပါဘူး။ လုပ်နိုင် တာကို ကိုယ့်ခွန်ကိုယ့်အားနဲ့ လုပ်ထားမှ ဌာနဆိုင်ရာတွေရဲ့ဘက်က ဖွံ့ဖြိုးလိုစိတ်ရှိမှု အားထည့်မှု တွေကို အသိအမှတ်ပြုပြီး လုပ်ပေးသွားမှာဖြစ်တယ်။ ကိုယ်တိုင်စတင်ဆောင်ရွက်မှ ဖွံ့ဖြိုးမှု အကူအညီတွေ ဖွံ့ဖြိုးရေး ရန်ပုံငွေတွေ လုပ်ငန်းတွေရလာတဲ့အခါမှာလည်း ထိရောက်အကျိုး ရှိမှာ ဖြစ်တယ်။ ကိုယ်တိုင် ဖွံ့ဖြိုးလိုတဲ့စိတ်ရှိတဲ့အတွက် ရေရှည်ထိန်းသိမ်းမဲ့စိတ်ဓါတ် အလိုလို ပါပြီး ရေရှည်တည်တံ့မှာ ဖြစ်ပါတယ်။
နိုင်ငံတော်မှာ ကျေးရွာပေါင်း (၆၄၀၀၀) ကျော်ရှိတယ်။ ဖွံ့ဖြိုးဖို့ လိုအပ်နေတဲ့ကျေးရွာတွေ များစွာ ရှိပါတယ်။ ဒါ့ကြောင့် နိုင်ငံတော်အနေနဲ့ ဆောင်ရွက်ပြီး ကျေးလက်အခြေခံ အဆောက် အအုံတွေအတွက် ရန်ပုံငွေ သိပ်မပေးနိုင်ပဲ မဖြစ်မနေလိုအပ်တာတွေကို ဦးစားပေး စဉ်းစားပေး နေရပါတယ်။ ဒါ့ကြောင့် ကျေးရွာသူ/ သားများကလည်း ဒီဖွံ့ဖြိုးရေးလုပ်ငန်းများမှာ အစ ကတည်းက ကိုယ်တိုင်ပါဝင် ရွေးချယ်ခံတဲ့အလုပ်၊ ကိုယ်တိုင်ပါဝင်ဆုံးဖြတ်ချက်ချရတဲ့ အလုပ်၊ ကိုယ်တိုင်ပါဝင် အကောင်အထည်ဖော် ကိုယ်တိုင်ကြီးကြပ်ဆောင်ရွက်ခဲ့လေတော့ ကိုယ်တိုင်ပဲ တန်ဖိုးထား ထိန်းသိမ်းရမှာပေါ့။ ကိုယ့်ရွာက စာသင်ကျောင်း၊ ဆေးပေးခန်း၊ လမ်း၊ ရေတွင်း၊ ရေကန်၊ ရွာတွင်း လျှပ်စစ်မီးလိုင်းများကို ကိုယ်တိုင်က မထိန်းသိမ်းရင် ဘယ်သူတွေ လာထိန်း သိမ်းမှာတုန်း။ ဘယ်သူမှ လာမထိန်းပါဘူး၊ ကိုယ်တိုင်ပဲ ထိန်းသိမ်းရပါမယ်။ တန်ဖိုးထားပြီး ထိန်း ရပါမယ်။ ပျက်ရင်ပြင်ဖို့ အစီအစဉ်ရေးဆွဲရပါမယ်။ ပြင်ဖို့ ရန်ပုံငွေရှိရမယ်။ ထိုက်သင့်တဲ့ အခွန်အခ သတ်မှတ်ကောက်ခံပြီး ပြင်ရမယ်၊ ထိုက်သင့်တဲ့ လုပ်အားထည့်ဝင်ခြင်း၊ ငွေအင်အား ထည့်ဝင် ခြင်းတို့ဖြင့် ပြင်ဆင်ထိန်းသိမ်းကြရပါမယ်။ ဆောင်ရန်/ ရှောင်ရန်အချက်တွေကို အသိပညာပေး ပြီး လိုက်နာကျင့်သုံးခြင်းဖြင့် ဖွံ့ဖြိုးရေးလုပ်ငန်းတွေ ရေရှည်တည်တံ့ဖို့ ပါဝင်ဆောင်ရွက် ကြရပါ မယ်။ အပျက်အဆီးနည်းလို့ ကုန်ကျစရိတ်သက်သာရင်ဖြင့် နိုင်ငံတော်အနေနဲ့လည်း အခြား လိုအပ်တဲ့နေရာတွေကို ပံ့ပိုးဆောင်ရွက်နိုင်မှာ ဖြစ်ပါတယ်။
ခုဆွေးနွေးထားတဲ့ ကျေးရွာစိတ်ဓါတ်ဟာ တစ်အိမ်ချင်း တစ်ဦးချင်းစီမှာလည်း ရှိသင့် ပါတယ်။ ဒီစိတ်ဓါတ်ဟာ မိမိတစ်ဦးချင်းအတွက်လည်း အထောက်အပံ့ကောင်း တွေဖြစ်သလို ရွာအတွက်၊ နိုင်ငံအတွက်လည်း အထောက်အပံ့ကောင်းတွေ ဖြစ်စေပါလိမ့်မယ်။ နိုင်ငံသားတိုင်း နိုင်ငံ့တာဝန်ကျေပွန်ရမှာပဲလေ၊ ဒီကျေးရွာစိတ်ဓါတ်ဟာ ဖွံ့ဖြိုးရေးလုပ်ငန်းတွေ ရေရှည် တည်တံ့အောင် ထိန်းကျောင်းပေးမဲ့ အခြေခံအုတ်မြစ်တစ်ခုဖြစ်ပြီ နိုင်ငံသားတာဝန် ကျေပွန်မဲ့ အခြေခံစိတ်ဓါတ်ပဲဖြစ်ပါတယ်။ ဒါ့ကြောင့် ဘာလုပ်လုပ် ဒီကျေးရွာစိတ်ဓါတ်ဟာ အလွန်အရေးကြီး တာမို့
#ဆရာကြီးမင်းသုဝဏ်ရဲ့ ‘
#ဝမ်းနည်းမိပါသည်’ ကဗျာ “ လမ်းဖောက်တော့ သူမပါ၊ လမ်းပြင် တော့ သူမရောက်၊ ဖြူးဖြောင့်စွာ လမ်းပြေချောတော့၊ ကြော့ကြော့လေးလျောက်၊ ကန်တူးရာ သူမပါ၊ ကန်ဆည်ရာ သူမရောက်၊ မြကန်သာ ရေကြည်သန့်မှ၊ ခန့်ခန့်လေးသောက်၊ ပန်းစိုက်ရာ သူမပါ၊ ပေါင်းသင်ရာ သူမရှိ၊ ပန်းပေါင်းစုံ သင်းကြူးမွှေးတော့၊ ရွေးပန်ချင်ပေါ့၊ ရပ်ရွာအရေး ဆွေးနွေးရာ၊ ဖယ်ရှောင်ခွာ သူမရော၊ သူထင်ရာ အမြင်အတွေးနှင့်၊ ဘေးထိုင်ဘုပြော၊ မြင့်မြတ်စွာ လူဖြစ်ခိုက်မှာပေါ့၊ လူပီစွာ ကိုယ့်အမျိုးတွက်၊ ကြိုးစားလိုက်တော့၊ သိလျှက်နဲ့ သွေရှောင်စွာ၊ ဝေဖန်ကာ အမြင်စောင်း၊ လူမမှန်တယူသန်အတွေးတွေနှင့်၊ ခလေးလို အရေးဆို ကြမ်းတော့၊ ဝမ်းနည်းပါကြောင်း” ဒီကဗျာနဲ့ ကျေးလက်ပြည်သူများကို သတိအထပ်ထပ်ပေးရင်း ဖွံ့ဖြိုးရေး တွေကို လုပ်ရင် ဖြစ်တယ်၊ လုပ်နိုင်တယ်၊ အတူလုပ်ကြမယ်၊ တန်ဖိုးထားထိန်းကြမယ် ဆိုတဲ့ “ကျေးရွာစိတ်ဓါတ်” ပိုင်ရှင်စိတ်ဓါတ် မွေးမြူဆောင်ရွက်ကြပါစို့ လို့ တိုက်တွန်းလိုက်ရပါတယ်။
ရည်ညွှန်းကိုးကားချက် - ဆရာကြီးမင်းသုဝဏ်၏ “ဝမ်းနည်းမိပါသည်” ကဗျာ။