Language : |
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးလှမိုး သမဝါယမနှင့် စီမံခန့်ခွဲမှုပညာ တက္ကသိုလ်(သန်လျင်)တွင် ဘက်စုံသုံးခန်းမဖွင့်ပွဲနှင့် မောင်မယ်သစ်လွင် ကြိုဆိုပွဲ အခမ်းအနားသို့ တက်ရောက်၊ တိုက်ကြီးမြို့နယ် စပါး/ပဲ စိုက်ပျိုးတောင်သူများနှင့် တွေ့ဆုံ


25 Jun,2022

နေပြည်တော်  ဇွန် ၂၄

သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊  သမဝါယမနှင့် စီမံခန့်ခွဲမှုပညာတက္ကသိုလ် (သန်လျင်) ဘက်စုံသုံးခန်းမ(Multipurpose Hall) ဖွင့်ပွဲနှင့် မောင်မယ်သစ်လွင်ကြိုဆိုပွဲ (Fresher Welcome) အခမ်းအနားကို ယနေ့နံနက်ပိုင်းက သန်လျင်မြို့နယ်ရှိ သမဝါယမနှင့် စီမံခန့်ခွဲမှုပညာ တက္ကသိုလ်(သန်လျင်)၌ ကျင်းပပြုလုပ်ရာ ပြည်ထောင်စုဝန်ကြီး ဦးလှမိုး၊ ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးစိုးသိန်းနှင့် တာဝန်ရှိသူများ တက်ရောက်ခဲ့ကြကြောင်းသိရသည်။ 

          ရှေးဦးစွာ ဘက်စုံသုံးခန်းမဆောင်သစ်ကို သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးလှမိုး၊ ရန်ကုန်တိုင်းဒေဿကြီးအစိုးရအဖွဲ့  ဝန်ကြီးချုပ် ဦးစိုးသိန်း၊ တိုင်းဒေသကြီး သယံဇာတနှင့် စီးပွားရေးရာဝန်ကြီး၊ တိုင်းဒေသကြီးလူမှုရေးရာဝန်ကြီး၊ သမဝါယမ နှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန်တို့က ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးပါသည်။ ထို့နောက် ဘက်စုံသုံးခန်းမ ကမ္ပည်းမော်ကွန်းအား စက်ခလုတ်နှိပ်ဖွင့်လှစ်ကာ အမွှေးနံသာရည်များ ပတ်ဖျန်းပေးပြီး ဖွင့်ပွဲအထိမ်းအမှတ် သုတေသနစာတမ်းဖတ်ပွဲနှင့် လူမှုဆန်းသစ်တီထွင်မှု အထောက်အကူပြုယူနစ်၏ ထုတ်ကုန်နမူနာများ ခင်းကျင်းပြသထားမှုများအား လှည့်လည်ကြည့်ရှု အားပေးကြပါသည်။

ဆက်လက်၍ မောင်မယ်သစ်လွင်ကြိုဆိုပွဲ (Fresher Welcome) အခမ်းအနား အခမ်းအနား တွင် ပြည်ထောင်စုဝန်ကြီး ဦးလှမိုးက သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန အနေဖြင့် သမဝါယမကဏ္ဍနှင့် အသေးစားစက်မှုလက်မှုလုပ်ငန်းများ စနစ်တကျထွန်းကား စေပြီး ကျေးလက်လူမှုစီးပွားဘဝစဉ်ဆက်မပြတ်ဖွံ့ဖြိုး တိုးတက်လာအောင် စီမံဆောင်ရွက်ပေးခြင်း ဖြင့် နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်မှုကို အထောက်အကူဖြစ်စေရန်” မျှော်မှန်းချက်ထားရှိ ဆောင်ရွက် လျက်ရှိရာမှာ သမဝါယမနှင့် စီမခန့်ခွဲမှုပညာတက္ကသိုလ်များ၊ သမဝါယမကောလိပ်များ၊ ယွန်းပညာ ကောလိပ်(ပုဂံ)၊ ဆောင်းဒါးရက်ကန်းနှင့် အသက်မွေးပညာသိပ္ပံ၊ သမဝါယမစာရင်းရေး၊ စာရင်းကိုင် သက်မွေးမှုပညာသင်တန်းကျောင်းများနှင့် ရက်ကန်းနှင့် အသက်မွေးပညာသင်တန်းကျောင်းများက ပြုစုပျိုးထောင် မွေးထုတ်ပေးလိုက်သည့် လူ့စွမ်းအားအရင်းအမြစ်များသည် အဓိကလိုအပ်ချက် ဖြစ်ပါကြောင်း၊ တက္ကသိုလ်၊ ကောလိပ်တွေက မျိုးဆက်သစ်လူငယ်များရဲ့ ဉာဏ်ရည် ဉာဏ်သွေး ဖွံ့ဖြိုးမှု၊ ကျွမ်းကျင်မှုနဲ့ အနာဂတ်မျှော်မှန်းချက်တွေ၊ နိုင်ငံရဲ့မျှော်မှန်းချက်တွေကို ပြည့်မီအောင် နိုင်ငံတော်အနေနဲ့ အသိပညာ၊ အတတ်ပညာ တွေကိုသာမက အခြားသောလိုအပ်ချက်တွေကိုလည်း တတ်နိုင်သမျှ ဖြည့်ဆည်း ဆောင်ရွက်ပေးနေတာကို လက်တွေ့ သိမြင်ပြီးဖြစ်လိမ့်မယ်လို့ ယုံကြည်ပါကြောင်း၊ သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေး ဝန်ကြီးဌာန၏ ကြီးကြပ်မှုအောက်မှာရှိတဲ့ တက္ကသိုလ်(၂)ခု၊ ကောလိပ်(၃)ခု၊ သက်မွေးပညာသိပ္ပံ(၁)ခုနှင့် သက်မွေးပညာသင်တန်းကျောင်း(၁၈) ကျောင်း တို့မှာ တက်ရောက်ပညာသင်ကြား နေကြသည့် ကျောင်းသား၊ ကျောင်းသူ များအား သင်ကြားမှု၊သင်ယူမှု အရည်အသွေးထိခိုက်မှုမရှိစေရေး၊ ကျောင်းတက်ရန်အခက်အခဲရှိသည့် ကျောင်းသား၊ ကျောင်းသူများ ကျောင်းတက်ရောက်နိုင်ကြရန် တတ်နိုင်သည့်ဘက်က ကူညီ ထောက်ပံ့ဖြည့်ဆည်းပေးခဲ့ပါကြောင်း၊ အနာဂတ်အတွက် အားကိုးအားထားပြုရမယ့် မောင်သစ်လွင် မယ်သစ်လွင်တို့ အပါအဝင် ကျောင်းသား၊ ကျောင်းသူ အားလုံးတို့အတွက် ပညာရပ်ဆိုင်ရာ ပတ်ဝန်းကျင်ကောင်းတစ်ခုကို ဖန်တီးပေးတဲ့နေရာမှာ တက္ကသိုလ်အင်္ဂါရပ်နှင့်အညီ အခြေခံ အဆောက်အအုံဖွံ့ဖြိုးတိုးတက်မှုကိုပါ အလေးထားဆောင်ရွက်ပေးခဲ့ပါကြောင်း၊ မောင်သစ်လွင် မယ်သစ်လွင်တို့ ယခုရောက်ရှိနေတဲ့ ဒီဘက်စုံသုံးခန်းမကြီးကို ခန့်ညားထည်ဝါစွာ တည်ဆောက် ပေးခဲ့ပြီးဖြစ်ပါကြောင်း၊ ဘက်စုံသုံးခန်းမကြီးမှာ မောင်/မယ်သစ်လွင်တို့အတွက် အသိပညာတွေ ဖွံ့ဖြိုးတိုးတက်ဖို့ သုတေသနစာတမ်းဖတ်ပွဲတွေ၊ အသိပညာဖလှယ်ပွဲတွေ၊ စာပေဟောပြောပွဲတွေ၊ ဘာသာရပ်ဆိုင်ရာ စွမ်းဆောင်ရည်နဲ့ပတ်သက်တဲ့ ပြပွဲ၊ ပြိုင်ပွဲတွေကနေတစ်ဆင့် နိုင်ငံတကာ တက္ကသိုလ်တွေနဲ့ချိတ်ဆက်ပြီး ပညာရပ်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရမည့် အစီအစဉ်တွေ၊ သင်တန်းတွေကို ခမ်းခမ်းနားနား ဆောင်ရွက်နိုင်ဖို့ ရည်ရွယ်ပြီးတည်ဆောက်ပေးခဲ့တာဖြစ်လို့ ယခု ဘက်စုံသုံးခန်းမကြီးကို အကျိုးရှိစွာ အသုံးချပြီး မိမိတို့ရဲ့ အရည်အချင်း၊ အရည်အသွေး ပြည့်ဝအောင် ကြိုးစားဆောင်ရွက်ကြပါလို့ တိုက်တွန်းမှာကြားလိုပါကြောင်း၊ ပြည်သူတွေရဲ့  လူမှုစီးပွား ဘဝတွေဖွံ့ဖြိုး တိုးတက်အောင် တစ်ထောင့် တစ်နေရာကနေ ဆောင်ရွက်နိုင်ဖို့ ဤတက္ကသိုလ်ကြီးမှာ လူမှုစီးပွားရေးဆိုင်ရာပညာရပ်တွေကို ကြိုးကြိုးစားစား လေ့လာသင်ယူကြဖို့ လေးလေးနက်နက်မှာကြားလိုပါကြောင်း ပြောကြားပါသည်။

       ဆက်လက်၍ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးစိုးသိန်းက အမှာစကား ပြောကြားရာတွင် ရန်ကုန်တိုင်းဒေသကြီးအတွင်း တက္ကသိုလ်၊ ဒီဂရီကောလိပ်နှင့် ကောလိပ် (၃၆) ကျောင်းရှိရာ ဝိဇ္ဇာ၊ သိပ္ပံပညာရပ်များ၊ ကွန်ပျူတာပညာနှင့် နည်းပညာရပ်များ၊ ပညာရေး၊ စီးပွားရေး နှင့် စီမံခန့်ခွဲမှု ပညာရပ်များ၊ ဆေးနှင့် ဆေးနီးနွယ်ပညာရပ်များ၊ နိုင်ငံခြားဘာသာရပ်၊ ရေကြောင်း ဘာသာရပ်များကို လေ့လာသင်ယူနိုင်တဲ့ တက္ကသိုလ်များ စုံလင်စွာရှိသကဲ့သို့ လူမှုစီးပွားရေး ပညာတတ်များ လူ့စွမ်းအား အရင်းအမြစ်များ မွေးထုတ်ပေးနိုင်သည့် တက္ကသိုလ်တစ်ခုရှိသည့် အတွက် ဝမ်းသာဂုဏ်ယူမိကြောင်း၊ ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ အစိုးရဌာနများနှင့် ပုဂ္ဂလိက အဖွဲ့အစည်းများ၊ သမဝါယမ အသင်းအဖွဲ့များနှင့် စီးပွားရေးလုပ်ငန်းရှင်များအတွက်လည်း လူမှုစီးပွားရေး ပညာတတ် လူ့စွမ်းအား အရင်းအမြစ်များ ရရှိလာမှာဖြစ်ပါကြောင်း၊ အနာဂါတ်၏ ခေါင်းဆောင်များ ဖြစ်လာကြမည့် မျိုးဆက်သစ်လူငယ်များ၏ ပညာရည်မြင့်မားရေးကို ဆောင်ရွက် ရာတွင် ပညာရေးသည် အဓိက အရေးကြီးသည့်အတွက် ကျောင်းသား၊ ကျောင်းသူများအား ပူးပေါင်းဆောင်ရွက်တတ်အောင် လေ့ကျင့်ပျိုးထောင်ပေးရမှာက ဆရာ၊ ဆရာမများ၏ တာဝန် ဖြစ်ပါကြောင်း၊ ကျောင်းသားကျောင်းသူတစ်ဦးချင်းစီမှာ မိမိကိုယ်ကျိုးအတွက်ဆိုသည့် အတ္တဟိ စိတ်ကင်းစင်၍ အများအကျိုးကို ဆောင်ရွက်လိုသည့် ပရဟိတစိတ်ဖြစ်လာအောင် ဆရာ၊ ဆရာမ များက ဦးဆောင်ပြီး ပြုပြင်ဖန်တီးပေးရမှာဖြစ်ပါကြောင်း ဆရာ၊ ဆရာများအနေဖြင့် ကျောင်းသား ကျောင်းသူများကို ပညာရပ်ကျွမ်းကျင်တတ်မြောက်မှုသာမကဘဲ မျိုးချစ်စိတ်ဓါတ်နှင့် နိုင်ငံသား ကောင်းစိတ်ဓါတ်ဖြစ်ထွန်းလာအောင်လည်း လေ့ကျင့်သင်ကြားပေးကြဖို့ တိုက်တွန်းလိုပါကြောင်း၊ ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ တက္ကသိုလ် ဒီဂရီကောလိပ်နှင့် ကောလိပ်များတွင် ပညာသင်ကြား လျက်ရှိသည့် ကျောင်းသားကျောင်းသူများ သွားလာရေး အဆင်ပြေ သယ်ယူပို့ဆောင်ရေးဆိုင်ရာ ကိစ္စရပ်များကို ထောက်ပံ့ဆောင်ရွက်ပေးသလို အခြားလိုအပ်ချက်များရှိပါကလည်း တတ်စွမ်းသမျှ အကောင်းဆုံးဖြည့်ဆည်းထောက်ပံ့ပေးသွားမှာဖြစ်ပါကြောင်း  ပြောကြားပါသည်။

       ဆက်လက်၍ သမဝါယမနှင့် စီမံခန့်ခွဲမှုပညာတက္ကသိုလ် ပါမောက္ခချုပ်  ဒေါက်တာရီရီဝင်းက ဘက်စုံသုံးခန်းမ တည်ဆောက်ခဲ့ခြင်းနှင့် ပတ်သက်၍  ရှင်းလင်းတင်ပြကာ မောင်မယ်သစ်လွင် များအား ကြိုဆို နှုန်းခွန်းဆက်စကားပြောကြားပါသည်။

       ဆက်လက်၍ ပြည်ထောင်စုဝန်ကြီး ဦးလှမိုးက ပထမနှစ်ဝင်ခွင့်ရ ကျောင်းသားကျောင်းသူ များအနက် ဘာသာတွဲအလိုက် အမှတ်အများဆုံးရရှိသူများကို ဆုများအသီးသီးချီးမြှင့်ပေးပါသည်။

        ထို့နောက် ကျောင်းသားကျောင်းသူများက မြကျွန်းညိုညိုတက္ကသိုလ် တေးသီချင်းဖြင့် လည်းကောင်း၊ ပထမနှစ် မောင်မယ်သစ်လွင်များက တေးသရုပ်ဖော်ဖြင့်လည်းကောင်း၊ ရုပ်ရှင်နှင့် ဗီဒီယို သရုပ်ဆောင်များက ဖျော်ဖြေရေးတေးသီးချင်းများဖြင့်လည်းကောင်း ဖျော်ဖြေဧည့်ခံကြရာ ဖျော်ဖြေရေးအဖွဲ့များအား ဂုဏ်ပြုပန်းခြင်းနှင့် အမှတ်တရလက်ဆောင်များ ပေးအပ်ချီးမြှင့်ကာ အမှတ်တရ မှတ်တမ်းတင်ဓါတ်ပုံများ ရိုက်ကူးခဲ့ကြပါသည်။

        ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးနှင့် အဖွဲ့သည့် ယနေ့ နေ့လည်ပိုင်းက ရန်ကုန်တိုင်း ဒေသကြီး၊ တိုက်ကြီးမြို့နယ် ရင်းတိုက်ကွင်းကျေးရွာအုပ်စုရှိ ရွှေခတ်သစ်ခန်းမတွင် ကျေးရွာအုပ်စု နှင့် ရင်းတိုက်ကွင်းကျေးရွာအုပ်စုအတွင်းရှိ စပါး/ပဲစိုက် တောင်သူများနှင့်‌ တွေ့ဆုံပွဲတွင် ပြည်ထောင်စုဝန်ကြီးက ဂေါ့ကျေးရွာအုပ်စုရှိ စိုက်ဧက (၂၉၇၉)ဧက တောင်သူဦးရေ(၂၆၇)ဦးအနက် ပဲပုတ်စိုက်ပျိုးမည့်သူ များကို စုစည်း၍ သမဝါယမအသင်း ဖွဲ့စည်းပြီး တောင်သူများသို့ ပဲပုတ်မျိုးစေ့နှင့် လိုအပ်သည့် မတည်ရင်းနှီးမှုများ ထုတ်ပေးခြင်း၊ ထွက်ရှိလာသည့် ပဲပုတ်များကို ဒေသပေါက်ဈေး ရွှေဥက္ကံ အထွေထွေစီးပွားရေးလုပ်ငန်း သမဝါယမအသင်းမှ ဝယ်ယူပေးခြင်းကို သမဝါယမ ကန်ထရိုက်လယ်ယာစနစ်ဖြင့် ဆောင်ရွက်ပေးမည်ဖြစ်ကြောင်း၊ ရွှေဥက္ကံ အထွေထွေ စီးပွားရေးလုပ်ငန်း သမဝါယမအသင်းမှ လှိုင်မြစ်အရှေ့ဘက်ကမ်းတွင် ပဲပုတ်ဆီစက်တည်ထောင်ပြီး ပဲပုတ်စိုက် တောင်သူများမှ စိုက်ပျိုးထွက်ရှိသည့် ပဲပုတ်များကို ဝယ်ယူ၍ ဆီကြိတ်ခွဲရောင်းချ သွားမည်ဖြစ်ပါကြောင်း၊ စပါးစိုက်ပျိုးရာသီတွင်လည်း အောင်သစ္စာခိုင်ကုမ္ပဏီမှ သမဝါယမ ကန်ထရိုက် လယ်ယာစနစ်ဖြင့် ဆောင်ရွက်ပေးမည်ဖြစ်ပါကြောင်း ဆွေးနွေးပြောကြားရာ စပါး ပဲပုတ်စိုက်တောင်သူများနှင့် ရင်းတိုက်ကွင်းကျေးရွာ အုပ်စုတွင်းရှိ ကောင်းသန့်အောင် မျိုးစေ့ထုတ် သမဝါယမအသင်းတို့က ဆောင်ရွက်လိုသည့် အချက်များကို တင်ပြကြရာ ပြည်ထောင်စုဝန်ကြီးက တင်ပြချက်များအပေါ် လိုအပ်သည်များ ပေါင်းစပ်ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ကြောင်း သတင်းရရှိ ပါသည်။


ဆက်စပ်လင့်ခ်များ

အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။

  • တယ်လီဖုန်း

    ၀၆၇ - ၄၁၀၀၃၃
  • ဖက်စ်

    ၀၆၇ - ၄၁၀၀၃၆
  • Email

    contact@mcrd.gov.mm