Language : |
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

စီမံကိန်းရေးဆွဲခြင်းနှင့် ဘဏ္ဍာငွေအသုံးစရိတ်လျာထားခြင်းဆိုင်ရာ ဝန်ထမ်းစွမ်းဆောင်ရည်မြှင့်တင်မှုသင်တန်း ဖွင့်လှစ်


22 Jun,2022

နေပြည်တော် ဇွန် ၂၂

                       သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနမှ အသေးစားစက်မှုလက်မှုလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်စေရေး၊ နိုင်ငံစီးပွားဖွံ့ဖြိုးရေးကို တစ်ထောင့် တ‌စ်နေရာမှ အထောက်အပံ့ဖြစ်စေရေးအတွက် ပြည့်စုံကောင်းမွန်သော စီမံကိန်းအဆိုပြုလွှာများ ရေးဆွဲတင်ပြနိုင်စေရန်နှင့် ခေတ်မီစံပြကျေးရွာများတွင် ကျေးရွာတစ်ရွာ ထုတ်ကုန်တစ်ခု (OVOP) လုပ်ငန်းများ ပေါ်ထွန်းလာရေး စီမံကိန်းအဆိုပြုလွှာများရေးဆွဲ တင်ပြနိုင်စေရန် စသည့် ရည်ရွယ်ချက်များဖြင့် ဖွင့်လှစ်သော စီမံကိန်းရေးဆွဲခြင်းနှင့် ဘဏ္ဍာငွေ အသုံးစရိတ်လျာထားခြင်းဆိုင်ရာ ဝန်ထမ်းစွမ်းဆောင်ရည်မြှင့်တင်မှုသင်တန်းကို ယနေ့နံနက်ပိုင်းက အဆိုပါ ဝန်ကြီးဌာနရှိ စုပေါင်းအစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ပါသည်။

                       အဆိုပါအခမ်းအနားသို့ သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးလှမိုး၊ ဒုတိယဝန်ကြီး ဦးမြင့်စိုး၊ အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ်များ၊ ဒုတိယအမြဲတမ်းအတွင်းဝန်၊ သင်တန်း နည်းပြများ၊ သင်တန်းသား/သူများ ဖြစ်ကြသည့် ရုံးချုပ်မှ ညွှန်ကြားရေးမှူးများ၊ ယွန်းပညာကောလိပ်မှ ကျောင်းအုပ်ကြီး၊ တိုင်းဒေသကြီး/ ပြည်နယ်အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနများမှ ညွှန်ကြားရေးမှူးများ၊ အရာထမ်းများနှင့်တာဝန်ရှိသူများ တက်ရောက်ကြပါသည်။

                       ဦးစွာ ပြည်ထောင်စုဝန်ကြီး ဦးလှမိုးက အဖွင့်အမှာစကားပြောကြားရာတွင် ဝန်ကြီးဌာန၏ မျှော်မှန်းချက်ဖြစ်သော သမဝါယမကဏ္ဍနှင့် အသေးစားစက်မှုလက်မှုလုပ်ငန်းများ စနစ်တကျ ထွန်းကားစေပြီး ကျေးလက်လူမှုစီးပွားဘဝ စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်လာအောင် စီမံဆောင်ရွက်ပေးခြင်းဖြင့် မြို့ပြနှင့် ကျေးလက်များအကြား၊ ပြည်နယ်နှင့်တိုင်းဒေသကြီးများအကြား ဖွံ့ဖြိုးမှုကွာဟချက် ကျဉ်းမြောင်းစေရေး မျှော်မှန်းဆောင်ရွက်လျက်ရှိပါကြောင်း၊ အသေးစားစက်မှုလက်မှုလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်လာစေရေးအတွက် သက်ဆိုင်ရာကဏ္ဍအလိုက် ဆောင်ရွက်နေသော ရုံးချုပ်ရှိဌာနခွဲများမှ ညွှန်ကြားရေးမှူးများ၊ တိုင်းဒေသကြီး/ ပြည်နယ် များတွင် ဦးစီးဆောင်ရွက်နေသော ညွှန်ကြားရေးမှူးများ လုပ်ငန်းစွမ်းဆောင်ရည် မြှင့်တင်နိုင်ရန် လိုအပ်တဲ့အတွက် ယခုဝန်ထမ်းစွမ်းဆောင်ရည်မြှင့်တင်မှုသင်တန်းကို ဖွင့်လှစ်ပေးခြင်းဖြစ်ပါကြောင်း၊ အဖွဲ့အစည်းတစ်ခု၊ လုပ်ငန်းတစ်ခု ဖွံ့ဖြိုးတိုးတက်ရန်မှာလည်း စီမံကိန်းရေးဆွဲခြင်းအခန်းကဏ္ဍဟာ အဓိကအနေဖြင့် ပါဝင်နေပြီး စီမံကိန်းတစ်ခု ရေးဆွဲရာတွင် နိုင်ငံတော်နှင့် ဝန်ကြီးဌာန၏ မျှော်မှန်းချက်၊ ရည်မှန်းချက်၊ မူဝါဒ၊ လုပ်ငန်းစဉ်များ၊ ဌာနက ချမှတ်ထားသည့် စံနှုန်းများနှင့် ကိုက်ညီအောင် ရေးဆွဲရမည်ဖြစ်ကြောင်း၊ အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနအနေဖြင့် ကျေးရွာတစ်ရွာ ထုတ်ကုန်တစ်ခု(OVOP) ပေါ်ထွက်လာစေရေး၊ ခေတ်မီစံပြကျေးရွာများ ထူထောင်ရာ၌ ကျေးလက်နေပြည်သူများ၏ လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်အောင် ဆောင်ရွက်ရေး စသည့်အချက်များကို ဦးစီးဌာနရဲ့မူဝါဒအဖြစ် ချမှတ်ထားတဲ့အတွက် အဆိုပါမူဝါဒကို အကောင်အထည် ဖော်ဆောင်ရွက်ရန် စီမံကိန်းများ ပြင်ဆင်ရေးဆွဲဖို့ လိုအပ်ပါကြောင်း၊ ထိုသို့ ရေးဆွဲရာတွင်လည်း သတ်မှတ်ချက်များနှင့် ကိုက်ညီပြီး တိုင်းပြည်စီးပွားရေး ဖွံ့ဖြိုးတိုးတက်အောင် ဦးတည်ဆောင်ရွက် နေသည့် မိမိတို့အစိုးရအနေဖြင့် နိုင်ငံတော်၏ Trade Volume ကြီးမားလာစေရန် ကြိုးပမ်းနေတာဖြစ်တဲ့အတွက် ကုန်ထုတ်လုပ်မှုကိုလည်း Volume ကြီးကြီးဖြင့် လုပ်ကိုင်နိုင်မည့် စီမံကိန်းများ ချမှတ်ရန်လိုအပ်ပါကြောင်း၊ နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးအတွက် မိမိတို့ဝန်ကြီးဌာနမှ ရည်မှန်းချက်၊ မျှော်မှန်းချက်၊ လုပ်ငန်းတာဝန်များအတိုင်း အကောင်အထည်ဖော် ဆောင်ရွက်ရာတွင် တိုင်းဒေသကြီး/ ပြည်နယ်ရုံးများမှာလည်း တာဝန်ရှိသောကြောင့် အဆင့်ဆင့် တာဝန်ယူမှု၊ တာဝန်ခံမှုများဖြင့် လုပ်ငန်းများ အောင်မြင်အောင် ကြိုးပမ်းဆောင်ရွက်ကြစေလိုကြောင်းဖြင့် တိုက်တွန်း ပြောကြားခဲ့ပါသည်။

                       သင်တန်းတွင် စီမံကိန်းရေးဆွဲခြင်းနှင့် ဘဏ္ဍာရေးအသုံးစရိတ် လျာထားရေးဆွဲခြင်း၊ ခေါင်းဆောင်များနှင့် အဖွဲ့အစည်း ဖွံ့ဖြိုးတိုးတက်ရေး ဆက်သွယ်ရေးနည်းပညာ၊ ပဋိပက္ခများ စီမံခန့်ခွဲခြင်း၊ ထိရောက်သော အစည်းအဝေးပြုလုပ်ခြင်း၊ အများနှင့်ပူးပေါင်းလုပ်ဆောင်မှုနှင့် စီမံချက်လည်ပတ်မှုဆိုင်ရာစီမံခန့်ခွဲမှု ဘာသာရပ်တို့ကို စာတွေ့ပို့ချခြင်း၊ အပြန်အလှန်ဆွေးနွေးခြင်းနှင့် လက်တွေရေးဆွဲခြင်းနည်းစနစ်များဖြင့် သင်ကြားပို့ချသွားမည် ဖြစ်ပါကြောင်းနှင့် သင်တန်း ကာလမှာ (၄) ရက်ကြာမြင့်မည်ဖြစ်ကြောင်း သတင်းရရှိပါသည်။


ဆက်စပ်လင့်ခ်များ

အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။

  • တယ်လီဖုန်း

    ၀၆၇ - ၄၁၀၀၃၃
  • ဖက်စ်

    ၀၆၇ - ၄၁၀၀၃၆
  • Email

    contact@mcrd.gov.mm