Language : |
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

ပြည်ထောင်စုဝန်ကြီး ဦးလှမိုး ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာန၏ ၂၀၂၃-၂၀၂၄ခု ဘဏ္ဍာရေးနှစ် ဒုတိယ(၄)လပတ်လုပ်ငန်းညှိနှိုင်းအစည်းဝေး တက်ရောက်


27 Dec,2023

နေပြည်တော် ဒီဇင်ဘာ ၂၇

နိုင်ငံဘက်စုံဖွံ့ဖြိုးတိုးတက်ရေးနှင့် ကျေးလက်ဒေသများ ဆင်းရဲနွမ်းပါးမှု လျော့ချရေး လုပ်ငန်းများမှာ ကျေးလက်ဒေသများအတွင်း သယ်ယူပို့ဆောင်ရေး လွယ်ကူချောမွေ့မှု အပေါ် များစွာအခြေခံနေတာကြောင့် ကျေးလက်ဒေသလမ်းပန်း ဆက်သွယ်ရေး ကောင်းမွန်မှုသည် အဓိကအရေးကြီးသော အခန်းကဏ္ဍမှာပါဝင်နေကြောင်း၊ ဒေသခံပြည်သူ များ၏ စိုက်ပျိုးမွေးမြူရေးဆိုင်ရာ ကုန်ထုတ်လုပ်ငန်းများ တစ်နှစ်တာကာလပတ်လုံး သယ်ယူပို့ဆောင် ရောင်းချနိုင်ရေးအတွက် ရာသီမရွေးဆက်သွယ် သွားလာနိုင်သည့် ကျေးလက်လမ်းများ အဓိကလိုအပ်လျက်ရှိပါကြောင်း၊ နိုင်ငံအတွင်းကျေးလက်လမ်း၊ တံတားများအား အဆင့်မြှင့်တင် ဆောင်ရွက်ပေးနိုင်ခြင်းအားဖြင့် ကျေးလက်နေပြည်သူ များ၏ ပညာရေး၊ ကျန်းမာရေး အစရှိသည့် လူမှုစီးပွားဘဝဖွံ့ဖြိုး တိုးတက်ရေးသာမက ပြည်သူတစ်ဦးချင်းစီ၏ ဝင်ငွေတိုးတက်မှုမြင့်မားလာပြီး နိုင်ငံ၏ GDP တိုးတက်ရေးကို တစ်ဖက်တစ်လမ်းမှ အထောက်အကူပြုနိုင်မှာဖြစ်သည့်အတွက် ကျေးလက်လမ်း၊ တံတား များ အဆင့်မြှင့်တင်ခြင်း၊ အသစ်တည်ဆောက်ခြင်းတို့ကို ကျေးလက်လမ်းဖွံ့ဖြိုးရေး ဦးစီးဌာန အနေဖြင့် အားသွန်ခွန်စိုက် ဆက်လက် အကောင်အထည်ဖော် ဆောင်ရွက် သွားရမှာဖြစ်ပါကြောင်း ယနေ့ နေ့လည်ပိုင်းက နေပြည်တော်ရှိ ရုံးအမှတ်(၁၁)၊ ကျေးလက် လမ်းဖွံ့ဖြိုးရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်သည့် ၂၀၂၃-၂၀၂၄ခု ဘဏ္ဍာရေးနှစ် ဒုတိယ(၄)လပတ် လုပ်ငန်းညှိနှိုင်းအစည်းဝေးတွင် သမဝါယမနှင့် ကျေးလက် ဖွံ့ဖြိုးရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးလှမိုးက ပြောကြားခဲ့ခြင်းဖြစ်ပါသည်။

အခမ်းအနားတွင် ပြည်ထောင်စုဝန်ကြီး ဦးလှမိုးက မိမိတို့ဝန်ကြီးဌာန အနေဖြင့် ကျေးလက်နေပြည်သူများ၏ လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်ရေး၊ ကျေးလက်ဒေသများ စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်ရေးနှင့် မိသားစုဝင်ငွေတိုးပွားရေးလုပ်ငန်းများအား အဓိက ရည်မှန်းချက်ထား ဆောင်ရွက်လျက်သကဲ့သို့ ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာန အနေဖြင့် လည်း လမ်းကွန်ယက်များ စဉ်ဆက်မပြတ်ဖွံ့ဖြိုးပြီး ၂၀၃၀ ခုနှစ် မတိုင်မီ မြန်မာနိုင်ငံ အတွင်းရှိ ကျေးရွာများတွင် ရာသီမရွေးသွားလာနိုင်သောလမ်းများ ပေါ်ပေါက်လာရေး ရည်မှန်းချက်ထားရှိကာ ကျေးလက်လမ်း၊ တံတားများဖွံ့ဖြိုးတိုးတက်ပြီး ရေရှည် တည်တံ့ အောင်ဆောင်ရွက်ပေးခြင်းဖြင့် ကျေးလက်နေပြည်သူများ၏ လူမှုစီးပွားဘဝဖွံ့ဖြိုး တိုးတက် စေရေး၊ မူဝါဒများချမှတ် အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိပါကြောင်း ပြောကြား ပါသည်။

ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးက ဦးစီးဌာနရှိ ဝန်ထမ်းများအနေဖြင့် ကျေးလက် နေပြည်သူများအပေါ် စေတနာထား ကူညီပံ့ပိုးပေးရန်နှင့် မိမိတို့ကူညီ ဆောင်ရွက်ပေးနိုင် သမျှကိုလည်း မြန်မြန်ဆန်ဆန် ဆောင်ရွက်ပေးကြဖို့လိုအပ်မှာဖြစ်ပါကြောင်း၊ ကျေးလက် လမ်း၊ တံတားလုပ်ငန်းများ ဆောင်ရွက်ရာတွင် လုပ်ငန်းမစတင်မီကတည်းက မြေပြင် အခြေအနေ များကို ကွင်းဆင်းစစ်ဆေးပြီး Feasibility Survey (FS) လုပ်ငန်းများကို အချိန်နှင့်တပြေးညီရေးဆွဲ ဆောင်ရွက်ကြရန်နှင့် အသေးစိတ်ပုံစံထုတ်ခြင်း၊ ခန့်မှန်းခြေ စာရင်း ရေးဆွဲခြင်းနှင့် စံနှုန်းများသတ်မှတ်ခြင်း၊ တည်ဆောက်ခြင်းလုပ်ငန်းများ သတ်မှတ် စံချိန်စံညွှန်း အရည်အသွေးပြည့်မီစေရေးအတွက် စနစ်တကျစစ်ဆေး ဆောင်ရွက် သွားကြရန် လိုအပ်ပါကြောင်း၊ ကျေးလက်လမ်း၊ တံတားလုပ်ငန်းများနှင့် စီမံကိန်းများကို အကောင်အထည်ဖော်ဆောင်ရွက်ရာမှာ နိုင်ငံတော်မှ ချမှတ်ထားသည့် တင်ဒါစည်းမျဉ်း စည်းကမ်းများ၊ ဘဏ္ဍာရေးဆိုင်ရာ စည်းမျဉ်းစည်းကမ်း များနှင့်အညီ စနစ်တကျဆောင်ရွက် သွားကြရန်မှာကြားလိုပါကြောင်း၊  မိမိတို့ ဆောင်ရွက်သည့် လုပ်ငန်းစဉ်တစ်လျှောက်လုံး အဂတိတရားကင်းရှင်းစွာဖြင့် ပွင့်လင်းမြင်သာမှု၊ တာဝန်ယူမှု တာဝန်ခံမှုတို့ဖြင့် ဆောင်ရွက် သွားကြရန်ဆွေးနွေးမှာကြားပါသည်။

ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးက တိုင်းဒေသကြီး/ပြည်နယ် ညွှန်ကြားရေးမှူး များအနေဖြင့်လည်း လုပ်ငန်းများဆောင်ရွက်ရာတွင် သာမန်လုပ်ရိုးလုပ်စဉ်အတိုင်း ဆောင်ရွက်ခြင်း မဟုတ်ဘဲ တီထွင်ကြံဆ ကြိုးပမ်းလုပ်ဆောင်ကြရန်လိုအပ်ကြောင်း၊ တွေ့ကြုံရသည့် မြေပြင်အခြေအနေအမှန်များ၊ အခက်အခဲများရှိပါက မကွယ်မဝှက်ဘဲ အရှိကို အရှိတိုင်းတင်ပြရန်လိုအပ်ကြောင်းနှင့် အခြေအနေအမှန်ကို သိရှိမှသာ မိမိအနေဖြင့် မှန်ကန်သော ဆုံးဖြတ်ချက်များကို ချမှတ်ပေးနိုင်မှာဖြစ်သည့်အတွက် အရှိအတိုင်း တင်ပြ ကြရန်လိုအပ်ကြောင်း ပြောကြားပါသည်။

          ဆက်လက်၍ ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးစိုးထွန်းနိုင်က ၂၀၂၃-၂၀၂၄ ခုဘဏ္ဍာရေးနှစ်တွင် အကောင်အထည်ဖော်ဆောင်ရွက် လျက်ရှိသည့် ကျေးလက်လမ်း၊ တံတားလုပ်ငန်းများ ဆောင်ရွက်ပြီးစီးမှုအခြေအနေများနှင့် ဆက်လက်ဆောင်ရွက်မည့်အစီအစဉ်များကို ရှင်းလင်းတင်ပြပါသည်။

          ထို့နောက် တိုင်းဒေသကြီး/ပြည်နယ် ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာန ညွှန်ကြားရေးမှူးများက မိမိတို့တိုင်းဒေသကြီး/ ပြည်နယ်များအတွင်း ယခုဘဏ္ဍာရေးနှစ် တွင် အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိသည့် ကျေးလက်လမ်း၊ တံတားလုပ်ငန်းများ ဆောင်ရွက်ပြီးစီးမှုများအား အသီးသီးရှင်းလင်းတင်ပြကြပါသည်။

          ဆက်လက်ပြီး ဒုတိယဝန်ကြီး ဦးမြင့်စိုးက သမဝါယမဖွံ့ဖြိုးရေးလုပ်ငန်းများ၊ အသက်မွေးဝမ်းကျောင်းဆိုင်ရာ အသေးစားအလတ်စားစီးပွားရေးလုပ်ငန်းများနှင့်  စဉ်ဆက် မပြတ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများအတွက် လုပ်ငန်းလိုအပ်ချက် များအား ဆွေးနွေးပြောကြားပါသည်။

          ဆက်လက်ပြီး အမြဲတမ်းအတွင်းဝန် ဦးခန့်ဇော်က တိုင်းဒေသကြီး/ ပြည်နယ် ဦးစီးမှူးများ၏ တင်ပြချက်များအပေါ် သက်ဆိုင်ရာ ဝန်ကြီးဌာနများနှင့် ညှိနှိုင်းဆောင်ရွက် ရမည့်ကိစ္စရပ်များ၊ လုပ်ငန်းများ စံချိန်စံညွှန်းပြည့်မီစွာဖြင့် အချိန်မီပြီးစီးရေး  သုံးသပ် ဆွေးနွေးတင်ပြပြီးနောက် ဆက်စပ်ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်များက ကျေးလက် ဒေသဖွံ့ဖြိုးရေးအတွက်  သက်ဆိုင်ရာ ကဏ္ဍများအလိုက် ဦးစီးဌာနအချင်းချင်း ပေါင်းစပ် ဆောင်ရွက်နေမှု အခြေအနေများ ဆက်လက်ဆောင်ရွက်သွားမည့် အစီအစဉ်များကို ဆွေးနွေးတင်ပြကြပါသည်။

          ထို့နောက် ပြည်ထောင်စုဝန်ကြီး ဦးလှမိုးက ကျေးလက်နေပြည်သူ ၇၀ ရာခိုင်နှုန်း၏ လူမှုစီးပွားဘဝတိုးတက်မြင့်မားရေးကို အထောက်အကူဖြစ်စေမည့် ကျေးလက်လမ်း/ တံတားများ အရည်အသွေးပြည့်မီစွာ အချိန်မီပြီးစီးရေး၊ ဌာနပိုင်ယာဉ်စက်ယန္တရားများကို ဖွံ့ဖြိုးရေးလုပ်ငန်းများတွင် ထိထိရောက်ရောက် အကျိုးရှိအောင်အသုံးချနိုင်ရေး တာဝန်ရှိသူ အဆင့်ဆင့်မှ တာဝန်ယူမှု တာဝန်ခံမှုဖြင့် ဆောင်ရွက်ကြရေးမှာကြားပြီး တိုင်းဒေသကြီး/ ပြည်နယ်များမှ ညွှန်ကြားရေးမှူးများ၏ တင်ပြချက်များကို ပေါင်းစပ်ဖြည့်ဆည်း ဆောင်ရွက်ပေးခဲ့ကြောင်း သတင်းရရှိပါသည်။


ဆက်စပ်လင့်ခ်များ

အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။

  • တယ်လီဖုန်း

    ၀၆၇ - ၄၁၀၀၃၃
  • ဖက်စ်

    ၀၆၇ - ၄၁၀၀၃၆
  • Email

    contact@mcrd.gov.mm