Language : |
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

ပြည်ထောင်စုဝန်ကြီး ဦးလှမိုး Business Plan နှင့် ငွေစာရင်းရေးဆွဲနည်းဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲနှင့် နွေရာသီရေရှားပါး ပြတ်လပ်မှုကြုံတွေ့နိုင်သည့် ကျေးရွာများတွင် သောက်သုံးရေပြတ်လပ်မှု မဖြစ်ပေါ်စေရန်အတွက် ကြိုတင်စီမံဆောင်ရွက်နိုင်ရေး ညှိနှိုင်းအစည်းအဝေး တက်ရောက်


21 Dec,2023

နေပြည်တော် ဒီဇင်ဘာ ၂၁

အသေးစားကုန်ထုတ်လုပ်ငန်းများ ဖန်တီးပေးနိုင်ရေးနှင့် ကျေးလက်နေမိသားစုဝင်ငွေတိုးရေး စီမံကိန်းလုပ်ငန်းများ ဆက်လက်အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရန်အတွက် Business Plan နှင့် ငွေစာရင်းရေးဆွဲနည်းဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲနှင့် ၂၀၂၄ ခုနှစ် နွေရာသီရေရှားပါး ပြတ်လပ်မှုကြုံတွေ့ နိုင်သည့် ကျေးရွာများတွင်  သောက်သုံးရေပြတ်လပ်မှု မဖြစ်ပေါ်စေရန်အတွက် ကြိုတင်စီမံဆောင်ရွက် နိုင်ရေးညှိနှိုင်းအစည်းအဝေးပွဲ အခမ်းအနားများကို ယနေ့ နံနက်ပိုင်းက နေပြည်တော်ရှိ ရုံးအမှတ် (၁၆)၊ သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးရုံး၌ ကျင်းပရာ သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးလှမိုးတက်ရောက်အမှာစကားပြောကြားသည်။

          ဦးစွာ ပြည်ထောင်စုဝန်ကြီး ဦးလှမိုးက အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနအနေဖြင့် ဌာန၏ မျှော်မှန်းချက်၊ ရည်မှန်းချက်များနှင့်အညီ အသေးစားစက်မှု လက်မှုလုပ်ငန်းများ စနစ်တကျ ထွန်းကား လာစေရေး မျှော်မှန်းဆောင်ရွက်လျက်ရှိပါကြောင်း၊ “အသေးစား ကုန်ထုတ်လုပ်ငန်းများ ဖန်တီးပေးနိုင်ရေး နှင့် ကျေးလက်နေမိသားစုဝင်ငွေတိုးရေးစီမံကိန်း လုပ်ငန်းများမှ အမှန်တကယ်လုပ်ငန်း ထူထောင် လိုစိတ်ရှိသူ၊ လုပ်ငန်းထူထောင်ရန်အတွက် အရင်းအနှီးအမှန်တကယ်လိုအပ်သူ၊ ဒေသဖွံ့ဖြိုးရေးအတွက် ဆောင်ရွက်လိုစိတ်ရှိသူ၊ ရိုးသားကြိုးစား၍ သစ္စာရှိသူများကို ရွေးချယ်ပြီး တစ်နိုင် တစ်ပိုင်စီးပွားရေး လုပ်ငန်းများ ထူထောင်နိုင်စေရန်အတွက် လုပ်ငန်းသုံးပစ္စည်းများကိုလည်း ထောက်ပံ့ပေးအပ်လျက် ရှိပါကြောင်း၊ ယခု အလုပ်ရုံဆွေးနွေးပွဲသည် လုပ်ငန်းထူထောင်မည့်သူများ လုပ်ငန်းများဆောင်ရွက်ရာတွင် စနစ်တကျဖြင့် အောင်မြင်အောင် ဆောင်ရွက်နိုင်ရန်နှင့် စာရင်းဇယားများ မှန်ကန်စွာ ရေးဆွဲတတ်ရန် တိုင်းဒေသကြီး/ပြည်နယ်၊ ခရိုင် ရက်ကန်းသင်တန်းကျောင်းများရှိ စီမံကိန်းလုပ်ငန်းကို တာဝန်ယူ ဆောင်ရွက်လျက်ရှိသော အရာထမ်း၊ ဝန်ထမ်းများက ဤဆွေးနွေးပွဲမှ ရရှိလာသောအသိပညာ၊ ဗဟုသုတ များကို ပြန်လည်သင်ကြားပေးနိုင်ရန် ရည်ရွယ်၍ကျင်းပပြုလုပ်ခြင်းဖြစ်ပါကြောင်း၊ ယခုအလုပ်ရုံ ဆွေးနွေးပွဲကို ဒီဇင်ဘာလ ၂၁ ရက်နေ့မှ ၂၃ ရက်နေ့အထိ   Business Plan အကြောင်း၊ Business Plan ရေးဆွဲနည်း၊ Business Plan အမျိုးအစားများ၊ ဒီဂျစ်တယ် ဈေးကွက်စီးပွားရေးအကြောင်း၊ ဒီဂျစ်တယ် ဈေးကွက်စီးပွားရေး၏ အရေးပါမှု၊ ဒီဂျစ်တယ်ဈေးကွက် စီးပွားရေး၏ အကျိုးကျေးဇူးများ၊ ငွေစာရင်း ရေးဆွဲနည်းတို့ကို ဆွေးနွေးသွားမည် ဖြစ်ပြီး ဆွေးနွေးပွဲ တက်ရောက်လာသူများအနေဖြင့် လုပ်ငန်းရှင်များ စာရင်းဇယားရေးဆွဲရာတွင် ကြုံတွေ့ရနိုင်သော အခက်အခဲများ၊ ၎င်းတို့၏ ထုတ်ကုန်များ ဖြန့်ဖြူး နိုင်ရေးအတွက် လိုအပ်သော ဈေးကွက်အခြေခံသဘောတရားများနှင့် လုပ်ငန်းထူထောင်ရာတွင် ကြုံတွေ့ရ နိုင်သောအခက်အခဲများအတွက် ဖြေရှင်းနိုင်မည့် အကောင်းဆုံးနည်းလမ်းများ ပေါ်ထွက်လာအောင် ဝိုင်းဝန်းဆွေးနွေးကြပြီး ရရှိလာသော နည်းလမ်းများနှင့် အသိပညာများကို လုပ်ငန်း ထူထောင်မည့် သူများထံ တစ်ဆင့်ပြန်လည် ပို့ချပေးရမည်ဖြစ်ပါကြောင်း၊ လုပ်ငန်းများ အောင်မြင်အောင် ဆောင်ရွက် နိုင်မှသာ မိမိတို့ဝန်ကြီးဌာနက အဓိကထားဆောင်ရွက်ပေးနေသည့် ကျေးလက်နေပြည်သူများ၏ လူမှုစီးပွားဘဝ မြင့်မားရေးကို တစ်ဖက် တစ်လမ်းက အထောက်အကူပြုဆောင်ရွက်ပေးနိုင်မည် ဖြစ်၍ သက်ဆိုင်သူ အားလုံးက ဝိုင်းဝန်းဆောင်ရွက်သွားကြရန် လိုအပ်ကြောင်း တိုက်တွန်းပြောကြားပြီး တိုင်းဒေသကြီး/ ပြည်နယ်အသီးသီးမှ စီမံကိန်းလုပ်ငန်း ဆောင်ရွက်လျက်ရှိသည့် အရာထမ်းများအား ရင်းရင်းနှီးနှီး လိုက်လံနှုတ်ဆက်ပါသည်။

ဆက်လက်၍ ပြည်ထောင်စုဝန်ကြီး ဦးလှမိုးသည် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန၏ ၂၀၂၄ ခုနှစ် နွေရာသီရေရှားပါး ပြတ်လပ်မှုကြုံတွေ့နိုင်သည့် ကျေးရွာများတွင်  သောက်သုံးရေပြတ်လပ်မှု မဖြစ်ပေါ်စေရန်အတွက် ကြိုတင်စီမံဆောင်ရွက်နိုင်ရေး ညှိနှိုင်းအစည်း အဝေးသို့ တက်ရောက်အမှာစကားပြောကြားရာ မိမိတို့ဝန်ကြီးဌာနအနေဖြင့် ကျေးလက်နေ ပြည်သူများ စားရေရိက္ခာဖူလုံရေးနှင့် ဘေးကင်းလုံခြုံရေး၊ အဟာရပြည့်ဝစေရေးတို့အတွက် သန့်ရှင်းသော သောက်သုံးရေရရှိရေးဟာ အလွန်ပဲအရေးကြီးသည့်အတွက် ဦးစားပေး လုပ်ငန်းစဉ် တစ်ရပ်အဖြစ် သတ်မှတ်ပြီး အထူးအလေး ပေးဆောင်ရွက်လျက်ရှိပါကြောင်း၊ ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနအနေဖြင့်လည်း ရေပေးရေး၊ ကျန်းမာသန့်ရှင်းရေးနှင့် တစ်ကိုယ်ရည် သန့်ရှင်းရေးဆိုင်ရာ မဟာဗျူဟာနှင့် ရင်းနှီးမြှုပ်နှံမှုအစီအစဉ်ကို ရေးဆွဲအကောင်အထည်ဖော် ဆောင်ရွက်ခဲ့ပြီး    ၂၀၁၂ − ၂၀၁၃ ခုဘဏ္ဍာနှစ်မှ ၂၀၂၂ −၂၀၂၃ခု ဘဏ္ဍာနှစ်ထိ ကျေးရွာပေါင်း ၃၀၂၉၈ ရွာမှာ ကျေးလက်ရေရရှိရေးလုပ်ငန်း ၄၁၅၂၄ ခုကို ဆောင်ရွက်ပေးနိုင်ခဲ့တဲ့အတွက် ကျေးလက် လူဦးရေ ၂၂ သန်းကို အကျိုးပြုခဲ့ပါကြောင်း၊ ယခုဘဏ္ဍာနှစ်တွင်လည်း ကျေးလက် ရေရှိရေးလုပ်ငန်းပေါင်း ၁၁၉၅ ခု ကို ဆောင်ရွက်မှာဖြစ်တဲ့အတွက် ကျေးရွာ ၉၂၀ ရွာမှ လူဦးရေ ၀.၇ သန်းခန့်ကို ထပ်မံအကျိုးပြုစေမှာဖြစ်ပါကြောင်း၊ သို့သော်လည်း သဘာဝဘေးအန္တရာယ် ကျရောက်မှု၊ ရာသီဥတု ပြောင်းလဲလာမှုတို့ကြောင့် နွေရာသီကာလတွင် ကျေးရွာအချို့၌ ရေရှားပါးမှု၊ သောက်သုံး ရေမလုံလောက်မှု စသည့် ပြဿနာများကို နှစ်စဉ်ကြုံတွေ့နေရပါကြောင်း၊ ယခုနှစ် ၂၀၂၃ခုနှစ်၊ စက်တင်ဘာလမှ  ၂၀၂၄ခုနှစ်၊ မတ်လအတွင်း အယ်လ်နီညိုအား အကောင်းဆုံး ဖြစ်ပေါ်နိုင်ကြောင်း ခန့်မှန်းထားပြီး နွေရာသီကာလတွင်လည်း သောက်သုံးရေပြတ်လတ်မှု ပြဿနာများကြုံတွေနိုင်မှာ ဖြစ်တဲ့အတွက် ကြိုတင်စီမံခန့်ခွဲနိုင်ဖို့ ယခုလိုညှိနှိုင်းအစည်းအဝေးကို ကျင်းပရခြင်းဖြစ်ကြောင်း၊ နွေရာသီရေရှားပါးမှုပြဿနာကို ဖြေရှင်းရာမှာ သောက်သုံးရေဖြန့်ဝေ ခြင်းကဲ့သို့သော လတ်တလော ဆောင်ရွက်မည့် အစီအစဉ်များသာမကပဲ ကျေးရွာများ၏ ရေရှားပါးရခြင်း အဓိကအကြောင်း အရင်းကို ဖော်ထုတ်ပြီးဖြေရှင်းနိုင်မယ့် ကာလတို၊ ကာလလတ် အစီအမံများ ရေးဆွဲပြီးစနစ်တကျ မြန်မြန်ဆန်ဆန် တုံ့ပြန်ဆောင်ရွက်ဖို့ မှာကြားလိုပါကြောင်း၊ ရေချွေတာရေး ကျယ်ကျယ်ပြန့်ပြန့် အသိပညာပေး ဆောင်ရွက်ရန်မှာကြားလိုပါကြောင်း၊ ဒီလို ဆောင်ရွက်တဲ့နေရာမှာလည်း အစိုးရ၏ အားတစ်ခုတည်း သာမကပဲ ဖွံ့ဖြိုးရေး မိတ်ဖက် အဖွဲ့အစည်းများ၊ အလှူရှင်များ၊ ဒေသန္တရ အုပ်ချုပ်ရေးအဖွဲ့များနှင့် ပူးပေါင်းညှိနှိုင်းပြီး ဆောင်ရွက် ကြဖို့လိုအပ်မှာဖြစ်ပါကြောင်း၊ ကျေးလက်ရေ ရရှိရေးလုပ်ငန်းများ ဆောင်ရွက်ရာမှာ မျှော်မှန်းချက် များ ပြည့်မီစေရေး၊ ရေရှည်တည့်တံ့ခိုင်မြဲစေရေးအတွက် ဒေသနှင့် ကိုက်ညီသော ခေတ်မီ နည်းပညာများကို အသုံးပြုရန်လိုအပ်မှာဖြစ်ပြီး ဒေသအတွက် ထိရောက်အကျိုးရှိမည့် နည်းပညာ များ အသုံးပြုနိုင်ရေးအတွက် ရေပေးရေးဆိုင်ရာ သုတေသနလုပ်ငန်းများကို ဆောင်ရွက်ကြဖို့  မှာကြားလိုပါကြောင်း၊ အမှန်တကယ် ရေရှားပါးသော ကျေးရွာများကို ဖော်ထုတ်ပြီး ထိရောက်သော အစီအမံများ ရေးဆွဲနိုင်ရေးအတွက် ကျေးရွာများ၏ လက်ရှိအခြေအနေမှန်ကို သိရှိဖို့လိုအပ်မှာ ဖြစ်ကြောင်း၊ ဒါကြောင့် တစ်မြို့နယ်ချင်းအလိုက် ကျေးလက်ရေပေးရေးဆိုင်ရာ စစ်တမ်းများ၊ အချက်အလက်များ ကောက်ယူထားဖို့လိုအပ်မှာဖြစ်ပြီး အချက်အလက် မှန်ကန်မှု ရှိဖို့လည်း အရေးကြီးပါကြောင်း၊ ကျေးလက်ရေရှိရေးအချက်အလက် စီမံခန့်ခွဲမှုစနစ် (Rural Water Supply –Management Information System RWS-MIS) အသုံးပြုပြီး ကျေးရွာများ၏ လက်ရှိရေသုံးစွဲမှုနှင့် လုပ်ငန်းလည်ပတ်မှုအခြေအနေများကို ကောက်ယူဆောင်ရွက်လျက်ရှိပြီး ယခုအချိန် အထိ ၆၅ ရာခိုင်နှုန်းခန့် ကောက်ယူပြီးစီးပြီလို့ သိရှိရပါကြောင်း၊ အဆိုပါ စနစ်ကိုအသုံးပြုပြီး တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် ကောက်ယူပြီးစီးနိုင်ရေးအတွက် စီမံဆောင်ရွက်သွားဖို့ မှာကြားလိုပါကြောင်း၊ ဒါ့အပြင် ၂၀၃၀ ပြည့်နှစ်တွင် Sustainable Development Goals နှင့် Myanmar Sustainable Development Plan ပါရည်မှန်းချက်များ ပြည့်မီစေရေးအတွက် ရေရရှိရေးလုပ်ငန်းများကို တိုးချဲ့ဆောင်ရွက်ရမှာဖြစ်သလို တည်ဆောက်ပြီး လုပ်ငန်းများ စနစ်တကျ ရေရှည်လည်ပတ်စေရေး အတွက်ကိုလည်း စီမံဆောင်ရွက်ရန် လိုအပ်မှာ ဖြစ်ပါကြောင်း၊ ဒါ့ကြောင့် စောင့်ကြည့်စစ်ဆေးခြင်း (Monitoring) အကဲဖြတ်သုံးသပ်ခြင်း (Evaluation)တို့ကို စနစ်တကျဆောင်ရွက်ဖို့ မှာကြား လိုပါကြောင်း ပြောကြားပါသည်။

ဆက်လက်၍ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးသိန်းလွင်က ၂၀၂၄ ခုနှစ်၊ နွေရာသီကာလ သောက်သုံးရေ ရှားပါးပြတ်လပ်မှု မဖြစ်ပေါ်စေရေး ကြိုတင်စီမံဆောင်ရွက်ထားရှိမှု အခြေအနေများအားလည်းကောင်း၊ တိုင်းဒေသကြီး/ပြည်နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ဦးစီးမှူးများ တိုင်းဒေသကြီး/ပြည်နယ်အလိုက် ကြိုတင်စီမံဆောင်ရွက်ထားရှိမှုအခြေအနေများလည်းကောင်း ရှင်းလင်းတင်ပြကြရာ သမဝါယမနှင့် အမြဲတမ်းအတွင်းဝန် ဦးခန့်ဇော်က တိုင်းဒေသကြီး/ပြည်နယ် ဦးစီးမှူးများတင်ပြချက်များအပေါ် ဖြည့်စွက်ဆွေးနွေးပါသည်။

ထို့နောက် ပြည်ထောင်စုဝန်ကြီးက ညွှန်ကြားရေးမှူးချုပ်နှင့် တိုင်းဒေသကြီး/ပြည်နယ် ဦးစီးမှူးများ၏ ၂၀၂၄ ခုနှစ်၊ နွေရာသီကာလ သောက်သုံးရေ ရှားပါးပြတ်လပ်မှု မဖြစ်ပေါ်စေရေး ကြိုတင်စီမံဆောင်ရွက်ထားရှိမှု အခြေအနေများနှင့်စပ်လျဉ်း၍ တင်ပြချက်များအပေါ် လိုအပ်သည် များပေါင်းစပ်ဖြည့်ဆည်းဆောင်ရွက်ပေးပါသည်။

ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် ပျဉ်းမနားမြို့နယ်၊ သူဌေးကုန်းကျေးရွာသို့ သွားရောက်သို့ ရောက်ရှိပြီး ပျဉ်းမနားမြိုနယ်သမဝါယမအသင်းစုပိုင် စိုက်ပျိုးဧက ၁၅ ဧက ပေါ်တွင် ရုရှားသဘာဝမြေဩဇာအသုံးပြု၍ အစေ့ထုတ်ပြောင်း GT-200 မျိုး စမ်းသပ်စိုက်ပျိုးနေမှုများကို ကြည့်ရှုစစ်ဆေးရာ သက်ဆိုင်ရာတာဝန်ရှိသူများက လုပ်ငန်းဆောင်ရွက်နေမှု အခြေအနေများကို ရှင်းလင်းတင်ပြပါသည်။ ရှင်းလင်းတင်ပြမှုများအပေါ် သမဝါယမအသင်းသား တောင်သူများ၊ သက်ဆိုင်ရာ တာဝန်ရှိသူများအနေဖြင့် သီးနှံများအထွက်တိုးစေရေးအတွက် လုပ်ဆောင်ရမည့် စိုက်ပျိုးရေးလုပ်ငန်းစဉ်များကို စနစ်တကျ ကြိုးစားဆောင်ရွက်ကြရန်လိုအပ်ပြီး လုပ်ငန်းဆောင်ရွက်မှု အဆင့်ဆင့်ကို စနစ်တကျမှတ်တမ်းတင်ထားရှိရန် လိုအပ်ကြောင်း ဆွေးနွေးမှာကြားပြီးနောက် အသားတိုးကြက်မွေးမြူထားရှိမှု အခြေအနေများ ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သတင်းရရှိပါသည်။ 


ဆက်စပ် သတင်းများ

Related News and Articles

ဆက်စပ်လင့်ခ်များ

အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။

  • တယ်လီဖုန်း

    ၀၆၇ - ၄၁၀၀၃၃
  • ဖက်စ်

    ၀၆၇ - ၄၁၀၀၃၆
  • Email

    contact@mcrd.gov.mm