Language : |
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

ပြည်ထောင်စုဝန်ကြီး ဦးလှမိုး မန္တလေးတိုင်းဒေသကြီးအတွင်း ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများနှင့် သမဝါယမလုပ်ငန်းများဆောင်ရွက်နေမှု ကြည့်ရှုစစ်ဆေး


23 Dec,2023

နေပြည်တော် ဒီဇင်ဘာ ၂၃

သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးလှမိုး၊ မန္တလေးတိုင်း ဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးမျိုးအောင်တို့သည် ယနေ့ နံနက်ပိုင်းက သက်ဆိုင်ရာ  တာဝန် ရှိသူများ လိုက်ပါလျက် မန္တလေးတိုင်းဒေသကြီးအတွင်း ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများနှင့် သမဝါယမ လုပ်ငန်းများဆောင်ရွက်နေမှု အခြေအနေများကို ကြည့်ရှုစစ်ဆေးပါသည်။

ရှေးဦးစွာ ပြည်ထောင်စုဝန်ကြီး၊ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် ဌာနဆိုင်ရာတာဝန်ရှိသူ များသည် မန္တလေးတိုင်းဒေသကြီး၊ စဉ့်ကိုင်မြို့နယ်၊ ကင်းလပ်ကျေးရွာသို့ ရောက်ရှိပြီး ကျေးရွာ ယာယီရှင်းလင်းဆောင်၌ ဒေသခံပြည်သူများနှင့်တွေ့ဆုံရာ ပြည်ထောင်စုဝန်ကြီးက ကျေးလက်နေ ပြည်သူများ၏ တစ်ဦးချင်း ဝင်ငွေတိုးပွားစေရေး  စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် တစ်ပိုင်တစ်နိုင် ကုန်ထုတ်လုပ်မှုလုပ်ငန်းများ လုပ်ကိုင်ဆောင်ရွက်နိုင်စေရေး၊ မြို့ပြနှင့် ကျေးလက်ဖွံ့ဖြိုးမှု ကွာဟချက်များ ကျဉ်းမြောင်းလာစေရေး၊ လူနေမှုအဆင့် အတန်းမြင့်မားပြီး စီးပွားရေး ခိုင်မာ အားကောင်းသည့် ခေတ်မီစံပြကျေးရွာများ ဖြစ်ပေါ်လာစေရေးအတွက် နိုင်ငံတော်အစိုးရ၏ စီမံ လမ်းညွှန်မှုဖြင့် မိမိတို့ဝန်ကြီးဌာနမှ အခြေခံအဆောက် အအုံဖွံ့ဖြိုးရေးလုပ်ငန်းများ၊ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ကျေးရွာကုန်ထုတ်လုပ်ငန်းများအား အရှိန်အဟုန်ဖြင့် အကောင်အထည်ဖော် ဆောင်ရွက်ပေးလျက်ရှိပါကြောင်း၊ ဒေသခံတောင်သူများအနေဖြင့် စိတ်တူကိုယ်တူဆန္ဒတူသူများ စုပေါင်း၍ သမဝါယမအသင်းများဖွဲ့စည်း၍ စီးပွားဖြစ်လယ်ယာကုန်ထုတ်လုပ်ငန်းများ ပေါ်ထွန်း လာရေးအတွက် ကျေးရွာသူ ကျေးရွာသားများ အားလုံးပူးပေါင်း လုပ်ဆောင်ကြရန်လိုအပ် ကြောင်းနှင့် ဒေသဖွံ့ဖြိုးရေးဆိုင်ရာများကို ဆွေးနွေးပြောကြားပါသည်။

 ထို့နောက် မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမျိုးအောင်က တိုင်းဒေသကြီးအတွင်း ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်ပေးခဲ့မှု အခြေအနေများနှင့် ဆက်လက်ဆောင်ရွက်ပေးနိုင်မည့် အခြေအနေများကို ရှင်းလင်းပြောကြားပါသည်။ ထို့နောက် ကျေးရွာဖွံ့ဖြိုးရေးကော်မတီဝင် တစ်ဦးက ကျေးရွာဆိုင်ရာအချက်အလက်များရှင်းလင်းတင်ပြပြီး ဒေသခံ ပြည်သူများ၏  ဒေသဖွံ့ဖြိုးရေးဆိုင်ရာ တင်ပြချက်များအပေါ် ပြည်ထောင်စုဝန်ကြီးနှင့် တိုင်းဒေသကြီး ဝန်ကြီးချုပ်တို့ ပေါင်းစပ်ဖြည့်ဆည်းဆောင်ရွက်ပေးပြီးနောက် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန၏ ၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ်၊ ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်း စီမံကိန်း VDP ထောက်ပံ့ရန်ပုံ ငွေကျပ်သိန်း ၁၅၀၊ ကျေးရွာ ထည့်ဝင်ငွေ ကျပ်သိန်း ၁၀၀ ဖြင့် အကောင်အထည်ဖော်ဆောင်ရွက်ခဲ့သည့်  ကျေးရွာတွင်း လမ်း အရှည်ပေ ၁၂၅၀၊ အကျယ် ၁၂ ပေ၊ အမြင့် ခြောက်လက်မထု ကွန်ကရစ်ခင်းခြင်းလုပ်ငန်းနှင့် ရေသန့်စင်စက်တပ်ဆင်ခြင်းလုပ်ငန်းများ ဆောင်ရွက်ပြီးစီးမှု အခြေအနေများကို လှည့်လည်ကြည့်ရှုစစ်ဆေးပါသည်။

ဆက်လက်၍ ပြည်ထောင်စုဝန်ကြီး၊ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် ဌာနဆိုင်ရာတာဝန်ရှိသူ များသည် စဉ့်ကိုင်မြို့နယ်နယ်၊ အုန်းပင်ခြံကျေးရွာရှိ မြို့နယ်သမဝါယအသင်းစုပိုင် တန် ၂၀ ကျ ပုလဲအမှတ်(၈) အဆင့်မြင့်ဆန်စက်သို့ရောက်ရှိပြီး သမဝါယအသင်းသားတောင်သူများ၊ ဒေသခံ ပြည်သူများနှင့်တွေ့ဆုံရာ မြို့နယ်သမဝါယမအသင်းစု ဥက္ကဋ္ဌနှင့် တိုင်းဒေသကြီးသမဝါယမဦးစီးဌာန ဦးစီးမှူးတို့က တန် ၂၀ ကျ အဆင့်မြင့်ဆန်စက်လည်ပတ်နေမှုအခြေအနေများ၊ တိုင်းဒေသကြီး အတွင်း နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေဖြင့် မိုးစပါးအထွက်နှုန်းကိစ္စရပ်များ၊ နိုင်ငံစီးပွားမြှင့်တင်ရေး ရန်ပုံငွေမှ ထောက်ပံ့ခဲ့သည့် သွင်းအားစုနှင့်ညီမျှသော ငွေအတွက် သီးနှံပြန်ရောင်း၍ ပေးသွင်းသည့် အခြေအနေများအား ရှင်းလင်းတင်ပြပြီးနောက် မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ တိုင်းဒေသကြီး ဝန်ကြီးချုပ်က တိုင်းဒေသကြီးအတွင်း ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများဆောင်ရွက်ပေးခဲ့မှု အခြေအနေ နှင့် ဆက်လက်ဆောင်ရွက်မည့် အစီအမံများကို ရှင်းလင်းဆွေးနွေးပါသည်။

ထို့နောက် ပြည်ထောင်စုဝန်ကြီးက နိုင်ငံတော်အစိုးရအနေဖြင့် နိုင်ငံတော်အစိုးရက နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေဖြင့် ၁ ဧက လျှင် ငွေကျပ် ၂ သိန်းနှုန်း နှင့် ညီမျှသော မျိုး၊ ဓာတ်မြေဩဇာ၊ သွင်းအားစုများ ထောက်ပံ့ပေး ခဲ့ပါကြောင်း၊ လက်ရှိစိုက်ပျိုးနေသော စပါးမျိုးများ အပြင် အထွက်နှုန်းကောင်းမွန်သော မျိုးကောင်း မျိုးသန့် စပါးမျိုးများကို တိုးချဲ့စိုက်ပျိုးကြစေ လိုကြောင်း၊ တစ်ဧကအထွက်နှုန်း တိုးတက်မှသာလျှင် တောင်သူများဝင်ငွေတိုးပွား နိုင်မည်ဖြစ်ပြီး လိုအပ်သည့် မျိုးကောင်းမျိုးသန့်၊ မြေ အမျိုးအစား၊ စိုက်ပျိုးရေ၊ စိုက်ပျိုး နည်းစနစ်များအတိုင်း လိုက်နာဆောင်ရွက်ရမှာဖြစ်ကြောင်း၊ နိုင်ငံ့စီးပွား မြှင့်တင်ရေးရန်ပုံငွေမှ ထောက်ပံ့ငွေများကို သီးနှံပေါ်ပါက သတ်မှတ်ကာလအတွင်း အပြေအကြေ ပေးသွင်းကြရန် တိုက်တွန်းမှာကြားပြီး အသင်းသား တောင်သူများ၏ ဒေသဖွံ့ဖြိုးရေးဆိုင်ရာ တင်ပြချက်များအပေါ်လိုအပ်သည်များ ပေါင်းစပ်ဖြည့်ဆည်း ဆောင်ရွက်ပေးပြီးနောက် မြို့နယ်သမဝါယမအသင်းစုပိုင် တန်(၂၀)ကျ အဆင့်မြင့်ဆန်စက်လည်ပတ်နေမှု အခြေအနေများကို လှည့်လည်ကြည့်ရှုစစ်ဆေးပြီး ဆန်စက်အား စွမ်းအားပြည့်လည်ပတ်နိုင်ရေးကြိုးစားဆောင်ရွက်သွားရန် လမ်းညွှန်မှာကြားပါသည်။

ဆက်လက်၍ ပြည်ထောင်စုဝန်ကြီး၊ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် ဌာနဆိုင်ရာတာဝန်ရှိသူ များသည် ကျောက်ဆည်မြို့နယ် ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနတာဝန်ယူဆောင်ရွက်ခဲ့ပြီး ကျေးရွာ နှစ်ရွာ၊ အိမ်ခြေ ၄၀၇ အိမ် ၊ လူဦးရေ ၁၇၉၀ ဦးနှင့် စိုက်ပျိုးမြေ ဧက ၅၀၀ ကျော်ကို အကျိုးပြုပေးနိုင်မည့် တောင်နောက်ကျေးရွာနှင့် သင်တောင်းကျေးရွာဆက်သွယ်သော ကျေးရွာ ချင်းဆက်လမ်း ကွန်ကရစ်လမ်းအဖြစ် အဆင့်မြှင့်တင်ခြင်းလုပ်ငန် ဆောင်ရွက်ပြီးစီးမှု အခြေအနေ အား ကြည့်ရှုစစ်ဆေးရာ တိုင်းဒေသကြီးကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာန   ဦးစီးမှူးက လုပ်ငန်း များဆောင်ရွက်ပြီးစီးမှု အခြေအနေများအား ရှင်းလင်းတင်ပြရာ တင်ပြမှုများအပေါ် ပြည်ထောင်စု ဝန်ကြီးက ကျေးရွာလမ်းကော်မတီဝင်များနှင့် ဒေသခံ ပြည်သူအားလုံးမှ လမ်းရေရှည်ကောင်းမွန် စေရေး ဝိုင်းဝန်းထိန်းသိမ်း ကြရန်ဆွေးနွေးမှာကြားပါသည်။

            ဆက်လက်၍ ပြည်ထောင်စုဝန်ကြီး၊ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် ဌာနဆိုင်ရာ တာဝန်ရှိသူ များသည် ကျောက်ဆည်မြို့ မြို့တော်ခန်းမ၌ အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနက ကြီးမှူး ဖွင့်လှစ်ခဲ့သည့် အသေးစားကုန်ထုတ်လုပ်ငန်းများ ဖန်တီးပေးနိုင်ရေးနှင့် ကျေးလက်နေ ပြည်သူများ ဝင်ငွေတိုးရေး ဆောင်ရွက်မည့်လုပ်ငန်း၊ တန်ဖိုးမြှင့်စားသောက်ကုန်(Bakery & Snack) ထုတ်လုပ်မှု နည်းပညာအခြေခံနှင့် မွမ်းမံသင်တန်းဆင်းပွဲနှင့် ထူးချွန်သူများအား လုပ်ငန်းသုံး ပစ္စည်းများ ပေးအပ်ပွဲ အခမ်းအနားတက်ရောက်ကြပါသည်။

            အခမ်းအနားတွင် သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးလှမိုးက အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာန အနေဖြင့် ယခုဘဏ္ဍာရေးနှစ်တွင် မန္တလေး တိုင်းဒေသကြီးအတွင်း အသေးစား ကုန်ထုတ်လုပ်ငန်းများ ဖန်တီးပေးနိုင်ရေးနှင့် ကျေးလက်နေ မိသားစု ဝင်ငွေတိုးရေးစီမံကိန်းများကို အကောင်အထည်ဖော် ဆောင်ရွက်ပေးလျက်ရှိပါကြောင်း၊ အသေးစားကုန်ထုတ်လုပ်ငန်းများ ဖန်တီးပေးခြင်းနှင့် ကျေးလက်နေမိသားစုဝင်ငွေတိုးရေး စီမံကိန်း လုပ်ငန်းများကို အကောင်အထည်ဖော် ဆောင်ရွက်ပေးနိုင်ခြင်းဖြင့် အသက်မွေးဝမ်းကျောင်း လုပ်ငန်းများ ပေါ်ထွန်းလာပြီး မိသားစုဝင်ငွေ တိုးပွားလာခြင်း၊ အသေးစား၊ အငယ်စား၊ အလတ်စား စက်မှုလုပ်ငန်းများ ပေါ်ထွန်းလာစေခြင်း၊ ဒေသ ထွက်ကုန်ကြမ်းများအပေါ် အခြေခံပြီး တန်ဖိုးမြှင့် ထုတ်ကုန်များ တိုးမြှင့်ထုတ်လုပ်လာနိုင်ခြင်း၊ သွင်းကုန်အစားထိုးလုပ်ငန်းများ ဆောင်ရွက်ပေး နိုင်ခြင်း စသည့်အကျိုးကျေးဇူးတွေကို ရရှိစေမှာဖြစ်ပြီး အိုးမကွာ၊ အိမ်မကွာဖြင့် မိသားစုဝင်ငွေ တိုးပွားရေးဆောင်ရွက်လိုသော အမျိုးသမီး များ၊ ပညာရေးဆုံးခန်းတိုင်အောင် သင်ကြားနိုင်မှု မရှိခဲ့သည့် လူငယ်လူရွယ်များကို အသက်မွေး ဝမ်းကျောင်းပညာရပ်များ သင်ကြားတတ်မြောက ်စေပြီး အမှန်တကယ် ကိုယ်ပိုင်လုပ်ငန်း ထူထောင် နိုင်စေရန်အတွက် ဖွင့်လှစ်ပို့ချပေးခြင်း ဖြစ်ပါ ကြောင်း၊ အသက်မွေးဝမ်းကျောင်းအထောက်အကူပြု နည်းပညာသင်တန်းများကိုသာ ဖွင့်လှစ်ပို့ချ ပေးခဲ့ပြီး လုပ်ငန်းထူထောင်ဖို့ လုပ်ငန်းသုံးပစ္စည်းများ ထောက်ပံ့ပေးနိုင်ခဲ့ခြင်းမရှိပါကြောင်း၊ ယခုအခါ စီမံကိန်းသင်တန်းများဖွင့်လှစ်ပို့ချပြီးပါက သင်တန်းတွင် ထူးချွန်းသူများအနက်မှ  အမှန်တကယ် လုပ်ငန်းလုပ်ကိုင်မည့်သူ (၅)ဦးကိုရွေးချယ်ပြီး တစ်ဦးလျှင် ငွေကျပ် ၁၀ သိန်းနှင့် ညီမျှသည့် လုပ်ငန်းသုံး ပစ္စည်းများ ပေးအပ်သွားမှာဖြစ်ပါကြောင်း ပြောကြားပါသည်။

            ဆက်လက်၍ မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးမျိုးအောင်က စီမံကိန်း လုပ်ငန်းများအောင်မြင်စေရေးအတွက် လုပ်ငန်းစဉ်(၁၂)ရပ်ချမှတ်ခြင်း၊ စီမံကိန်းလုပ်ငန်းကော်မတီ (၈)ခုဖွဲ့စည်းခြင်း၊ စီမံကိန်းလုပ်ငန်း (၇)ခု ရွေးချယ်ခြင်းတို့ကို ဆောင်ရွက်ခဲ့ပြီး စီမံကိန်း လက်စွဲ စာစောင်များ ထုတ်ဝေခဲ့ပါကြောင်း၊ ဒါ့အပြင် စီမံကိန်းလုပ်ငန်းကော်မတီဝင်များက ကျေးရွာ အရောက် ကွင်းဆင်း၍ ကျေးရွာသူကျေးရွာသားများနှင့် တွေ့ဆုံကာ ဒေသထွက်ကုန်ကြမ်းများရရှိမှု၊ ဈေးကွက်ရရှိမှုအခြေအနေများနှင့် ကျေးရွာသူကျေးရွာသားများ၏ သဘောထားများကို ရယူကာ ဆောင်ရွက်ခဲ့ခြင်းဖြစ်ပါကြောင်း၊ သင်တန်းမှ လုပ်ငန်းသုံးပစ္စည်းများ အသုံးပြုခွင့် ရရှိသည့် ထူးချွန်သူ သင်တန်းသားများနေဖြင့် ရရှိသည့် အခွင့်အရေးကို အကျိုးရှိရှိ အသုံးချပြီး ကိုယ်ပိုင် လုပ်ငန်းငယ်များထူထောင်ကာ ၆ လအတွင်း အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနသို့ လုပ်ငန်း မှတ်ပုံတင်လျှောက်ထားရယူမှာဖြစ်သည့်အတွက် အောင်မြင်အောင် ဆောင်ရွက်ကြစေလိုကြောင်း၊ သက်ဆိုင်ရာ တာဝန်ရှိသူအားလုံးကလည်း စီမံကိန်းလုပ်ငန်းများ အမြဲမပြတ်စောင့်ကြည့် စစ်ဆေး ကြရန် တိုက်တွန်းမှာကြားပါသည်။

            ထို့နောက် သင်တန်းဆင်းသူများအနက်မှ လုပ်ငန်းထူထောင်လိုသူ ထူးချွန်သင်တန်းသား များကို ဒေသဖွံ့ဖြိုးရေးလုပ်ငန်းသုံးပစ္စည်းများပေးအပ်ကြရာ ပြည်ထောင်စုဝန်ကြီး ဦးလှမိုး၊ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမျိုးအောင်၊ တိုင်းဒေသကြီးစီးပွားရေးရာဝန်ကြီး ဦးသိန်းဌေးနှင့် သက်ဆိုင်ရာ တာဝန်ရှိသူများ ဆုများအသီးသီး ပေးအပ်ချီးမြှင့်ကာ သင်တန်းများကိုယ်စား သင်တန်းသူတစ်ဦးကာ ကျေးဇူးတင်စကားပြန်လည် ပြောကြားခဲ့ကြောင်း သတင်းရရှိပါသည်။


ဆက်စပ်လင့်ခ်များ

အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။

  • တယ်လီဖုန်း

    ၀၆၇ - ၄၁၀၀၃၃
  • ဖက်စ်

    ၀၆၇ - ၄၁၀၀၃၆
  • Email

    contact@mcrd.gov.mm