Language : |
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

ပြည်ထောင်စုဝန်ကြီး ဦးလှမိုး ရှမ်းပြည်နယ်တောင်ပိုင်း တောင်ကြီး၊ ဟိုပုံး၊ ဆီဆိုင် မြို့နယ်များရှိ သမဝါယမလုပ်ငန်းများနှင့် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများဆောင်ရွက်နေမှု ကွင်းဆင်းကြည့်ရှုစစ်ဆေး


16 Dec,2023

နေပြည်တော် ဒီဇင်ဘာ ၁၆

သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးလှမိုး၊ ရှမ်းပြည်နယ် အစိုးရအဖွဲ့ ဝန်ကြီးချုပ်  ဦးအောင်ဇော်အေးနှင့် ပြည်နယ်အစိုးရအဖွဲ့ဝင်များ၊ ပအိုဝ်းကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသစီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဌနှင့် တာဝန်ရှိသူများသည် ဌာနဆိုင်ရာ တာဝန်ရှိသူများ လိုက်ပါလျက် ယနေ့နံနက်ပိုင်းက ရှမ်းပြည်နယ်တောင်ပိုင်း တောင်ကြီးမြို့နယ်နှင့် ဆီဆိုင်မြို့နယ် များအတွင်း သမဝါယမလုပ်ငန်းများနှင့် ဒေသဖွံ့ဖြိုးရေး လုပ်ငန်းဆောင်ရွက်နေမှု အခြေအနေများ ကို ကြည့်ရှုစစ်ဆေးခဲ့ကြောင်းသိရသည်။

ရှေ့ဦးစွာ ပြည်ထောင်စုဝန်ကြီး၊ ပြည်နယ်ဝန်ကြီးချုပ်နှင့် အဖွဲ့သည် ရှမ်းပြည်နယ်တောင်ပိုင်း ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနရုံးသို့ သွားရောက်ကာ ဝန်ကြီးဌာနကွပ်ကဲမှုအောက်ရှိ သမဝါယမဦးစီးဌာန၊ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၊ အသေးစားစက်မှုလက်မှု လုပ်ငန်းဦးစီးဌာန၊ ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာန ဝန်ထမ်းများနှင့်တွေ့ဆုံရာ ဝန်ထမ်းများ အနေဖြင့် မိမိတို့၏ လုပ်ငန်းတာဝန်များကို  စည်းစည်းလုံးလုံး ညီညီညွတ်ညွတ်ဖြင့် ဆောင်ရွက် ကြရန်လိုအပ်ကြောင်း၊ ဝန်ထမ်းစည်းမျဉ်း စည်းကမ်းဝန်ထမ်းကျင့်ဝတ်များနှင့်အညီ လိုက်နာနေ ထိုင်ကြရန်နှင့် နိုင်ငံတော်အပေါ် သစ္စာစောင့်သိကြရန်လိုအပ်ကြောင်း ဆွေးနွေးမှာကြားပြီး ဝန်ထမ်း များ၏ တင်ပြချက်များကို ပေါင်းစပ်ဖြည့်ဆည်းဆောင်ရွက်ပေးပြီးနောက် သက်ဆိုင်ရာ ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်များက ဝန်ထမ်းများအတွက် ထောက်ပံ့ငွေများ ပေးအပ်ကြပါသည်။

ဆက်လက်၍ ပြည်ထောင်စုဝန်ကြီး၊ ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် တောင်ကြီးမြို့နယ်၊ နောင်ကားကျေးရွာသို့ သွားရောက်ကာ “ခမ်း” ရတနာ နွားမွေးမြူရေးနှင့် အထွေထွေသမဝါယမ အသင်း၏ နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေဖြင့် ခြံလှောင်စနစ်ဖြင့် ဒေသနွားမွေးမြူရေးလုပ်ငန်း ဆောင်ရွက်နေမှုအား ကြည့်ရှုစစ်ဆေးရာ သမဝါယမဦးစီးဌာန ပြည်နယ်ဦးစီးမှူးနှင့် အသင်းအမှု ဆောင်များက လုပ်ငန်းဆောင်ရွက်နေမှုများ ရှင်းလင်းတင်ပြကြပါသည်။ ရှင်းလင်းတင်ပြမှုများ အပေါ် ပြည်ထောင်စုဝန်ကြီးက နွားစာအတွက် လက်ရှိစိုက်ပျိုးထားသော နေဗီယာမြက်မျိုးများ အပြင် အဲဗားဂရင်းမြက်မျိုးများ တိုးချဲ့စိုက်ပျိုးရန်၊ ဒေသနွား မျိုးအပြင် နိုင်ငံခြားမျိုးများ သားစပ်ထုတ်လုပ် နိုင်ရေးအတွက် သက်ဆိုင်ရာ မွေးမြူရေးနှင့် ကုသရေးဦးစီးဌာနနှင့် ချိတ်ဆက်ဆောင်ရွက်ရန် လိုအပ်ကြောင်း၊ စိတ်တူကိုယ်တူ ဆန္ဒတူသူများစုပေါင်း၍ သမဝါယမ အသင်းများ ဖွဲ့စည်းကာ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် အခြားကုန်ထုတ်လုပ်ငန်းများ စုပေါင်း ဆောင်ရွက်ကြရန်နှင့် မိမိတို့ ဝန်ကြီးဌာနအနေဖြင့် လိုအပ်သည့် အရင်းအနှီးများ မတည် ဆောင်ရွက်ပေးမည်ဖြစ်ကြောင်း၊ ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ်မှလည်း နောင်ကား ကျေးရွာအတွက် ပြည်နယ်အစိုးရအဖွဲ့မှ ဆောင်ရွက်ပေးခဲ့မှု အခြေအနေများ၊ ဆက်လက် ဆောင်ရွက်ပေးမည့် အစီအစဉ်များ ဆွေးနွေးပြောကြားပြီး ဒေသခံပြည်သူများ၏ တင်ပြမှုအပေါ် ပြည်ထောင်စုဝန်ကြီးက လိုအပ်သည်များ ညှိနှိုင်းပေါင်းစပ် ဆောင်ရွက်ပေးပြီးနောက် နိုင်ငံ့စီးပွား မြှင့်တင်ရေးရန်ပုံငွေဖြင့် ဆောင်ရွက်ထားသည့် ခြံလှောင်စနစ်ဖြင့် စုပေါင်းနွားမွေးမြူထားရှိမှု အခြေအနေများကို ကြည့်ရှုစစ်ဆေးပါသည်။

ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် ဆီဆိုင်မြို့နယ်အတွင်း ၂၀၂၃-၂၀၂၄ ဘဏ္ဍာရေးနှစ် ပြည်ထောင်စုငွေလုံးငွေရင်း ခွင့်ပြုရန်ပုံငွေဖြင့် ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနမှ တာဝန်ယူ ဆောင်ရွက်လျက်ရှိသည့် မိုက်တီး-နောင်ဘိုလမ်းအား မြေသားလမ်းဖောက်လုပ်ခြင်း လုပ်ငန်းခွင်သို့ ရောက်ရှိကြည့်ရှုစစ်ဆေးပြီး ကျေးရွာယာယီရှင်းလင်းဆောင်၌ ဒေသခံပြည်သူများ နှင့် ရင်းရင်းနှီးနှီးတွေ့ဆုံရာ ပြည်နယ်ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာန ဦးစီးမှူးက လုပ်ငန်း ဆောင်ရွက် နေမှုများအား ရှင်းလင်းတင်ပြကြသည်။ ရှင်းလင်းတင်ပြမှုများအပေါ် ပြည်ထောင်စု ဝန်ကြီးက စီမံကိန်းလုပ်ငန်းများအား သတ်မှတ်ဘဏ္ဍာနှစ်အတွင်း စံချိန်စံညွှန်းပြည့်မီစွာ အချိန်မီ ပြီးစီးရေး ကြီးကြပ်ဆောင်ရွက်ကြရန်၊ လမ်းလုပ်ငန်းများဆောင်ရွက်ပြီးစီးပါက ကျေးရွာသူ ကျေးရွာသားများနှင့် သက်ဆိုင်ရာတာဝန်ရှိသူအားလုံး ရေရှည်တည်တံ့ခိုင်မြဲရေး ဝိုင်းဝန်းထိန်းသိမ်း ကြရန်မှာကြားပါသည်။

ထို့နောက် ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ဇော်အေးက ရှမ်းပြည်နယ် အတွင်းရှိ ကျေးရွာများ၏ ဒေသထွက်ကုန်များ ဖွံ့ဖြိုးတိုးတက်ရေးအတွက် စီမံဆောင်ရွက်ပေးခဲ့မှု အခြေအနေများနှင့် ဆက်လက်ဆောင်ရွက်ပေးနိုင်မည့် အစီအစဉ်များကို ဆွေးနွေးပြောကြား ပြီးနောက် ဒေသခံပြည်သူများ၏ ဒေသဖွံ့ဖြိုးရေးဆိုင်ရာ တင်ပြချက်များအပေါ် ပြည်ထောင်စု ဝန်ကြီးက အမြန်ဆုံးတုန့်ပြန် ဆောင်ရွက်နိုင်ရေး လိုအပ်သည်များ ပေါင်းစပ်ဖြည့်ဆည်းဆောင်ရွက် ပေးပါသည်။ အဆိုပါ မိုက်တီး- နောင်ဘိုကျေးရွာချင်းဆက်လမ်း ဆောင်ရွက်ပြီးစီးပါက မိုက်တီး၊ နောင်ဘိုကျေးရွာအပါဝင် ကျေးရွာ သုံးရွာရှိ အိမ်ခြေ (၃၅၄)အိမ်၊ လူဦးရေ (၁၉၅၄)ဦးတို့ကို အကျိုးပြုပေးနိုင်မှာဖြစ်ပြီး လူမှုစီးပွားဘဝ များလည်း ဖွံ့ဖြိုးတိုးတက်လာမှာဖြစ်ကြောင်းသိရသည်။

ဆက်လက်၍ ပြည်ထောင်စုဝန်ကြီး၊ ပြည်နယ်ဝန်ကြီးချုပ်နှင့် အဖွဲ့သည် ဟိုပုံးမြို့နယ်၊ ဟိုနားကျေးရွာ၌ ကျေးရွာမြစိမ်းရောင်စီမံကိန်းလုပ်ငန်းအဖွဲ့ဝင်များ၊ ကျေးရွာရေပေးရေး ကော်မတီ ဝင်များ၊ ကျေးရွာရပ်မိရပ်ဖများ၊ ဆရာ၊ဆရာများနှင့်တွေ့ဆုံရာ ပြည်နယ်ကျေးလက်ဒေသဖွံ့ဖြိုး တိုးတက်ရေးဦးစီးဌာန ဦးစီးမှူးက ဟိုနားကျေးရွာ၌ မြစိမ်းရောင်ကျေးရွာစီမံကိန်းလုပ်ငန်း ဆောင်ရွက်နေမှု အခြေအနေများ၊ ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစီမံကိန်း(VDP) ဖြင့် ကျောင်း ဆရာ၊ ဆရာမများအတွက် ဝန်ထမ်းအိမ်ရာ ဆောင်ရွက်ပေးခဲ့မှု အခြေအနေများ၊ ကျေးလက် ရေပေးရေးလုပ်ငန်းနှင့် ရေသန့်စင်စနစ်ဆောင်ရွက်ပေးခဲ့မှုအခြေအနေများကို ရှင်းလင်းတင်ပြရာ ပြည်ထောင်စုဝန်ကြီးက နိုင်ငံတော်မှ သမဝါယမစနစ်ဖြင့် ကျေးရွာတောင်သူများအား သွင်းအားစု ရရှိရေးနှင့် နည်းပညာရရှိရေးလုပ်ငန်းများအား ဆောင်ရွက်ပေးလျက်ရှိကြောင်း၊ ဈေးကွက်ရရှိရေး ချိတ်ဆက်ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း၊ တစ်ပိုင်တစ်နိုင် မွေးမြူရေးလုပ်ငန်းများအတွက် မြစိမ်းရောင်စီမံကိန်းမှ အရင်းအနှီးများရရှိပြီဖြစ်၍ အောင်မြင်အောင်ဆောင်ရွက်ကြရန် လိုအပ် ကြောင်း၊ သတ်မှတ်စည်းကမ်းများနှင့်အညီ ဆောင်ရွက်ကြရန် လိုအပ်ကြောင်း၊ စီမံကိန်းမှ ရရှိလာသည့် အတိုးငွေများဖြင့် မိမိတို့ကျေးရွာ ဖွံ့ဖြိုးရေးလုပ်ငန်းများကို ကြိုးစားဆောင်ရွက်ကြရန် ဆွေးနွေးမှာကြားပြီးနောက် ဒေသခံပြည်သူများ၏ တင်ပြချက်များအပေါ် ပေါင်းစပ်ဖြည့်ဆည်း ဆောင်ရွက်ပေးပါသည်။

          ဆက်လက်၍ ပြည်ထောင်စုဝန်ကြီး၊ ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည့် ဟိုပုံးမြို့နယ်၊ ဟိုဟွေးကျေးရွာသို့ ရောက်ရှိပြီး ကျေးရွာယာယီရှင်းလင်းဆောင်၌ Green Gold ကော်ဖီ စိုက်ပျိုးရေး နှင့် အထွေထွေလုပ်ငန်း သမဝါယမအသင်းလီမိတက် အမှုဆောင်များ၊ အသင်းသားများ၊ ဒေသခံ ပြည်သူများနှင့် တွေ့ဆုံရာ ပြည်နယ်သမဝါယမဦးစီးဌာန ဦးစီးမှူးက Green Gold ကော်ဖီစိုက်ရေး သမဝါယမအသင်းကို ဟိုပုံးမြို့နယ်၊ လွိုင်လင်မြို့နယ်တို့ ကော်ဖီစိုက် တောင်သူ (၉၁၈)ဦးဖြင့် ဖွဲ့စည်းထားပြီး ကော်ဖီစေ့ထုတ်လုပ်ခြင်း၊ ကြိတ်ခွဲခြင်းလုပ်ငန်းများ ဆောင်ရွက်နေမှု အခြေအနေ များအားလည်းကောင်း၊ Green Gold ကော်ဖီ စိုက်ပျိုးရေးနှင့် အထွေထွေလုပ်ငန်း သမဝါယမ အသင်းလီမိတက် အထွေထွေမန်နေဂျာက အသင်းပိုင် ကော်ဖီစိုက်ဧက ၁၉၀၀ ပေါ်တွင် အာရေးဗီးကား (ကတ်တွိုင်းမျိုး) ကော်ဖီမျိုးများ စိုက်ပျိုးထားရှိမှု အခြေအနေများ၊ အသင်းမှ ရရှိခဲ့သည့် နိုင်ငံတကာ အသိအမှတ်ပြုလက်မှတ်များ၊ နှစ်စဉ် ကော်ဖီအခြမ်းခြောက်များ၊ ကော်ဖီစေ့များ တင်ပိုင်နိုင်မှုနှင့် အကျိုးအမြတ်ရရှိမှု အခြေအနေများကို ရှင်းလင်းတင်ပြပါသည်။ ရှင်းလင်းတင်ပြမှု များအပေါ် ပြည်ထောင်စုဝန်ကြီးက မိမိတို့ဝန်ကြီးဌာနအနေဖြင့် ကော်ဖီစိုက်ပျိုး ထုတ်လုပ်သော သမဝါယမအသင်းသားများနှင့် ကော်ဖီစိုက်တောင်သူများ၏ အခက်အခဲများ၊ လိုအပ်ချက်များကို အတတ်နိုင်ဆုံးကူညီ ဆောင်ရွက်ပေးလျက်ရှိကြောင်း၊ ချေးငွေများကို သမဝါယမ အသင်းသားများ သာမက ကျေးလက်နေပြည်သူများ၏ လူမှုစီးပွားဘဝဖွံ့ဖြိုး တိုးတက်စေရေး အတွက် ကော်ဖီစိုက် တောင်သူများအတွက်လည်း ပါဝင်ပါကြောင်း၊ အမှန်တကယ် လုပ်ငန်းလုပ်ကိုင်သူများအတွက် အကျိုးရှိရှိဖြစ်အောင် ကူညီဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း ပြောကြားပါသည်။

          ထို့နောက် ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ဇော်အေးက ရှမ်းပြည်နယ် အတွင်းရှိ ကော်ဖီစိုက်တောင်သူများ ဖွံ့ဖြိုးတိုးတက်ရေးအတွက် စီမံဆောင်ရွက်ပေးခဲ့မှု အခြေအနေ များနှင့် ဆက်လက်ဆောင်ရွက်ပေးနိုင်မည့် အစီအစဉ်များကို ဆွေးနွေးပြောကြား ပြီးနောက်  သက်ဆိုင်ရာ တာဝန်ရှိသူများနှင့် ကော်ဖီစိုက်တောင်သူများ၏ လိုအပ်ချက်များကို  ပြည်ထောင်စု ဝန်ကြီးက လိုအပ်သည်များဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ကြောင်း သတင်းရရှိပါသည်။


ဆက်စပ် သတင်းများ

Related News and Articles

ဆက်စပ်လင့်ခ်များ

အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။

  • တယ်လီဖုန်း

    ၀၆၇ - ၄၁၀၀၃၃
  • ဖက်စ်

    ၀၆၇ - ၄၁၀၀၃၆
  • Email

    contact@mcrd.gov.mm