ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

မင်းရန်အောင်၊ မော်ဖဒေသနှင့် မက်မန်းမြို့သာယာ (၂)


04 Dec,2023

မြင့်စိုး(နတလ)

သံလွင်မြစ်ကူးစစ်ဆင်ရေး၏အစ

          သံလွင်ကို စကူးတဲ့နေ့က ၁၉၇၉ ခုနှစ် နိုဝင်ဘာလ ၂၃ ရက်နေ့ပဲ၊ ဒီနေရာမှာ ကစထ မှူးကြီး ဗိုလ်ချုပ်ကြီးထွန်းရီ ညွှန်ကြားခဲ့တာက ခင်ဗျား သံလွင်ကိုကူးပြီးရင် တွေ့တဲ့ရန်သူ တိုက်ဖို့က ပြဿနာမဟုတ်ဘူး၊ တပ်တွေကလည်း အတွေ့အကြုံရှိတယ်၊ ခင်ဗျားကလည်း အတွေ့အကြုံရှိတယ်၊ ပူစရာမလိုဘူး၊ သံလွင်ကိုကူးနိုင်ဖို့က အဓိကပဲ၊ Normandy Landing လို့ သဘောထား၊ လုံးဝမပေါ့နဲ့ဆိုတာပါပဲ။ သံလွင်ကို အောင်မြင်စွာကူးနိုင်ဖို့ သိပ်ကိုအရေး ကြီးတယ်၊ ဒီဘက်ကို ဗကပရဲ့ အာရုံစူးစိုက်မှုနည်းသွားအောင် ခန့်မှန်းသုံးသပ်လို့မရအောင် တစ်ခြား တပ်မ ၆၆၊ တပ်မ ၈၈၊ တပ်မ ၉၉ နဲ့ အရှေ့မြောက်တိုင်းစစ်ဌာနချုပ် နယ်မြေတွေမှာ ရောင်ပြစစ်ဆင်ရေးတွေ ပြုလုပ်စေခဲ့တယ်။ ဒါတွေအားလုံးဟာ ဗိုလ်ချုပ်ကြီးထွန်းရီရဲ့ အစီ အမံတွေပဲ။ အဘဦးညွန့်ဆွေက သံလွင်မြစ်ကူးစစ်ဆင်ရေး မပြုလုပ်မီ ကစထမှူးကြီး၏ ညွှန်ကြားချက်ကို ပြန်လည်ပြောပြခဲ့သည်။ ဘာကြောင့် တပ်မ ၇၇ တပ်များနှင့် မော်ဖဒေသ ကို ဝင်ရောက်ထိုးဖောက် တိုက်ခိုက်ရသလဲဆိုတာနှင့်ပတ်သက်၍လည်း အခုလို ဆက်လက် ရှင်းပြပါသည်။

                   ၁၉၇၅ ခုနှစ်မှာ ဗကပဗဟိုကော်မတီကို ပြန်လည်ဖွဲ့စည်းပြီး

                      စစ်ရေးလှုပ်ရှားမှုတွေကို လုပ်လာကြတယ်၊ ၇၅၁၀ စီမံကိန်း

                      ပေါ်လာတယ်၊ တိုက်ခိုက်ရေးအင်အား ၁၂၀၀၀ ခန့်ရှိလာတဲ့

                      ဗကပဟာ ကိုးကန့်ဒေသနဲ့ ‘ဝ’ဒေသတွေကို လွှမ်းမိုးခြယ်လှယ်

                      လာခဲ့တယ်၊ ၁၉၇၉ ခုနှစ်မှာ ဗကပဗဟိုကို ပန်ဆန်းကိုရွှေ့လာပြီး

                      အသံလွှင့်ရုံတွေ၊ လက်နက်ပြင်ရုံတွေ၊ လူနေအိမ်တွေ၊ ရုံးတွေ

                      အခိုင်အမာ တည်ဆောက်ခဲ့တယ်၊ ကွပ်ကဲမှုဌာနချုပ် ဖွင့်လှစ်တဲ့

                      သဘောပဲ၊ နယ်စပ်ဒေသ ပန်ဆန်းမြို့ကို အခြေပြုပြီး ကိုးကန့်

                      ဒေသ၊ ‘ဝ’ ဒေသမြောက်ပိုင်းနဲ့ တောင်ပိုင်းအပါအဝင် သံလွင်

                      အရှေ့ခြမ်းတစ်ခုလုံးကို သီးခြားကွန်မြူနစ်နိုင်ငံ ထူထောင်ဖို့

                      အထိ လုပ်လာနိုင်တယ်၊ ဒီလိုဖြစ်လာမှာကို ကစထမှူး ဗိုလ်ချုပ်ကြီး

                      ထွန်းရီက အထူးစိုးရိမ်တယ်၊ ဒါကြောင့် ကာကွယ်ရေးဦးစီးချုပ်နဲ့

                      ဥက္ကဋ္ဌကြီး ဦးနေဝင်းထံ တင်ပြခဲ့ပြီး မော်ဖဒေသကို ထိန်းချုပ်နိုင်ဖို့

                      အတွက် မင်းရန်အောင်စစ်ဆင်ရေးကြီးကို ဆင်နွှဲခဲ့တာဖြစ်တယ်”

ရည်မှန်းချက်ကိုယ်စီသို့ ချီတက်တိုက်ခိုက်သိမ်းပိုက်

          အမှတ် (၁) ရှမ်းသေနတ်ကိုင်တပ်ရင်းတွင် တပ်ရင်းမှူး ဒုတိယဗိုလ်မှူးကြီး သာစိန် ဖြစ်ပြီး တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်သည် ဗိုလ်အဆင့် ဖြင့် IO (ထောက်လှမ်းရေးအရာရှိ) တာဝန်ထမ်းဆောင်ခဲ့သည်။ ရှမ်း(၁)တပ်ရင်းသည် ပန်လုံ ကူးတို့ဆိပ်မှနေ၍ နိုဝင်ဘာလ ၂၃ ရက်နေ့ နံနက် ၈ နာရီခွဲအချိန် စတင်ကူးခဲ့ကြရာ နိုဝင်ဘာ လ ၂၄ ရက်နေ့ နေ့လည်တွင် တပ်ရင်းတစ်ရင်းလုံး ကူးပြီးခဲ့ကြောင်း သိရသည်။ ရှမ်း (၁) ၏ ပထမရည်မှန်းချက်မှာ ပွိုင့် ၃၂၈၀ ဖြစ်သည်။ ယင်းကုန်းကို တိုက်ခိုက်သိမ်းပိုက်ပြီးနောက် ပန်ခါးတောင်ကြောကို ဆက်လက်ရှင်းလင်းချီတက်ခဲ့ကြသည်။ ခမရ ၁၀၇ တပ်ရင်းကိုလည်း ပန်လုံကူးတို့ဆိပ်မှပင် ဖြတ်ကူးစေခဲ့ရာ နိုဝင်ဘာလ ၂၃ ရက်နေ့ ညနေ ၅ နာရီမှာ စက(၁)၊ စက(၂) နှင့် တပ်ခွဲ ၄ ခွဲ ဖြတ်ကူးနိုင်ခဲ့ကြသည်။ နိုဝင်ဘာလ ၂၅ ရက်နေ့၌ ခမရ ၁၀၇ စက(၁)နှင့် အဖွဲ့ကို ပွိုင့် ၃၆၆၀ တွင် ခြေကုတ်ယူစေပြီး စက(၂) အဖွဲ့များက မွတ်နိုးကို ဝင်ရောက်ရှင်းလင်းခဲ့ပါသည်။ ခမရ ၁၀၁ တပ်ရင်းသည် တောင်ဘက် လမ်းကြောင်းအတိုင်း မတ်လုံကူးတို့ဆိပ်မှကူးကာ နမ့်ဟာနူးကို ဝင်ရောက်ရှင်းလင်း သိမ်းပိုက်ခဲ့သည်။ ခမရ ၁၀၆ ကမူ တောင်ဘက်အစွန်ရှိ နမ့်ခချောင်းကိုဖြတ်၍ ဝမ်စလောင်းကို ဝင်ရောက်ရှင်းလင်းစေ ခဲ့သည်။ ခမရ ၁၀၅ စက(၁) တပ်ခွဲ ၄ ခွဲသည် မတ်ကျန်းကူးတို့ဆိပ်မှ ကူးကာ ဝင်းဆိုင်သို့ ချီတက်ရှင်းလင်းခဲ့သည်။

          ရှေ့တန်း အမှတ် ၇၇ ခြေမြန်တပ်မဌာနချုပ် ဒုတိယတပ်မမှူး ဗိုလ်မှူးကြီးညွန့်ဆွေ၊ အမှတ် ၇၇၂ နည်းဗျူဟာမှူး၊ ဗိုလ်မှူးကြီးစံလွင်တို့ပါဝင်သော ကွပ်ကဲမှုအဖွဲ့သည် ခမရ ၁၀၅ စက (၂)နှင့် တပ်ခွဲ ၁ ခွဲ၊ ခမရ ၁၀၇ တပ်ခွဲ ၁ ခွဲ အနီးကပ်လိုက်ပါလျက် နိုဝင်ဘာလ ၂၄ ရက် နေ့ ညနေ ၅ နာရီအချိန်တွင် သံလွင်မြစ်ကို ပန်လုံကူးတို့ဆိပ်မှ ဖြတ်ကူးခဲ့ပြီး နိုဝင်ဘာလ ၂၆ ရက်နေ့ နံနက် ၁ နာရီအချိန်တွင် ဝမ်ဝိန်းရွာသို့ ဝင်ရောက်ရှင်းလင်းခဲ့သည်။ ဝမ်ဝိန်းတွင် ဗကပ ၃ ယောက်အား ဖမ်းဆီးရမိသဖြင့် စစ်မေးခဲ့ရာ မွတ်နိုးမှာ ဗကပ ၁၀၀ ခန့်ရှိကြောင်း၊ ပန်ခါးတောင်ကြောနှင့် ပွိုင့် ၆၀၀၀ ကုန်းတွေမှာ အင်အားများကြောင်း သိခဲ့ရသည်။ ထိုသို့ သတင်းရရှိချိန်၌ မွတ်နိုးကို ခမရ ၁၀၇ စက(၂)သည် ဝင်ရောက်တိုက်ခိုက်ပြီးဖြစ်သလို ရှမ်း (၁)သည်လည်းပဲ ပန်ခါးတောင်ကြောကို ရှင်းလင်းနေပြီ ဖြစ်သည်။

          ဖော်ပြပါအတိုင်း တပ်မကွပ်ကဲမှုအဖွဲ့နှင့် တပ်ရင်း ၅ ရင်းစလုံး သံလွင်မြစ်ကို အောင်မြင်စွာဖြတ်ကူးပြီးချိန်၌ ဗကပသည် အခြေအနေကို ရိပ်မိသွားပြီး ပန်ခါးတောင်ကြော၊ ပွိုင့် ၆၀၀၀ ကုန်း၊ ပွိုင့် ၆၀၂၈ ကုန်းများတွင် အင်အားထပ်မံဖြည့်တင်းပြီး လက်နက်ကြီးများ တင်ကာ အသင့်စောင့်နေကြောင်း သိရသည်။ ခမရ ၁၀၇ မှ မွတ်နိုးကိုသိမ်းပြီးချိန်တွင် ဒုတပ်မ မှူး ဗိုလ်မှူးကြီးညွန့်ဆွေ ဦးစီးကွပ်ကဲမှုအဖွဲ့သည် မွတ်နိုးမှတစ်ဆင့် ဝမ်ကန်ရွာပျက်သို့ ချီတက်အခြေပြုခဲ့သည်။ ထိုနေရာသို့ ကစထမှူးကြီး ဗိုလ်ချုပ်ကြီးထွန်းရီ၊ ရပခတိုင်းမှူး ဗိုလ်ချုပ်လှဦး၊ တပ်မ(၇၇) တပ်မမှူး ဗိုလ်မှူးကြီးချစ်ဆွေတို့ ရဟတ်ယာဉ်ဖြင့် ရောက်ရှိလာ ကာ ဒုတပ်မမှူး၏တင်ပြချက်နှင့် မြေပြင်အခြေအနေတို့ကို ကြည့်ရှုသုံးသပ်ပြီး ကစထမှူး ကြီးက အောက်ပါအတိုင်း စစ်ဆင်ရေးညွှန်ကြားချက် ပေးခဲ့သည်။

                   “ ပွိုင့် ၆၀၂၈ (လွိုင်ဆိုက်ခေါင်)နဲ့ ပွိုင့် ၆၀၀၀ ကြောတွေကို မရရအောင်

                      တိုက်ရမယ်၊ မြေပြင်အနေအထားအရ Causalities (ထိခိုက်မှု) ငါးဆယ်

                      ရာခိုင်နှုန်းလောက် ရှိချင်ရှိလာနိုင်တယ်၊ စွန့်စွန့်စားစားတိုက်မှ ရမယ်၊

                      ပန်ဆန်းကို ခြိမ်းခြောက်ဖို့၊ ထိန်းချုပ်ထားဖို့ ဒီစစ်ဆင်ရေးကို လုပ်တာဗျ”

          ယင်းညွှန်ကြားချက်ရသည်နှင့် ဒုတပ်မမှူးသည် နိုဝင်ဘာလ ၂၆ ရက်နေ့တွင် ခမရ ၁၀၇ စက(၂)နှင့် တပ်ခွဲများကို ပွိုင့် ၅၇၁၀၊ ပွိုင့် ၅၈၆၀ ကုန်းများသို့ ဆက်လက်ချီတက် ရှင်းလင်းစေခဲ့သည်။ နိုဝင်ဘာလ ၂၈ ရက်နေ့တွင် ပွိုင့် ၆၀၀၀ ကုန်းမှ ဗကပ ၁၅ ယောက်ခန့် ဆင်းလာသည်ကို တွေ့ရ၍ ခမရ ၁၀၇ အဖွဲ့က စောင့်ကြိုပစ်ခတ်ခဲ့သည်။ နိုဝင်ဘာလ ၂၉ ရက်နေ့တွင် ဒုတပ်မမှူးနှင့် ကွပ်ကဲမှုအဖွဲ့သည် ပွိုင့် ၅၇၁၀ ကုန်းသို့ ပြောင်းရွှေ့ကွပ်ကဲမှု ယူခဲ့ပြီး နိုင်ငံတော်အလံကို လွှင့်ထူခဲ့သည်။ ၁၀၅ မမ ဟောင်ဝစ်ဇာအမြောက်တစ်လက်ကို ရဟတ်ယာဉ်ဖြင့် ပို့ပေးသဖြင့် လက်ခံရရှိခဲ့သည်။ အဆိုပါ ပွိုင့် ၅၇၁၀ ကုန်းသည် ပွိုင့် ၆၀၀၀ ကုန်းနှင့် ကိုက် ၅၀၀၀ ခန့်သာ ဝေးကွာပါသည်။ ဗိုလ်မှူးကြီးညွန့်ဆွေနှင့်အဖွဲ့ ပွိုင့် ၅၇၁၀ ကုန်းသို့ ရောက်ရှိချိန်တွင် ကက(ကြည်း) စစ်ဦးစီးမှူး (ပထမတန်း) ဒုတိယဗိုလ်မှူးကြီး တင်ဦး (နောင်သောအခါ ဒုတိယဗိုလ်ချုပ်ကြီး တင်ဦး-အတွင်းရေးမှူး ၂) က ကာကွယ်ရေး ဦးစီးချုပ်၏ ညွှန်ကြားချက်ကို ပေးပို့လာသည်။ ပွိုင့် ၇၁၂၃(လွိုင်ဟိုလာ)အထိ မိမိတပ်ကို တင်ထားရန် ဖြစ်သည်။ ယင်းညွှန်ကြားချက်အရ ဒုတိယတပ်မမှူးသည် ပွိုင့် ၅၇၁၀ ကုန်းတွင် အနီးကပ်ရှိနေသော ခမရ ၁၀၅ တပ်စုတစ်စုကို ရိက္ခာတစ်ပတ်စာနှင့် ချီတက် နေရာယူစေခဲ့သည်။

ပန်ခါး၊ သံခမောက်ကုန်း၊ ပွိုင့် ၆၀၀၀ နှင့် ပွိုင့် ၆၀၂၈

          တပ်ရင်း ၅ ရင်းသည် ရည်မှန်းချက်ကိုယ်စီဖြင့် ဆက်လက်ချီတက်တိုက်ခိုက်ခဲ့ကြရာ ၁၉၇၉ ခုနှစ် နိုဝင်ဘာလ ၃၀ ရက်နေ့အထိ ခမရ ၁၀၁ သည် သံခမောက်ကုန်းနှင့် ပွိုင့် ၆၀၀၀ ကုန်းတွေကို တိုက်နေရဆဲဖြစ်သည်။ ရှမ်း(၁) တပ်ရင်း၏ စက(၁)သည် ပန်ခါးကြောကို အနောက်ဘက်မှလည်းကောင်း၊ စက ၂ နှင့် နောက်ထပ်ရောက်ရှိလာသော ခမရ ၆ မှ ဗိုလ်မှူး သူရအောင်ထက်ဦးစီး ကွန်မန်ဒိုတပ်ခွဲတစ်ခွဲက ပန်ခါးကြောကို မြောက်ဘက်မှလည်းကောင်း လက်နက်ကြီးပစ်ကူယူ၍ တိုက်ခိုက်ခဲ့ကြသည်။ ရှမ်း(၁)တပ်ရင်းဘက်သို့ အားဖြည့်သည့် အနေဖြင့် ခမရ ၁၀၇ စစ်ကြောင်းတစ်ခုကို ပန်ခါးကြောအလယ်မှ ဖြတ်တိုက်စေခဲ့သည်။ ဒီဇင်ဘာလ ၃ ရက်နေ့ထိ ပန်ခါးတောင်ကြော၊ သံခမောက်ကုန်း၊ ပွိုင့် ၆၀၀၀ ကုန်းများကို မသိမ်းပိုက်နိုင်သေးပါ။ ခမရ ၁၀၁ တိုက်နေသော သံခမောက်ကုန်းသည် ပွိုင့် ၆၀၀၀ ကုန်း၏ ရှေ့ကာကုန်းဖြစ်သည်။ ဒီကုန်းကိုရမှ ပွိုင့် ၆၀၀၀ ကို သိမ်းနိုင်မည်။ သည့်အတွက် ဒုတပ်မမှူး သည် ခမရ ၁၀၁ မှ ယာယီတပ်ခွဲမှူး(ဗိုလ်မှူး) ဗိုလ်ကြီးမောင်ရီကို သူ့စိတ်ကြိုက်လက်ရွေးစင် စစ်သည်များ ထုတ်နုတ်စုဖွဲ့စေကာ ဒီဇင်ဘာလ ၆ ရက်နေ့ ညနေတွင် သံခမောက်ကုန်းအား နောက်ဖက်လျှိုမှ ပတ်၍ တိုက်ခိုင်းခဲ့သည်။ ဒုတပ်မမှူး ကွပ်ကဲနေသော ပွိုင့် ၅၇၁၀ ကုန်းမှ ၁၀၅ မမ အမြောက်ဖြင့် ပစ်ကူပေးခဲ့သည်။

          အဘဦးညွန့်ဆွေ၏ ပြောပြချက်အရ ဗိုလ်မှူးမောင်ရီ၏ နာမည်ရင်းမှာ မောင်ရီမဟုတ်ဘဲ ရခိုင်တိုင်းရင်းသား မောင်ရီး ဖြစ်ကြောင်း၊ ဗိုလ်ချုပ်ကြီးထွန်းရီနှင့် အဘဦးညွန့်ဆွေတို့ ခမရ ၁၀၅ ၌ တပ်ခွဲမှူး၊ တပ်စုမှူးဘဝဖြင့် ရှိနေကြစဉ် တပ်ကြပ်ကြီးမောင်ရီးသည် တိုက်ရည် ခိုက်ရည်ကောင်းသဖြင့် သီဟဗလဘွဲ့တံဆိပ် ရထားပြီးဖြစ်ကြောင်း၊ ကစထမှူးထံသို့လည်း “ဆရာသမား ခမရ ၁၀၅ က မောင်ရီးကို မှတ်မိတယ်မို့လား၊ အခုအရာရှိဖြစ်ပြီး ခမရ ၁၀၁ မှာ ရောက်နေတယ်၊ သူနဲ့ လက်ရွေးစင်ထုတ်နုတ်ပြီး သံခမောက်ကုန်းကို တိုက်မယ်”ဟု အသိပေး တင်ပြခဲ့ကြောင်း သိရသည်။ ဒီဇင်ဘာလ ၆ ရက်နေ့ ညနေ၌ တိုက်ခိုက်ခဲ့သော ယင်းတိုက်ပွဲ တွင် ဗိုလ်မှူးမောင်ရီနှင့် စစ်သည်များသည် သံခမောက်ကုန်း၏ ခံစစ်စည်း ၂ ခုကို ဖြတ်ကျော် ဝင်ရောက်နိုင်ခဲ့သည်။ နောက်ဆုံးခံစစ်စည်း ဆက်သွယ်ရေးမြောင်းသို့ ကပ်မိချိန်တွင် ပွိုင့် ၆၀၂၈ကုန်းမှ ဗကပတို့က လက်နက်ကြီးများဖြင့်စုပြုံပစ်ခတ်လာခဲ့ရာ ကျည်တစ်တောင့်သည် သစ်ပင်ကို ထိမှန်ပေါက်ကွဲပြီး ဗိုလ်မှူးမောင်ရီ၏ ဇက်ပိုးကို ကျည်စတစ်ခု စိုက်ဝင်သွားခဲ့ သည်။ တပ်ခွဲမှူး ဒဏ်ရာရသွားသဖြင့် သူ့တပ်စုမှူး ဒုတိယဗိုလ်အောင်သန်းထူး ဆက်လက် ကွပ်ကဲတိုက်ခိုက်ခဲ့သော်လည်း နောက်ဆုံးခံစစ်စည်းမှ လန်ကျကာ ပြန်လည်ဆုတ်ခွာပေးခဲ့ရ သည်။ ဒဏ်ရာရ ဗိုလ်မှူးမောင်ရီအား ရဟတ်ယာဉ်ဖြင့် မိုင်းရှူးသို့ ပြန်လည်ပို့ဆောင်ကုသ ပေးခဲ့သော်လည်း ဒဏ်ရာပြင်းထန်သဖြင့် ဒီဇင်ဘာလ ၇ ရက်နေ့ နံနက်ပိုင်းတွင် ကျဆုံး သွားခဲ့သည်။

ဗျူဟာပြောင်း၍ တိုက်ကွက်ဖော်

          ပန်ခါးတောင်ကြော၊ သံခမောက်ကုန်း၊ ပွိုင့် ၆၀၀၀ ကုန်းတို့ကို မရသေးသောကြောင့် ဒီဇင်ဘာလ ၁၂ ရက်နေ့ထိ ဆက်လက်ရင်ဆိုင်ထိန်းချုပ်ထားကာ တပ်ရင်းအလိုက် ရိက္ခာနှင့် ခဲယမ်းများ ဖြည့်တင်းပေးခဲ့သည်။ ဒီဇင်ဘာလ ၁၃ ရက်နှင့် ၁၄ ရက်နေ့များတွင် ရန်သူကို လှည့်စားတိုက်ကွက်ဖော်မည့် စီမံချက်ရေးဆွဲခဲ့သည်။ စီမံချက်အတုကို ရန်သူဗကပများ ဖမ်းယူရရှိသွားစေရန် ရည်ရွယ်ပြီး ဆက်သွယ်ရေးစက်ဖြင့် ပေးပို့ပေးခဲ့သည်။ တကယ်တိုက် မည့်စီမံချက်ကိုမူ တပ်ရင်းမှူးများထံ လျှို့ဝှက်စွာအသိပေးထားပြီး ဖြစ်သည်။ တစ်နည်းပြော ရလျှင် ရည်မှန်းချက်အောင်မြင်ရေးအတွက် ဘုရင့်နောင်ဖောင်ဖျက်၍ တိုက်ခဲ့သောစစ်ဆင်ရေး စီမံချက်ဟု ပြောရမည်သာ။ ယင်းနောက်ဆုံးအဆင့် အခင်းအကျင်းကို အဘဦးညွန့်ဆွေက ယခုလိုပြောပြခဲ့သည် -

                   “ ခမရ ၁၀၁ စက(၂)က ပွိုင့် ၆၀၀၀ ကုန်းကို ထိန်းထားတယ်

                      စက(၁)နဲ့ ကျန်တပ်ခွဲတွေက ပွိုင့် ၆၀၂၈ နဲ့ ဝမ်ပါသောင်းကြားကို

                      ဖြတ်ဝင်မယ်၊ ခလရ ၆ စက(၁)နဲ့ တပ်ခွဲ ၃ ခွဲက ပန်ခါးမြောက်ဘက်

                      ကိုက် ၃၀၀၀ လောက်အကွာ မန်ကျူရွာပျက်ကတစ်ဆင့် ပွိုင့် ၆၀၂၈

                      ကို အနောက်မြောက်ဘက်က ချဉ်းကပ်မယ်၊ ခလရ ၆ ရဲ့ ကွန်မန်ဒို

                      တပ်ခွဲကို ပွိုင့် ၆၀၂၈ ရဲ့ မြောက်ဘက်ကနေ ပတ်ဝင်ခိုင်းထားတယ်၊

                      တိုက်ပွဲတွေဆက်တိုက်ဖြစ်နေတဲ့ ရှမ်း ၁ ကိုတော့ ခဏအနားပေးတဲ့

                      အနေနဲ့ စက ၂ က ပန်ခါးတောင်ကြောကို ဟန်မပျက်ရင်ဆိုင်ထားပြီး

                      စက ၁ နဲ့ ကျန်တပ်ခွဲတွေကို ပွိုင့် ၆၀၂၈ တောင်ဘက်ကနေ ရောင်ပြ

                      ချဉ်းကပ်စေခဲ့တယ်၊ ခမရ ၁၀၇ တစ်ရင်းလုံး ပန်ဆန်းနဲ့ ရောင်အော်

                      ကြား၊ ဆက်သွယ်ရေးလမ်းကြောင်းကိုလည်း ဖြတ်တောက်ရင်း ခံစစ်

                      အပါးဆုံးနေရာကနေ ဝင်တိုက်ခိုင်းလိုက်တယ်၊ ပြောရရင်တော့

                      လေယာဉ်ပစ်ကူမပါဘဲ ဝိုင်းပတ်တိုက်ခိုက်ဖို့ စီမံချက်ရေးဆွဲခဲ့တာ၊

                      လေယာဉ်ပစ်ကူမပါတော့ ရန်သူကလည်း တိုက်မယ်လို့ မျှော်လင့်မထားဘူး”

ပွိုင့် ၆၀၂၈ မှာ နိုင်ငံတော်အလံ လွှင့်ထူနိုင်ခဲ့ပြီ

          ပွိုင့် ၆၀၂၈ သည် ထိုဒေသတစ်ခုလုံးအတွက် အချက်အခြာတောင်ကုန်း ဖြစ်သည်။ သူ့ကို သိမ်းနိုင်ဖို့လိုသည်။ အထက်ပါအတိုင်း စီမံချက်အတိုင်း ချဉ်းကပ်ချီတက်တိုက်ခိုက်ခဲ့ ကြသည်။ ဒီဇင်ဘာလ ၁၆၊ ၁၇ ရက်နေ့များတွင် တိုက်ပွဲများ ပြင်းထန်လာခဲ့သည်။ ခမရ ၁၀၁ သည် ပွိုင့် ၆၀၂၈ ကုန်း၏ ရှေ့ကိုက် ၂၀၀၀ ထိ ချဉ်းကပ်မိပြီး ကာကင်းကုန်းများမှ ဗကပများ နှင့် ရင်ဆိုင်ခဲ့ရသည်။ ဒီဇင်ဘာလ ၁၈ ရက်နေ့တွင် ခလရ ၆၊ ခမရ ၁၀၇၊ ရှမ်း(၁) တပ်ရင်း တပ်ဖွဲ့များ ဟန်ချက်ညီညီ ချဉ်းကပ်တိုက်ခိုက်ခဲ့ကြသည်။ ဒုတပ်မမှူး၏ ပွိုင့် ၅၇၁၀ ကုန်းမှ လည်း အမြောက် ၈ လက်ဖြင့် ပန်ခါးကြော၊ ပွိုင့် ၆၀၀၀၊ ပွိုင့် ၆၀၂၈ ကုန်းများကို ပစ်ကူပေးခဲ့ သည်။ အမြောက်ပစ်ကူက ပန်ဆန်းနှင့် ရောင်အော်အကြား ဆက်သွယ်ရေးလမ်းကြောင်းပေါ် သို့လည်း ပစ်ခတ်ပေးခဲ့ရာ ပွိုင့် ၆၀၂၈ သို့ စစ်ကူလာသော ဗကပများအား ထိမှန်ပြီး တားဆီး နိုင်ခဲ့သည်။ ဒီဇင်ဘာလ ၁၈ ရက်နေ့ မွန်းလွဲ ၁ နာရီခန့်အချိန်တွင် ခမရ ၁၀၇ စက(၂)သည် ပွိုင့် ၆၀၂၈ ၏ ခါးလယ်ကို ဝင်ပိုင်းနိုင်ခဲ့ပြီး လုံးထွေးတိုက်ခိုက်ခဲ့ကြသည်။ ၁၉၇၉ ခုနှစ်၊ ဒီဇင်ဘာလ ၁၈ ရက်နေ့ ညနေ ၄ နာရီ ၃ မိနစ်အချိန်၌ ပွိုင့် ၆၀၂၈ တောင်ကုန်းကို ခမရ ၁၀၇ တပ်ရင်းက သိမ်းပိုက်နိုင်ခဲ့သည်။ ပွိုင့် ၆၀၂၈ တောင်ကုန်း ကျသွားသည်နှင့် ပန်ခါးတောင် ကြောမှ ဗကပများသည်လည်းကောင်း၊ ပွိုင့် ၆၀၀၀ ကုန်း၊ သံခမောက်ကုန်းတို့မှ ဗကပများ သည်လည်းကောင်း ဒရောသောပါး ဆုတ်ခွာထွက်ပြေးခဲ့ကြသည်။ ဆုတ်ခွာသွားသော ဗကပ များနောက်သို့ ဒီဇင်ဘာလ ၂၀ ရက်နေ့ထိ လိုက်လံရှင်းလင်းခဲ့ကြသည်။ ရှေ့တန်းအမှတ် ၇၇ ခြေမြန်တပ်မဌာနချုပ် ဒုတိယတပ်မမှူး ဗိုလ်မှူးကြီးညွန့်ဆွေသည် ဒီဇင်ဘာ ၂၀ ရက်နေ့တွင် ပွိုင့် ၆၀၂၈ သို့သွားရောက်ပြီး နိုင်ငံတော်အလံကို လွှင့်ထူခဲ့သည်။ များမကြာမီမှာပင် ပွိုင့် ၆၀၂၈ သို့ ကစထမှူး ဗိုလ်ချုပ်ကြီးထွန်းရီ၊ တိုင်းမှူး ဗိုလ်ချုပ်လှဦး၊ တပ်မမှူး ဗိုလ်မှူးကြီး ချစ်ဆွေ၊ သံချပ်ကာယန္တရား ညွှန်ကြားရေးမှူး ဗိုလ်မှူးကြီးသက်ဝေ၊ ရှမ်းပြည်နယ်ကောင်စီ ဥက္ကဋ္ဌ ဗိုလ်မှူးကြီး ထွန်းရင်လောတို့ ရောက်ရှိစစ်ဆေးခဲ့ကြသည်။ ဒုတိယတပ်မမှူး ဗိုလ်မှူးကြီးညွန့်ဆွေက ရောင်အော်လမ်းကြောင်းအတိုင်း ရှေ့တိုးတိုက်ဖို့ ခွင့်တောင်းသော် လည်း ကစထမှူးကြီးက ခွင့်မပြုတော့ကြောင်း သိရသည်။

မော်ဖဒေသအောင်ပွဲ (သို့မဟုတ်) တပ်မတော်၏အောင်ပွဲ

          မော်ဖဒေသအောင်ပွဲသည် စစ်ဆင်ရေးအထူးအဖွဲ့မှူး ဒုတိယဗိုလ်ချုပ်ကြီးထွန်းရီ၊ ဒုတိယတပ်မမှူး ဗိုလ်မှူးကြီးညွန့်ဆွေအပါအဝင် အမှတ် ၇၇ ခြေမြန်တပ်မဌာနချုပ်နှင့် ကွပ်ကဲမှုအောက် တပ်ရင်းတပ်ဖွဲ့များမှ အရာရှိအရာခံ အကြပ်တပ်သားအားလုံး၏ အောင်ပွဲ ဖြစ်ပါသည်။ ကိုးကန့်၊ ‘ဝ’၊ မော်ဖဒေသများအား ဖဲ့ထုတ်၍ ဖိနှိပ်ချယ်လှယ်ကြီးစိုးရန် ကြံရွယ် ခဲ့သော ဗကပတို့၏ အကြံအစည်ကို ပျက်ပြားစေခဲ့သော အောင်ပွဲလည်း ဖြစ်ခဲ့သည်။ တစ်နည်းဆိုရသော် မင်းရန်အောင်စစ်ဆင်ရေး၏ အောင်ပွဲ၊ တပ်မတော်၏ အောင်ပွဲ ဖြစ်ပေ သည်။ တပ်မတော်သည် နိုင်ငံတော်၏ မည်သည့်နယ်မြေအစိတ်အပိုင်း တစ်ခုတစ်လေကိုမျှ ထိခိုက်ဆုံးရှုံးခံမည်မဟုတ်ကြောင်းနှင့် ယင်းသို့ ထိခိုက်ပြိုကွဲစေရန် ကြံစည်းအားထုတ်မှု မှန်သမျှကိုလည်း ရင်မြေကတုတ်လုပ်၍ အသက်ပေးကာကွယ် စောင့်ရှောက်သွားမည် ဖြစ်ကြောင်း ထင်ရှားစွာ မီမောင်းထိုးပြခဲ့သော အောင်ပွဲဟု မှတ်တမ်းကမ္ပည်းမော်ကွန်း ရေးထိုးရမည်သာ……။

 

 

သံယောဇဉ် လွန်းတင်မိပါပေါ့

          ကျွန်တော်ဆိုသော မြင့်စိုး (နတလ) က ၂၀၁၈ ခုနှစ်၊ ဇန်နဝါရီလ ၂၃ ရက်နေ့တွင် နတလဝန်ထမ်းဘဝဖြင့် မော်ဖဒေသ မက်မန်းမြို့၊ ဆွတ်ဝိုး၊ ရောင်အူရွာများသို့ စတင်ရောက်ဖူး ခဲ့သည်။ ထိုမြို့ထိုရွာ ထိုဒေသများနှင့် လွယ်လ၊ ရှမ်း၊ လားဟူ တိုင်းရင်းသား တိုင်းရင်းသူများ အပေါ် သံယောဇဉ်လွန်းတင်လိုက်မိပုံက ၂၀၂၂ ခုနှစ် မတ်လ ၄ ရက်နေ့မှာ အငြိမ်းစား ဝန်ထမ်းဘဝဖြင့် ဒုတိယအကြိမ် ထပ်မံရောက်ရှိခဲ့ပြန်ပါသည်။ ဟော……...ယခုကဲ့သို့ အဘ ဦးညွန့်ဆွေ၊ အဘ၏ဇနီး အမေဒေါ်သက်ဆွေ (စာရေးဆရာမကြီး မသက်ဆွေ-သရက်)၊ စစ်တက္ကသိုလ်တုန်းကဆရာ ဗိုလ်မှူးကြီးသိန်းမြင့်(ငြိမ်း)၊ ဗိုလ်မှူးကြီးတင်ဝင်း(သံအမတ်ကြီး -ငြိမ်း)၊ ဒုတိယဗိုလ်ချုပ်ကြီး အောင်သန်းထွဋ်(ငြိမ်း) တို့နှင့်အတူ ၂၀၂၂ ခုနှစ် ဧပြီလ ၄ ရက် နေ့တွင် တတိယအကြိမ် မော်ဖဒေသသို့ ရောက်ခဲ့သည်။ သို့သော် သံယောဇဉ်က ဤမှာတင် ရပ်တန့်မနေ၊ ပြီးခဲ့သည့် အောက်တိုဘာလ ၁၈ ရက်နေ့မှာ စတုတ္ထအကြိမ်မြောက်အဖြစ် ကျွန်တော် ရောက်အောင် သွားခဲ့သည်။

          အဘဦးညွန့်ဆွေကရော၊ သူ့အသက် ၈၈ နှစ်အရွယ်မှာ အမေ ဒေါ်သက်ဆွေ ၈၆ နှစ်ကို အဖော်ပြု၍ ဒီအရပ် ဒီဒေသတွေကို အရောက်လှမ်းလာချင်စိတ်ဖြစ်ပေါ်လာအောင် မည်သည့် အကြောင်းခြင်းရာတွေက တိုက်တွန်းလှုံ့ဆော်ခဲ့ပါသနည်း။ ကျွန်တော့်ထင်မြင်ယူဆချက်အရ ပြောရလျှင် သံယောဇဉ်ကြောင့်…..ပဲ ဖြစ်ပါလိမ့်မည်။ သူလေးစားသော ကစထမှူး ဒုတိယ ဗိုလ်ချုပ်ကြီးထွန်းရီအပေါ် ကြီးမားသော သံယောဇဉ်ဖြင့် သွားရောက်လိုခြင်း ဖြစ်ပေလိမ့် မည်။ ၁၉၇၉ ခုနှစ်က ဆရာသမားနှင့်အတူတကွ ကျားကုတ်ကျားခဲ တိုက်ယူခဲ့ရသော ပွိုင့် ၅၇၁၀၊ ပွိုင့် ၆၀၀၀၊ သံခမောက်ကုန်း၊ ပွိုင့် ၃၂၈၀၊ ပွိုင့် ၆၀၂၈ တောင်ကုန်းများကို ပြန်ကြည့် ရင်း၊ မော်ဖဒေသ(မက်မန်း)ရဲ့ ဖွံ့ဖြိုးတိုးတက်မှုတွေကို ကြည့်ရင်း သွားလေသူ ဆရာသမား တမလွန်ဘဝမှ သိစေချင်သော ဆန္ဒပြင်းပြခဲ့ပါလိမ့်မည်။ ယခင်ထုတ်ဝေပြီးစာအုပ်များကို ပြန်လည်မွမ်းမံပြင်ဆင်ရေးသားပြီး ဗိုလ်ချုပ်ကြီးထွန်းရီအား ဂုဏ်ပြုဦးမည်ဖြစ်ကြောင်းလည်း သိရသည်။ ထို့ပြင်တဝ ကျွန်တော်တို့ ပထမဆုံးကြည့်ခဲ့သော သံခမောက်ကုန်း၊ ပွိုင့် ၆၀၀၀ ကုန်းတွေမှာ ခြေစုံရပ်ရင်းနှင့် တပည့်ကျော် ဗိုလ်မှူးမောင်ရီ (မောင်ရီး) အပါအဝင် ကျဆုံးအရာရှိ စစ်သည်တွေကို သတိတရရှိနေပါလိမ့်မည်။ ဗိုလ်မှူးမောင်ရီက ထိုတိုက်ပွဲမှာ သီဟသူရဘွဲ့ ရခဲ့သည်။ ရှမ်း (၁)၊ ခမရ ၁၀၁၊ ခမရ ၁၀၅၊ ခမရ ၁၀၆၊ ခမရ ၁၀၇၊ ခလရ ၆ တို့မှ တပ်ရင်းမှူးများ၊ အရာရှိအရာခံအကြပ်တပ်သားများကိုလည်း သတိတရရှိနေပါလိမ့် မည်။ အချို့ကား လူ့ပြည်လူ့ရွာ လူ့လောကကြီးမှာ စွန့်ခွာသွားကြပေပြီ။ အသက် ၈၈ နှစ် အရွယ်၊ ယခုဆိုလျှင် အသက် ၈၉ နှစ်အရွယ် စစ်သားအိုကြီး၏ ကြီးမားသောဆန္ဒကို ဖြည့်ဆည်းပေးသူမှာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ်၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ဖြစ်ပါသည်။ ရန်ကုန် - နေပြည်တော် - တံတားဦး - တာချီလိတ် - ကျိုင်းတုံ ခရီးအတွက် တပ်မတော်လေယာဉ်၊ ကျိုင်းတုံ - မက်မန်း အသွားအပြန်ခရီးစဉ်အတွက် ရဟတ်ယာဉ်၊ ကျိုင်းတုံမှ အပြန်ခရီးစဉ် အတွက် တပ်မတော်လေယာဉ် စီစဉ်ပေးကာ နေရေးထိုင်ရေးကအစ အဘ ဦးညွန့်ဆွေနှင့် အဖွဲ့အတွက် လိုလေသေးမရှိ လမ်းညွှန်စီစဉ်ပေးခဲ့ပါသည်။ အဘနှင့် အမေကလည်း ဗိုလ်ချုပ်မှူးကြီးကို ကျေးဇူးအထူးတင်ခဲ့ပါ၏။

          အကယ်၍များ ပဉ္စမအကြိမ်မြောက်အဖြစ် မော်ဖဒေသ(မက်မန်း)သို့ သွားဦးမလားဟု မေးလာခဲ့သော် ကျွန်တော့်အဖြေက တစ်မျိုးတည်းသာ ရှိပါလိမ့်မည်။ ဟုတ်ကဲ့…သွားခွင့်ကြုံ လျှင် ကျွန်တော်ထပ်၍ သွားပါဦးမည်ဟူ၍………။

(ဆက်ပါဦးမည်။)


ဆက်စပ်လင့်ခ်များ

အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။

  • တယ်လီဖုန်း

    ၀၆၇ - ၄၁၀၀၃၃
  • ဖက်စ်

    ၀၆၇ - ၄၁၀၀၃၆
  • Email

    contact@mcrd.gov.mm