Language : |
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

ကျေးလက်ဒေသဖွံ့ဖြိုးရေးနှင့် ဆင်းရဲမှုလျော့ချရေးအတွက် အရေးကြီးသောအခြေခံအဆောက်အအုံ၊ ကျေးလက်လမ်းများ


04 Dec,2023

ရုပ်ပိုင်းဆိုင်ရာအခြေခံအဆောက်အအုံများဖြစ်သော ကျေးလက်လမ်း/ တံတား၊ ကျေးလက် ရေပေးရေး၊ ကျေးလက်မီးလင်းရေးစသည်… လူမှုရေးနှင့်သက်ဆိုင်သော ပညာရေးနှင့် ကျန်းမာရေး အခြေခံအဆောက်အအုံများသည် ကျေးလက်ဒေသဖွံ့ဖြိုးရေးနှင့် ဆင်းရဲမှုလျှော့ချရေးအတွက် မရှိ မဖြစ် ဆောင်ရွက်ရန်လိုအပ်ကြောင်းနှင့် စီးပွားရေးဖွံ့ဖြိုးတိုးတက်ရေးအတွက် တိုက်ရိုက် (သို့မဟုတ်) သွယ်ဝိုက် အကျိုးပြုလျက်ရှိကြောင်းကို အင်ဒိုနီးရှားနိုင်ငံ၏ကျေးလက်ဒေသဖွံ့ဖြိုးရေးဆောင်းပါးတွင် လေ့လာ ရေးသားဖော်ပြခဲ့ဖူးပါသည်။

          လမ်းပန်းဆက်သွယ်ရေးအခြေခံအဆောက်အအုံများဟာ ကျေးလက်ဒေသဖွံ့ဖြိုးရေးအတွက် မရှိ မဖြစ် လိုအပ်သကဲ့သို့ ဆင်းရဲမှုလျှော့ချရေးအတွက်လည်း လိုအပ်ပါသည်။ လမ်းပန်းဆက်သွယ်ရေး ကောင်းလျှင် “ကျွဲကူးရေပါ” ဆိုသလို ကုန်စည်ပို့ဆောင်ရေး၊ ခရီးသွားလာရေးတို့အတွက် အချိန်ကုန် ငွေကုန်သက်သာသည့်အပြင် ကုန်စည်စီးဆင်းမှု မြန်ဆန်ပြီး သယ်ယူပို့ဆောင်စရိတ်(Transportation Cost)ကိုပါ လျှော့ချနိုင်မည်ဖြစ်သည်။ လမ်းပန်းဆက်သွယ်ရေး ကောင်းမွန်မှသာ ပညာရေး၊ ကျန်းမာရေး၊ မီးလင်းရေးနှင့် ရေပေးရေးလုပ်ငန်းများ ဆက်တိုက်လိုက်ပါဆောင်ရွက်လာနိုင်မှာဖြစ်သည်။ ပြည်နယ်/ တိုင်းတစ်ခုနှင့် တစ်ခု၊ ခရိုင်တစ်ခုနှင့် တစ်ခု၊ မြို့တစ်မြို့နှင့် တစ်မြို့၊ ကျေးရွာ တစ်ရွာနှင့် တစ်ရွာ၊  ကျေးရွာမှ မြို့ပြသို့ လွယ်ကူချောမွေ့စွာ ကူးလူးဆက်သွယ်သွားလာနိုင်ရေးသည် အလွန်အရေးကြီးပြီး ကျေးလက်နေ ပြည်သူများ၏နေ့စဉ်နေထိုင်မှုဘဝ စီးပွားရေး၊ လူမှုရေးကိစ္စအဝဝကို များစွာ အထောက်အကူပြုစေမည် ဖြစ်သည်။

          “ကျေးလက်ဖွံ့ဖြိုးရေးမဟာဗျူဟာကို (၂၀၁၄) ခုနှစ်၊ မတ်လ(၁)ရက်နေ့ တွင် သက်ဆိုင်သူ များပါဝင်ရေးဆွဲခဲ့ပြီး “ကျေးလက်လမ်းဖွံ့ဖြိုးရေးမဟာဗျူဟာ”ကိုလည်း သက်ဆိုင်သူများ အားလုံး ပါဝင်ရေးဆွဲခဲ့ကာ ၂၀၁၆ ခုနှစ်တွင် Zero Draft စထွက်ခဲ့သည်။ သက်ဆိုင်ရာပြည်နယ်/ တိုင်း ဒေသကြီးများအလိုက် အကြံပြုချက်များ ကျယ်ကျယ်ပြန့်ပြန့်ရယူခဲ့ပြီး ၂၀၁၇ ခုနှစ်၊ မတ်လတွင် Final Draft ပြီးစီး ထုတ်ပြန်အတည်ပြုခဲ့သည်။

ကျေးလက်လမ်းဖွံ့ဖြိုးရေးမဟာဗျူဟာ၏ရည်ရွယ်ချက်

          “ကျေးလက်လမ်းဖွံ့ဖြိုးရေးမဟာဗျူဟာ”ရေးဆွဲရခြင်း၏ရည်မှန်းချက်မှာ “၂၀၃၀ ပြည့်နှစ်တွင် မြန်မာနိုင်ငံရှိ ကျေးရွာအားလုံး၏၈၀ ရာခိုင်နှုန်းနှင့် နိုင်ငံအတွင်းရှိ ကျေးလက်လူဦးရေ ၉၀ ရာခိုင်နှုန်း ရာသီမရွေး သွားလာနိုင်သည့် ကျေးလက်လမ်းများ အသုံးပြုနိုင်ရန်ဖြစ်ပါသည်။

          ၂၀၂၀ပြည့်နှစ်တွင် လူဦးရေ(၁၀၀၀)နှင့်အထက် ကျေးရွာများအားလုံး၊ ၂၀၂၅ခုနှစ်တွင် လူဦးရေ (၅၀၀)နှင့်အထက်ကျေးရွာအားလုံး၏၉၅%၊ ၂၀၃၀ပြည့်နှစ်တွင် လူဦးရေ(၂၅၀)နှင့်အထက်ကျေးရွာများ အားလုံး၏၇၅%နှင့် လူဦးရေ(၂၅၀)အောက်ရှိ ကျေးရွာ ၅၀%တွင် ရာသီမရွေးသွားလာနိုင်သောလမ်းများ ဖြစ်ရန် ရည်ရွယ်ခဲ့ပြီး ရည်မှန်းချက်ပြည့်မြောက်မှု ရှိ/မရှိ၊ အကောင်အထည်ဖော်နိုင်မှု ရှိ/မရှိ ပြန်လည် ဆန်းစစ်ရန် လိုအပ်ပါသည်။ မဟာဗျူဟာအရ ၂၀၁၇ခုနှစ်မှ ၂၀၃၀ပြည့်နှစ်အထိ (၁၄)နှစ်စာဖြစ်၍ ၂၀၂၃-၂၀၂၄ဘဏ္ဍာနှစ်အတွင်း Midterm Reviewလုပ်ပြီး ဆန်းစစ်နိုင်ရန် ရည်ရွယ်ထားရှိပါသည်။။

လမ်းကွန်ယက်စနစ် (Core Rural Road Network CRRN)

          လတ်တလောဦးစားပေးအစီအစဉ်အရ ကျေးရွာတစ်ရွာအတွက် အခြားကျေးရွာ တစ်ရွာရွာသို့ ဆက်သွယ်နိုင်မည့်လမ်းကွန်ယက် (၂)ခုထက်ပို၍ရှိနိုင်သော်လည်း ပိုမိုကောင်းမွန်သည့်လမ်းကွန်ယက် ၁ခု ကိုသာ ဦးစားပေး ဆောင်ရွက်သွားရန်ဖြစ်ပါသည်။

ဦးစားပေးရွေးချယ်သတ်မှတ်ခြင်း

(က)    အကျိုးပြုမှု- အကျိုးပြုကျေးရွာပေါင်း၊ အကျိုးပြုလူဦးရေ၊ အကျိုးပြုစိုက်ပျိုးရေး၊ မွေးမြူရေး လုပ်ငန်းများ၊ စီးပွားရေးလုပ်ငန်းများ၊

          ( ခ )   သဘာဝပတ်ဝန်းကျင်ထိခိုက်မှု၊

          ( ဂ )   နေ့စဉ် ယာဉ်သွားလာမှု၊

          (ဃ)    ဆင်းရဲမှုနှုန်း၊

          ( င )   လူမှုရေးဆိုင်ရာ စာသင်ကျောင်း၊ ဆေးပေးခန်းများ ချိတ်ဆက်ဆက်သွယ်အကျိုးပြုမှု၊

                   Accessibility/ Travel time၊

          ( စ )   အိမ်ထောင်စုတစ်စုအပေါ် ရင်းနှီးမြှုပ်နှံမှု (Investment Per-Household)

          (ဆ)    လမ်းဖောက်လုပ်မှုကြောင့် နေရာရွှေ့ပြောင်းချထားရန် လိုအပ်မှု ရှိ/မရှိ စသည့်အချက် များအပေါ် အခြေခံ၍ အကျိုးပြုမှုအများဆုံး၊ ရင်းနှီးမြှုပ်နှံမှုအနည်းဆုံး၊ သဘာဝပတ်ဝန်းကျင်နှင့် လူမှု ထိခိုက်မှုမရှိသောအချက်များအပေါ် အခြေခံ၍ ဦးစားပေးရွေးချယ်သတ်မှတ်ရန် ကျေးလက်လမ်း ဖွံ့ ဖြိုးရေးမဟာဗျူဟာတွင် ချမှတ်ထားပါသည်။

          မဟာဗျူဟာကို ၂၀၁၇-၂၀၁၈ ခုနှစ်မှ ၂၀၂၃-၂၀၂၄ ခုနှစ်အထိ အကောင်အထည်ဖော်ခဲ့ရာမှာ ၆နှစ်ကျော်ကာလအတွင်း ဆောင်ရွက်နိုင်ခဲ့တာတွေရှိသလို မဆောင်ရွက်နိုင်သေးတာတွေလည်း ရှိသည်။ အဓိကကျေးရွာချင်းဆက်လမ်းကွန်ယက် (Core Rural Road Network-CRRN) သတ်မှတ် ချက်အရ ကျေးရွာတစ်ရွာ၊ လမ်းကွန်ယက်တစ်ခု ဆောင်ရွက်ရန်ဖြစ်သော်လည်း တွေ့ရှိချက်များအရ အချို့ ကျေးရွာ များတွင် အကြောင်းအမျိုးမျိုးကြောင့် လမ်းကွန်ယက် (၂)ခု/ (၃)ခုခန့် ဆောင်ရွက်ပေးထားပြီး တံတား တည်ဆောက်ရေးအနေဖြင့် နာရီဝက်၊ မိနစ် (၂၀)အတွင်း ဆက်သွယ်သွားလာနိုင်သည့် လမ်း/ တံတား ရှိသော်လည်း နောက်ထပ်တံတားတစ်စင်း တည်ဆောက်ပေးထားတာတွေရှိသည်။ လမ်းကွန်ယက် များလေ… ကောင်းလေဖြစ်သော်လည်း ရန်ပုံငွေကန့်သတ်ချက်အရ လမ်း လုံးဝမရှိ၊ မြေသားလမ်း ၁လမ်းတောင် အသင့်အတင့်အခြေအနေမရှိသည့်ဝေးလံဒေသ၊ မြို့နှင့်မလှမ်းမကမ်း ဒေသတွေမှာတောင် လိုအပ်လျက်က ရိစာလမ်းအဆင့်ပင် မဆောင်ရွက်ပေးနိုင်သေးတာတွေ တွေ့ရှိနေရပါသည်။ CRRN သတ်မှတ်ချက်အတိုင်း လုပ်နိုင်ရင်ပိုကောင်းမည်ဖြစ်သည်။ တင်ပြသည်ဖြစ်စေ၊ မတင်ပြသည်ဖြစ်စေ မဟာဗျူဟာအရ ဦးစားပေးအစီအစဉ်အတိုင်း၊ CRRNသတ်မှတ်ချက်အတိုင်း ဆောင်ရွက်သင့်တာမို့ မဟာ ဗျူဟာအကောင်အထည်ဖော်မှုကို ဝန်ကြီးဌာနနှင့် ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနအနေဖြင့် မဖြစ်မနေ ပြန်လည်သုံးသပ်ရန်လိုအပ်ပြီး ပြုပြင်ဆောင်ရွက်သင့်သည်များကို ဖော်ထုတ်ဆောင်ရွက်သွားသင့်ပါသည်။

“ကျေးလက်ဖွံ့ဖြိုးရေးမဟာဗျူဟာ” နှင့် “ကျေးလက်လမ်းဖွံ့ဖြိုးရေးမဟာဗျူဟာ”

“ကျေးလက်ဖွံ့ဖြိုးရေးမဟာဗျူဟာ”ရေးဆွဲခဲ့ပြီးမှ ဆက်စပ်အနေဖြင့် “ကျေးလက်လမ်းဖွံ့ဖြိုးရေး မဟာဗျူဟာ”၊ “ရေရရှိရေးနှင့် ကျန်းမာသန့်ရှင်းရေးမဟာဗျူဟာ”နှင့် “ကျေးလက်မီးလင်းရေး စီမံကိန်း” များကို ကျေးလက်ဖွံ့ဖြိုးရေးမဟာဗျူဟာအား ပင်မကျောရိုး အဂ္ဂမဟာဗျူဟာ Grand Strategy အဖြစ် ထားရှိ ရေးဆွဲခဲ့၊ အကောင်အထည်ဖော်ခဲ့ခြင်းဖြစ်သည်။

ကျေးလက်ဖွံ့ဖြိုးရေးမဟာဗျူဟာ (၅)ချက်ကတော့…

(က)    ဦးစားပေးရွေးချယ်ခြင်း မဟာဗျူဟာ (Targeting & Prioritization) 

( ခ )   ထပ်ပေါင်းထပ်ပွားမဟာဗျူဟာ (Synergy & Multiply Impact)

( ဂ )   စဉ်ဆက်မပြတ်ရန်ပုံငွေရရှိရေးမဟာဗျူဟာ (Sustainable Financing)

(ဃ)    ထိရောက်စွာ ပူးပေါင်းဆောင်ရွက်ခြင်း မဟာဗျူဟာ (Effective Collaboration)

( င )   ကောင်းမွန်သောစီမံခန့်ခွဲမှုမဟာဗျူဟာ(Good Governance)တို့ဖြစ်ပြီး “ကျေးလက်လမ်း ဖွံ့ဖြိုးရေးမဟာဗျူဟာ”ကိုအကောင်အထည်ဖော်ရာမှ ထပ်ပေါင်းထပ်ပွားဗျူဟာ၊ စဉ်ဆက်မပြတ်ရန်ပုံငွေ ရရှိရေးမဟာဗျူဟာ၊ ထိရောက်စွာပူးပေါင်းဆောင်ရွက်မှုမဟာဗျူဟာ၊ ကောင်းမွန်သောစီမံခန့်ခွဲမှု မဟာ ဗျူဟာတို့နှင့် ပြန်လည်ချိန်ညှိဆန်းစစ်ရန်လိုအပ်ပါသည်။ ရန်ပုံငွေ၊ သဘာဝဘေး၊ ပြည်သူပါဝင်မှု၊ အရင်းအမြစ်၊ အချိန်စသည့်အကန့်အသတ်များရှိနေသည့်အတွက် မဟာဗျူဟာရည်မှန်းချက်ကိုပြည့်မီရန် စဉ်းစားဆောင်ရွက်စီမံရမှာဖြစ်လို့ ပြည်သူလူထုကိုယ်တိုင် တည်ဆောက်ရေးနှင့် ထိန်းသိမ်းရေးမှာ ပါဝင် လာအောင်၊ လုပ်အား၊ ငွေအားပါဝင်အောင်၊ ဌာနဆိုင်ရာအချင်းချင်း၊ ပုဂ္ဂလိကများ၊ ကျေးရွာများနှင့် ထိထိရောက်ရောက် ညှိနှိုင်းပူးပေါင်း ဆောင်ရွက်ရန်လိုအပ်ပါသည်။ ကောင်းမွန်သော စီမံခန့်ခွဲမှုအတွက် ဝန်ထမ်းများအနေဖြင့် သက်ဆိုင်သူများနှင့် ပူးပေါင်းဆောင်ရွက်မှု၊ ပွင့်လင်း မြင်သာစွာဆောင်ရွက်မှု၊ တာဝန်ယူမှု၊ တာဝန်ခံမှု၊ စည်းမျဉ်းစည်းကမ်း လိုက်နာမှု၊ အင်ဂျင်နီယာ ကျင့်ဝတ်လိုက်နာမှု၊ လျင်မြန်စွာ တုန့်ပြန်ဆောင်ရွက်နိုင်မှုစသည့် သိရှိ လိုက်နာကျင့်ကြံရန်ကိစ္စများကို စီမံကိန်းရေးဆွဲခြင်း၊ ဘတ်ဂျက် လျာထားခြင်း၊ အကောင်အထည်ဖော်ခြင်း၊ ကြီးကြပ်ခြင်းလုပ်ငန်းစဉ်အားလုံးတွင် လိုက်နာဆောင်ရွက် ကြရမည်ဖြစ်သကဲ့သို့ မဟာဗျူဟာအတိုင်းဆောင်ရွက်မှု ရှိ/ မရှိ၊ CRRNသတ်မှတ်ချက်အတိုင်းဆောင် ရွက်မှု ရှိ/ မရှိ၊ အရည်အသွေး ကောင်းမွန်ရန်တို့အတွက် စည်းမျဉ်းစည်းကမ်းများ သတ်မှတ်ကြီးကြပ်မှု ရှိ/မရှိတို့ကိုစီမံခန့်ခွဲရာတွင် ကောင်းမွန်စွာစီမံခန့်ခွဲမှုရှိစေရေး လေ့ကျင့်ပျိုးထောင်ပေးကြရမည်ဖြစ်သည်။

အကျိုးကျေးဇူးများ

ကျေးလက်လမ်းများဆောင်ရွက်ပေးခြင်း၊ ကျေးလက်လမ်းများတွင် ရင်းနှီးမြုပ်နှံခြင်းဖြင့် ကုန်စည်

ပို့ဆောင်ရေး၊ စီးပွားရေးလုပ်ငန်းများကို ပိုမိုကောင်းမွန် ပြည့်စုံကြီးမားသောဈေးကွက်များနှင့်ချိတ်ဆက် ပေးနိုင်လာကာ ကုန်သွယ်မှုမြှင့်တင်ပေးပြီး စီးပွားရေးကိုပါမြှင့်တင်နိုင်မည်ဖြစ်သည်။ ပိုမိုကောင်းမွန်သော ဈေးကွက်လက်လှမ်းမီမှုသည် ရင်းနှီးမြှုပ်နှံမှုများကို ပိုမိုဆွဲဆောင်နိုင်ပြီး စိုက်ပျိုးမွေးမြူရေးကဏ္ဍ ဖွံ့ဖြိုး ရေးကို အထောက်အကူပြုနိုင်သည့်နည်းတူ အလုပ်အကိုင်အခွင့်အလမ်းများ ဖန်တီးပေးနိုင်သည် သာမက ကျေးလက်ဒေသစီးပွားရေးဖွံ့ဖြိုးတိုးတက်မှုကိုပါ မြှင့်တင်ပေးနိုင်မည်ဖြစ်ပါသည်။ တိုက်ရိုက်နှင့် သွယ်ဝိုက် အဓိကအကျိုးကျေးဇူးများနှင့် Multiplier Effects မှာ-

( ၁ )   ပြည်သူလူထု ချိတ်ဆက်မှု (Connect Communities)

          ဝေးလံဒေသအပါအဝင် သီးခြားစီရှိနေသောကျေးရွာများသို့ လမ်းများဖောက်လုပ် ဆက် သွယ်ပေးခြင်းဖြင့် ရပ်ရွာများပေါင်းစည်းမှုနှင့် စာသင်ကျောင်းများ၊ ကျန်းမာရေး စောင့် ရှောက်မှု၊ အခြေခံဝန်ဆောင်မှုများကို ရယူသုံးစွဲနိုင်စေမည်ဖြစ်သည်။

( ၂ )    စိုက်ပျိုးရေးဖွံ့ဖြိုးတိုးတက်မှု (Agricultural Growth)

          လမ်းပန်းဆက်သွယ်ရေးကောင်းမွန်မှုကြောင့် စိုက်ပျိုးမွေးမြူရေးထုတ်ကုန်များကို ဈေးကွက် သို့ ထိရောက်လျင်မြန်၊ အချိန်ကုန်သက်သာစွာဖြင့် ပို့ဆောင်နိုင်စေပြီး လယ်ယာကုန်ထုတ် စွမ်းအားတိုးမြှင့်ပေးနိုင်မည့်အပြင် မိသားစုဝင်ငွေကိုပါ တိုးပွားစေမည်ဖြစ်ပါသည်။ ထို့ပြင် စိုက်ပျိုးရေးဖွံ့ဖြိုးတိုးတက်မှုမှတစ်ဆင့် စဉ်ဆက်မပြတ်ရေရှည်ဖွံ့ဖြိုးရေးပန်းတိုင်များ (SDGs- Sustainable Development Goals)အနက်မှ SDG–2:“စားနပ်ရိက္ခာဖူလုံရေး၊ အာဟာရ ပြည့်ဝရေး ရည်မှန်းချက်ကို ပြည့်မီစေရန် တစ်ဖက်တစ်လမ်းမှ အထောက်အကူပြုနိုင်မည် ဖြစ်သည်။

( ၃ )   အလုပ်အကိုင်အခွင့်အလမ်း (Employment Opportunities)

          လမ်းတံတားများ ဖောက်လုပ်ခြင်း၊ ပြုပြင်ထိန်းသိမ်းခြင်းတွင် ရင်းနှီးမြှုပ်နှံခြင်းကြောင့် ဒေသခံများအား အလုပ်အကိုင်အခွင့်အလမ်းများရရှိစေပြီး စီးပွားရေးအခွင့်အလမ်းကောင်း များ ဖန်တီးပေးနိုင်မည့်အပြင် အလုပ်လက်မဲ့ဖြစ်ခြင်းကို လျှော့ချပေးနိုင်မည်ဖြစ်သည်။ ထို့ကြောင့် SDG–8: “အလုပ်အကိုင်အခွင့်အလမ်းများတိုးပွားရေး”ရည်မှန်းချက်ကို ပြည့်မီ စေရန် အထောက်အကူပြုစေမည်ဖြစ်သည်။

( ၄ )   ပညာရေးလက်လှမ်းမီမှု (Education Access)

          လမ်းပန်းဆက်သွယ်ရေးကောင်းမွန်မှုကြောင့် ကျောင်းများတက်ရောက်ခွင့်၊ ဝင်ရောက် ခွင့်များ လွယ်ကူစွာရရှိစေပြီး ပညာရေးဆိုင်ရာအတားအဆီးများကို လျော့ချပေးနိုင်မည် ဖြစ်၍ ကျေးလက်နေပြည်သူများ၏အသိပညာနှင့် ကျွမ်းကျင်မှုများ မြှင့်တင်ပေးနိုင်မည် ဖြစ်သည့်အပြင် SDG–4“လူတိုင်းပညာရည် မြင့်မားရေး” ရည်မှန်းချက်ကို ပြည့်မီစေရန် တစ်ဖက်တစ်လမ်းမှ အထောက်အကူပြုစေမည်ဖြစ်သည်။

( ၅ )   ကျန်းမာရေးစောင့်ရှောက်မှုရရှိနိုင်မှု (Health Care Access)

          လမ်းပန်းဆက်သွယ်ရေးကောင်းမွန်မှုသည် ဆေးရုံ၊ ဆေးခန်းများသို့ အချိန်မီ ရောက်ရှိ စေနိုင်သောကြောင့် ကျန်းမာရေးစောင့်ရှောက်မှု၊ ကုသမှုနှင့် ဆေးဝါးအကူအညီများကို အချိန်မီဆောင်ရွက်ပေးနိုင်ပြီး ကျန်းမာရေးဆိုင်ရာစိန်ခေါ်မှုများကို လျော့ချပေးနိုင်မည် ဖြစ်သည်။ ထို့ကြောင့် SDG–3 “လူတိုင်းစေ့ ကျန်းမာရေးနှင့် သာယာဝပြောရေး” ရည်မှန်း ချက်ကို ပြည့်မီစေရန်လည်း တစ်ဖက်တစ်လမ်းမှ အထောက်အကူပြုစေမည်ဖြစ်သည်။

( ၆ )   ဈေးကွက်ချိတ်ဆက်ပေးနိုင်မှု (Market Access)

          ကျေးလက်လမ်းများမှတစ်ဆင့် ကျေးရွာများ၏ထုတ်ကုန်များကို ပိုမိုကောင်းမွန်သော ဈေးကွက်သို့ လျင်မြန်စွာချိတ်ဆက်ပေးပို့နိုင်ပြီး ကုန်သွယ်မှုမြှင့်တင်ခြင်းနှင့် ဒေသတွင်း စီးပွားရေး လုပ်ငန်းများကို မြှင့်တင်ပေးနိုင်မည်ဖြစ်သည်။ ဆက်စပ်အကျိုးကျေးဇူးအနေဖြင့် စိုက်ပျိုးရေး ဖွံ့ဖြိုးတိုးတက်မှုကို အထောက်အပံ့ဖြစ်စေသည့်အတွက် SDG–2: “စားနပ်ရိက္ခာ ဖူလုံရေး၊ အာဟာရပြည့်ဝရေးရည်မှန်းချက်ကိုပြည့်မီစေရန်လည်း သွယ်ဝိုက်၍ အထောက် အကူပြုစေမည်ဖြစ်သည်။

( ၇ )   ဆင်းရဲမှုလျှော့ချရေး (Poverty Reduction)

          ဆက်စပ်အကျိုးအနေဖြင့် စီးပွားရေးတိုးတက်မှုကို ဖော်ဆောင်နိုင်သည့် ပတ်ဝန်းကျင် ကောင်းကို ဖန်တီးပေးနိုင်ပြီး လူနေမှုဘဝမြှင့်တင်ပေးခြင်းဖြင့် ဆင်းရဲနွမ်းပါးမှု လျော့ချ ရေးကို တစ်ဖက်တစ်လမ်းမှအထောက်အကူပြုနိုင်မည်ဖြစ်သကဲ့သို့ SDG-1: “နေရာအနှံ့ ဆင်းရဲမှုအဆုံးသတ်ရေး”ရည်မှန်းချက်ကို ပြည့်မီစေရန် အထောက်အကူပြုနိုင်မည်ဖြစ်သည်။

ပြောင်းလဲစဉ်းစားသင့်သည်များ

          ၂၀၃၀ပြည့်နှစ်တွင် ရာသီမရွေးသွားလာနိုင်သောကျေးလက်လမ်းများ ဖောက်လုပ်ပြီးစီးရေးအတွက် မဟာဗျူဟာမြောက် ချဉ်းကပ်မှု မရှိမဖြစ် လိုအပ်သည်ဖြစ်ရာ တီထွင်ဆန်းသစ် သောအတွေးအခေါ်၊ လုပ်နည်းလုပ်ဟန်များကို သမရိုးကျဘောင်အတွင်းမှ ဖောက်ထွက်စဉ်းစား၍ နည်းလမ်းအမျိုးမျိုးဖြင့် ဆောင်ရွက်သင့်ပါသည်။

( က)   ရင်းနှီးမြှုပ်နှံမှု (Investment)

          လမ်းတံတားများ၊ ဆက်စပ်လုပ်ငန်းများ အသစ်တည်ဆောက်ခြင်းနှင့် ပြုပြင်ထိန်းသိမ်း ခြင်းတို့အတွက် လုံလောက်သောရန်ပုံငွေရရှိရန်နှင့် စနစ်တကျ ခွဲဝေသုံးစွဲရန် လိုအပ် ပါသည်။ နိုင်ငံတော်ဘဏ္ဍာငွေ တစ်ခုတည်းဖြင့် မလုံလောက်သည့်အတွက် ရန်ပုံငွေ ရရှိနိုင်မည့် နည်းလမ်းများကို ရှာဖွေဖော်ထုတ်ရမည်ဖြစ်သည်။

( ခ )   စီမံကိန်းရေးဆွဲခြင်း (Planning)

          ဒေသအလိုက်၊ မြို့နယ်အလိုက် တိကျသောလိုအပ်ချက်များနှင့် ပထဝီဝင်အနေအထားတို့

          ကိုထည့်သွင်းစဉ်းစားပြီး သတ်မှတ်စည်းမျဉ်းစည်းကမ်း၊ နည်းပညာအပါအဝင် ဦးစားပေး အစီအစဉ်၊ CRRN သတ်မှတ်ချက်တို့နှင့်အညီ စီမံကိန်း၊ စီမံချက်များရေးဆွဲ သင့်ပါသည်။ ကဏ္ဍနှင့် ဒေသ ချိတ်ဆက်မှု၊ ညှိနှိုင်းမှု၊ ကဏ္ဍအချင်းချင်း ပေါင်းစပ်ဆောင်ရွက်မှုများ ကောင်းမွန်ဖို့ လိုအပ်ပါသည်။

( ဂ )   ကျေးလက်ပြည်သူပူးပေါင်းပါဝင်မှု (Collaboration Rural People)

          စီမံကိန်းများသည် ကျေးလက်ပြည်သူများ၏လိုအပ်ချက်များနှင့် ကိုက်ညီမှုရှိစေရန် မြေ နေရာရရှိမှုနှင့် ဆုံးဖြတ်ချက်ချခြင်း လုပ်ငန်းစဉ်များတွင် ဒေသခံပြည်သူများအား ပူးပေါင်း ပါဝင်ခွင့် ပေးအပ်သင့်ပါသည်။

(ဃ)    R&D နှင့် နည်းပညာပေါင်းစပ်မှု (Technology Integration)

          ရေရှည်တည်တံ့၍တာရှည်ခံမှုနှင့် ကုန်ကျစရိတ်သက်သာမှုရှိစေရန် လမ်းသစ်များ ဖောက် လုပ်မှုနှင့် ပြုပြင်ထိန်းသိမ်းမှုတွင် Labများ အဆင့်မြှင့်တင်ခြင်းနှင့် R&Dများ ဆောင်ရွက် ခြင်း၊ ခေတ်မီနည်းပညာများ အသုံးပြုခြင်းတို့ကို ပေါင်းစပ်ဆောင်ရွက်သင့်ပါသည်။ လမ်း လုပ်ငန်းသုံးပစ္စည်းများ၊ မြေ၊ သဲ၊ ကျောက်၊ ဂဝံ၊ ရိစာ၊ ဒေသအလိုက် ရရှိနိုင်မှု၊ သတ်မှတ် စံချိန်စံညွှန်းပြည့်မီမှု ရှိ/မရှိတို့ကို သိရှိနိုင်ရန် Research (သုတေသန) ပြုလုပ် မှတ်တမ်း များထားရှိရန် လိုအပ်သကဲ့သို့ Labများထားရှိပြီး စစ်ဆေးပေးရန်လည်း လိုအပ်ပါသည်။

          ဒေသထွက်ပစ္စည်းများကို အသုံးပြုခြင်းဖြင့် သယ်ယူစရိတ် လျော့ချနိုင်ပြီး ဒေသတွင်း လမ်းများပျက်စီးမှုကို ကာကွယ်နိုင်မည်ဖြစ်သဖြင့် လက်ရှိတွင် တတ်နိုင်သမျှ ဒေသထွက် ပစ္စည်းများကိုသုံးစွဲနိုင်ရန် ၎င်းတို့၏အရည်အသွေးအပေါ်မူတည်၍ Designရေးဆွဲ ဆောင် ရွက်လျက်ရှိသည်။

          ကမ်းရိုးတန်းဒေသ၊ တောင်ပေါ်ဒေသ၊ အပူပိုင်းဒေသ၊ မြစ်ဝကျွန်းပေါ်ဒေသ (Delta Region)စသည့်ဒေသအလိုက်ရာသီဥတုနှင့်ကိုက်ညီမည့် လမ်း Design များ ရေးဆွဲပြီး သုတေသနများဆောင်ရွက်လျက်ရှိသလို စဉ်ဆက်မပြတ်လည်း ဆက်လက် လုပ်ဆောင် သွားကြရမည်ဖြစ်သည်။ တိုးတက်ပြောင်းလဲနေသည့်နည်းပညာ၊ စက်ပစ္စည်းများကို  လေ့လာသုံးစွဲခြင်းဖြင့် ဖောက်လုပ်သည့်လမ်းများ ရေရှည်တည်တံ့ခိုင်မြဲအောင် ဆောင် ရွက်ကြရမည်ဖြစ်သည်။ နှစ်စဉ်ပြန်လည်သုံးသပ်မှုများလုပ်ဆောင်ပြီး ပြုပြင်ပြောင်းလဲ သင့်သည်များကို ပြုပြင်ပြောင်းလဲဆောင်ရွက်ကြရမည်ဖြစ်သည်။

 ( င )  အစိုးရ၊ ပြည်သူ၊ ပုဂ္ဂလိကပူးပေါင်းဆောင်ရွက်မှု (Public-Private Partnership)

          စီမံကိန်းများ အချိန်မီပြီးစီးစေရေး၊ ရေရှည်တည်တံ့ခိုင်မြဲစေရေးအတွက် အရင်းအမြစ်များ၊ ကျွမ်းကျင်မှုများနှင့် ဆန်းသစ်တီထွင်မှုများကို အသုံးချရန် ပုဂ္ဂလိကအဖွဲ့အစည်းများနှင့် ပူးပေါင်းဆောင်ရွက်သင့်သည့်အပြင် လိုက်လျောညီထွေရှိမည့် မူဝါဒချမှတ်နိုင်ရေးအတွက်

          လည်း လေ့လာတင်ပြသင့်ပါသည်။

( စ )   ကျွမ်းကျင်မှုဖွံ့ဖြိုးတိုးတက်ရေး (Skill Development)

          တည်ဆောက်ရေးနှင့် ပြုပြင်ထိန်းသိမ်းရေးဆိုင်ရာစွမ်းရည်များ ပြည့်ဝစေရေးအတွက် အလုပ်အကိုင်အခွင့်အလမ်းများ ဖန်တီးပေးရန်နှင့် ဝန်ထမ်းများ၏ တစ်ဦးချင်း စွမ်းရည်၊ ပုဂ္ဂလိကကုမ္ပဏီများ၏စွမ်းရည်၊ ရုံးအဆင့်ဆင့်၏စွမ်းဆောင်ရည်များကို မြှင့်တင်ပေးရန် ဆောင်ရွက်သင့်ပါသည်။

( ဆ)   စောင့်ကြည့်စစ်ဆေးခြင်းနှင့် အကဲဖြတ်ခြင်း (Monitoring and Evaluation-M&E)

          တိုးတက်မှုများကို စောင့်ကြည့်စစ်ဆေးနေရန်၊ စိန်ခေါ်မှုနှင့် အဟန့်အတားများကို ဖော် ထုတ်အဖြေရှာရန်နှင့် ၂၀၃၀ ပြည့်နှစ် မျှော်မှန်းချက်ပန်းတိုင် ပြည့်မီစေရန် ခိုင်မာသည့် စောင့်ကြည့်စစ်ဆေးရေးယန္တရားများထူထောင်ရန်လိုအပ်ပါသည်။ ၂၀၃၀ပြည့်နှစ် ရည်မှန်း ချက်၊ ကာလတို၊ ကာလလတ်နှင့် နှစ်ရှည်စီမံကိန်းများ၏တိုးတက်မှုများကို စောင့်ကြည့် စစ်ဆေး၊ သုံးသပ်ဖော်ထုတ်နိုင်မည့် M&Eစနစ် ထူထောင်ပြီး လစဉ် ကြီးကြပ်ဆောင်ရွက် ရမည်ဖြစ်သည်။ ကောင်းသည်ထက်ကောင်းအောင်၊ ပြည့်စုံသည်ထက်ပြည့်စုံအောင် စဉ် ဆက်မပြတ်ဆောင်ရွက်သွားကြရပါမည်။ မျှော်မှန်းချက်ပန်းတိုင် ပြောင်းရန် လိုအပ်လျှင် လည်း ပြောင်းလဲရန်၊ နည်းလမ်းပြောင်းရန် လိုအပ်ပါကလည်း ပြောင်းလဲဆောင်ရွက်ရန် လိုအပ်မည်ဖြစ်ပါသည်။

( ဇ )   သဘာဝပတ်ဝန်းကျင်နှင့် လူမှုဝန်းကျင်ဆိုင်ရာထည့်သွင်းစဉ်းစားမှုများ (Environmental and Social Consideration)

          သဘာဝပတ်ဝန်းကျင်နှင့် လူမှုဝန်းကျင်အပေါ် ထိခိုက်မှုအနည်းဆုံးဖြစ်စေရန်၊ ရေရှည် တည်တံ့သော ဖွံ့ဖြိုးတိုးတက်မှုဖြစ်စေရန် သဘာဝပတ်ဝန်းကျင်နှင့် လိုက်လျောညီထွေ ရှိသည့်(Eco-friendly)အလေ့အကျင့်ကောင်းများကို ဖော်ဆောင်ရန် လိုအပ်ပါသည်။

(ဆ)    စံသတ်မှတ်ချက်များ (Criteria)

          ကျေးလက်လမ်း/ တံတားများ ရေရှည်တည်တံ့စေရန်၊ စီးပွားရေး တွက်ချေကိုက်ရန်၊ Economy Designဖြစ်ရန် စံသတ်မှတ်ချက်များ ချမှတ်လိုက်နာဆောင်ရွက်ရမည်ဖြစ်သည်။ လက်ရှိတွင်လည်း လိုက်နာဆောင်ရွက်လျက်ရှိပါသည်။

          ကုန်ကျစရိတ်သက်သာစေရန်အတွက် ဒေသထွက်ကုန်များအသုံးပြုနိုင်ရန် လုပ်ငန်းသုံး ပစ္စည်းများ၏အရည်အသွေးစံသတ်မှတ်သင့်ပြီး ဒေသရာသီဥတုအခြေအနေနှင့် အခြား သက်ရောက်မှုများကိုပါ ထည့်သွင်းစဉ်းစားရမည်ဖြစ်သည်။ လမ်းကိုဖျက်တာ ရေဖြစ်၍ ရေတိုက်စားမှုနှင့် ရေလွှမ်းမိုးမှုမှကာကွယ်ရန် ရေနှုတ်မြောင်းများ ထည့်သွင်းပြီး လမ်း၊ တံတားများ ရေရှည်ခံနိုင်အောင် ထိရောက်ကောင်းမွန်သော Designများ ရေးဆွဲ ဆောင် ရွက်ရပါမည်။

( ဇ )   ဘေးကင်းလုံခြုံရေး (Safety)

          ယာဉ်အန္တရာယ်ကင်းရှင်းရေးနှင့် ယာဉ်တိုက်မှု ဖြစ်နိုင်ချေများ လျော့ချရန်အတွက် လိုအပ်

          သည့်နေရာ၊ လိုအပ်သောအကာအရံများ၊ လမ်းညွှန်ဆိုင်းဘုတ်များ၊ လမ်းအမှတ်အသား များကို သတ်မှတ်ချက်အတိုင်း တည်ဆောက်ရေးနှင့်အတူ တစ်ပါတည်းထည့်သွင်း ဆောင် ရွက်သင့်ပါသည်။

 ( ဈ )  Feasibility Survey နှင့် Design စနစ်တကျဆောင်ရွက်သင့်

          လက်ရှိနှင့် အနာဂတ်ဖြစ်လာနိုင်ခြေ၊ ဖွံ့ဖြိုးတိုးတက်လာနိုင်ခြေ၊ ထုတ်ကုန်များ တိုးတက်

          လာနိုင်မှု၊ စီးပွားရေးဖွံ့ဖြိုးလာနိုင်မှုအလားအလာများကို ဖြစ်နိုင်ခြေဆန်းစစ် လေ့လာမှု (FS) သေချာလုပ်ပြီး အနာဂတ်အစီအစဉ်များကို စုစည်း၍ Design လုပ်သင့်ပါသည်။

(ည)    ပြုပြင်ထိန်းသိမ်းရေး (Maintenance)

          နှစ်စဉ်ပြင်ဆင်ထိန်းသိမ်းရေးရန်ပုံငွေများ လျာထားဆောင်ရွက်ခြင်းဖြင့် ဒေသခံပြည်သူ များအတွက် အလွယ်တကူရရှိနိုင်ပြီး ကုန်ကျစရိတ်သက်သာသောပစ္စည်းများကို အသုံး ပြု၍ ပြုပြင်ထိန်းသိမ်းမှုလွယ်ကူစေမည့် အစီအစဉ်များ ရေးဆွဲထားရှိသင့်ပါသည်။

အစိုးရ-ပြည်သူ-ပုဂ္ဂလိကပူးပေါင်းဆောင်ရွက်မှုပုံစံ (PPP Model)

          လက်ရှိအချိန်အထိ ကျေးလက်လမ်းများကို BOTစနစ်ဖြင့် ထိန်းသိမ်းမှု မရှိသေးပေ။ နိုင်ငံတော်မှ အသစ်တည်ဆောက်ခြင်း၊ ပြင်ဆင်ထိန်းသိမ်းခြင်းကို ၁၀၀%တာဝန်ယူနေရခြင်း ကြောင့် ဖြစ်ပေါ်ရသည့် ရန်ပုံငွေမလုံလောက်မှုအခက်အခဲကို ကျော်ဖြတ်ရန် အောက်ပါအချက် များကို ထည့်သွင်း စဉ်းစားသင့်ပါသည်-

(က)    PPP Model ဆောင်ရွက်နိုင်ရန် စီမံကိန်း ဖြစ်မြောက်နိုင်စွမ်းအလားအလာနှင့် မျှော်မှန်း ထားသောရလဒ်များကို အကဲဖြတ်ရန် ဖြစ်နိုင်ခြေဆန်းစစ်မှုကို စေ့စေ့စပ်စပ်လေ့လာ လုပ် ဆောင်ခြင်း၊

( ခ )   ပုဂ္ဂလိက ရင်းနှီးမြှုပ်နှံမှုများကို ဆွဲဆောင်နိုင်မည့်အစီအစဉ်များ စဉ်းစားဆောင်ရွက်ခြင်း၊

( ဂ )   PPP Model တွင် Risk Sharing အနေဖြင့်   အစိုးရနှင့်ပုဂ္ဂလိကအကြား စွန့်စားရမှုများကို ရှင်းလင်းစွာ ခွဲဝေသတ်မှတ်ပြီး တည်ဆောက်ရေး လည်ပတ်ထိန်းသိမ်းမှုဆိုင်ရာများကို စဉ်းစားဆောင်ရွက်ခြင်း၊

(ဃ)    ပုဂ္ဂလိကရင်းနှီးမြှုပ်နှံမှုကို ပိုမိုဆွဲဆောင်နိုင်စေရန်အတွက် အစိုးရပံ့ပိုးမှုအနေဖြင့် အခွန် သက်သာခွင့်ပေးခြင်းကဲ့သို့သောအာမခံချက်များနှင့် ပံ့ပိုးမှုများ၊ ကူညီမှုမက်လုံးများပေးခြင်း၊

( င )   ရင်းနှီးမြှုပ်နှံသူများ ရေရှည် အဆင်ပြေစေမည့် ဝင်ငွေရလမ်းကြောင်းတစ်ခု ဖန်တီးနိုင်ရန်

          လမ်းတလျှောက် လမ်းအသုံးပြုခကို တတ်နိုင်သည့် နှုန်းထားဖြင့် တောင်းခံစေခြင်းဖြင့် ဝင်ငွေဖော်ဆောင်ခြင်း (Revenue Generation) (Affordable Rate) နည်းလမ်းများကို ဆောင်ရွက်သင့်ခြင်း၊

( စ )   Financing Modelအသစ်များစဉ်းစားခြင်းအနေဖြင့် Expression of Interest(EOI) ခေါ်ပြီး စိစစ်ရွေးချယ်ခြင်း၊ အကောင်အထည်ဖော်ရာတွင် ပုဂ္ဂလိကမှရန်ပုံငွေကျခံဆောင်ရွက်ခြင်း၊ သတ်မှတ်စည်းကမ်းချက်များ ချမှတ်ခြင်း၊ စာချုပ် ချုပ်ဆို ဆောင်ရွက်ခြင်းများ စဉ်းစား နိုင်ပြီး စာချုပ်ပါစည်းကမ်းချက်များ ပြည့်မီစွာဆောင်ရွက်နိုင်ပါက သတ်မှတ်ချက်များနှင့် အညီ ရန်ပုံငွေလျာထားပေးချေခြင်းကိုလည်း စဉ်းစားဆောင်ရွက်သင့်ခြင်း၊ မူဝါဒခွင့်ပြုချက် ရရှိရန်လိုအပ်ပြီး Standard Operation Procedure(SOP) ရေးဆွဲထားရန် လိုအပ်ခြင်း၊

(ဆ)    ပြည်သူပူးပေါင်းပါဝင်မှုအနေဖြင့် PPP Modelတွင် ပြည်သူများကို စီမံကိန်းအကြောင်းနှင့် ထိန်းသိမ်းလိုက်နာရန်အချက်များ သိရှိစေပြီး ပါဝင်နိုင်သည့်နေရာက ပါဝင်စေခြင်း၊

( ဇ )   Transparent Procurement အနေဖြင့် အရည်အသွေးပြည့်မီသော လုပ်ငန်းရှင်များကို ဆွဲဆောင်ပြီး တရားမျှတသော ယှဉ်ပြိုင်မှုကို မြှင့်တင်ရန် ပွင့်လင်းမြင်သာပြီး ပြိုင်ဆိုင်မှု ရှိသော ဝယ်ယူရေးလုပ်ငန်းစဉ်များကို သေချာစွာ ဆောင်ရွက်ရန် လိုအပ်ခြင်း၊

( ဈ )   ရေရှည်သဘောတူညီချက်များ(Long Term Contract)အနေဖြင့် ရင်းနှီးမြှုပ်နှံသူများ အတွက် အပြောင်းအလဲမရှိ တည်ငြိမ်မှုရှိမည့် ရေရှည်သဘောတူညီချက်များ၊ ကတိ ကဝတ်များ ထားရှိရန် ထည့်သွင်းစဉ်းစားသင့်ခြင်း၊

(ည)    Flexible Financing အနေဖြင့် စီးပွားရေးတွက်ချေကိုက်ပြီး ဖွံ့ဖြိုးသည့်ဒေသများ၊ ဖြစ်နိုင် ခြေရှိသည့်နေရာများမှ စတင်ဆောင်ရွင်သင့်ခြင်း၊ ကျေးလက်လမ်းများကို BOT စနစ်ဖြင့် ဆောင်ရွက်သင့်ခြင်း၊

( ဋ )   စွမ်းဆောင်ရည်စောင့်ကြည့်စစ်ဆေးခြင်း(Performance Monitoring)အနေဖြင့် စီမံကိန်း၏ စွမ်းဆောင်ရည်ကို စောင့်ကြည့်ပြီး ပြဿနာများကို ဆောလျင်စွာဖြေရှင်းရန် ခိုင်မာသော M&E စနစ်တစ်ခု ထူထောင်ရန် လိုအပ်ခြင်း။

ဥပဒေ၊ နည်းဥပဒေ လိုအပ်ချက်

          ကျေးလက်လမ်းတံတားများကို တည်ဆောက်ခြင်း၊ ပြုပြင်ခြင်း၊ စီမံခန့်ခွဲခြင်းများ ဆောင်ရွက် ရာတွင် ပြည်သူများ၏ရပိုင်ခွင့်နှင့် တာဝန်များက အရေးကြီးသလို၊ နိုင်ငံတော်၊ ပုဂ္ဂလိက၊ ပြည်သူ ပူးပေါင်းဆောင်ရွက်မှသာ အောင်မြင်မည်ဖြစ်၍ ဥပဒေနှင့်အညီ ဆောင်ရွက်နိုင်ရန်၊ ကြီးကြပ်နိုင်ရန် လိုအပ်ပါသည်။ မြေယာကိစ္စများ၊ လှူဒါန်းခြင်းအပါအဝင် လျော်ကြေးကိစ္စများ၊ ပုဂ္ဂလိက ရင်းနှီးမြှုပ်နှံ မှုကိစ္စများ၊ BOTစနစ်များ ဆောင်ရွက်နိုင်ရန် ဥပဒေ၊ နည်းဥပဒေများ ချမှတ်ထားရှိရန် လိုအပ်ပါသည်။ ဝန်ကြီးဌာန၊ ဦးစီးဌာနအနေဖြင့် ဥပဒေမူကြမ်းအဆင့်အထိ ဆောင်ရွက်ပြီးဖြစ်သည်။ ဥပဒေ အတည် ပြုပြီးလျှင်မူ သမရိုးကျနည်းလမ်းကဖောက်ထွက်ပြီး မြန်မြန်ဖွံ့ဖြိုးမည့်နည်းလမ်းများဖြင့် ဆောင်ရွက် သွားနိုင်ဖို့၊ နိုင်ငံ့ရန်ပုံငွေ သက်သာစွာဖြင့် အလုပ်ဖြစ်မည့်ချဉ်းကပ်မှုဗျူဟာများကို ချမှတ်၍ ၂၀၃၀ ပြည့်နှစ် မျှော်မှန်းချက်ကို ပြည့်မီအောင်အကောင်အထည်ဖော်သွားနိုင်ဖို့ဆိုသည့် အိပ်မက်တစ်ခု မက်ဖြစ်ခဲ့ပါသည်။

လမ်းတွေ ကောင်းပေမယ့် ငြိမ်းချမ်းမှ စီးပွားရေးတိုးတက်မှုမှာ အသုံးချနိုင်မှာဖြစ်သကဲ့သို့ ငြိမ်းချမ်းမှသာ ကျေးလက်လမ်းများ ဖောက်လုပ်ပေးနိုင်မှာဖြစ်တာမို့ မြန်မာပြည်ကြီး ငြိမ်းချမ်းဖို့ ငြိမ်းချမ်းရေး လမ်းတွေဖောက်ကြပါစို့……………။

                                                                                               

ခန့်ဇော်(ကျေးလက်)


ဆက်စပ်လင့်ခ်များ

အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။

  • တယ်လီဖုန်း

    ၀၆၇ - ၄၁၀၀၃၃
  • ဖက်စ်

    ၀၆၇ - ၄၁၀၀၃၆
  • Email

    contact@mcrd.gov.mm