မြင့်စိုး(နတလ)
မော်ဖဒေသ၏ ဖွံ့ဖြိုးရေးလုပ်ငန်းများအစ
နိုင်ငံတော်အကြီးအကဲများနှင့် တပ်မတော်အကြီးအကဲများ မရောက်ဖူး၊ မသွားဖူး၊ မနေဖူးသောဒေသဟူ၍ အလွန်ရှားသည်။ မော်ဖဒေသ၏ ဒုက္ခတွေကို ကောင်းစွာသိ၏။ ထို့ကြောင့် မော်ဖဒေသ နယ်စပ်ဖွံ့ဖြိုးရေးလုပ်ငန်းများကို ၁၉၈၉ ခုနှစ်အတွင်းမှာပင် အစ ပျိုးဆောင်ရွက်ပေးခဲ့သည်။
၁၉၈၉ ခုနှစ် ဇွန်လမှ စက်တင်ဘာလအထိ မော်ဖဒေသ ကျေးရွာအုပ်စု (၁၁) ခု၊ ကျေးရွာပေါင်း (၆၉) ရွာ၌ တစ်အိမ်တက်ဆင်း အိမ်ထောင်စုစာရင်းများ ကောက်ယူခဲ့သည်။ သက်သာဆိုင် (၃) ဆိုင်ဖွင့်၍ ဆန်၊ ဆား၊ ဒန်အိုး၊ ဒန်ခွက်၊ ဆပ်ပြာ၊ ငါးပိ၊ ငါးခြောက်၊ အာလူး၊ ရေနံဆီ၊ ဖယောင်းတိုင်၊ လက်ဖက်ခြောက် စသည်တို့ကို ရောင်းချပေးသည်။
၁၉၈၉ ခုနှစ်အတွင်း မက်မန်း၊ ကောင်းလန်း၊ အေးကျန့်၊ ငှက်ယောင်း၊ ဝိန်းနောင်၊ ဆွတ်ဝိုး၊ မော်ဝမ်၊ တာကော်လေးတို့တွင် အမကကျောင်းများ စတင်ဖွင့်လှစ်သည်။ ဆက်လက်၍ မုလု၊ မန်ဝိန်း၊ အိုင်ကလောင်၊ ပန်ခူး၊ နမ့်ကော်၊ ရောင်အူ၊ ပန်နင်း၊ ဝမ်စလောင်း၊ မငေါက်၊ ပန်ကွဲ၊ ကွန်ကောင်းကြီး၊ တွယ်နောက်နှင့် ငဟောင်တို့တွင် ဖွင့်လှစ်ပေးခဲ့သည်။ အလားတူ ၁၉၈၉ ခုနှစ်တွင် မက်မန်းနှင့် ဆွတ်ဝိုး၌ ဆေးရုံများ ဖွင့်လှစ်၍လည်းကောင်း၊ ဝိန်းနောင်တွင် ဆေးပေးခန်း ဖွင့်လှစ်ပေး၍လည်းကောင်း ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်း များ စတင်ခဲ့ပြီး ဝမ်စလောင်း၊ ရောင်အူ၊ ငှက်ယောင်း၊ ကောင်းလန်၊ မုလု၊ တာကော်လေး၊ မန်ဝိန်း ဆေးခန်းများအား ဆက်လက်ဖွင့်လှစ်ပေးခဲ့သည်။
၁၉၉၀ ပြည့်နှစ် ဖေဖော်ဝါရီလတွင် မော်ဖဒေသနေ သွေးချင်းများအတွက် ကာကွယ်ရေး ဝန်ကြီးဌာနက တပ်မတော်သက်သာအရောင်းဆိုင် (၁၇) ဆိုင်ဖွင့်၍ ငါးခြောက်ပိဿာ ၁၀၀၀၊ ဆားပိဿာ ၅၀၀၀၊ သကြားနှင့် ဘီစကွတ်မုန့်များ ရောင်းချပေးခဲ့သည်။ အလားတူ နယ်စပ် ဒေသနှင့် တိုင်းရင်းသားလူမျိုးများ၏ ဖွံ့ဖြိုးတိုးတက်မှု အကောင်အထည်ဖော်ရေး လုပ်ငန်း ကော်မတီအနေဖြင့်လည်း အိမ်မိုးသွပ်နှင့် ပြောင်သွပ်များ၊ ဘိလပ်မြေ၊ သံမျိုးစုံနှင့် ၄ ကေဗွီအေ မီးစက်များ ထောက်ပံ့ပေးခဲ့သည်။ ပညာရေးဝန်ကြီးဌာနမှ ကျောင်းသုံးစာအုပ်များ၊ လူမှု ဝန်ထမ်းဝန်ကြီးဌာန၊ သစ်တောရေးရာဝန်ကြီးဌာန၊ မွေးမြူရေးနှင့် ရေလုပ်ငန်းဝန်ကြီးဌာန၊ မြန်မာနိုင်ငံကြက်ခြေနီအသင်းတို့မှ လှူဒါန်းသော လူသုံးကုန်ပစ္စည်းများကိုလည်း မော်ဖဒေသ သို့ ပေးပို့ခဲ့သည်။ နတလမှ ပေးပို့သော မီးစက်များဖြင့် မက်မန်း၊ ဝိန်းနောင်နှင့် ဆွတ်ဝိုးတို့ သည် ၁၉၉၀ ပြည့်နှစ် မတ်လ ၂၇ ရက်နေ့မှစတင်ကာ မီးလင်းခဲ့သည်။ ဆက်လက်၍ မော်ဝမ်၊ နမ့်နန်း၊ ဝမ်စလောင်း၊ တာကော်လေး၊ ရောင်အူတို့ကိုလည်း မီးလင်းသောရွာများအဖြစ် ဖြစ် လာစေခဲ့သည်။
မော်ဖဒေသ စိုက်ပျိုးရေးလုပ်ငန်းများကို ၁၉၉၀ ပြည့်နှစ်အတွင်း နမ့်နန်းချောင်းတဝိုက် နေရာဖော်ထုတ်ခြင်းနှင့် မော်ဝမ်ရွာ စံပြစိုက်ခင်းတို့ဖြင့် အစပြုခဲ့သည်။ စပါးမျိုး၊ ပြောင်းမျိုး၊ မြေဩဇာ၊ ပိုးသတ်ဆေးများ ပို့ပေးခဲ့၏။ စိုက်ပျိုးရေးရုံး ၁ ရုံး၊ စိုက်ပျိုးရေး စခန်း ၂ ခု ထားရှိ ပေးသည်။ လွယ်ပါ-လွယ်ဟိုလာလမ်း၊ တာကော်လေး-မက်မန်းလမ်း၊ ပွိုင့်၆၀၂၈- ရောင်အော် - ပန်ဆန်းလမ်းများ ဖောက်လုပ်ပေးပြီး ပေ ၃၇၀ အရှည်ရှိ ဝမ်တာခက်တံတား တည်ဆောက် ခဲ့သည်။
မက်မန်းမြို့သစ်တည်ဆောက်ရေး
မက်မန်းရွာမှ မြို့ဖြစ်လာသည်။ မြို့သစ်တည်ဆောက်ရေးကို ၁၉၉၁ ခုနှစ်၊ ဇူလိုင်လ တွင် တပ်မ ၇၇ နည်းဗျူဟာ ၇၇၃ မှူး ဗိုလ်မှူးကြီးရန်သိန်း (ဗိုလ်မှူးချုပ်ရန်သိန်း-ငြိမ်း) မှ ဦးစီးဆောင်ရွက်ခဲ့ရာ တပ်မတော်သားများ၊ ဌာနဆိုင်ရာဝန်ထမ်းများ တက်ညီလက်ညီ ဝိုင်းဝန်းပါဝင်ကြ၏။ မင်းရန်အောင်စေတီကို တည်ထားကိုးကွယ်ပြီး ဘုန်းတော်ကြီးကျောင်း ဆောက်လုပ်ခဲ့သည်။ မြို့နယ်အဆင့်နှင့် လျော်ညီစွာ တယ်လီဖုန်းလိုင်း ၃၀ ပါ အိတ်ချိန်း တပ်ဆင်ပေးခဲ့၏။ တာကော်လေးတွင် ကြေးနန်းရုံး ဖွင့်ပေးသည်။ ဤသည်တို့ကား မော်ဖ ဒေသ၏ နယ်စပ်ဖွံ့ဖြိုးရေးလုပ်ငန်းများ၏ ကနဦးနိဒါန်းအစ ဖြစ်ပါသည်။ ဆက်လက်၍လည်း ဘဏ္ဍာနှစ်အလိုက် ဆောင်ရွက်ပေးခဲ့သည်။ သက်ဆိုင်ရာကဏ္ဍအလိုက် အဆင့်တိုးမြှင့်ပေးမှု များလည်း ရှိခဲ့သည်။ ယနေ့အချိန်တွင် မက်မန်းအထကနှင့် စာစစ်ဌာန ရရှိခဲ့ပေပြီ။
၂၀၁၈ ခုနှစ် မော်ဖဒေသို့ရောက်ခဲ့စဉ်က
နတလဝန်ထမ်းဘဝဖြင့် သွားရောက်ခဲ့ခြင်းဖြစ်သည်။ ဆွတ်ဝိုးဆေးရုံသို့ ဝင်ရောက်ပြီး ဆေးရုံဝန်ထမ်းများအတွက် စားသောက်ဖွယ်ရာများ၊ စာအုပ်လက်ဆောင်များ ပေးခဲ့ပါသည်။ မက်မန်းမြို့ကို ရောက်လျင်ရောက်ချင်း မင်းရန်အောင်စေတီတော်ကို သွားရောက်ဖူးမြော် သည်။ ထိုစဉ်က ပညာဒီပကျောင်းတွင် ကျောင်းဆောင်သစ်တစ်ဆောင် ဆောက်လုပ်နေပေရာ ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ရဲအောင်ထံ လှမ်းသတင်းပို့ပြီး နယ်စပ်ရေးရာ ဝန်ကြီးဌာနအနေဖြင့် အလှူငွေကျပ်သိန်း ၂၀၀ လှူဒါန်းခဲ့ပါသည်။ ကျိုင်းတုံမှ မက်မန်းမြို့သို့ ထွက်မလာမီ တိုင်းမှူး ဗိုလ်ချုပ်အောင်ဇော်အေးထံ ဝင်ရောက်သတင်းပို့ခဲ့ရာ တိုင်းမှူးက လည်း မော်ဖဒေသဖွံ့ဖြိုးရေးအတွက် လိုအပ်သည်များ မှာကြားပါသည်။ သူ၏ အကြံပြုချက် များကို ပြည်ထောင်စုဝန်ကြီးထံ တင်ပြပြီးနောက် မက်မန်းမြို့နယ်ထဲမှ ကျေးရွာ ၁၂ ရွာ အတွက် ဆိုလာမီး ၃၆၆ စုံ၊ မြို့နယ်အတွင်းရှိ အထက၊ အလက၊ အလက(ခွဲ)၊ အမက ကျောင်းများ စုစုပေါင်း ၃၃ ကျောင်းတွင် လာရောက် တာဝန်ထမ်းဆောင်နေသော ဆရာ၊ ဆရာမများအတွက် ဆိုလာမီး ၅၈ စုံ၊ မင်းရန်အောင်ကျေးရွာအတွက် ဆိုလာမီး ၃၂ စုံ ထောက်ပံ့ပေးခဲ့ပါသည်။ ၎င်းပြင် မင်းရန်အောင်ကျေးရွာအတွက် ဘုန်းကြီးကျောင်း ၁ ကျောင်း၊ ဆရာ၊ ဆရာမများအတွက် တန်ဖိုးနည်းဝန်ထမ်းအိမ်ရာ ၁ လုံးတို့ကိုလည်း ခွင့်ပြုပေးခဲ့ ပါသည်။ မက်မန်းမြို့ရှိ ဌာနဆိုင်ရာဝန်ထမ်းများနှင့် ပြန်မည့်မနက်ခင်းမှာ တွေ့ဆုံနှုတ်ဆက် ပြီး စားသောက်ဖွယ်ရာများ ပေးအပ်ခဲ့ပါသည်။ မက်မန်းသည် ဝန်ထမ်းပျော်မြို့လေးအဖြစ် တည်ရှိလာသည်မှာ နှစ်ပေါင်းမနည်းတော့ပြီ။ မော်ဖဒေသသို့ရောက်ရှိခိုက် မက်မန်းမြို့ ပတ်ဝန်းကျင်က လမ်းဖောက်လုပ်ရေး လုပ်ငန်း၊ တံတားတည်ဆောက်ရေး လုပ်ငန်းများကို ကြည့်ရှုခဲ့သလို ရောင်အူကြီးဘက်သို့လည်း သွားရောက်၍ နတလ လမ်းလုပ်ငန်းများကို ကြည့်ရှုစစ်ဆေးခဲ့ပါသည်။ ထိုခရီးစဉ်၌ ကျွန်တော်သည် မင်းရန်အောင်ကျေးရွာလေးသို့ မရောက်ခဲ့ပါ။
မက်မန်းမြို့သို့နှစ်ခေါက်လေ
ဒါရိုက်တာကြီး ဦးတင်ယု၏ မေတ္တာဘုံသို့ နှစ်ခေါက်လေ ရုပ်ရှင်ဇာတ်ကားနာမည် လေးကို သဘောကျခဲ့သည်။ ကျွန်တော် သံယောဇဉ်ဖြစ်ခဲ့ရသော မြို့ရွာဒေသများသို့ ဒုတိယ တစ်ခေါက် ပြန်ရောက်ခဲ့လျှင် ဤကဲ့သို့ ဆောင်းပါးခေါင်းစဉ်လေးတွေပေး၍ ရေးခဲ့ဖူးသည်။ ဟိုမိန်းမြို့သို့ နှစ်ခေါက်လေ၊ ထိန်ညိုတောင်သို့ နှစ်ခေါက်လေ စသည်ဖြင့်….။ ၂၀၁၈ ခုနှစ်၊ ဇန်နဝါရီလက ရောက်ခဲ့သော မက်မန်းမြို့လေးကို ကျွန်တော်မမေ့ခဲ့၊ သည့်အတွက် နတလ ဝန်ထမ်းဘဝမှ အငြိမ်းစားယူထားသည့် အချိန်ကာလ ၂၀၂၂ ခုနှစ် မတ်လ ၄ ရက်နေ့မှာ မိတ်ဆွေတစ်ယောက်၏ အကူအညီဖြင့် မက်မန်းသို့ ဒုတိယတစ်ခေါက် ထပ်မံရောက်ဖြစ်ခဲ့ သည်။ ဤတစ်ကြိမ်မှာတော့ ကျွန်တော်သည် နတလဝန်ထမ်းမဟုတ်တော့၍ ဒေသဖွံ့ဖြိုးရေး လုပ်ငန်းများအတွက် မကူညီနိုင်တော့ပါ။ သို့ရာတွင် ထိုဒေသမှ ကလေးငယ်များ၏ ပညာရေး ကို အထောက်အကူဖြစ်စေခြင်းငှာ အထကကျောင်းသို့ သွားရောက်ပြီး ကျောင်းသားကျောင်းသူ လေးများနှင့် တွေ့ဆုံကာ နယ်စပ်ရေးရာဝန်ကြီးဌာနက ဖွင့်လှစ်ထားသော ပြည်ထောင်စု တိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးရေးတက္ကသိုလ်အကြောင်း၊ ပြည်ထောင်စုတိုင်းရင်းသား လူငယ်များ စွမ်းရည်ဖွံ့ဖြိုးရေးဒီဂရီကောလိပ်များအကြောင်း ဟောပြောဆွေးနွေးပြီး ပါလာသော မဂ္ဂဇင်းစာအုပ်များ၊ အခြားစာအုပ်စာစောင်များကို ပေးအပ်လှူဒါန်းခဲ့ပါသည်။ မက်မန်း ပြန်/ဆက်အတွက်လည်း သပ်သပ်လှူခဲ့သေး၏။ ထိုစဉ်က ကျွန်တော့်မိတ်ဆွေ ကိုဗလ(ခေါ်) ကိုမိုးခိုင်အိမ်မှာ ကျွန်တော်တစ်ညအိပ်ခဲ့သည်။ သူ့အိမ်ရှေ့မှနေ၍ အနောက်ဘက် တောင်တန်းများပေါ်က နေဝင်ဆည်းဆာအလှကို တဝကြီးထိုင်ကြည့်ခဲ့ရသည်။ နောက်တစ် နေ့ မက်မန်းမှပြန်ထွက်လာချိန် စိတ်ထဲမှာတွေးလိုက်မိသည်။ မက်မန်းမြို့လေးကို နောင် ဘယ်တော့မှ မရောက်နိုင်တော့ပြီဟူ၍…..။ သို့သော်ငြားလည်း ကံကြမ္မာဖန်လာလိုက်ပုံများ၊ ကျွန်တော်ချစ်သော မော်ဖဒေသ မက်မန်းမြို့လေးသို့ ၂၀၂၂ ခုနှစ် ဧပြီလမှာ တတိယ တစ်ခေါက် ထပ်ရောက်ခဲ့ရသည်။ အဘဦးညွန့်ဆွေတို့ ခရီးစဉ်နှင့်။ ယင်းနောက် ပြီးခဲ့သည့် အောက်တိုဘာလ ၁၈ ရက်နေ့မှ စတုတ္ထအကြိမ်မြောက် ရောက်ခဲ့ရပြန်ပါပကော။ မက်မန်း မြို့သို့ နှစ်ခေါက်လေမကတော့ပြီ။
မင်းရန်အောင်ကျေးရွာလေးဆီသို့
ယခုတစ်ခေါက် မော်ဖဒေသ မက်မန်းခရီးစဉ်မှာ ကျွန်တော် ပထမဆုံးဝင်ဖြစ်ခဲ့သည်က မင်းရန်အောင်ကျေးရွာလေးရှိရာကိုပဲ ဖြစ်သည်။ မိုင်းပြင်းမှ မက်မန်းသို့ သွားရာ ကားလမ်း အတိုင်း အောင်သံလွင်ကိုကျော်ပြီး နန့်ဟာနူးကျေးရွာသို့အရောက် အနောက်ဘက်သို့ချိုးကာ အတန်ငယ်ဝင်ရသည်။ နန့်ဟာနူး-ဝိန်းနောင် ကူးတို့ဆိပ်သို့သွားသော ကားလမ်း ၁၄/၀ မိုင် ပေါ်တွင် တည်ရှိ၏။ ရောက်ချင်တာကြာပြီဖြစ်သော၊ ၂၀၁၈ ခုနှစ်က ဆိုလာမီး၊ ဆရာ ဆရာမ ဝန်ထမ်းအိမ်ရာ၊ ဘုန်းကြီးကျောင်းများ ခွင့်ပြုပေးခဲ့ဖူးသော မင်းရန်အောင်ကျေးရွာလေးကို ရောက်ခဲ့ပါပြီ။ ထိုထက်ပို၍ ညွှန်းဆိုရလျှင် မင်းရန်အောင်စစ်ဆင်ရေးကြီးကို ဂုဏ်ပြု တည်ထောင်ထားသော ရွာလေးတစ်ရွာသသို့ ရောက်ခွင့်ကြုံခဲ့ပြီဖြစ်၍ ကျွန်တော် ကြည်နူး ဝမ်းသာဖြစ်ခဲ့မိပါသည်။ ရောက်တုန်းရောက်ခိုက် ကျေးရွာသူကျေးရွာသားများနှင့် တွေ့ဆုံ၍ ဒေသဖွံ့ဖြိုးရေးကိစ္စများ မေးမြန်းဆွေးနွေးဖြစ်ခဲ့သည်။ မိမိတို့ဝန်ကြီးဌာန အသေးစားစက်မှု လက်မှုလုပ်ငန်းဦးစီးဌာနက ဖွင့်လှစ်သင်ကြားပေးနေသော “အသေးစားကုန်ထုတ်လုပ်ငန်း များ ဖန်တီးပေးနိုင်ရေးနှင့် ကျေးလက်နေမိသားစုဝင်ငွေတိုးရေး” စီမံကိန်းတွင် ပါဝင်သည့် သင်တန်းတစ်မျိုးမျိုးကို လာမည့်ဘဏ္ဍာနှစ်တွင် သင်ကြားပေးရန် မှာကြားခဲ့သည်။ ဆိုင်ကယ်ပြင်သင်တန်း၊ ဝါးလက်မှုထည်သင်တန်းကဲ့သို့ သင်တန်းများ သင်ကြားပေးနိုင် ပါသည်။ ကျေးရွာဘက်စုံသုံးခန်းမ တည်ဆောက်နိုင်ရေး ညှိနှိုင်းဆောင်ရွက်ပေးခဲ့သည်။ ဆွတ်ဝိုးအုပ်စု ရောင်ခွန်ရွာအတွက်လည်း ဘက်စုံသုံးခန်းမ တည်ဆောက်နိုင်ရေး ဖြည့်ဆည်း ဆောင်ရွက်ပေးခဲ့ပါသည်။ မင်းရန်အောင်ရွာ အမကကျောင်းလေးတွင် ပညာသင်ကြားနေမှုနဲ့ ကျောင်း၏ လိုအပ်ချက်တို့ကို သွားရောက်ကြည့်ရှုခဲ့ပါသည်။ မင်းရန်အောင်မှ မက်မန်းသို့ ဆက်လက်ထွက်ခွာလာခဲ့ရာ လမ်းတွင် ငှက်ယောင်းကျေးရွာ ကုန်ထုတ်လမ်းကိုလည်းကောင်း၊ ကွန်ဟောင်းကျေးရွာ VDP ကွန်ကရစ်လမ်း ဆောင်ရွက်ပေးမှုကိုလည်းကောင်း ကြည့်ရှု စစ်ဆေး၍ လိုအပ်သည်များ ညှိနှိုင်းဆောင်ရွက်ပေးခဲ့ပါသည်။
ရောက်ခဲ့ပါပြီ မက်မန်းမြို့လေးဆီ
အောက်တိုဘာလ ၁၈ ရက်နေ့ ညဦးပိုင်းမှာ မက်မန်းမြို့လေးသို့ ရောက်လာခဲ့ပြီး ထွေအုပ်ရိပ်သာမှာ တည်းခိုကာ ခရိုင်အုပ်ချုပ်ရေးမှူး ဦးကျော်သောင်းတို့ ဇနီးမောင်နှံနှင့် ဝန်ထမ်းများ၏ ဧည့်ဝတ်ပျူငှာစွာ ကျွေးမွေးဧည့်ခံမှုကို ခံယူရင်း ကျေးဇူးတင်ခဲ့ရပါသည်။ ည ဦးပိုင်း လင်းလက်နေသော ဆိုလာမီးအလင်းရောင်လေးကို ကြည့်ရင်းက မက်မန်းမြို့လေးမှာ ၁၉၉၀ ပြည့်နှစ်ကနေ ယနေ့ထိ မီးစက်နှင့်နှစ်ပါးသွားကာ ၆ နာရီမှ ၉ နာရီထိ မီးပေးနေ ရသည့် ၆-၉ ဘဝက မကျွတ်လွတ်နိုင်သေးသည်ကို စိတ်မကောင်းဖြစ်မိသည်။ မက်မန်းမြို့ အနောက်မြောက်ဘက် ၄ မိုင်ခန့်အကွာ နမ့်နန်းချောင်းမှ ရေအားကို အသုံးပြုပြီး ရေအား လျှပ်စစ်ထုတ်နိုင်ရေး ၂၀၁၈ ခုနှစ်တွင် ကြိုးစားခဲ့ကြသေးသည်။ မအောင်မြင်ခဲ့ပါ၊ ယခု ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ဇော်အေးအနေဖြင့် မက်မန်းမြို့ မီးရရှိရေးကိစ္စအပေါ် အထူးအလေးထား ဆောင်ရွက်ပေးနေကြောင်း တွေ့ရသည်။ ကွင်းဆင်းတိုင်းတာလေ့လာရေး အဖွဲ့တွေ ထပ်မံစေလွှတ်ထားသည်။ မက်မန်းမြို့လေး မီးရရှိရေးအတွက် အစစအရာရာ အဆင်ပြေ ချောမွေ့ပါစေကြောင်း တောင်းဆုခြွေ ဆန္ဒပြုလိုက်ရပါသည်။
မင်းရန်အောင်စေတီတော်အား ဖူးမြော်
အောက်တိုဘာလ ၁၉ ရက်နေ့ နံနက်ပိုင်းတွင် မင်းရန်အောင်စေတီတော်မြတ်ကို သွားရောက်ဖူးမြော်ကြည်ညို၍ ကျောင်းထိုင်ဆရာတော်အား သင်္ကန်းနှင့် လှူဖွယ်ပစ္စည်းများ ဆက်ကပ်လှူဒါန်းခဲ့ပါသည်။ ထိုမှ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးသို့ သွားရောက် ပြီး ဌာနဆိုင်ရာဝန်ထမ်းများအား တွေ့ဆုံနှုတ်ဆက်ကာ ယူဆောင်လာသည့် စားသောက်ဖွယ် ရာများကို လက်ဆောင်ပေးအပ်ခဲ့ပါသည်။ မည့်သည့်နေရာဒေသက လာရောက်တာဝန်ထမ်း ဆောင်ကြသည် ဖြစ်စေ၊ ‘ဝ’ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း မက်မန်းဒေသကို ရောက်လျှင် မက်မန်းမြို့သားစိတ်ဓာတ် ခံယူ၍ ဒီဒေသတိုးတက်ဖွံ့ဖြိုးအောင် စေတနာထား လုပ်ကိုင် ဆောင်ရွက်ပေးကြရန် မှာကြားခဲ့ပါသည်။ ဒီတစ်ခေါက် မော်ဖဒေသ မက်မန်းခရီးစဉ်သည် ကိုယ့်အိမ်ကိုယ့်ရာ ပြန်ရသည့်နှယ် စိတ်ဝယ် အေးချမ်းသာယာရှိလှပါဘိ။
Related News and Articles
အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။