ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

မင်းရန်အောင်၊ မော်ဖဒေသနှင့် မက်မန်းမြို့သာယာ


01 Dec,2023

မြင့်စိုး(နတလ)

မင်းရန်အောင်ဆိုသည်မှာ

          မင်းရန်အောင်ဟု ဝိဂြိုဟ်ပြုလိုက်သည်နှင့် ‘ဝ’ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း၊ မက်မန်း ခရိုင်၊ မက်မန်းမြို့နယ်၊ မက်မန်းမြို့လေးမှာ တည်ရှိနေသော လင်္ကာဒီပဘုန်းတော်ကြီးကျောင်း အနီး ကုန်းတော်ပေါ်က မင်းရန်အောင်စေတီတော်မြတ်ကို ရည်ညွှန်းဦးခိုက်လိုက်တာလည်း ဖြစ်နိုင်သည်။ မင်းရန်အောင်စစ်ဆင်ရေးဖြင့် ရှေ့တန်းအမှတ် (၇၇) ခြေမြန်တပ်မဌာနချုပ် ကွပ်ကဲမှုအောက် တပ်ရင်းတပ်ဖွဲ့များက ၁၉၇၉ ခု နိုဝင်ဘာလ ၂၃ ရက်နေ့၌ သံလွင်မြစ်ကူး စစ်ဆင်ရေးကြီး စတင်ဆင်နွှဲပြီး မော်ဖဒေသအား ဝင်ရောက်တိုက်ခိုက် သိမ်းပိုက်လိုက်ခဲ့ကြ သည့် ဖြစ်စဉ်ပန်းချီကားကို ပြန်လည်ခြယ်မှုန်းပြတာလည်း ဖြစ်ကောင်းဖြစ်ပေလိမ့်မည်။ သို့တည်းမဟုတ် အဆိုပါမော်ဖဒေသတွင် နှစ်ပေါင်း ၂၀ ကျော် ဝင်ရောက်ခြေကုတ်ယူထားပြီး လွယ်လ၊ လားဟူ၊ ရှမ်း တိုင်းရင်းသားများအပေါ် ဖိနှိပ်ခြယ်လှယ်နေသည့် ဗကပ တို့ကို အောင်မြင်စွာ ရှင်းလင်းတိုက်ထုတ်နိုင်ခဲ့ခြင်း အထိမ်းအမှတ်အဖြစ် တည်ပေးခဲ့သော မင်းရန်အောင်ကျေးရွာလေးနှင့် တစ်စုံတစ်ရာ ပတ်သက်နေတာလည်း ဖြစ်တန်ရာ၏။

          အခြားသူတွေကတော့ မည်သို့ရှိမည် မပြောတတ်၊ ကျွန်တော့်အဖို့ရာမူ မင်းရန်အောင် ဆိုသည့် အသံကြားလိုက်သည်နှင့် လွန်ခဲ့သော ၃၅ နှစ်ခန့်က စတင်ခဲ့ကြသည့် မော်ဖဒေသ ဖွံ့ဖြိုးရေးပုံရိပ်များက တစ်ဖျတ်ဖျတ် လူးလွန့်လှုပ်ခတ်လာသည်။ မင်းရန်အောင်ဘုရားကုန်း တော်ဆီက ဆည်းလည်းသံလေးများကို ကြားယောင်လာသည်။ အို - မက်မန်းမြို့လေးရေ…။ အသင်နှင့် အကျွန်ုပ်ကြားမှာ သံယောဇဉ်ကြိုးတွေ အထပ်ထပ်ရစ်ပတ်နှောင်ဖွဲ့လိုက်ပုံများ သင်ရှိရာအရပ်ကို ၄ ကြိမ် ၄ ခေါက်မြောက်အထိ ရောက်ရှိလို့လာခဲ့ရပြီကောလေ………..။

ချစ်၍လွမ်းခဲ့ကြသူတွေ

                   “သမီးအမျိုးသားက ဆွတ်ဝိုးတိုက်နယ်ဆေးရုံမှာ လွန်ခဲ့တဲ့ ၂၆ နှစ်က

                    ကွယ်လွန်ခဲ့တဲ့ ဆရာဝန်ပါအဘ”

                   “ဒေါက်တာ တင်ထွန်းဝင်းလား သမီး”

                   “တင်ထွဋ်ဝင်းပါ အဘရှင့်”

                   “မှတ်မိပြီ၊ လွန်ခဲ့တဲ့ အနှစ် ၂၀ ကျော်လောက်တုန်းက အဘရဲ့

                    ဆောင်းပါးတွေထဲမှာ ထည့်ရေးပြီး ဂုဏ်ပြုပေးခဲ့သေးတယ်”

          သူတို့အကြောင်း ကျွန်တော်ရေးဖြစ်ခဲ့သည်ကလည်း နှစ်ပေါင်း ၂၀ ကျော် ဆယ်စုနှစ် နှစ်ခုပင် ကြာညောင်းခဲ့ပြီဆိုတော့ကာ ဆေးရုံများနှင့် နာမည်တွေကိုတွဲ၍ အပြေးအလွှား စဉ်းစားရင်း ရုတ်တရက် ပြောလိုက်ရချိန်မှာ ဒေါက်တာတင်ထွဋ်ဝင်းကို တင်ထွန်းဝင်းဟု ပြောလိုက်မိသည်။ နာမည်တစ်လုံး လွဲ၍သွားသည်မှအပ သူတို့ဘဝ၊ သူတို့အကြောင်း၊ သူတို့ရဲ့ စွန့်လွှတ်အနစ်နာခံ ဆောင်ရွက်မှုများကို ယနေ့ထိ ကျွန်တော်မမေ့သေးပါ။ သူတို့ ဆိုသည်က နယ်စပ်ဒေသဆေးရုံအသီးသီးမှာ တာဝန်ထမ်းဆောင်ရင်း ကွယ်လွန်သွားကြသော ဆရာဝန်များ၊ သူနာပြုများ ဖြစ်ပါသည်။ ‘ဝ’ဒေသ ဝိန်းကောင်ဆေးရုံမှ ဒေါက်တာသန်းအောင်၊ ပန်ဆန်းဆေးရုံမှ ဒေါက်တာအေးကိုနှင့် ဒေါက်တာဝင်းလှိုင်၊ မိုင်းမောဆေးရုံမှ ဒေါက်တာ မျိုးမင်း၊ မော်ဖဒေသ ဆွတ်ဝိုးဆေးရုံမှ ဒေါက်တာတင်ထွဋ်ဝင်း၊ ကချင်ဒေသ ဆဒုံးဆေးရုံမှ ဒေါက်တာကျော်ကျော်အောင်၊ ရှမ်းပြည်နယ်(မြောက်ပိုင်း) နမ့်ခမ်းဆေးရုံမှ ဒေါက်တာ ညီညီတင်တို့ ဖြစ်ကြသည်။ ဒါကလည်း ကျွန်တော် မှတ်တမ်းပြုခဲ့မိသမျှ အရေအတွက်ပဲ ဖြစ်ပါလိမ့်မည်။ သူနာပြုတွေထဲမှာလည်း တန့်ယန်းမြို့ကနေ သံလွင်မြစ်ကိုကူးပြီး အရှေ့ ဘက်ကို တက်သွားရသည့် ပန်ဖိန်းကျေးလက်ကျန်းမာရေးဌာနက ဒေါ်ခင်ဝင်းမေ ဆုံးပါး သွားတာကို အမှတ်ရမိသည်။ ဆိုလိုသည်မှာ ၁၉၈၉၊ ၁၉၉၀၊ ၁၉၉၁ အချိန်ကာလများသည် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များထဲက ကိုးကန့်၊ ‘ဝ’၊ SSA၊ မိုင်းလားအထူးဒေသ(၄)၊ NDA (ဗကပ ၁၀၁ စစ်ဒေသ)၊ KDA (ကောင်းခါး)၊ PNO၊ PSLA စသည့်အဖွဲ့များ တရား ဥပဒေဘောင်အတွင်း ဝင်ရောက်လာပြီးစ အချိန်၊ တပ်မတော်အစိုးရကလည်း ၎င်းတို့ အခြေပြုရာဒေသများတွင် ပညာရေး၊ ကျန်းမာရေး၊ လမ်းပန်းဆက်သွယ်ရေး၊ စိုက်ပျိုးရေး၊ မွေးမြူရေးအစရှိသည့် လုပ်ငန်းများကို စတင်အကောင်အထည်ဖော် ဆောင်ရွက်ပေးချိန်၊ ဆိုတော့ကာ……..အချို့နေရာဒေသများသည် သွားရေးလာရေး၊ နေရေးထိုင်ရေး အလွန် ခက်ခဲပါသည်။ ထိုဒေသများမှာ သွားရောက်တာဝန်ထမ်းဆောင်ခဲ့ကြသည့် နတလ၊ ပညာရေး၊ ကျန်းမာရေး၊ ဆက်သွယ်ရေး၊ စိုက်ပျိုးရေး၊ စက်မှုလယ်ယာ၊ မွေးကု၊ ကုန်သွယ်ရေး ဝန်ထမ်းများအနေဖြင့် ဒေသခံတိုင်းရင်းသားများအပေါ် စေတနာထားကာ အရာရာကို စွန့်လွှတ်အနစ်နာခံ ဆောင်ရွက်ခဲ့ကြရသည်။

          ရုံး မရှိ၊ ဖုန်း မရှိ၊ စီးစရာ ကား၊ ဆိုင်ကယ် မရှိ၊ နေစရာ ဝန်ထမ်းအိမ်ရာ မရှိ၊ သွားဖို့ရာ အတွက် ကိုးခြောက်ကိုးသုံးဟု နောက်ပြောင်ခေါ်ဝေါ်ခဲ့ကြသည့် မိမိပိုင် ခြေထောက်တစ်စုံ၊ တဲအိမ်လေးတစ်လုံးသည် ယာယီဆေးရုံ ဆေးခန်းလည်း ဖြစ်ချင်ဖြစ်မည်။ စာသင်ကျောင်း လည်း ဖြစ်ချင်ဖြစ်မည်။ ဤကဲ့သို့ စတင်ခဲ့ရသော နယ်စပ်ဖွံ့ဖြိုးရေးဝန်ထမ်းများ၏ ဘဝမှာ အခက်အခဲဆုံးပြဿနာက ရောက်ရှိရာဒေသ၏ တိုင်းရင်းသားဘာသာစကားကို မပေါက်ခြင်း ပင် ဖြစ်၏။ လူနာက ဆေးရုံကို အလွန်နောက်ကျပြီးမှ ရောက်လာသည်။ အတတ်နိုင်ဆုံး ကြိုးစား၍ ကုသပေးပါသော်လည်း ကံမကောင်းအကြောင်းမလှ၍ ကတိမ်းကပါးဖြစ်သွား သောအခါ ကုသပေးသော ဆရာဝန်မှာ တာဝန်ရှိသည်ဆိုကာ သေနတ်နှင့်ချိန်ရွယ်ခြင်း၊ ပြစ်တင်ကြိမ်းမောင်းခြင်းများ ခံရသည်။ ဆရာဝန်ကိုယ်တိုင် ပေါက်ပြားထမ်း၍ သုသာန်သို့ လိုက်ပါပို့ဆောင် ကျင်းတူးမြှုတ်နှံသင်္ဂြိုဟ်ပေးသော အလုပ်များထိ လုပ်ခဲ့ကြရသည်။ နောင် ကြာလာတော့လည်း ဆရာဝန်၏ စေတနာကို နားလည်သဘောပေါက်ကာ ဘယ်ကိုမှ မပြောင်းပေးပါနှင့်ဟု သက်ဆိုင်ရာလူကြီးတွေကို ပြောလာသည်အထိ ရင်းနှီးချစ်ခင်မှုတွေ ရလာကြသည်။ သည်လိုနှင့် ပြန်လည်ပြောင်းရွှေ့ရမည့်ချိန် ရောက်သော်ငြားလည်း ဒေသနှင့် တိုင်းရင်းသားများအပေါ် သံယောဇဉ် ငြိတွယ်ကာ ဆက်လက်တာဝန်ထမ်းဆောင်ခဲ့သူတွေကို တွေ့မြင်ခဲ့ရ၏။ သို့တစေ ဤကဲ့သို့ လမ်းပန်းဆက်သွယ်ရေး ခက်ခဲသောနေရာဒေသများက ဆရာဝန်များခမျာ သူကိုယ်တိုင် ရောဂါတွေရ၊ အပြင်းဖျားတာမျိုးတွေနှင့် ကြုံရသောအခါ ကုသပေးမည့်သူ မရှိတော့ပေ။ အသက် စွန့်သွားကြရရှာသည်။ ယခုချိန်မှာ ပြန်တွေးကြည့် လျှင်တော့ အရာရာသည် အမှတ်ရစရာ၊ လွမ်းစရာများအဖြစ် အတိတ်ကာလတစ်ခုဆီမှာ ကျန်ရစ်ခဲ့ပေပြီ။

          ဒီအကြောင်းတွေ ပြန်ပြောပြရတာကလည်း ပြီးခဲ့သည့် အောက်တိုဘာလ ၁၈ ရက်နှင့် ၁၉ ရက်နေ့များ၌ စတုတ္ထအကြိမ်မြောက် ကျွန်တော် ရောက်ရှိခဲ့သော မော်ဖဒေသ (မက်မန်း ဒေသ)၏ ဓာတ်ပုံလေးများကို Facebook စာမျက်နှာပေါ် တင်လိုက်မိသည်။ သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ ဒေးဒရဲမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးမှူး ရုံးမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်သီသီအောင်အနေဖြင့် ဆွတ်ဝိုးတိုက်နယ်ဆေးရုံ ပုံလေးများကို တွေ့မြင်သွားချိန်မှာ ၁၉၉၇ ခုနှစ် အောက်တိုဘာလ ၁၈ ရက်နေ့မှာ ထိုဒေသ၌ ကွယ်လွန်သွားခဲ့သော ခင်ပွန်းဖြစ်သူ ဒေါက်တာတင်ထွဋ်ဝင်းအား ပြန်လည်သတိရ တမ်းတ စရာတွေ ဖြစ်သွားခဲ့သည်။ ခွင့်လွှတ်ပါ သမီးရေ…။

မော်ဖဒေသလွမ်းချင်းဖွဲ့သူများ

          ၁၉၉၅ ခုနှစ်မှာ ကျွန်တော် နတလကို ရောက်ရှိတာဝန်ထမ်းဆောင်သည်။ ကားမမီ ရထားမမီ ဝန်ကြီးဌာနဟု တင်စားခေါ်ရလောက်အောင် ရှည်လျားသော အမည်နာမကို ပိုင်ဆိုင်ထားသည့် နယ်စပ်ဒေသနှင့် တိုင်းရင်းသားလူမျိုးများဖွံ့ဖြိုးတိုးတက်ရေးနှင့် စည်ပင် သာယာရေးဝန်ကြီးဌာနအောက်က ဦးစီးဌာန ဖြစ်ပါသည်။ သို့သော် ဦးစီးဌာနဆိုသည်ထက် နတလလုပ်ငန်းကော်မတီကို တာဝန်ခံရသော ဌာနဆိုလျှင် မမှားပေ။ ညွှန်ကြားရေးမှူးချုပ် ဒုတိယဗိုလ်မှူးကြီး သိန်းဟန်သည် နတလလုပ်ငန်းကော်မတီ အတွင်းရေးမှူးဖြစ်ပြီး ထိုစဉ် ကာလ လုပ်ငန်းကော်မတီ ဥက္ကဋ္ဌအဖြစ် နဝတ အတွင်းရေးမှူး(၁) ဒုတိယဗိုလ်ချုပ်ကြီး ခင်ညွန့်က တာဝန်ယူဆောင်ရွက်ခဲ့သည်။ နယ်စပ်ဒေသနှင့် တိုင်းရင်းသားလူမျိုးများ၏ ဖွံ့ဖြိုး တိုးတက်မှုအကောင်အထည်ဖော်ရေး ဗဟိုကော်မတီဥက္ကဋ္ဌသည်ကား ဗိုလ်ချုပ်မှူးကြီးသန်းရွှေ ဖြစ်ပါ၏။ ဤနေရာဤဌာနသို့ ရောက်ရှိပြီးသကာလ နတလဗဟိုကော်မတီ၊ လုပ်ငန်း ကော်မတီတို့က သတ်မှတ်ပေးထားသော နယ်စပ်ဖွံ့ဖြိုးရေးလုပ်ငန်း ဆောင်ရွက်ရမည့် နယ်မြေဒေသများကို လေ့လာကြည့်သောအခါ ထူးခြားသောနေရာ (၂)ခုကို တွေ့လိုက်ရသည်။ တစ်ခုက အနောက်မြောက်တိုင်းစစ်ဌာနချုပ်နယ်မြေ စစ်ကိုင်းတိုင်းအတွင်းရှိ ကဘော် ချိုင့်ဝှမ်းဒေသဖြစ်ပြီး အခြားတစ်ခုကတော့ အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ်နယ်မြေ၊ ရှမ်းပြည်နယ် အရှေ့ပိုင်းရှိ မော်ဖဒေသ ဖြစ်ပါသည်။

          တပ်မတော်သားဘဝမှာလည်း ထိုဒေသနှစ်ခုနှင့် ကျွန်တော် အကျွမ်းတဝင်မရှိခဲ့ပါ။ အထူးသဖြင့် မော်ဖဒေသဖြစ်သည်။ ကျောင်းဆင်းပြီး ရှမ်းပြည်နယ်တောင်ပိုင်း၊ မြောက်ပိုင်း၊ အရှေ့ပိုင်းနှင့် ကယားပြည်နယ်တို့မှာ စစ်ဆင်ရေးတာဝန် ထမ်းဆောင်ခဲ့ဖူးသည်။ သို့သော် မော်ဖဒေသဟု ခေါ်ဝေါ်ခဲ့ကြသည့် ပန်ဆန်းမြို့၏ တောင်ဘက်၊ ကျိုင်းတုံဒေသ၏ အနောက် ဘက်၊ မိုင်းပြင်းမြို့၏ မြောက်ဘက်၊ မိုင်းရှူးဒေသ သံလွင်မြစ်၏ အရှေ့ဘက်ရှိ အနှီမော်ဖ ဒေသသို့ မဝင်ဖူးခဲ့။ စစ်တက္ကသိုလ် တက်ရောက်နေဆဲကာလ ၁၉၇၉-၈၀ ခုနှစ်များမှာတော့ မော်ဖဒေသအတွင်း၌ တပ်မ (၇၇) တပ်များက ဝင်ရောက်ထိုးဖောက် တိုက်ခိုက်နေကြောင်း ကြားရသည်။ ၁၉၈၁ ခုနှစ် ကျောင်းဆင်းချိန်မှာ တပ်မ (၇၇)သို့ ရောက်သွားသော သူငယ်ချင်း အချို့ မော်ဖဒေသကို ခြေချခွင့်ရခဲ့သလို တစ်ချို့လည်း ကျောင်းဆင်းပြီး မကြာခင်မှာပင် ကျဆုံးသွားခဲ့ကြသည်။

          နတလမှာ လာရောက်ကြုံဆုံခဲ့သည့် နောင်တော်ကြီး ဦးစိန်လင်း၊ သူက OTS အပတ် စဉ် ၅၆ ကျောင်းဆင်း၊ ခမရ ၁၀၄ မှာ တာဝန်ထမ်းဆောင်ခဲ့သည်။ မော်ဖဒေသအကြောင်းကို ဂဃနဏ ပြောနိုင်သူများထဲက တစ်ယောက်ဖြစ်၏။ ကျွန်တော်နှင့်တွေ့ဆုံချိန်မှာ သူ မော်ဖ ဒေသက ထွက်ခွာလာတာ နှစ်ပေါင်း ၂၀ ကျော်ခဲ့ပြီ၊ သို့တစေ စာရွက်အလွတ်တစ်ရွက်ပေါ်မှာ သံလွင်မြစ်၊ နမ့်ခချောင်းနှင့် မော်ဖဒေသ၏ အနေအထားကို မြေပုံကောက်ဆွဲပြီး ရွာပေါင်း အစိတ်သုံးဆယ်၏ အမည်တွေကို ရွတ်ပြခဲ့သည်။ ဒါကကျွန်တော်တို့၏ စခန်းကုန်းတွေ၊ ဒါက ဗကပရင်ဆိုင်ကုန်းတွေ စသည်ဖြင့် ရေးဆွဲပြခဲ့သလို ပြန်အတိုက်ခံရသည့်ကုန်းများလည်း ပါဝင်၏။ သူတို့တပ်ရင်း မပါဝင်သော်လည်း ရှေ့တန်းတပ်မ (၇၇) ကွပ်ကဲမှုအောက် ရှမ်း (၁)၊ ခမရ (၁၀၁)၊ ခမရ (၁၀၅)၊ ခမရ (၁၀၆)၊ ခမရ (၁၀၇)၊ ခလရ (၆) တပ်ရင်းများက သံလွင် မြစ်ကူးစစ်ဆင်ရေးဖြင့် ပွိုင့် ၃၂၈၀၊ ပွိုင့် ၅၇၁၀၊ ပွိုင့် ၆၀၀၀၊ သံခမောက်ကုန်း၊ ပွိုင့် ၆၀၂၈ တောင်ကုန်းများအား တိုက်ခိုက်ခဲ့ပုံများကို သူသိသလောက် ပြောပြပေးခဲ့သည်။ ထိုကဲ့သို့ ပြောပြနေချိန်မှာ နောင်တော်ကြီး၏ အမူအရာနှင့် သွင်ပြင်ဟန်ပန်တို့သည် အလွန်ပင်တက်ကြွ လန်းဆန်းနေပြီး ယခုပင်ရှေ့တန်းက ပြန်လာသည့်ပုံနှယ်ဖြစ်နေသည်ကို မြင်ယောင်မိ ပါသေးသည်။ ယနေ့အချိန်တွင်မတော့ သူလည်း မော်ဖဒေသလွမ်းချင်း မဖွဲ့နိုင်ရှာတော့ပြီ၊ ကွယ်လွန်သွားခဲ့ချေပြီတကား။

          နောက်တစ်ဦးကတော့ ကိုအုန်းမြင့်၊ သူက အလုပ်သင်ဗိုလ်လောင်းသင်တန်း အမှတ် စဉ် (၇) ဆင်း ဖြစ်သည်။ ကျွန်တော် ၁၉၈၆-၈၇ ရောက်မှ မော်ဖကိုဝင်ဖူးတာဗျ၊ ဝိန်းနောင် ကူးတို့ဆိပ်ကနေ သံလွင်မြစ်ကို ဖြတ်ကူးခဲ့တယ်။ ပွန်တွန်းကူးတို့လှေ ရှိနေပြီ။ သည်တုန်းက မက်မန်းအနေအထားဟာ ရွာလေးတစ်ရွာပဲ။ ရှိလှ အိမ်ခြေ ၁၄/၁၅ ပေါ့၊ ပေ ၅၀၀၀ ကျော် တောင်စွယ်လေးပေါ်မှာ တည်ထားတာ။ မက်မန်းဘက်ကို ဆက်တက်သွားရင်းနဲ့ တစ်ချို့ နေရာတွေမှာ သံလွင်မြစ်ကို အပေါ်စီးက မြင်နေရတယ်၊ အရှေ့ဘက်လှမ်းကြည့်ရင်တော့ တောရိပ်တောင်ရိပ်တွေက လွယ်ဟိုလာဘက်အထိ မြင်ကွင်းတစ်ဆုံးပဲ၊ ဒါကပွိုင့် ၅၇၁၀၊ မော်ဖဒေသမှာ တိုက်ပွဲတွေ ပြင်းထန်လာရင် ရှေ့တန်းတပ်မ (၇၇) ဌာနချုပ်က သည်ကုန်းမှာ လာထိုင်ပြီး ကွပ်ကဲတယ်၊ ဟောဒီရွာလေးတွေက ရောင်အူနဲ့ ရောင်အော်၊ ဗကပတွေ ဝင်လိုက်ထွက်လိုက်လုပ်နေတဲ့ နေရာတွေဖြစ်တယ်။ အနောက်မြောက်ဘက်က လုံနောက်နဲ့ တွယ်နောက်က ကျွန်တော်တို့စခန်းတွေ၊ မော်ဖဒေသရဲ့ တောင်ဘက်ခြမ်းကို ဆင်းသွားရင် ဆွတ်ဝိုးရွာလေးရှိတယ်၊ ဆွတ်ဝိုးမှာ ကျွန်တော် စခန်းထိုင်ဖူးတယ်၊ သူလည်း အိမ်ခြေ ၁၄၊ ၁၅ လောက်ပဲရှိတာ၊ ဘေးပတ်ဝန်းကျင်မှာတော့ ရွာအစုလေးတွေ အတော်များပါတယ်၊ သစ်မင်း ပေါတယ်ဗျ၊ ဘိန်းကလည်း စိုက်သလားမပြောနဲ့၊ ဆွတ်ဝိုးသူကြီးအိမ်နောက်ဖေးမှာကို ဧက ဝက်လောက် အခင်းကြီးစိုက်ထားတာဟု အမှတ်တရ ပြန်လည်ပြောပြရင်း မော်ဖတောလား ကို ရေးဖွဲ့သွားခဲ့ဖူးသည်။

          နောက်တစ်ဦးကတော့ ကျွန်တော်တို့ နတလကို ညွှန်ကြားရေးမှူးချုပ်အနေဖြင့် ရောက်ရှိလာသော ဗိုလ်မှူးကြီးသန်းဆွေ ဖြစ်သည်။ သူ တပ်ရင်းမှူးဘဝဖြင့် ရောက်ရှိတာဝန် ထမ်းဆောင်ချိန်မတော့ မက်မန်းက ရွာမှမြို့ဘဝသို့ ပြောင်းခဲ့ပြီ။ နယ်စပ်ဖွံ့ဖြိုးရေး ဆောင်ရွက်နေသော ဝန်ထမ်းများလည်း ရောက်ရှိနေပေပြီ၊ ထိုအချိန်က မော်ဖဒေသ၌ သာသနာအလင်းရောင် မဖြာနိုင်သေးပေ၊ ဗကပတို့၏ ဖိနှိပ်ကြီးစိုးမှုအောက်တွင် နှစ်ပေါင်း များစွာနေခဲ့ရသောဒေသ ဖြစ်ခဲ့၍ပါတည်း။ သည့်အတွက်ကြောင့်လည်း နယ်စပ်ဖွံ့ဖြိုးရေး ဆောင်ရွက်ပေးရမည့် ဒေသများထဲမှာ မော်ဖဒေသကို ထည့်သွင်းသတ်မှတ်ဆောင်ရွက်စေခဲ့ ခြင်းဖြစ်ကြောင်း နားလည်သဘောပေါက်ခဲ့ရသည်။ နယ်မြေခံတပ်ရင်းမှူး ဒုတိယဗိုလ်မှူးကြီး သန်းဆွေ ဦးဆောင်၍ ဌာနဆိုင်ရာဝန်ထမ်းများ၏ တက်တက်ကြွကြွ ပူးပေါင်းပါဝင်ကူညီမှု ဖြင့် မက်မန်းမြို့၌ ရှင်အပါး ၁၀၀ ပြုပွဲကြီးကို ဝှဲချီးကျင်းပကာ သာသနာ့ဘောင်အတွင်း သွတ်သွင်းချီးမြှောက်နိုင်ခဲ့သည်။ အလှူပွဲကြီးမှာ စစ်ကြောင်းရုံး၊ တပ်ခွဲရုံးတွေက မွေးထားတဲ့ ဝက်တွေ၊ စိုက်ထားတဲ့မုန်ညင်းခင်းတွေ တက်တက်စင်ပြောင်သွားအောင် ချက်ပြုတ် ကျွေးမွေးခဲ့တာကိုလည်း အမှတ်တရ ပြောပြခဲ့သေး၏။ မော်ဖဒေသမှာ ဖွံ့ဖြိုးရေးလုပ်ငန်း တွေ စလုပ်လုပ်ချင်း ဝန်ထမ်းတွေ သိပ်ဒုက္ခရောက်ကြတာ၊ မိုင်းပြင်းကနေ တာဝန်ကျတဲ့ နေရာတွေထိ ကားကြုံစီး၊ ကားမကြုံရင်တော့ လမ်းလျှောက်၊ တစ်ချို့နေရာတွေက ၃ ညအိပ် ၄ ရက်လောက်ထိ လျှောက်ကြရတယ်။ ပင်ပန်းလာတော့ စိတ်ပျက်ကုန်ရော၊ တာဝန်တို့ ခွင့်တို့ပြောပြီး မိုင်းပြင်းပြန်သွားရင် တော်တော်နဲ့ တက်မလာကြတော့ဘူး။ တဖြည်းဖြည်း စည်းရုံးခဲ့ရတယ်။ မင်းရန်အောင်ဘုရားကုန်းမှာ စုဝေးပွဲလေးတွေလုပ်၊ ဘုရားလည်းဖူး ပရိတ်ရွတ်၊ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းလေးတွေ တိုင်ပင်၊ စားစရာရှိတာ စုပေါင်းပြီးချက်စားကြ၊ အားကစားပွဲလေးတွေ လုပ်ကြနဲ့ တစ်ဦးပေါ်တစ်ဦး သံယောဇဉ်ရှိလာကြတယ်။ ဘယ် လောက်ထိ မက်မန်းမြို့လေးကို သံယောဇဉ်ရှိသွားကြသလဲဆိုရင် အရင်ကလို မိုင်းပြင်းကို ပြန်ဆင်းသွားပြီး တစ်လကိုးသီတင်း မနေကြတော့ဘူး၊ တစ်ရက်နှစ်ရက်လောက်ဆို ပြန်တက်လာကြပြီဟု ပြောခဲ့တာလည်း အမှတ်ရမိပါသည်။ ဗိုလ်မှူးကြီးသန်းဆွေသည် နတလ ညွှန်ကြားရေးမှူးချုပ်ဘဝမှ နိုင်ငံခြားရေးဝန်ကြီးဌာန သံအမတ်ကြီးတာဝန် ထမ်း ဆောင်ခဲ့ပါသည်။ ယခု နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီလက်ထက်တွင် ဒုတိယ ဝန်ကြီးချုပ်နှင့် နိုင်ငံခြားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးတာဝန်ကို ထမ်းဆောင်နေ ပါသည်။

          ၁၉၉၄-၉၅ ပတ်ဝန်းကျင်မှာ မော်ဖဒေသက မက်မန်း၊ ဆွတ်ဝိုးတဝိုက် နေခဲ့ဖူးသော ဒုတိယဗိုလ်မှူးကြီးဇော်ဦး(ငြိမ်း)နှင့်လည်း နတလမှာ ဆုံခဲ့သည်။ သူကတော့ ဆွတ်ဝိုးဆေးရုံ မှ အလွန်သတ္တိရှိသော သူနာပြုဆရာမလေးများအကြောင်းကို ပြောပြခဲ့သည်။ တာဝန်ခံ ဆရာဝန်လေး မက်မန်းမြို့သို့သွားနေခိုက် ဝက်ဝံကုတ်ခံရ၍ ဦးခေါင်းအရေခွံလန်နေသော လူနာအမျိုးသားတစ်ဦးကို သူနာပြုဆရာမလေးများက ရဲရဲတင်းတင်းဖြတ်တောက်ချုပ်နှောင် ကုသပေးခဲ့သည် ဆို၏။ ထို့ပြင် တစ်ညွန့်နှစ်ညွန့် ဟင်းအိုးထဲမှာ ပါသွားရုံနှင့် ကိစ္စချော သွားနိုင်သော ငွေနားညွန့်ခေါ် မစားကောင်းသည့် အညွန့်လေးများအကြောင်း၊ ဆွတ်ဝိုးနှင့် ဝမ်စလောင်းအကြားက မိုင်ချီ၍ ရှည်လျားသော ကိုင်းတောကြီးများအလယ်သို့ ရောက်နေခိုက် တောမီးထလောင်သဖြင့် ပြေးပေါက်မှားခဲ့ရသည့် အကြောင်းများကိုလည်း နောင်တော်ကြီးထံ မှ ကြားခဲ့ရသေး၏။ ဗိုလ်မှူးစိုးအောင်ကတော့ နတလပင်မစီမံကိန်း (Master Plan) ရေးဆွဲ နိုင်ဖို့ရာအတွက် ၁၉၉၃ ခုနှစ် နှစ်ဦးပိုင်းတွင် မော်ဖဒေသသို့ အခြားသော ဌာနဆိုင်ရာများ ဖြစ်သည့် ဆောက်လုပ်ရေး၊ မြေစာရင်း၊ ပညာ၊ ကျန်းမာ၊ စွမ်းအင်၊ စိုက်ပျိုးရေး၊ ဆက်သွယ်ရေးစသော အဖွဲ့များကို ဦးဆောင်သွားခဲ့သူဖြစ်သည်။ စီမံကိန်းဆိုင်ရာ အချက် အလက်၊ ကိန်းဂဏန်း၊ စာရင်းဇယားများ ကောက်ယူခဲ့ကြရသည်။ ထိုစဉ်က ဗိုလ်မှူးစိုးအောင် နှင့်အတူ လိုက်ပါခဲ့သော စီမံကိန်းရေးဆွဲရေးဦးစီးဌာနက ကိုယ်စားလှယ် ဦးစိုးမြင့်သည်ပင် လျှင် နတလသို့ ကူးပြောင်းတာဝန်ထမ်းဆောင်လာသဖြင့် ကျွန်တော်နှင့် ဆုံခဲ့သေး၏။

          ဤသည်တို့ကား ကျွန်တော်မရောက်ဖူးခဲ့သော မော်ဖဒေသနှင့်စပ်လျဉ်းသည့် လွမ်းချင်း များစွာထဲက တစ်ချို့တစ်ဝက်မျှသာတည်း။ ကျွန်တော် ကျောင်းတုန်းက ကြားခဲ့ရသည့် မော်ဖဒေသ မင်းရန်အောင်စစ်ဆင်ရေးနှင့် ပတ်သက်၍မူ ခရေစေ့တွင်းကျ ပြောပြနိုင်သူ မတွေ့ခဲ့ရသေးပေ။ ကိုယ်တိုင်လည်း နတလဝန်ထမ်းဘဝဖြင့် ၂၀၁၈ ခုနှစ်တွင် တစ်ကြိမ်၊ အငြိမ်းစားယူပြီး ၂၀၂၂ ခုနှစ်တွင် တစ်ကြိမ် မော်ဖဒေသသို့ ရောက်ခဲ့ပါသေးသည်။ ပွိုင့် ၅၇၁၀၊ ပွိုင့် ၆၀၂၈၊ တောင်ကုန်းများအနီးသို့လည်း ရောက်ခဲ့သည်၊ သို့သော် ထဲထဲဝင်ဝင် မသိခဲ့ရပါ။ အဘဦးညွန့်ဆွေ ရေးသားထုတ်ဝေခဲ့သော ကဒူးမမှမော်ဖသို့ စာအုပ်ကို ကျွန်တော် မဖတ်ဖူးသေး၍လည်း ဖြစ်ပါလိမ့်မည်။ ဤသို့နေလာရာမှ ကျွန်တော့်အား သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာနတွင် ဒုတိယဝန်ကြီးတာဝန်ပေးအပ်လာချိန်၊ အဘဦးညွန့်ဆွေ၏ ကျိုင်းတုံ၊ မက်မန်းဒေသခရီးသို့ အတူလိုက်ပါခွင့်ရခဲ့သည်။ မင်းရန်အောင်စစ်ဆင်ရေးနှင့် ဆင်နွဲခဲ့သော မော်ဖဒေသစစ်ဆင်ရေးကြီးတစ်ခုလုံးကို အဘဦးညွန့်ဆွေက ရှင်းလင်းပြောပြ သည်။ ပြောပြနိုင်ပေမပေါ့။ အဘဦးညွန့်ဆွေဆိုသော ဗိုလ်မှူးကြီးညွန့်ဆွေသည် ရှေ့တန်း အမှတ် (၇၇) ခြေမြန်တပ်မဌာနချုပ်၊ ဒုတိယတပ်မမှူးတာဝန်ဖြင့် ထိုစစ်ဆင်ရေးကြီးတစ်ခု လုံးကို အနီးကပ်ကွပ်ကဲတိုက်ခိုက်ခဲ့သူ ဖြစ်နေသောကြောင်းပါတည်း။

 

(ဆက်ပါဦးမည်။)


ဆက်စပ်လင့်ခ်များ

အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။

  • တယ်လီဖုန်း

    ၀၆၇ - ၄၁၀၀၃၃
  • ဖက်စ်

    ၀၆၇ - ၄၁၀၀၃၆
  • Email

    contact@mcrd.gov.mm