ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

အင်ဒိုနီးရှားနိုင်ငံ၏ ဆင်းရဲနွမ်းပါးမှုလျှော့ချရေးနှင့် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး ဆောင်ရွက်ချက်များအား လေ့လာခြင်း


06 Nov,2023

အင်ဒိုနီးရှားနိုင်ငံသည် ကမ္ဘာပေါ်တွင် အကြီးဆုံးကျွန်းစုနိုင်ငံဖြစ်ပြီး စတုရန်းမိုင်ပေါင်း ၇၃၅,၃၅၈ မိုင် (စတုရန်းကီလိုမီတာ ၁,၉၀၄,၅၆၉) ရှိသောကြောင့် ကုန်းမြေဧရိယာအားဖြင့် ကမ္ဘာပေါ်တွင် (၁၄)ခုမြောက် အကြီးဆုံးနိုင်ငံဖြစ်သည်။ လူဦးရေ ၂၆၁ သန်းခန့်နေထိုင်ကြခြင်းကြောင့် ကမ္ဘာပေါ်တွင် စတုတ္ထမြောက် လူဦးရေအများဆုံးနိုင်ငံလည်းဖြစ်သည်။ အင်ဒိုနီးရှားနိုင်ငံ၏ အဓိက ကုန်သွယ်ဖက်နိုင်ငံများမှာ တရုတ်နိုင်ငံ၊ အမေရိကန်ပြည်ထောင်စု၊ ဂျပန်နိုင်ငံ၊ စင်ကာပူနိုင်ငံနှင့် အိန္ဒိယနိုင်ငံတို့ဖြစ်ကြသည်။

လွန်ခဲ့သည့် ဆယ်စုနှစ် (၃)ခုအတွင်း အင်ဒိုနီးရှားနိုင်ငံ၏ ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်မှုသည် စိုက်ပျိုးရေးကဏ္ဍအပေါ် အဓိကမှီခိုအားထားခဲ့သည်ကိုတွေ့ရှိရပြီး လယ်ယာကဏ္ဍသည် ဆင်းရဲနွမ်းပါးမှု လျှော့ချရန်နှင့် ကျေးလက်ဒေသဖွံ့ဖြိုးရေးအတွက်ပါ အလွန်အရေးပါလျက်ရှိသည်ကို တွေ့ရှိရပါသည်။ ထို့ကြောင့် ဆင်းရဲနွမ်းပါးမှုလျှော့ချရေးကဏ္ဍတွင် စိုက်ပျိုးရေးကဏ္ဍသည် အဓိက ဦးစားပေး ဆောင်ရွက်ရမည့်ကဏ္ဍတစ်ခုဖြစ်လာခဲ့ပြီး ပြည်သူများ၏လူမှုစီးပွားဘဝမြှင့်တင်ပေးရာတွင် မဟာ ဗျူဟာကျသော အခန်းကဏ္ဍမှ ပါဝင်လာသည်။

၂၀၁၈ ခုနှစ်၊ ဗဟိုစာရင်းအင်းစစ်တမ်းအရ နိုင်ငံလူဦးရေ၏ ၃၀.၄၆% သည် စိုက်ပျိုးရေး၊ သစ်တောနှင့် ငါးဖမ်းခြင်းလုပ်ငန်းတို့ကို လုပ်ကိုင်သည့်အတွက် သစ်တော၊ စိုက်ခင်းများ၊ ငါးဖမ်း လုပ်ငန်းများနှင့် မွေးမြူရေး လုပ်ငန်းများကို ပေါင်းစပ်ကာ စိုက်ပျိုးရေးမူဝါဒကို ပြုပြင်ပြောင်းလဲခဲ့ပြီး လယ်ယာကဏ္ဍမှတစ်ဆင့် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး ဆောင်ရွက်ခဲ့သည်။ ကျေးရွာရန်ပုံငွေ အစီအစဉ်ကို Ponggok Village, Klaten, Central Java တွင် ၂၀၁၅ ခုနှစ်က အကောင်အထည်ဖော်ခဲ့ပြီး ၂၀၁၇ ခုနှစ်တွင် ချမ်းသာသော ကျေးရွာအဖြစ် အောင်မြင်စွာ ပြောင်းလဲပေးနိုင်ခဲ့ပါသည်။ ၂၀၁၈ ခုနှစ် စစ်တမ်းအရ အင်ဒိုနီးရှားနိုင်ငံတွင် ကျေးရွာပေါင်း (၈၃,၉၃၁) ရွာရှိပြီး ၂၅%ခန့်မှာ မဖွံ့ဖြိုးသေးသော ကျေးရွာများဖြစ်သည်။ ဝေးလံခေါင်ပါးသော ဒေသများတွင် လူဦးရေ ၂၁ % ခန့်သာ နေထိုင်ကြပါသည်။ ၂၀၁၉ ခုနှစ်၊ မတ်လစာရင်းအရ ပျမ်းမျှဆင်းရဲနွမ်းပါးမှုမျဉ်းကို ဆင်းရဲနွမ်းပါးအိမ်ထောင်စုတစ်စု၏ တစ်လဝင်ငွေ IDR 1,990,170 (USD 140) သတ်မှတ် ထားသည်ကို တွေ့ရှိရပြီး အာရှဖွံ့ဖြိုးရေးဘဏ် (Asia Development Bank-ADB)၏ ၂၀၂၃ ခုနှစ်၊ ဧပြီလစာရင်း အရ ၂၀၂၂ ခုနှစ်တွင် ဆင်းရဲနွမ်းပါးမှုနှုန်း (၉.၅%) ခန့်ရှိကြောင်း တွေ့ရှိရသည်။

အင်ဒိုနီးရှားနိုင်ငံ၏ ကျေးလက်ဒေသဖွံ့ဖြိုးရေးဆောင်ရွက်မှုအခြေအနေ

          ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးတွင် ဘဏ္ဍာရေးဝန်ကြီးဌာန၊ ကျေးရွာများ ဖွံ့ဖြိုးတိုးတက်ရေး နှင့် လူဝင်မှုကြီးကြပ်ရေးဝန်ကြီးဌာန၊ ပြည်ထဲရေးဝန်ကြီးဌာန၊ အမျိုးသားဖွံ့ဖြိုးတိုးတက်ရေးစီမံကိန်း ဝန်ကြီးဌာနနှင့် စိုက်ပျိုးရေးဝန်ကြီးဌာနတို့ ပါဝင်ဆောင်ရွက်လျက်ရှိကြောင်း တွေ့ရှိရပါသည်။  

ကျေးလက်ဒေသဖွံ့ဖြိုးရေးနှင့် လယ်ယာစိုက်ပျိုးရေးသည် အင်ဒိုနီးရှားနိုင်ငံ၏အရေးအပါဆုံးကဏ္ဍ (၂)ခု ဖြစ်သည့်အတွက် လယ်ယာစိုက်ပျိုးရေးကဏ္ဍကို အဓိကထား ဆောင်ရွက်သွားမည်ဖြစ်ကြောင်း စိုက်ပျိုးရေးဝန်ကြီးဌာနမှ ၂၀၁၉ ခုနှစ်တွင် ထုတ်ပြန်ကြေငြာခဲ့ပြီး ကုန်ထုတ်စွမ်းအား၊ စီးပွားရေး ဖွံ့ဖြိုး တိုးတက်မှုနှင့် ပို့ကုန်တိုးမြှင့်ရေးတို့ကို ဦးတည်နေဆဲဖြစ်ကြောင်း တွေ့ရသည်။

စိုက်ပျိုးရေးကဏ္ဍဖွံ့ဖြိုးရေးဆောင်ရွက်ချက်များ

နိုင်ငံတော်အဆင့် စိုက်ပျိုးရေးမူဝါဒအနေဖြင့် ဗဟိုအစိုးရ၏အစပျိုးမှုအဖြစ် အမျိုးသားရေးဆိုင်ရာ ဖွံ့ဖြိုးရေးအစီအစဉ် ပြဌာန်းချက်များချမှတ်ဆောင်ရွက်ခဲ့ပြီး ဒေသတစ်ခုစီ၏ဒေသဆိုင်ရာအစိုးရများမှလည်း ဆောင်ရွက်ချက်များနှင့် စည်းမျဉ်းများကို ထိန်းညှိပိုင်ခွင့်ရှိတာ တွေ့ရသည်။

ကျေးလက်ဒေသစိုက်ပျိုးစီးပွားဖွံ့ဖြိုးရေး(Rural Agribusiness Development-PUAP)အစီအစဉ်သည် လုပ်ကွက်ငယ်တောင်သူများအတွက် အရင်းအနှီးထောက်ပံ့ပေးသည့်အစီအစဉ်တစ်ခုဖြစ်ပြီး ရရှိလာသော ရန်ပုံငွေများကို လယ်ယာထွက်ကုန်လုပ်ငန်းများ ရောင်းဝယ်ဖောက်ကားရေးနှင့် အခြား စိုက်ပျိုးရေး အခြေခံ စီးပွားရေးလုပ်ငန်းများအတွက် အချိုးကျခွဲဝေပေးခြင်းဖြစ်သည်။ ယင်းမှတစ်ဆင့် သမဝါယမအသင်း အဖြစ်သို့ အသွင်ကူးပြောင်းဖွဲ့စည်းကာ ဒေသဆိုင်ရာအစိုးရများက ယင်းအစီအစဉ်ကို ယနေ့အချိန်အထိ ဆောင်ရွက်နေဆဲဖြစ်သည်။ မြန်မာနိုင်ငံတွင်လည်း နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ဦးဆောင်မှုဖြင့် နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေဖြင့် မိုး/ နွေစပါး၊ ပဲနှင့် ဆီထွက်သီးနှံများအတွက် လိုအပ်သောသွင်းအားစု များကို သက်သာသောအတိုးနှုန်းဖြင့် ထောက်ပံ့လျက်ရှိပါသည်။

သီးနှံအာမခံစနစ်

သီးနှံအာမခံလုပ်ငန်းတွင် သဘာဝဘေးအန္တရာယ်များ၊ အပင်ပိုးကျခြင်းများ၊ တိရစ္ဆာန်ကူးစက်ရောဂါ ဖြစ်ပွားမှု၊ ရာသီဥတုပြောင်းလဲမှုများကြောင့် ထိခိုက်မှုများနှင့် စည်းမျဉ်းအရ သတ်မှတ်ထားသော အခြားဘေးအန္တရာယ်အမျိုးအစားများ အကျုံးဝင်ပါသည်။ အာမခံပရီမီယံကြေးနှင့် အာမခံလျော်ကြေးသည် ဆန်စပါး ထုတ်လုပ်မှုကုန်ကျစရိတ်အပေါ်တွင် မူတည်သတ်မှတ်ပြီး အာမခံပရီမီယံကြေးကို အစိုးရနှင့် လယ်သမားများက မျှဝေကျခံကြခြင်းဖြစ်သည်။ ဥပမာ- (၁)ဟက်တာလျှင် ဆန်စပါးထုတ်လုပ်မှု ကုန်ကျ စရိတ် Rp.၆သန်း(အမေရိကန်ဒေါ်လာ ၆၀၀) ခန့်ရှိပါက ပရီမီယံကြေးအဖြစ် Rp ၁၈၀၀၀၀ (သို့) အမေရိကန် ဒေါ်လာ ၁၈ ဒေါ်လာပေးဆောင်ရပြီး ရှေ့ပြေးစီမံကိန်းတွင် လယ်သမားများက ပရီမီယံကြေး ၂၀% ကိုသာ ထည့်ဝင်ရပြီး ကျန်ပရီမီယံကြေး ၈၀%ကို အစိုးရက ထည့်ဝင်ပေးတာ တွေ့ရသည်။ အာမခံထားရှိသည့် သီးနှံများ ပျက်စီးခြင်းဖြစ်ပေါ်ပါက နောက်စိုက်ပျိုးရာသီတွင် စပါးပြန်လည်စိုက်ပျိုးနိုင်စေရန် စိုက်ပျိုး ထုတ်လုပ်မှုကုန်ကျစရိတ်ကို လျော်ကြေးအဖြစ် ပြန်လည်ရရှိမည်ဖြစ်ပါသည်။ မြန်မာနိုင်ငံတွင်လည်း သီးနှံ အာမခံစနစ် Pilot ဆောင်ရွက်ရန်စီစဉ်လျက်ရှိကြောင်း သိရှိရပြီး မဖြစ်မနေဆောင်ရွက်သင့်သည့်လုပ်ငန်း ဖြစ်ကြောင်း လေ့လာတွေ့ရှိရပါသည်။

ပြည်သူ့ချမ်းသာကြွယ်ဝမှုဆင်းရဲနွမ်းပါးမှုဆိုင်ရာစစ်တမ်းအစီအစဉ်(People’s Prosperity Poverty Surgery Program - BEKERJA Program)ကို ဆောင်ရွက်ခဲ့ပြီး ယင်းမှာ ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ ဦးစားပေးကဏ္ဍများနှင့် ကျေးလက်ဒေသ ဆင်းရဲနွမ်းပါးမှုလျှော့ချရေးကို အထောက်အကူဖြစ်စေကြောင်း တွေ့ရှိရသည်။

စိုက်ပျိုးရေးဝန်ကြီးဌာန၊ စိုက်ပျိုးရေး၊ လူ့စွမ်းအားအရင်းအမြစ်နှင့် ဖွံ့ဖြိုးတိုးတက်ရေးအေဂျင်စီ (Agricultural Human Resources and Development Agency - BPPSDMP) မှတဆင့် ခေတ်မီ လယ်ယာသုံးကိရိယာများကို တောင်သူများအားထောက်ပံ့ပေးပြီး ကောက်ရိတ်စက်များ၊ လေးဘီးတပ် ထွန်စက်များ၊ မြေတူးစက်များကဲ့သို့သော ခေတ်မီစိုက်ပျိုးရေးကိရိယာများကို အသုံးပြုနိုင်ရန် လယ်သမား များအား နည်းပညာပေးသင်တန်းများ ပို့ချပေးသည်။

၂၀၁၇ ခုနှစ်မှစတင်၍ ဗဟိုအစိုးရသည် စိုက်ပျိုးရေးဝန်ကြီးဌာနနှင့်အတူ ဝေးလံခေါင်ပါးသော ဒေသများတွင် Cash-For-Labor Village (Padat Karya Tunai Desa: PKTD Program) ကို စတင် ဆောင်ရွက်ခဲ့ပြီး ကျေးလက်နေပြည်သူများ အထူးသဖြင့် ဆင်းရဲနွမ်းပါးပြီး မသန်စွမ်းသူများကို ဦးစားပေး၍ အပိုလုပ်ခ သို့မဟုတ် ဝင်ငွေတိုးပွားစေရန်ဆောင်ရွက်ပေးခဲ့သည်။ ထို့ပြင် တောင်သူ လယ်သမားများ လယ်ယာလုပ်ကိုင်လိုစိတ် လျော့ပါးလာမှုကိုကာကွယ်ရန်အတွက် စိုက်ပျိုးရေးဆိုင်ရာ လူငယ်စွန့်ဦး တီထွင် သူများဖွံ့ဖြိုးတိုးတက်ရေးအစီအစဉ် (Agricultural Young Entrepreneur Growth Program - PWMP) ကို ဆောင်ရွက်ခဲ့ပြီး စိုက်ပျိုးရေးတွင် မျိုးဆက်သစ် လူငယ်များ စိတ်ပါဝင်စားမှု ရှိလာစေရန်၊ ကျွမ်းကျင်မှုနှင့် စွန့်ဦးတီထွင်မှု စိတ်ဓာတ်များ တိုးပွားစေရန် ရည်ရွယ်ဆောင်ရွက်ခြင်း ဖြစ်သည်။

          ကျေးရွာဖွံ့ဖြိုးရေးရန်ပုံငွေအစီအစဉ်ကိုလည်း ဆောင်ရွက်ခဲ့ပြီး ရန်ပုံငွေများကို သက်ဆိုင်ရာ ကျေးရွာများ၏ဖွံ့ဖြိုးရေးလုပ်ငန်းများ ပြုလုပ်နိုင်ရန်အတွက်  ကျေးရွာအုပ်ချုပ်ရေးမှူးထံသို့ တိုက်ရိုက် ပေးအပ်သည့်နည်းလမ်းဖြင့်ဆောင်ရွက်သည်။ ကျေးရွာတစ်ရွာချင်းစီ၏ကျေးရွာဖွံ့ဖြိုးရေးလုပ်ငန်း လိုအပ် ချက်များ ကွဲပြားမှုရှိသော်လည်း ဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်ရာတွင် ဗဟိုအစိုးရ၏ လမ်းညွှန်မှု အတိုင်းသာ ဆောင်ရွက်ကြရပြီး ရန်ပုံငွေလျာထားရာတွင် ဗဟိုအစိုးရမှ ၁၀%နှင့် ဒေသဆိုင်ရာအစိုးရ မှ ၉၀% လျာထားဆောင်ရွက်ကြောင်း သိရှိရသည်။ ကျေးရွာစိုက်ပျိုးရေးအစီအစဉ်ကို အကောင်အထည် ဖော်မည်ဆိုပါကလည်း ဒေသဆိုင်ရာအစိုးရသည် စိုက်ပျိုးရေးဝန်ကြီးဌာနမှထုတ်ပြန်ထားသည့် ဖွံ့ဖြိုးရေး ဆိုင်ရာစည်းမျဉ်းစည်းကမ်းများကို လိုက်နာကျင့်သုံးရပါသည်။ Ponggokကျေးရွာ၏ဖွံ့ဖြိုးရေးအစီအစဉ် ကို လေ့လာရာတွင် ကျေးရွာဖွံ့ဖြိုးရေးအတွက်အဓိကဖြစ်သော အခြေခံအဆောက်အဦများ ဆောက် လုပ်ခြင်း၊ စိုက်ပျိုးရေး၊ ကျေးရွာတည်ရှိမှုအနေအထားများအရ ဂေဟဗေဒဆိုင်ရာအပန်းဖြေအဆောက် အအုံများနှင့် ဂေဟ/စိုက်ပျိုးရေး ခရီးသွားလုပ်ငန်းများ ဆောက်ရွက်ခဲ့သည်ကို လေ့လာတွေ့ရှိရပါသည်။

          မြန်မာနိုင်ငံတွင်လည်း သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ ကျေးလက်ဒေသဖွံ့ဖြိုး တိုးတက်ရေးဦးစီးဌာနမှ ကျေးရွာဖွံ့ဖြိုးရေးစီမံကိန်း(Village Development Project-VDP)ကို ဆောင်ရွက် လျက်ရှိရာ ယနေ့အချိန်အထိ ကျေးရွာပေါင်း (၁၇,၄၇၆) ရွာ၊ ဖွံ့ဖြိုးရေးလုပ်ငန်းပေါင်း (၁၉,၃၀၆)ခု ဆောင်ရွက် ပေးနိုင်ခဲ့ကြောင်း တွေ့ရပါသည်။

စိန်ခေါ်မှုများ

          အင်ဒိုနီးရှားနိုင်ငံတွင် စိုက်ပျိုးရေးကဏ္ဍကို ဦးစားပေးသည့် ကျေးလက်လူထုပုံစံ/ အလေ့အထ

မရှိခြင်းသည် ကျေးလက်ဒေသဖွံ့ဖြိုးရေးအစီအစဉ်များဆောင်ရွက်ရာတွင် အောက်ဖော်ပြပါအတားအဆီး နှင့်စိန်ခေါ်မှုများ ကြုံတွေ့ရသည်ကို သတိပြုမိရသည်-

  • စျေးကွက်ဝယ်လိုအားနှင့်လိုက်လျောညီထွေရှိသည့်ထုတ်ကုန်များ ထုတ်လုပ်နိုင်မှုနည်းပါးခြင်း၊
  • စိုက်ပျိုးရေးကဏ္ဍတွင် ရင်းနှီးမြှုပ်နှံရန် ရင်းနှီးမြှုပ်နှံသူများ၏ စိတ်ပါဝင်စားမှုနည်းခြင်း၊
  • မြေမျက်နှာသွင်ပြင်အနေအထားအရ ကျေးလက်ဒေသအများစုတွင် အခြေခံအဆောက်အအုံ အနည်းငယ်မျှသာဆောက်လုပ်နိုင်ခြင်း၊ လမ်းဖောက်လုပ်မှု နည်းပါးခြင်းကြောင့် သွားလာရေး ခက်ခဲခြင်း၊
  • သဘာဝဘေးအန္တရာယ်များနှင့် လူမှုရေးပဋိပက္ခများ ဖြစ်ပွားနိုင်ချေရှိခြင်း၊
  • ကျေးလက်ဒေသများတွင် လျှပ်စစ်မီး၊ ဆက်သွယ်ရေးနှင့် အင်တာနက်ရရှိမှု နည်းပါးသဖြင့် ဝေးလံခေါင်ပါးသောကျေးရွာများသည် ပြင်ပအသိုင်းအဝိုင်းများနှင့် ဆက်သွယ်မှုမရှိသလောက် နည်းပါးသည့်အတွက် ၎င်းတို့အား အစိုးရမှ ကူညီထောက်ပံ့ပေးရန် ခက်ခဲခြင်း၊
  • ဒေသဆိုင်ရာခေါင်းဆောင်မှုနှင့် အခွင့်အာဏာအရ ကျေးလက်နေလူထုသည် ဗဟိုအစိုးရ၏ စည်းမျဉ်းအသစ်များကို လိုက်နာမှု နည်းပါးကြပြီး ၎င်းတို့ကိုယ်တိုင် သတ်မှတ်ထားသော စံ သတ်မှတ်ချက်တွေကိုသာ လိုက်နာကြသည့်အတွက် ဗဟိုအစိုးရ၏ယုံကြည်မှုမရရှိခြင်း၊
  • စိုက်ပျိုးမြေဧရိယာ နည်းပါးလာခြင်းကြောင့် စိုက်ပျိုးထုတ်လုပ်မှုကို ကျဆင်းစေခြင်း။

 

ဆင်းရဲနွမ်းပါးမှုလျှော့ချရေးအပေါ် ကျေးလက်အခြေခံအဆောက်အအုံဖွံ့ဖြိုးရေး ဆောင်ရွက်ချက်များ၏ အကျိုးသက်ရောက်မှု

          ကျေးလက်ဒေသဖွံ့ဖြိုးရေးအစီအစဉ်များ ဆောင်ရွက်ရာတွင် အခြေခံအဆောက်အအုံ ဖွံ့ဖြိုးရေး ဆောင်ရွက်ပေးနိုင်မှုနည်းပါးခြင်းသည် စိန်ခေါ်မှု (၁)ခုအဖြစ် ပါဝင်နေကြောင်းလေ့လာတွေ့ရှိရသည်။ ကျေးလက်ဒေသ ဆင်းရဲမှုလျော့ချရေးသည် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးနှင့်တိုက်ရိုက်ဆက်နွယ် လျက်ရှိပြီး ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးတွင် အခြေခံအဆောက်အအုံဖွံ့ဖြိုးရေးသည် အဓိက ကျသောအချက် ဖြစ်ပါသည်။  သို့ရာတွင် ကျေးလက်အခြေခံအဆောက်အအုံဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ အမြန်အကဲဖြတ် လေ့လာမှုတစ်ခုဖြစ်သည့် LP3ES (၂၀၀၇) အရ ကျေးလက်အခြေခံအဆောက်အအုံ ဖွံ့ဖြိုးရေးအစီအစဉ်သည် ပြည်သူများအား အလုပ်အကိုင် ဖန်တီးပေးနိုင်သည်မှန်သော်လည်း ကျေးလက် ဒေသဆင်းရဲနွမ်းပါးမှု လျော့ချ ရေးအပေါ် သိသိသာသာ သက်ရောက်မှုရှိသည်ဟု မဆိုနိုင်သေးကြောင်း လေ့လာတွေ့ရှိရသည်။

          ယင်းလေ့လာမှုတွင်၂၀၀၆ ခုနှစ်က ကမ္ဘာ့ဘဏ်၊ Sigma Saranaနှင့် Institute for Economic and Social Research (LPEM FEUI)တို့ပူးပေါင်း၍ အင်ဒိုနီးရှားနိုင်ငံအတွင်း၊ ခရိုင် (၆)ခုတွင် စစ်တမ်းကောက်ယူ ထားသော အင်ဒိုနီးရှားကျေးလက်ရင်းနှီးမြှုပ်နှံမှု ရာသီဥတုစစ်တမ်းပါအချက်အလက်များကို အသုံးပြုထား ကြောင်းလေ့လာသိရှိရပါသည်။ အချက်အလက်ကောက်ယူမှုအပိုင်း(Data Collection)တွင် ခရိုင် (၆)ခု ဖြစ်သည့် Labuan Batu ၊ Malang ၊ Badung ၊ Sumbawa ၊ Kutai Kartanegara နှင့် Barru တို့ရှိ နမူနာကောက်ကွက်အနေဖြင့် အိမ်ထောင်စု (၂၈၀၀)၊ စိုက်ပျိုးရေးလုပ်ငန်း၏ပြင်ပဖြစ်သော စီးပွားရေး လုပ်ငန်း (၂၅၀၀)နှင့် ရပ်ရွာ အဖွဲ့အစည်းပေါင်း (၁၅၀)ထံမှ ကောက်ယူခဲ့ကြောင်း တွေ့ရှိရသည်။

          ကျေးလက်အခြေခံအဆောက်အအုံတွင် ရုပ်ပိုင်းဆိုင်ရာအခြေခံအဆောက်အအုံနှင့် လူ့စွမ်းအားအရင်း အမြစ် အခြေခံအဆောက်အအုံ ဟူ၍နှစ်မျိုးရှိရာ ရေတိုအနေဖြင့် နှစ်မျိုးစလုံးသည် တိုက်ရိုက်ရော သွယ်ဝိုက်၍ပါ အကျိုးသက်ရောက်မှုရှိပြီး ရေရှည်အနေဖြင့် ကွဲပြားမှုများရှိကြောင်း လေ့လာတွေ့ရှိရသည်။ ရေရှည်တွင် ရုပ်ပိုင်းဆိုင်ရာအခြေခံအဆောက်အအုံများဖြစ်သည့် လမ်းပန်းဆက်သွယ်ရေး၊ လျှပ်စစ်မီး၊ ရေရရှိရေး၊ အိမ်ယာ၊ စီးပွားရေးအဆောက်အဦများသည် စီးပွားရေးဖွံ့ဖြိုးမှုကို အထောက်အကူပြုပြီး လူ့စွမ်းအားအရင်း အမြစ်အခြေခံအဆောက်အအုံသည် ကျေးလက်လုပ်သားအင်အား၏ လုပ်အားတန်ဖိုးကို ပိုမိုမြင့်တက်စေရန် အထောက်အကူပြုလျက်ရှိသည်ကို လေ့လာတွေ့ရှိရသည်။

          ယင်းလေ့လာမှုမှတစ်ဆင့် အင်ဒိုနီးရှား၏ ကျေးလက်အခြေခံအဆောက်အအုံဖွံ့ဖြိုးရေး မူဝါဒကို အကျဉ်းချုံးသုံးသပ်ရှူမြင်ခွင့်ရရှိပြီး အခြေခံအဆောက်အအုံနှစ်မျိုး၏ဖွံ့ဖြိုးတိုးတက်မှုကြောင့် ကျေးလက် ဒေသဆင်းရဲနွမ်းပါးမှုကို အတိုင်းအတာတစ်ခုအထိ လျော့ချနိုင်မှုကို လက်တွေ့ကျကျ သုံးသပ်တင်ပြထား သည်ကို လေ့လာသိရှိရသည်။

ကျေးလက်အခြေခံအဆောက်အအုံ ဖွံ့ဖြိုးတိုးတက်ရေးမူဝါဒ

          သမ္မတဆိုဟာတို(Soeharto)လက်ထက်တွင် ကျေးလက်အခြေခံအဆောက်အအုံ ဖွံ့ဖြိုးရေးမူဝါဒကို ဦးစားပေးဆောင်ရွက်ခဲ့ပြီး ပြုပြင်ပြောင်းလဲရေးခေတ်အစိုးရများကလည်း ဆက်လက်ဆောင်ရွက်ခဲ့ကြောင်း တွေ့ရှိရသည်။

          ၂၀၀၁ ခုနှစ်တွင် စီးပွားရေးအရှိန်အဟုန်ဖြင့် ပြန်လည်ဦးမော့လာစေရန်ရည်ရွယ်၍ အခြေခံ အဆောက် အအုံဖွံ့ဖြိုးရေးကို အရှိန်အဟုန်မြှင့်ဆောင်ရွက်နိုင်ရန်အတွက် အမျိုးသားအဆင့် ကော်မတီကို ဖွဲ့စည်းခဲ့ပြီး ၂၀၀၅ ခုနှစ်တွင် ကျေးလက်အခြေခံအဆောက်အအုံဖွံ့ဖြိုးရေးမူဝါဒကို ပြန်လည်ပြဋ္ဌာန်း ခဲ့ကြောင်း လေ့လာရပါသည်။ ယင်းမူဝါဒကို လေ့လာရာတွင် ပြုပြင်ပြောင်းလဲရေးခေတ်မတိုင်မီက ဗဟိုအစိုးရသည် အရေး ကြီးသောအခန်းကဏ္ဍမှ ပါဝင်ခဲ့ပြီး ယင်းနောက်တွင်မူ ဗဟိုချုပ်ကိုင်မှုစနစ်မှ ဒေသဆိုင်ရာကိုယ်ပိုင် အုပ်ချုပ်ခွင့်ကို အသားပေးသည့်ပုံစံသို့ ပြောင်းလဲသွားခဲ့သော်လည်း အခြေခံ အဆောက်အအုံဖွံ့ဖြိုးရေးကို ယင်းပြောင်းလဲမှုများနှင့်အတူ လိုက်ပါပြောင်းလဲ ဆောင်ရွက်နိုင်ခြင်း မရှိခဲ့ပေ။ ဥပမာ- ဗဟိုအစိုးရ တာဝန်ယူဆောင်ရွက်ခဲ့သည့် ဆည်ရေသောက်စနစ်သည် ဒေသဆိုင်ရာ ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရသည့်လက်ထက်တွင် ပြုပြင်ထိန်းသိမ်းမှုများ မလုပ်နိုင်ဘဲ မကြာခဏပျက်စီးလျက် ရှိသည်ကိုတွေ့ရှိရသည်။ ကျေးလက်အခြေခံအဆောက်အအုံ ဖွံ့ဖြိုးရေးဆိုင်ရာအတွေးအခေါ်များကို ပြောင်းလဲရန် ခက်ခဲသည့်အပြင် ဒေသဆိုင်ရာအစိုးရ ရန်ပုံငွေနှင့် ဘတ်ဂျက်အကန့်အသတ်ရှိခြင်းသည်လည်း အခြေခံအကျဆုံးအတားအဆီးဖြစ်လာခဲ့ကြောင်း လေ့လာတွေ့ရှိရပါသည်။

          ကျေးလက်ဒေသဆင်းရဲနွမ်းပါးမှုသည် ကျေးလက်အခြေခံအဆောက်အအုံများ မပြည့်စုံခြင်းကြောင့် သာမက လူမှုရေးနှင့် ယဉ်ကျေးမှုအခြေအနေများ၊ မြေမျက်နှာသွင်ပြင်အနေအထား စသည့်တိုးတက်မှုများကို အထောက်အကူ မပြုသည့်ကျေးလက်အဖွဲ့အစည်းများကြောင့်လည်းဖြစ်ကြောင်း လေ့လာသိရှိရပါသည်။ သို့ရာတွင် ကျေးလက်အခြေခံအဆောက်အအုံ ဖွံ့ဖြိုးမှုသည် ကျေးလက်ဒေသစည်ပင်ဝပြောစေရေးအတွက် အခြေခံမူဘောင်တစ်ခုဖြစ်သည်ကို မငြင်းပယ်နိုင်ကြပေ။ စင်စစ်မူ လျှပ်စစ်ဓာတ်အားနှင့် ဆက်သွယ်ရေးလိုင်း များကဲ့သို့ ကြီးမားသည့်ရင်းနှီးမြှုပ်နှံမှုမျာကို ကျေးလက်နေပြည်သူများအနေဖြင့် ဆောင်ရွက်ရန်မစွမ်းနိုင် သော်လည်း သန့်ရှင်းသောသောက်သုံးရေ၊ မိလ္လာစနစ်နှင့် ကျေးလက်လမ်းကဲ့သို့ အချို့အခြေခံအဆောက် အအုံများကို ကျေးလက်နေပြည်သူများ အင်အားဖြင့် စုပေါင်းဆောင်ရွက်နိုင်သည်ကို တွေ့ရှိရသည်။ အင်ဒိုနီးရှားစာရင်းအင်းသုတေသနဦးစီးဌာန၏ ၂၀၂၃ ခုနှစ်၊ စက်တင်ဘာလ (၂၈)ရက်နေ့ထုတ်ပြန်ချက်အရ ၂၀၂၂ ခုနှစ်တွင် အင်ဒိုနီးရှားအိမ်ထောင်စုများ၏ ၈၀.၉%  ခန့် သန့်ရှင်းသောသောက်သုံးရေ ရရှိမှုရှိပြီး ၉၉.၆၃% ခန့် လျှပ်စစ်မီးရရှိမှု ရှိကြောင်း တွေ့ရှိရသည်။

          အစိုးရ၏ရန်ပုံငွေမှာ အကန့်အသတ်ရှိသည့်အတွက် ဒေသခံပြည်သူများနှင့်ပူးပေါင်း ဆောင်ရွက် သည့်အလေ့အထကို အစပြုပျိုးထောင်ပေးသင့်ကြောင်းလေ့လာသိရှိရပါသည်။ ကျေးလက်နေပြည်သူ များအား ကျေးရွာအခြေခံအဆောက်အအုံစီမံကိန်းများတွင် ပါဝင်လုပ်ကိုင်စေပြီး ဝင်ငွေရရှိစေသည့် နည်းလမ်းမျိုး ကျင့်သုံးသင့်ကြောင်း တင်ပြထားသည်ကိုလည်းတွေ့ရှိရသည်။

          ယင်းနည်းလမ်းသည် Direct Cash Assistance (BLT)ခေါ် တိုက်ရိုက် ငွေကြေးထောက်ပံ့သည့်စနစ် ထက် ပိုမိုအကျိုးရှိကြောင်းတွေ့ရှိရသည်။ BLT အစီအစဉ်သည် အစိုးရအပေါ် မှီခိုအားထားမှုကို မြင့်တက်စေ သောကြောင့်ဖြစ်ပြီး လုပ်အားပါဝင်ဆောင်ရွက်စေသည့်နည်းလမ်းမှာ ကိုယ့်အားကိုယ်ကိုးသည့် အလေ့အထ ကောင်းကို ရရှိစေသည့်အပြင် အမှန်တကယ်ဆင်းရဲသူများအတွက် အထောက်အပံ့ကောင်းဖြစ်စေသည့် မှန်ကန်သည့်နည်းလမ်းဖြစ်သည်ကိုတွေ့ရှိရသည်။ အလုပ်လုပ်ချင်စိတ်ရှိသူများအတွက် ဆင်းရဲတွင်းမှ အမှန်တကယ်လွတ်မြောက်နိုင်စေမည်ဖြစ်ပါသည်။

          သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာနမှ ဆောင်ရွက်နေသည့် ကျေးရွာချင်းဆက်လမ်း၊ ကုန်ထုတ်လမ်း၊ ရေရရှိရေးလုပ်ငန်းများ၊  လူထုဗဟိုပြုစီမံကိန်း၊ Cash for Work စီမံကိန်း၊ ကျေးရွာ ဖွံ့ဖြိုးရေးစီမံကိန်း(Village Development Project-VDP)များမှာ ကျေးရွာပြည်သူ၏လုပ်သားအင်အား ပူးပေါင်းပါဝင်စေခြင်းဖြင့်လုပ်ခလစာရရှိစေသည့်နည်းလမ်းကို ကျင့်သုံးလျက်ရှိသောစီမံကိန်းများ ဖြစ်ပြီး မြစိမ်းရောင် အရင်းမပျောက်လည်ပတ်ရန်ပုံငွေစီမံကိန်း၏အတိုးရငွေဖြင့်လည်း ကျေးရွာအခြေခံ အဆောက်အဦဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်လျက်ရှိသည်။

မူဝါဒအကြံပြုချက်များ

          လေ့လာမှုစစ်တမ်းအရ ကျေးလက်အခြေခံအဆောက်အအုံဖွံ့ဖြိုးရေးသည် ကျေးလက်နေပြည်သူ များ၏လူမှုဘဝတိုးတက်ရေးနှင့် ဆင်းရဲနွမ်းပါးမှုလျှော့ချရေးတို့အတွက် မရှိမဖြစ်အရေးပါလျက်ရှိသည်ကို တွေ့ရှိရပြီး အင်ဒိုနီးရှားနိုင်ငံအပါအဝင် အခြားနိုင်ငံများတွင်လည်း အခြေခံအဆောက်အအုံဖွံ့ဖြိုးမှုသည် ကျေးလက်ဒေသဆင်းရဲနွမ်းပါးမှုကို သိသိသာသာလျော့ကျသွားစေကြောင်း တွေ့ရှိရသည်။ ကျေးလက်ဒေသ ဖွံ့ဖြိုးရေးနှင့် ဆင်းရဲမှုလျော့ချရေးဆောင်ရွက်ရာတွင် နိုင်ငံတော်အဆင့်အနေဖြင့် အခြေခံအဆောက်အအုံ ဖွံ့ဖြိုးတိုးတက်ရေးကို ကျေးလက်ဒေသများတွင် စဉ်ဆက်မပြတ် ဦးတည်ဆောင်ရွက်ခြင်း၊ ဗဟိုချုပ်ကိုင်မှု စနစ်ကို ဖြေလျော့ပြီး ဒေသဆိုင်ရာအစိုးရများက ဦးဆောင်၍ ကျေးလက်ဒေသအခြေခံအဆောက်အအုံများ ဖွံ့ဖြိုး တိုးတက်ရေးအတွက် အလေးထားဆောင်ရွက်ခြင်းတို့ကို မူဝါဒပိုင်းအရချမှတ်သင့်ပါကြောင်း အကြံပြု တင်ပြထားရှိသည်ကို လေ့လာတွေ့ရှိရပါသည်။

          အင်ဒိုနီးရှား၏အလုံးစုံဖွံ့ဖြိုးရေးမူဝါဒ(Inclusive Growth Policy)များသည် ဆင်းရဲနွမ်းပါးမှုမှ လွတ် မြောက်စေရန်နှင့် စီးပွားရေးဖူလုံစေရန် လိုက်လျောညီထွေမှုရှိပြီး အလွန်အမင်းဆင်းရဲနွမ်းပါးမှု ပပျောက်လုနီးပါးဖြစ်ခဲ့သည်ကိုတွေ့ရှိရသည်။ သို့ရာတွင် ဆင်းရဲနွမ်းပါးသော လူဦးရေ၏ထက်ဝက် ခန့်သည် ဆင်းရဲတွင်းသို့ ပြန်လည်ကျရောက်နိုင်ချေရှိသည့်အတွက် တုန့်ပြန်နိုင်စွမ်းအားကောင်းမွန်သော အစီအစဉ် များ၊ ရင်းနှီးမြှုပ်နှံမှုများ ဖန်တီးပေးရန် လိုအပ်မည်ဖြစ်ပါသည်။

          ဝင်ငွေတိုးတက်မြင့်မားစေပြီး ကုန်ကျစရိတ်သက်သာစေမည့် နိုင်ငံတစ်ဝှမ်း လူ့စွမ်းအားအရင်းအမြစ် များ သာတူညီမျှတိုးတက်စေရေးအတွက် ကန့်သတ်ချက်များကိုဖယ်ရှားပေးနိုင်မည့် ထိရောက်သော မူဝါဒများ ချမှတ်နိုင်ရန်လိုအပ်မည်ဖြစ်ပါသည်။ ထို့အပြင် အလုံးစုံဖွံ့ဖြိုးရေးကို စဉ်းစားရာတွင် နိုင်ငံ ဆင်းရဲနွမ်းပါးမှုကိုဖြစ်စေသည့် အကြောင်းရင်းများအနက် တစ်ခုအပါအဝင်ဖြစ်သော သဘာဝဘေး အန္တရာယ် မကြာခဏကျရောက်တတ်ခြင်းကိုလည်း အလေးထားစီမံခန့်ခွဲရန်လိုအပ်ပါသည်။ သဘာဝ ဘေးဒဏ်ခံနိုင်ရည်ရှိသည့် အခြေခံအဆောက်အအုံဆိုင်ရာရင်းနှီးမြှုပ်နှံမှုများ ဆောင်ရွက်ရန်လိုအပ် ကြောင်း လေ့လာသိရှိရပါသည်။

လူမှုဖူလုံရေးစနစ်

          ၂၀၀၀ ပြည့်နှစ်ဝန်းကျင်ကတည်းကပင် လူမှုဖူလုံရေးအစီအမံများကို ကျယ်ကျယ်ပြန့်ပြန့် စတင် ဆောင်ရွက်ခဲ့ကြသည်ကိုတွေ့ရှိရပြီး ယင်းတွင် ပညာသင်ထောက်ပံ့ကြေးများ၊ အခမဲ့ကျန်းမာရေး အာမခံ၊ ပင်စင်လစာ၊ ဆန်ပေးဝေခြင်း စသည်တို့အပါအဝင် ဆင်းရဲမှုမှလွတ်မြောက်ရေးအတွက် အလုံးစုံ အစီအမံများ ပါဝင်သည်ကို လေ့လာတွေ့ရှိရသည်။ သို့ရာတွင် နိုင်ငံတကာစံနှုန်းများအရ လူမှု ဖူလုံရေးအတွက် ငွေကြေးထောက်ပံ့နိုင်မှုပမာဏ နည်းပါးနေသေးသည်ဟု ဆိုနိုင်ပါသည်။ လူမှုဖူလုံရေး အထောက်အပံ့များရရှိသည့် လုပ်သားအရင်းအမြစ်များ တိုးပွားလာစေရန်၊ ပိုမိုကောင်းမွန်သည့် အလုပ် အကိုင်များရရှိနိုင်စေရန်အတွက်  လူမှုဖူလုံရေးအာမခံတိုးမြှင့်ပေးရေး၊ အခွန်စည်းကြပ်မှုတိုးမြှင့်ပြီး တရားဝင်လုပ်ကိုင်သူများ ဖြစ်စေရေးဆိုင်ရာမူဝါဒများ ချမှတ်ဆောင်ရွက် သွားရန်လိုအပ်မည်ဖြစ်ပါသည်။

 အနာဂတ်ကျေးလက်ဒေသဖွံ့ဖြိုးရေးမျှော်မှန်းချက်

          ၂၀၂၀ ပြည့်နှစ်တွင် ကျေးလက်ဒေသစိုက်ပျိုးရေးကဏ္ဍ ဖွံ့ဖြိုးတိုးတက်မှုနှင့်စပ်လျဉ်း၍ နိုင်ငံတော်၏ မက်ခရိုစီးပွားရေးဖွံ့ဖြိုးတိုးတက်မှု တိုးမြှင့်ရေးနှင့် လူတစ်ဦးချင်း၏ ဝင်ငွေနှင့် စိုက်ပျိုးရေး GDP ကို နှစ်ဆတိုးမြှင့်ခြင်းဖြင့် ဒေသတွင်းအဆင့်ဆင်းရဲနွမ်းပါးသည့်လူဦးရေကို လျှော့ချနိုင်ရန်၊ ကျေးရွာ များတွင် တစ်ဦးချင်း ပျမ်းမျှတစ်နှစ်ဝင်ငွေ အမေရိကန်ဒေါ်လာ ၂,၀၀၀ ခန့်အထိ ရရှိစေရန်နှင့် ဆင်းရဲမှုမျဉ်းအောက်ရှိ ကျေးရွာလူဦးရေသည် ကျေးရွာရှိလူဦးရေ၏ ၅% အောက်ဖြစ်လာစေရန်၊ သဘာဝ ပတ်ဝန်းကျင်နှင့် သဟဇာတဖြစ်သော နည်းပညာနှင့် စိုက်ပျိုးရေးအလေ့အကျင့်ကောင်းများ ရရှိစေရန်၊ ရိတ်သိမ်းပြီးချိန်နည်းပညာများ တိုးမြှင့်ရရှိစေရန် စသည်တို့နှင့်စပ်လျဉ်း၍ မျှော်မှန်းဆောင်ရွက်လျက်ရှိ သည်ကိုတွေ့ရသည်။

          အစိုးရနှင့် နိုင်ငံရေးပါတီအသီးသီးသည် ဆင်းရဲနွမ်းပါးသူများ သက်သာချောင်ချိရေးအတွက် အာရုံ စိုက် ကြိုးပမ်းလျက်ရှိပြီး အရင်းအနှီးရရှိရေးနှင့်ထုတ်ကုန်အရည်အသွေးမြှင့်တင်ရန်၊ စျေးကွက်ချဲ့ထွင်နိုင် မှုနှင့် စီးပွားရေးဝန်ဆောင်မှုစွမ်းရည်များမြှင့်တင်ရန်၊ စွန့်ဦးတီထွင်မှုနှင့် အစုအစပ်လုပ်ငန်းများ ဖွံ့ဖြိုး တိုးတက်လာစေရန် ရည်ရွယ်ဆောင်ရွက်လျက်ရှိကြောင်း တွေ့ရှိရသည်။ ထို့အပြင် မညီမျှမှုများကို လျှော့ချရန်အတွက် ကျေးလက်ဒေသဖွံ့ဖြိုးရေးရန်ပုံငွေထောက်ပံ့မှုများကို အစဉ်သဖြင့် ပြန်လည်သုံးသပ် ပြုပြင်ပြောင်းလဲခြင်း၊ ပြည်တွင်းရင်းနှီးမြှုပ်နှံသူများနှင့် ပြည်တွင်းလုပ်ငန်းရှင်များကို ပံ့ပိုးပေးခြင်း၊ ပြည်တွင်း ထုတ်ကုန်ပစ္စည်းများကို အွန်လိုင်း၊ လက်လီရောင်းချသူများထံနှင့် ချိတ်ဆက်ရောင်းချစေခြင်းဖြင့် သွင်းကုန်ဖိအား လျှော့ချပေးခြင်းတို့ကို ဆောင်ရွက်လျက်ရှိကြောင်းတွေ့ရှိရသည်။ လူ့စွမ်းအား အရင်း အမြစ် ဖွံ့ဖြိုးတိုးတက်ရေးကိုလည်း အဓိကထား ဆောင်ရွက်လျက်ရှိသည်ကို တွေ့ရှိရသည်။

သုံးသပ်ချက်

          ကျေးလက်ဒေသ လယ်ယာကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးဆောင်ရွက်ရာတွင် အဆင့်တိုင်းသည် အလွန် ထိရောက်မှုရှိပါသည်။ သို့ရာတွင် ကျေးလက်နေလူထုသည် သတင်းအချက်အလက်များ လက်လှမ်းမီရန် ခက်ခဲသည့်အတွက် ၎င်းတို့လက်လှမ်းမီမှုရှိစေမည့်နည်းလမ်းများ၊ လုံလောက်သော အခြေခံအဆောက် အအုံများ ရရှိစေရန် ထည့်သွင်းစဉ်းစားသင့်ပြီး ကျေးလက်ဒေသ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုဆိုင်ရာ အသွင်ကူးပြောင်းရေးကိုလည်း ဆောင်ရွက်သင့်ပါသည်။ လက်ရှိတွင် ဆင်းရဲနွမ်းပါးသော အိမ်ထောင်စု များအတွက် သွင်းအားစုများ (အရင်းအနှီးများ ၊ လယ်ယာသုံးစက်ကိရိယာ)များ ထောက်ပံ့မှု၊ BEKERJA အစီအစဉ်နှင့် အခြားအကူအညီများ ထောက်ပံ့ပေးထားသည်မှန်သော်လည်း ၎င်းအသွင်ကူးပြောင်းမှုတွင် ခေါင်းဆောင်ပိုင်းမှ ပါဝင်မှုလည်း လိုအပ်ကြောင်း ဒေသဆိုင်ရာအာဏာပိုင်အသီးသီးက ဆိုသည်။ မြေမျက်နှာ သွင်ပြင်အနေအထား၊ ကျေးလက်လူမှုအသိုင်း အဝန်း၏လူမှုရေးပြဿနာများ၊ လူ့စွမ်းအားအရင်းအမြစ် ပြဿနာများ၊ ဗဟိုနှင့် ဒေသဆိုင်ရာစည်းမျဉ်း အာဏာပိုင်များကြား အချိုးမညီမျှမှုစသည်တို့ကြောင့် စိန်ခေါ်မှုများစွာကို တွေ့ကြုံခဲ့ရသည်။ မည်သို့ပင်ဆိုစေ ဗဟိုအစိုးရသည် လယ်ယာစိုက်ပျိုးရေး ကဏ္ဍတိုးချဲ့ ဆောင်ရွက်မှု၊ စားနပ်ရိက္ခာနှင့် ငွေကြေးထောက်ပံ့မှုတို့အပါအဝင် ကျေးလက်နေပြည်သူများ၏ စီးပွားရေးကို မြှင့်တင်ရန် နည်းလမ်းအမျိုးမျိုးဖြင့် ကြိုးပမ်းခဲ့ပြီး အပြုသဘောဆောင်သော တုံ့ပြန်ချက်များစွာရရှိခဲ့သည့် အပြင် ဆင်းရဲနွမ်းပါးမှုလျှော့ချရာတွင်လည်း သိသိ သာသာအောင်မြင်ခဲ့သည်ဟုဆိုရပါမည်။

 

ခန့်ဇော် (ကျေးလက်)


ဆက်စပ်လင့်ခ်များ

အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။

  • တယ်လီဖုန်း

    ၀၆၇ - ၄၁၀၀၃၃
  • ဖက်စ်

    ၀၆၇ - ၄၁၀၀၃၆
  • Email

    contact@mcrd.gov.mm