Language : |
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

ယူရီးယားမြေဩဇာများအား တောင်သူများလက်ဝယ်သို့ ဈေးနှုန်းသက်သာစွာဖြင့် ဖြန့်ဖြူးရောင်းချပေးသွားမည်


14 Jun,2022

နေပြည်တော် ဇွန် ၁၄

အရည်အသွေးနှင့် စံချိန်စံညွှန်းပြည့်မီပြီး ဈေးနှုန်းသင့်တင့်သည့် ယူရီးယားမြေဩဇာများအား တိုင်းဒေသကြီး/ ပြည်နယ်အသီးသီးရှိ အရောင်းဆိုင်များမှတစ်ဆင့် တောင်သူများလက်ဝယ်သို့ သတ်မှတ်ရည်ညွှန်းဈေးနှုန်းဖြင့် သက်သာစွာ ဖြန့်ဖြူးရောင်းချနိုင်ရေး အစည်းအဝေးကို ယနေ့နံနက် ပိုင်းက ရုံးအမှတ်(၁၆) သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ အစည်းအဝေးခန်းမ၌ Video Conferencing စနစ်ဖြင့် ကျင်းပပြုလုပ်ရာ ပြည်ထောင်စုဝန်ကြီး ဦးလှမိုး၊ အမြဲတမ်းအတွင်းဝန်များ၊ ညွှန်ကြားရေးမှူးချုပ်များ၊ သက်ဆိုင်ရာအဖွဲ့ဝင်ကုမ္ပဏီများ၊ မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်မှ ကိုယ်စားလှယ်များ၊ ယူရီးယားမြေဩဇာဖြန့်ဖြူးရောင်းချရေး ဦးဆောင်ကော်မတီအဖွဲ့ဝင်များနှင့် တာဝန်ရှိသူများ တက်ရောက်ခဲ့ကြောင်းသိရသည်။

အခမ်းအနားတွင် ယူရီးယားမြေဩဇာဝယ်ယူဖြန့်ဖြူးရောင်းချရေး ဦးဆောင်ကော်မတီ ဥက္ကဋ္ဌ ပြည်ထောင်စုဝန်ကြီး ဦးလှမိုးက သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာနက ဦးဆောင်ပြီး သက်ဆိုင်ရာဝန်ကြီးဌာနများနှင့် ပူးပေါင်းဆောင်ရွက်လျက်ရှိရာအရည်အသွေးပြည့်မီသည့်ယူရီးယားမြေဩဇာများအား တောင်သူများလက်ဝယ်အရောက် ဈေးနှုန်းသက်သာစွာဖြင့် စိုက်ပျိုးရာသီအမီ ရောင်းချပေးနိုင်ရေးသည် အဓိကဖြစ်ပါကြောင်း၊ တောင်သူများအနေဖြင့် မြေဩဇာများ ဝယ်ယူရာတွင် လွယ်ကူရိုးရှင်းသောပုံစံများဖြင့် ဝယ်ယူနိုင်ရေးစီစဉ်ဆောင်ရွက်လျက်ရှိပါကြောင်း၊ တိုင်းဒေသကြီး/ပြည်နယ်အသီးသီးထံမှလည်း ဒေသအလိုက် ယူရီးယားမြေဩဇာ အမှန်တကယ် လိုအပ်ချက်များကို တောင်းခံထားပြီးဖြစ်ပါကြောင်း၊ မိမိတို့ ဦးဆောင်ကော်မတီဝင်များအနေဖြင့်လည်း လက်ရှိတင်သွင်းထားသော ယူရီးယားမြေဩဇာများကို တောင်သူများထံသို့ စိုက်ပျိုးရာသီအမီ မြန်မြန်ဆန်ဆန် ရောင်းချနိုင်ရေးအတွက် အစီအစဉ်များကို ဝိုင်းဝန်းဆွေးနွေးကြစေလိုကြောင်း ပြောကြားပါသည်။

ဆက်လက်၍ ယူရီးယားမြေဩဇာဝယ်ယူဖြန့်ဖြူးရောင်းချရေး ဦးဆောင်ကော်မတီ အတွင်းရေးမှူး အမြဲတမ်းအတွင်းဝန် ဦးခန့်ဇော်က ယူရီးယားမြေဩဇာများအား လက်ရှိတွင် ပဲခူးတိုင်းဒေသကြီး၊ မွန်ပြည်နယ်၊ ရန်ကုန်တိုင်းဒေသကြီး၊ ရှမ်းပြည်နယ်တောင်ပိုင်းနှင့် ဧရာဝတီတိုင်းဒေသကြီးများသို့ ယူရီးယားမြေဩဇာ တန်ချိန် ခြောက်သောင်းကျော် ဖြန့်ဖြူးရောင်းချနေမှုအခြေအနေများအားလည်းကောင်း၊ မြို့နယ်များရှိ အရောင်းဆိုင်များတွင် သတ်မှတ်စည်းကမ်းများနှင့်အညီ မြန်မြန်ဆန်ဆန် အချိန်မီ ရောင်းချပေးနိုင်ရေး စီစဉ်ဆောင်ရွက်ထားမှုအခြေအနေများကို ရှင်းလင်းတင်ပြပါသည်။

 ထို့နောက် အစည်းအဝေးတက်ရောက်ကြသော Consortium အဖွဲ့ကိုယ်စား တာဝန်ရှိသူ တစ်ဦးက ယူရီးယားမြေဩဇာတင်သွင်းထားရှိမှုနှင့် ထပ်မံတင်သွင်းမည့် အခြေအနေများအား လည်းကောင်း၊ မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်မှ တာဝန်ရှိသူတစ်ဦးက ယူရီးယားမြေဩဇာဖြန့်ဖြူးရောင်းချနေမှုအခြေအနေများအားလည်းကောင်း၊ ယူရီးယားမြေဩဇာဝယ်ယူဖြန့်ဖြူးရောင်းချရေး ဦးဆောင်ကော်မတီဝင်များဖြစ်ကြသော သက်ဆိုင်ရာဝန်ကြီးဌာနအသီးသီးမှ တာဝန်ရှိသူများက ယူရီးယားမြေဩဇာဖြန့်ဖြူးရောင်းချနေမှုနှင့်ပတ်သက်၍ ဆောင်ရွက်ပေးနေမှုများ၊ ဆက်လက်ဆောင်ရွက်သွားမည့် အစီအစဉ်များကို ရှင်းလင်းတင်ပြကြပါသည်။

ထို့နောက် ပြည်ထောင်စုဝန်ကြီးက တင်ပြချက်များအပေါ် ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးပြီး တက်ရောက်လာသူများ၏ ဝိုင်းဝန်းဆွေးနွေးမှုများအတွက် ကျေးဇူးတင်ရှိပါကြောင်း၊ ကျေးလက်ဒေသစိုက်ပျိုးထုတ်လုပ်မှုများ ပြန်လည်ဦးမော့လာစေရန်နဲ့ စားနပ်ရိက္ခာဖူလုံမှုကို မြှင့်တင်ပေးနိုင်စေရန်အတွက် အစိုးရ-ပုဂ္ဂလိကကဏ္ဍ ပူးပေါင်းဆောင်ရွက်မှုနည်းလမ်းဖြင့် ကျေးလက်စိုက်ပျိုး စီးပွားဖွံ့ဖြိုးတိုးတက်ရေးကို ရှေးရှုပြီး တောင်သူများ၏ အဓိကလိုအပ်ချက်ဖြစ်သည့် ယူရီးယားမြေဩဇာကို တောင်သူများလက်ဝယ်အရောက် ဈေးနှုန်းသက်သာစွာဖြင့် မြန်မြန်ဆန်ဆန် ရောင်းချနိုင်ရေး သက်ဆိုင်ရာအဖွဲ့များအနေဖြင့် ဝိုင်းဝန်းပူးပေါင်း ဆောင်ရွက်ပေးကြပါလို့ တိုက်တွန်းပြောကြားခဲ့ကြောင်း သတင်းရရှိပါသည်။


ဆက်စပ် သတင်းများ

Related News and Articles

ဆက်စပ်လင့်ခ်များ

အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။

  • တယ်လီဖုန်း

    ၀၆၇ - ၄၁၀၀၃၃
  • ဖက်စ်

    ၀၆၇ - ၄၁၀၀၃၆
  • Email

    contact@mcrd.gov.mm