မောင်ရေခဲ(ကျေးလက်)
တလောက ဆောင်းပါးတစ်ပုဒ်မှ အစ်ကို တစ်ယောက်ရေးတဲ့ အကြောင်းလေး စိတ်ဝင်စားလို့မှတ်မိနေတာလေး ပြန်လည်မျှဝေချင်လို့ပါ။ ရေးတဲ့အကြောင်းက အခြားမဟုတ်ပါ ဖွံ့ဖြိုးတိုးတက်ရေးနဲ့ဆိုင်တဲ့ စီမံကိန်းလေးတစ်ခုအကြောင်းပါ။ ခေါင်းစဉ်က ရေမီတာသုံး ကျေးရွာ လေးများတဲ့၊ စိတ်ဝင်စားစရာ ကောင်းတာက စီမံကိန်းလို့သာ ပြောတာ၊ အမှန်တကယ် လုပ် သွားတာက အဲဒီဒေသ၊ အဲဒီကျေးရွာတွေမှာနေထိုင်နေကြတဲ့ ပြည်သူတွေ။ အဲဒါကြောင့်လဲ စိတ်ဝင်စားလို့ဖတ်မိရင်းမှတ်မှတ်ရရ စိတ်ထဲစွဲနေတာပါ။
ဆောင်းပါးပါအကြောင်းက မြန်မာနိုင်ငံတွင်း ရေရှားတဲ့ကျေးရွာတွေအတွက် ၂၄နာရီ အိမ်တိုင်ရာရောက်ရေရနိုင်မည့်စနစ်လေးအကောင်အထည်ဖော်ကြတဲ့အကြောင်း၊ ရေးထားတာ လေးက -ကြိုက်သလောက်သုံး၊ ကျသလောက်ရှင်း၊ ၂၄ နာရီ ၇ ရက် ရေရရှိရေးလို့ အားလုံးနားလည်ထားကြတဲ့ ရေပေးရေး လုပ်ငန်းလေး ထွက်ပေါ်လာဖို့ အစပျိုးခဲ့တဲ့ နိုင်ငံရဲ့ အပူပိုင်းဇုန်မှာပါတဲ့ မကွေးတိုင်းဒေသကြီး၊ မြိုင်မြို့နယ်က ကနီလို့ အမည်ရတဲ့ ရွာလေး တစ်ရွာ၊ အဲ့ဒီရွာမှာ ကျေးရွာလူထုက ကိုယ်ထူကိုယ်ထဦးဆောင်ပြီး အိမ်တိုင်းစေ့ ရေရအောင် လုပ်နိုင် ခဲ့တယ်။ ရွာချက်မြှုပ်စေတနာရှင်တစ်ဦးက မတည်ငွေ အများစုကို ထည့်ဝင်လှူဒါန်းပြီး အိမ်ထောင်စုအလိုက် အချိုးကျ ထည့်ဝင်ငွေပေါင်းလို့ အိမ်တိုင်ရာရောက် ပိုက်လိုင်း စနစ်မှာ ရေမီတာတပ်ဆင်ပြီး ရေပေးဝေခဲ့တယ်။ ကျေးရွာရေကော်မတီကို ဖွဲ့ပြီး ၊ ရေဖိုးကို မီတာယူနစ် အလိုက် ကောက်ခံလို့ ရေတွင်း၊ ရေစင်၊ ရေပိုက်လိုင်းနဲ့ လုပ်ငန်းလည်ပတ်စရိတ်တွေအတွက် ပြန်သုံးစွဲနိုင်တဲ့အပြင် ပိုတဲ့ငွေကို ရန်ပုံငွေထားရှိပြီး ကျေးရွာဖွံ့ဖြိုးရေးလုပ်ငန်းတွေဖြစ်တဲ့ လမ်းပြင်၊ တံတားဆောက်၊ စာသင်ကျောင်းပြင်၊ စာသင်ကျောင်းတိုးချဲ့ စတဲ့လုပ်ငန်း တွေမှာ ပြန်သုံးခဲ့လို့အဲဒီရွာလေးက ပတ်ဝန်းကျင်ရွာတွေထက် အများကြီး ဖွံ့ဖြိုးတိုးတက်နေပြီဆိုတဲ့ အကြောင်းလေးပါ။
အဲဒီရွာကို စံနမူနာယူပြီး ကျေးလက်ဦးစီးနဲ့ယူနီဆက်ပူးပေါင်းလို့ အဲဒီလို ဆောင်ရွက် ချင်တဲ့ ကျေးရွာတွေကို ရန်ပုံငွေ လျာထားပေးယုံသာမက လိုအပ်တဲ့ ရေတင် ပန့်တွေ၊ ပိုက်တွေနဲ့ နည်းပညာ ထောက်ပံ့ပေးပြီး ကျေးရွာမှ စုပေါင်းထည့်ဝင်မှုနဲ့ ဆောင်ရွက်စေခဲ့တာ တစ်စတစ်စနဲ့ အခုဆိုရင် နိုင်ငံအဝှမ်း ကျေးရွာပေါင်း သုံးထောင်ကျော်မှာ အိမ်သွယ်ရေ တိုင်စနစ်ကို အောင်မြင်စွာ အကောင်အထည်ဖော် ဆောင်ရွက်ပြီးစီးလို့ အိမ်တိုင်ယာရောက် ရေရရှိသုံးစွဲနေနိုင်ကြောင်း သိရှိရတဲ့အတွက် အားရကျေနပ်မိသလို ကျေးလက်နေပြည်သူတွေ အတွက်လည်း မုဒိတာပွား နေမိတယ်။
ဒီလိုကျေးရွာတွေမှာ ရေမီတာတပ်အိမ်သွယ်ရေတိုင်စနစ်တွေ အကောင်အထည်ပေါ်စေဖို့ ဆိုတာ လွယ်ကူတဲ့အလုပ်တော့မဟုတ်ခဲ့ပါ။ ကျေးရွာ မှ ငွေကြေးနဲ့ လုပ်အား ထည့်ဝင်မှု အကန့် အသတ်ရှိတဲ့အပြင် တစ်နိုင်တစ်ပိုင် အိမ်သုံးမဟုတ်ဘဲ တစ်ရွာလုံးသုံးစွဲနိုင်ဖို့ ရေအရင်းအမြစ် ရွေးချယ်တာနဲ့ ရေတင်၊ ရေဖြန့်ဝေတာ စတဲ့ နေရာတွေမှာ နည်းပညာပိုင်း လိုအပ်ချက်များစွာ ရှိပါသေးတယ်၊ အကောင်အထည်ဖော်ဆောင်ရွက်ပြီစီးတဲ့နောက်မှာလဲ ရေပေးရေးစနစ်တစ်ခု လုံးကို ထိန်းသိမ်းလည်ပတ်ဖို့အတွက် ရန်ပုံငွေ စုဆောင်းဖို့၊ ထိန်းသိမ်းဖို့နဲ့ ဝန်ထမ်းခန့်ထမ်းဖို့ စတဲ့စီမံခန့်ခွဲရေး လုပ်ငန်းများ ဆောင်ရွက်နိုင်ဖို့လိုပါတယ်။ ဒီတာဝန်တွေထမ်းဆောင်နိုင်ဖို့နဲ့ စနစ်တကျရေပေးဝေနိုင်ဖို့ ကျေးရွာရေကော်မတီဖွဲ့စည်းပေးတာနဲ့ စွမ်းဆောင်ရည်မြှင်တင်ရေး သင်တန်းများပေးခြင်းသည်လည်း အရေးကြီးတဲ့အပိုင်းမှာပါဝင်နေပါတယ်။
နိုင်ငံတော်အဆင့်က အစိုးရအဆက်ဆက် ကျေးလက်နေပြည်သူတွေအတွက် ရေရရှိရေး လုပ်ငန်းတွေ စီမံကိန်းတွေ စဉ်ဆက်မပြတ်အကောင်အထည်ဖော်ဆောင်ရွက်ပေးခဲ့ကြတာ တွေ့ နေမြင်နေခဲ့ကြတာပါ။ ဒါပေမယ့် တစတစ ဖွံ့ဖြိုးတိုးတက်လာမှုနဲ့အတူ လူနေမှုအဆင့်အတန်း တိုးတက်လာတာနဲ့အမျှ လူတွေရဲ့ အခြေခံလိုအပ်ချက်ဖြစ်တဲ့ ရေရရှိရေး၊ မီးလင်းရေးစတဲ့ ကဏ္ဍတွေမှာ ကမ္ဘာနဲ့အညီ ဖွံ့ဖြိုးတိုးတက်အောင် ဆောင်ရွက်ပေးဖို့လိုအပ်လာပါတယ်။ တနည်း ဆိုရရင် လူသားတွေရဲ့ အခြေခံလိုအပ်ချက်တွေပြည့်မီအောင်ဖြည့်ဆည်းပေးဖို့ဆိုတဲ့ ကမ္ဘာလုံး ဆိုင်ရာရည်မှန်းချက်တွေ တစ်နှစ်ထက်တစ်နှစ်တိုးမြှင့်လာခဲ့ကြပါတယ်၊ ဥမာပြရရင် အရင်က ကုလသမဂ္ဂရဲ့ထောင်စုနှစ်မျှော်မှန်းချက်သည် မြို့ပြနဲ့ကျေးလက်နေပြည်သူတွေအတွက် Improved Serviceဆိုတဲ့ တိုးတက်ကောင်းမွန်သောသောက်သုံးရေအရင်းအမြစ်မှ ရေရရှိရေး ဖြစ်တဲ့အတွက် ကျေးလက်ရေရရှိရေးစနစ်တွေဖြစ်တဲ့ စက်ရေတွင်း၊ မိုးရေလှောင်ကန်နဲ့ စိမ့်စမ်းရေသွယ် လုပ်ငန်းတွေကို စနစ်တကျ တူးဖော်ဆောင်ရွက် ပေးခဲ့ကြတယ်။
မကြာသးခင်နှစ်များကစပြီး ဖွံ့ဖြိုးရေးရည်မှန်းချက်ကို ကမ္ဘာလုံးဆိုင်ရာ (SDG-Sustainable Development Goal) စဉ်ဆက်မပြတ်ဖွံ့ဖြိုးတိုးတက်ရေးရည်မှန်းချက်ဆိုတဲ့ ရည်မှန်းချက်အောက်မှာ ကျေးလက်နဲ့ မြို့ပြ သောက်သုံးရေဝန်ဆောင်မှုအတွက် Surface water Source, အဆင့် (၅)ဆင့်ခွဲခြားသတ်မှတ်ပြီး တဆင့်ပြီးတစ်ဆင့် မြှင့်တင်ဆောင်ရွက် ပေးသွား နိုင်ဖို့ ဦးတည်ဆောင်ရွက်လာတာတွေ့ရတယ်။ အမြင့်ဆုံးအဆင့်ဖြစ်တဲ့ Safely Managed Service ဝန်ဆောင်မှုမှာဆိုရင် ပြည်သူများအတွက် သောက်သုံးရေဝန်ဆောင်မှုအား လုံခြုံ စိတ်ချ၍ ဘေးကင်းသောသောက်သုံးရေဝန်ဆောင်မှုဖြစ်သည်အထိ အဆင့်မြှင့်တင် ဆောင်ရွက် သွားဖို့ရည်မှန်းထားလို့ ပိုးမွှား၊ ဘတ်တီး ရီးယားနဲ့ အာဆင်းနစ်၊ ဖလူအိုရိုက်စတဲ့ ကျန်းမာရေးကို ထိခိုက်စေတဲ့ဓာတ်တွေ မပါဝင်တဲ့ သန့်ရှင်းတဲ့သောက်သုံးရေ ဝန်ဆောင်မှုကို ပြည်သူတွေရဲ့ အိမ်ခြံဝင်း (သို့) နေအိမ်ထဲအရောက် ပေးဝေသွားဖို့အထိ ရည်ရွယ်ပါတယ်။
ဒီရည်မှန်းချက်အရဆိုရင် မူလဆောင်ရွက်ပေးနေတဲ့ စက်ရေတွင်းများ တူးဖော်ခြင်း၊ လက်တူးတွင်း၊ ရေကန်များတည်ဆောက်ခြင်းနှင့် တောင်ပေါ်ဒေသတွေမှ သဘာဝအလျောက် ထွက်ရှိနေတဲ့ စိမ်းစမ်းများမှ ကျေးရွာသို့ရေသွယ်ယူပေးခြင်းစတဲ့ အခြေခံ ရေပေးရေး(Basic Water Supply) လုပ်ငန်းစနစ်များမှထွက်ရှိလာတဲ့ရေကို အိမ်တိုင်ယာ ရောက်ဖြန့်ဝေနိုင်ရေး ရေမီတာတပ်အိမ်သွယ်ရေတိုင်စနစ်များ ဆောင်ရွက်ပေးဖို့ လိုအပ်လာသလို မြေအောက်ရေ တူးဖော်ရန် ခက်ခဲလို့ မြေပေါ်ရေအရင်းအမြစ်တွေဖြစ်တဲ့ မြစ်ချောင်းအင်းအိုင်များနဲ့ မိုးရေကိုသာ အားထားသုံးစွဲရတဲ့ မြစ်ဝကျွန်းပေါ်နဲ့ ကမ်းရိုးတန်း ဒေသတွေအတွက် သဘာဝရေအအရင်းမြစ်ကိုသောက်သုံးနိုင်သည်အထိသန့်စင်ပေးဖို့ ရေသန့်စင်စနစ်တွေ ဆောင်ရွက် ပေးဖို့ လိုအပ်လာ ပါတယ်။
ထိုကဲ့သို့ရေပေးရေးအဆင့်မြှင့်တင်ခြင်းလုပ်ငန်းတွေ မြန်မာနိုင်ငံမှာ အောင်မြင်စွာ အကောင်အထည်ဖော်ဆောင်ရွက်နိုင်ဖို့အတွက် ကြီးမားတဲ့စိန်ခေါ်မှုတစ်ခု ရှိလို့နေပါတယ်။ အဲ့တာကတော့ ပြည်သူလူထုရဲ့ ပူးပေါင်းပါဝင်မှုပဲ ဖြစ်ပါတယ်။ ရှင်းအောင်ဆိုရရင် ရေပေးရေး စနစ်တွေအဆင့်မြှင့်တင်တာ၊ အိမ်တိုင်ယာရောက် ရေပိုက်လိုင်းစနစ်တွေ တပ်ဆင်တာတွေ၊ ရေသန့်စင်စနစ်တွေ ဆောင်ရွက်ကြပြီဆိုရင် ကျေးရွာလူထုရဲ့ ပူးပေါင်းပါဝင်မှုက လုပ်ငန်း ဆောင်ရွက်ချိန်မှာ လုပ်အားထည့်ဝင်တာမှအစ လည်ပတ် ထိန်းသိမ်းရေးနဲ့ အဆိုပါလုပ်ငန်း ပုံမှန်လည်ပတ်နိုင်ဖို့ ရေခွန်ရေခကောက်ခံခြင်းမှသည် ကိုယ်ပိုင်ကဲ့သို့သဘောထားပြီး ပြုပြင် ထိန်းသိမ်းစောင့်ရှောက်ခြင်းအဆုံး အရေးကြီးတဲ့အခန်းကဏ္ဍတွေ ချည်းပါပဲ။ အဆိုပါ တာဝန် များ ထဲ့မှတခုခုအားနည်းသွားပြီ၊ ပျက်ကွက်သွားပြီဆိုရင် ရေပေးရေး လုပ်ငန်း အပေါ်အနည်းနဲ့အများ သက်ရောက်မှုရှိလာတာပါပဲ။ အဆိုးဆုံးအဆင့်ကတော့ ရေပေးရေး စနစ် ပျက်စီးတာ၊ ရပ်ဆိုင်းတာ၊ ရေရှည်မတည်တံ့နိုင်တော့တာစတဲ့ ရလာဒ်တွေထွက်လာ တာပေါ့လေ။
ဒါကြောင့်မို့လဲ ကျေးလက်ဦးစီးက ရေပေးရေးအဆင့်မြှင့်တင်ခြင်း လုပ်ငန်း တွေဆောင်ရွက်ရာမှာ မြို့နယ်အလိုက် ဆောင်ရွက်လိုတဲ့ကျေးရွာတွေကို ဦးစွာရွေးချယ်ပြီး ရေပေးရေးလုပ်ငန်းတွေကို ငွေအား၊ လုပ်အားထည့်ဝင်ဆောင်ရွက်လိုက်ပါတယ်၊ ပြင်ဆင် ထိန်းသိမ်းခြင်းလုပ်ငန်းတွေကို စိတ်ဝင်တစားဆောင်ရွက်ပါ့မယ်ဆိုတဲ့ကျေးရွာတွေကို စံပြ အနေနဲ့ အကောင်အထည်ဖော် ဆောင်ရွက်စေပြီးမှ အောင်မြင်မှုကို အခြားနီးစပ်ရာမြို့နယ်တွင်း ကျေးရွာများအား လာရောက် လေ့လာစေပါတယ်။ လေ့လာရေးခရီးစဉ်လေးတွ စီစဉ်ပေးပါတယ်။ စည်းလုံးညီညွတ်မှုနဲ့ တာဝန်ယူဆောင်ရွက်တဲ့ ကျေးရွာတွေရဲ့အောင်မြင်မှုကို မျက်ဝါးထင်ထင် တွေ့မြင်ရပြီး နှစ်ခြိုက် အားကျလို့ မိမိတို့ကျေးရွာမှာ အကောင်အထည်ဖော် ချင်တယ်ဆိုရင်တော့ ကျေးရွာအုပ်စု ထောက်ခံချက်နဲ့ မြို့နယ်ကျေးလက်ဦးစီးဌာနထံ လျှောက်ထားလို့ရပါတယ်။
လျှောက်ထားရာမှာ ပူးတွဲတင်ပြရမှာတွေက ကျေးရွာရဲ့ အခြေခံအချက်အလက်၊ သန့်ရှင်း တဲ့သောက်သုံးရေရရှိရေး ဆောင်ရွက်ထားမှု၊ ကျေးရွာက ထည့်ဝင်နိုင်မယ့်လုပ်ငန်း၊ ဖွဲ့စည်း ထားတဲ့ရေကော်မတီ၊ ကျေးရွာက လက်ရှိအသုံးပြုနေတဲ့သောက်သုံးရေအခြေအနေ ဖော်ပြတဲ့ ဓာတ်ပုံနဲ့ ကျေးရွာမြေပုံစတဲ့ အချက်တွေဖြစ်ပါတယ်။ သက်ဆိုင်ရာမြို့နယ် ကျေးလက်ဦးစီးဌာန အင်ဂျင်နီယာများမှ ကွင်းဆင်းတိုင်းတာတွက်ချက်ပြီး ဆောင်ရွက်ရမည့် ရေးပေးရေးစနစ်နဲ့ ကုန်ကျစရိတ် ထွက်လာရင် ကျေးရွာမှထည့်ဝင်တာဝန်ယူနိုင်မည့်အပိုင်းကို ဆွေးနွေးညှိနှိုင်း၍ အဆိုပြုလိုက်ယုံပါပဲ။
အရေးကြီးဆုံးအချက်ကတော့ လုပ်ငန်း အကောင်အထည်ဖော်ဆောင်ရွက်ပြီးရင်တော့ ပြုပြင်လည်ပတ်ထိန်းသိမ်းခြင်း တာဝန်ကို မလွဲမသွေ ယူပေးဖို့ပါပဲ။ ဒီ့အပြင် ကျေးရွာနဲ့ တစ်ဆက်တစပ်တည်းရှိနေတဲ့အိမ်ထောင်စုတိုင်းကို ရေမီတာတပ်ဆင်ပြီး ရေပေးဝေဖို့၊ အများသုံး နေရာတွေဖြစ်တဲ့ ကျေးရွာစာသင်ကျောင်း၊ ကျေးရွာဆေးပေးခန်းနဲ့ ဘာသာရေး ဆိုင်ရာနေရာ တွေကို ရေပေးဝေဖို့ဆိုတဲ့အချက်တွေလည်းပါဝင်တယ်။
အဲ့လို ရေပေးရေးအဆင့်မြှင့်တင်ခြင်းလုပ်ငန်းစဉ်မှာ ပြည်သူပါဝင်လာဖို့ မရှိမဖြစ် အရေးကြီးလို့လဲ ကျေးလက်ဦးစီးက ဆောင်ရွက်တဲ့ ရေပေးရေးလုပ်ငန်းတိုင်းကို တည်ဆောက် ပြီးတာနဲ့ ကျေးရွာရေကော်မတီဖွဲ့စည်းပြီး လွှဲပြောင်းတာဝန်ပေးအပ်ပါတယ်။ ရေကော်မတီ ဖွဲ့စည်းရာမှာလည်း ကော်မတီတွင် မည်သူတို့ပါဝင်သင့်သည်၊ ကော်မတီတစ်ခုထပ်မံဖွဲ့စည်းရန်လို/ မလိုစသည်တို့ကို ကျေးရွာသူ/ရွာသားများဝိုင်းဝန်းဆွေးနွေးစေပါတယ်။ အောက်ဖော်ပြပါပုဂ္ဂိုလ်များ ပါဝင်လာအောင် တိုက်တွန်းပါတယ် -
အဲလိုလူတွေနဲ့ ဖွဲ့စည်းထားပြီး လွှဲပြောင်းလက်ခံ တာဝန်ယူဆောင်ရွက်မည့် ရေ ကော်မတီကို ရေပေးရေးလုပ်ငန်း လည်ပတ်နေစေဖို့ ရေခွန်ရေခကောက်ခံတာကအစ၊ ပြုပြင် ထိမ်းသိန်း လည်ပတ်သုံးစွဲတာအပါအဝင်၊ ဘယ်လို ဘေးအန္တရယ်ကင်းရှင်းအောင် သန့်ရှင်းအောင် ဆောင်ရွက်ရမယ်အဆုံး သင်တန်းများ ပို့ချပေးတဲ့အပြင် လက်စွဲစာအုပ်များ ပြုစုထားပြီးဖြစ်လို့ ကော်မတီတွေအနေနဲ့လည်း လက်ခံပြီးနောက် မိမိတို့ ကျေးရွာရေပေးရေးလုပ်ငန်းကို အခက် အခဲမရှိ လည်ပတ်ထိန်းသိမ်းနိုင်ကြမှာ၊ ထိန်းသိမ်းနိုင်နေကြတာဖြစ်ပါတယ် ။
ရေရှည်တည်တံ့ရန် ဆောက်ရွက်ထားရှိမှုများ။ ပြည်သူလူထုအခြေပြု ရေမီတာတပ်ပိုက်လိုင်း ရေပေးရေးစနစ် နှင့် ရေသန့်စင်စနစ်များတွင် ပြည်သူလူထု၏ ပူးပေါင်းပါဝင်မှုသည် အလွန်ပင် အရေးကြီးပါသည်။ အိမ်သွယ်ရေတိုင်စနစ်တွင် ရေသုံးစွဲသူတိုင်း ရေမီတာ တပ်ဆင်သုံးစွဲခြင်းခြင်း နှင့်ရေသန့်စင်စနစ်တွင် သန့်စင်ပြီးရေပမာဏအလိုက် ရေဖိုးပေးရမည်ဖြစ်သည်။ ရေတစ်ယူနစ် (၂၂၀ ဂါလန်) တန်ဘိုးကို ရေကော်မတီမှ ကျေးလက်နေပြည်သူများ၏ သဘောတူညီချက်ဖြင့် ဆုံးဖြတ်သည်၊ သုံးစွဲသည့် ရေပမာဏ (ရေမီတာ) များကို အဖွဲ့ တစ်ဖွဲ့မှ ဖတ်ပါသည်၊ အိမ်ထောင်စု တစ်ခုခြင်း သုံးစွဲယူနစ်များကို ရေဖိုးရေခ ကောက်ခံသည့်အဖွဲ့သို့ ပေးအပ်ပါသည်။ ရေဖိုး ရေခများကို လစဉ် (သို့မဟုတ်) ၁၅ ရက်တစ်ကြိမ် ပုံမှန် ကောက်ခံသည့် အချိန်တွင် ပေးဆောင် ကြရသည်။ ရေဖိုးကောက်ခံရရှိငွေများကို ငွေကိုင်ထံသို့ စာရင်းနှင့်တကွ အပ်နှံရပါသည်။ ငွေကိုင်မှ ငွေထိန်းထံသို့ ထပ်မံလွှဲပြောင်း ပေးပါသည်။ အသေးစား ပြင်ဆင်ထိန်းသိမ်းခြင်း၊ ရေဖိုးကောက်ခံ ရရှိငွေများထဲမှ ဖွံ့ဖြိုးရေးလုပ်ငန်းများ သုံးစွဲခြင်းစသည်တို့ကို ကော်မတီ၏ ဆုံးဖြတ်ချက်ဖြင့် ဆောက်ရွက် ကြရပါသည်။ အကြီးစား ပြင်ဆင်ထိန်းသိမ်းခြင်းများအတွက် သက်ဆိုင်ရာဌာန များထံ တင်ပြဆောင်ရွက်ကြရပါသည်။ အရှုံးပေါ်နေသော ရေပေးရေး စနစ်များရှိနေသည်ဟု ကြားသိရခြင်းမရှိသေးပါ။
ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ဆောင်ရွက်သော ကျေးလက်ရေပေးရေး လုပ်ငန်းသာမက ကျေးလက်မီးလင်းရေး၊ ကျေးရွာဖွံ့ဖြိုးရေးစီမံကိန်းရေးဆွဲခြင်း (VDP-VIllage Develoment Plan) စီမံကိန်းနှင့် မြစိမ်းရောင် ကျေးရွာဖွံ့ဖြိုးရေးလည်ပတ်ရန်ပုံငွေစီမံကိန်း စသည် စီမံကိန်းများအပြင် ကျေးရွာဖွံ့ဖြိုးရေးနှင့် စွန့်ပစ်အမှိုက်စီမံခန့်ခွဲရေးလုပ်ငန်းများတွင်ပါ ကျေးလက် ပြည်သူများ၏ပူပေါင်းဆောင်ရွက်မှုအားကို အခြေတည်ထားခြင်းဖြစ်သည့်အပြင် ရေရှည်တည်တံ့ နေရန်အတွက် အဓိကသော့ချက်မှာ စီမံချက်အစမှသည် ထိန်းသိမ်းလည်ပတ် သုံးစွဲသည်အထိ ပြည်သူများကိုယ်တိုင် တက်ကြွစွာပါဝင်ကြခြင်း၊ ကော်မတီများ ဖွဲ့စည်းဆောင်ရွက်ခြင်း၊ ပြည်သူ များ ကိုယ်တိုင်စီမံခန့်ခွဲခြင်း၊ ဝင်ငွေထွက်ငွေများကို အသေးစိတ်မှတ်တမ်းတင်ထားရှိခြင်း၊ ပွင့်လင်းမြင်သာစွာရှင်းလင်းပြနိုင်ခြင်း၊ ရေရရှိရေး၊ မီးလင်းရေး၊ အမှိုက်စွန့်ပစ်ရေးစသည့် အခြေခံ လူနေမှုကိစ္စများအတွက် ပူပန်စရာမလိုသဖြင့် အခြားဝင်ငွေရရှိနိုင်သောလုပ်ငန်းများ/ ဖွံ့ဖြိုးရေး လုပ်ငန်းများတွင် ပိုမိုအာရုံစိုက်လုပ်င်နိုင်ခြင်းစသည့် အကျိုုးကျေးဇူးများ ရရှိကြပါသည်။ ဖော်ပြ လေ့မရှိသော အကျိုးရလာဒ်မှာ “ကျေးရွာသူ/ရွာသားများ အားလုံး အကျိုးခံစားခွင့်ရရှိရန်အတွက် အများ စုပေါင်းတိုင်ပင် ဆွေးနွေးရမည်၊ အများဝိုင်းဝန်းဆောင်ရွက်ရမည်၊ အများဝိုင်းဝန်း ထိန်းသိမ်းရမည်” ဆိုသည့်အချက်ပင် ဖြစ်ပါသည်။မြန်မာ့ယဉ်ကျေးမှု ရှေးထုံးစဉ်လာနှင့် အညီ ရေအကျိုး(၁၀)ပါး ပြည့်စေသည့် ကုသိုလ်ထူးအား ရစေသည့်အပြင် မိမိတို့ ရပ်ရွာ အကျိုးအား ထိရောက်စွာအကျိုးပြုစေသည့်ကျေးလက်ရေပေးရေးလုပ်ငန်းများတွင် ဦးဆောင်ပါဝင် ဆောင် ရွက်လျက်ရှိသောကျေးရွာရေကော်မတီဝင်များနှင့် ကျေးလက်နေပြည်သူများအား ဤဆောင်းပါး လေးဖြင့် အသိအမှတ်ပြု ကျေးဇူးမှတ်တမ်းတင်၍ဂုဏ်ပြုလိုက်ရပေသည်။
Related News and Articles
အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။