Language : |
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

မိသားစုဝင်ငွေတိုးပွားရေး အသေးစား၊ အငယ်စားနှင့်အလတ်စား စီးပွားရေးလုပ်ငန်း(MSME)များဖန်တီးပေး


11 Oct,2023

ဇော်မျိုး( နေပြည်တော်)

          ယနေ့ကမ္ဘာကြီးသည် အရွှေ့အပြောင်းအလွန်မြန်ဆန်လာနေပြီဖြစ်သည်။ သိပ္ပံနှင့်နည်းပညာများ အံ့မခန်းတိုးတက်လာမှုနှင့်အတူ ကမ္ဘာ့လူသားအများစုသည်လည်း ခေတ်မီတိုးတက်လာကြသည်။ ခေတ်မီတိုးတက်လာမှုနှင့် တစ်ဆက်တည်းတွင် လိုအပ်ချက်များလာမှုက ဆက်နွှယ်ပတ်သက်လာသည်။ စားရေရိက္ခာ၊ အသီးအနှံ၊ စက်မှုပစ္စည်း၊ လူ့အသုံးအဆောင်အဝတ်အစား၊ စက်မှုနှင့်စိုက်ပျိုးမွေးမြူရေး သုံးဆက်စပ်ပစ္စည်း၊ စွမ်းအင်၊ သယ်ယူပို့ဆောင်ရေးလျှပ်စစ်နှင့် တခြားသော လိုအပ်ချက်များ ကြီးမားလာခြင်းသည် တစ်နိုင်ငံ နှင့်တစ်နိုင်ငံ ဆင်းရဲ၊ ချမ်းသာကွာဟချက် ပိုမိုများပြားလာခြင်းပင်ဖြစ်သည်။ နိုင်ငံ့စီးပွားဖွံ့ဖြိုးတိုးတက်ရေး အတွက်ဆိုလျှင် အသေးစား၊ အငယ်စားနှင့် အလတ်စား(MSME)လုပ်ငန်းများ တိုးတက်အောင် အားပေး၍ ပြည်တွင်းလိုအပ်ချက်ကို ပြည်တွင်း၌ပင် ထုတ်လုပ်နိုင်သည်အထိ ကြိုးစားအကောင်အထည်ဖော်ရန် များစွာလိုအပ်သည်။

        မျက်မှောက် ၂၁ ရာစုကာလတွင် ကမ္ဘာ့နိုင်ငံအသီးသီးတို့သည် မိမိနိုင်ငံ စီးပွားရေး ခိုင်မာတောင့်တင်းစေရန် နိုင်ငံအလိုက် စီးပွားရေးမူဝါဒများချမှတ် ကျင့်သုံးလျက်ရှိကြသည်။ ယနေ့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအစိုးရအနေဖြင့် နိုင်ငံတော်တွင် ရှေ့လုပ်ငန်းစဉ်(၅)ရပ်နှင့် ဦးတည်ချက်(၉)ရပ် ချမှတ် ကျင့်သုံးဆောင်ရွက်လျက်ရှိရာ အောင်မြင်မှုအသီးအပွင့်များစွာ တွေ့မြင်နေရပြီဖြစ်သည်။ ဦးတည်ချက်(၉)ရပ်မှ စီးပွားရေးဦးတည်ချက်သုံးရပ်မှာ တိုင်းပြည်သာယာဝပြောရေးနှင့် စားရေရိက္ခာဖူလုံရေးတို့အတွက် တိုင်းရင်းသားပြည်သူတစ်ရပ်လုံးနှင့် အကျုံးဝင်သော စိုက်ပျိုးရေးနှင့်မွေးမြူရေးကို ခေတ်မီနည်းစနစ်များဖြင့် တိုးတက်အောင် ဆောင်ရွက်ပြီး အခြားစီးပွားရေးကဏ္ဍများကိုလည်း ဘက်စုံဖွံ့ဖြိုး တိုးတက်အောင် တည်ဆောက်ရေး၊ တိုးတက်ကောင်းမွန်လာသည့် စီးပွားရေးမောင်းနှင်အားကိုမဏ္ဍိုင်ပြု၍ MSME စက်မှုလုပ်ငန်းများကို အားပေးဆောင်ရွက်ကာ ပို့ကုန်ကဏ္ဍမြှင့်တင်ရေး၊ ပြည်တွင်း စားသုံးဆီ ဖူလုံရေးအတွက် ဆီထွက်သီးနှံ စိုက်ပျိုးမှုကို အားပေးမြှင့်တင်ပြီး ပန်းတိုင် ရည်မှန်းချက်အတိုင်း ထွက်ရှိအောင်ဆောင်ရွက်၍ နိုင်ငံအတွင်းဖူလုံမှုမှသည် ပြည်ပသို့ တင်ပို့နိုင်သည်အထိ ကြိုးပမ်းဆောင်ရွက်ရေးတို့ဖြစ်သည်။

        စက်တင်ဘာလ ၂၉ ရက်ကကျင်းပသည့် ပြည်ထောင်စုအစိုးရအဖွဲ့အစည်း အဝေးအမှတ်စဉ်(၅/၂၀၂၃)တွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က "နိုင်ငံအတွက်လိုအပ်သည့် ထုတ်ကုန်များကို အပြည့်အဝ ထုတ်လုပ်နိုင်ရေး ပုဂ္ဂလိကလုပ်ငန်းများ၏ လိုအပ်ချက်များကို တစ်ဖက်တစ်လမ်းမှ ကူညီဆောင်ရွက်ပေးနိုင်ရန်လိုကြောင်း၊ ပုဂ္ဂလိကလုပ်ငန်းများ တိုးတက်စေရေးအတွက် နိုင်ငံတော်အနေဖြင့် MSME လုပ်ငန်းများကို အားပေးဆောင်ရွက်လျက်ရှိကြောင်း" ပြောကြားခဲ့ပါသည်။

        MSME လုပ်ငန်းများအတွက် ကုန်ကြမ်းများရရှိရေး၊ လိုအပ်သည့် ငွေကြေးများရရှိရေး၊ လျှပ်စစ်ဓာတ်အားရရှိရေးတို့အပါအဝင် လိုအပ်ချက်များကို နိုင်ငံတော်အကြီးအကဲကိုယ်တိုင် ဖြည့်ဆည်းပေးလျက်ရှိပြီး လုပ်ငန်းများဖွံ့ဖြိုးတိုးတက်ရေးအတွက် လမ်းညွှန်မှာကြားမှုများ၊ တိုက်တွန်းအားပေးမှုများကို ပြုလုပ်ပေးခဲ့ရာ MSME စီးပွားရေးလုပ်ငန်းအတွက် ကြီးမားသည့်အင်အားကိုဖြစ်ပေါ်စေရာ နိုင်ငံ့စီးပွားတိုးတက်ရေးအတွက် ပြည်တွင်းလုပ်ငန်းရှင်များအနေဖြင့် အထူးကြိုးပမ်း ဆောင်ရွက်ကြရေး လိုအပ်ပေသည်။   

      ကမ္ဘာ့နိုင်ငံများသည် စီးပွားရေးနှင့်ပတ်သက်သည့် သုတေသနပြုမှု အားကောင်းကြသည်။ မည်သည့်ကုန်ပစ္စည်းအသစ်ထွက်ရှိကြောင်းကို အချိန်နှင့်တစ်ပြေးညီ သိအောင်ပြုလုပ်သည်။ မကြာမီအချိန်ပိုင်းအတွင်း ထိုကုန်ပစ္စည်းကို မိမိနိုင်ငံအတွင်း ရအောင်ထုတ် သည်။ ထိုအခါထုတ်ကုန်လိုအပ်ချက် အနည်းအများ၊ ထုတ်ကုန်၏ အရည်အသွေးနှင့်ဝယ်လိုအားတို့ကိုမူတည်လျက် အဆင့်မြင့်ထုတ်ကုန် ဖြစ်အောင်ပြုပြင်ရင်း ပြည်ပသို့ ပို့ကုန်အဖြစ် ပို့ဆောင်နိုင်သည်အထိ အကျိုးပြုလာသည်။ အဓိကအားဖြင့် နိုင်ငံအတွင်း၌ရှိနေသော အသေးစား၊ အငယ်စားနှင့် အလတ်စား (MSME) လုပ်ငန်းများအား ကောင်းရေးကိုပုံဖော်ပြီး ထိုမှတစ်ဆင့် နိုင်ငံခြား ဝင်ငွေစီးဝင်လာအောင် ကြိုးစားနိုင်ကြခြင်းပင်ဖြစ်သည်။ ထိုအချက်သည် နိုင်ငံ့စီးပွားတိုးတက်ရေးအတွက် အခြေခံကျသော အချက်ပင်ဖြစ်သည်။

       ထို့သို့သောအကြောင်းတရားများကို အခြေခံ၍  ယခုအခါတွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ လမ်းညွှန်မှုဖြင့် အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနသည် သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၏ မျှော်မှန်းချက်နှင့်အညီ သမဝါယမကဏ္ဍနှင့် အသေးစားစက်မှုလက်မှုလုပ်ငန်းများ စနစ်တကျထွန်းကားစေပြီး ကျေးလက်နေပြည်သူများ၏ လူမှုစီးပွားဘဝစဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်လာစေရန် စီမံဆောင်ရွက်ပေးခြင်းဖြင့် မြို့ပြနှင့် ကျေးလက်များအကြား၊ တိုင်းဒေသကြီးနှင့် ပြည်နယ်များအကြား ဖွံ့ဖြိုးမှုကွာဟချက် ကျဉ်းမြောင်းစေရေး မျှော်မှန်းဆောင်ရွက်လျက်ရှိသည်။ မြန်မာနိုင်ငံ၏ လူဦးရေ ၇၂ ရာခိုင်နှုန်းသည် ကျေးလက်နေ ပြည်သူများဖြစ်ကြပြီး ကျေးလက်နေပြည်သူများ၏ နေ့စဉ်ဖြတ်သန်းနေရသော လူမှုစီးပွားဘဝမှာ ဖွံ့ဖြိုးတိုးတက်မှု အားနည်းလျက်ရှိသည်။ မြန်မာနိုင်ငံရှိ လုပ်ငန်း အများအပြားသည် ပုဂ္ဂလိကကဏ္ဍ ဖွံ့ဖြိုးတိုးတက်မှုအတွက် ရင်းနှီးမတည်မည့် ငွေကြေးအထောက်အပံ့ရရှိရန်လိုသည်။ အသေးစား ကုန်ထုတ်လုပ်ငန်းများ ထူထောင်ပေးခြင်းဖြင့် ကျေးလက်နေပြည်သူများအား အလုပ်အကိုင်အခွင့်အလမ်း များပါ ဖန်တီးပေးနိုင်မည်ဖြစ်ပြီး ကျေးလက်နှင့်မြို့ပြနေ ပြည်သူများ၏ ဝင်ငွေ တိုးပွားရေးကို အထောက်အကူဖြစ်စေမည်ဖြစ်သည်။

          မြို့ပြနှင့်ကျေးလက်နေပြည်သူများအတွက် အလုပ်အကိုင်အခွင့်အလမ်းများ ဖန်တီးပေးရာတွင် တစ်နိုင်ငံလုံးအတိုင်းအတာအရ လိုအပ်ချက်များ များပြားသည်နှင့်အမျှ ရရှိနိုင်သော လူအား၊ ငွေအား၊ ပစ္စည်းအား အရင်းအမြစ်များကို ထိရောက်စွာ အကျိုးရှိရှိ အသုံးချနိုင်ရေးအတွက် ဦးစားပေးအစီအစဉ်များ ချမှတ်ဆောင်ရွက် သွားရန်လိုအပ်သည်။ သို့ဖြစ်ရာ အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနအနေဖြင့် အသေးစား၊ အငယ်စားနှင့် အလတ်စားစီးပွားရေးလုပ်ငန်း(MSME)များ ဖန်တီးပေးနိုင်ရေးနှင့် မိသားစုဝင်ငွေတိုးရေးဆောင်ရွက်မည့် စီမံကိန်းလုပ်ငန်းများ ရွေးချယ် ရာတွင် နိုင်ငံတော်မှ အကောင်အထည်ဖော်ဆောင်ရွက်နေသော စီးပွားရေး ဦးတည်ချက်များနှင့်အညီ ဆောင်ရွက်သွားမည်ဖြစ်သည်။

စီမံကိန်းလုပ်ငန်းအကျဉ်း

            အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာန(ရုံးချုပ်)၊ ပြည်ထောင်စုနယ်မြေ အပါအဝင် တိုင်းဒေသကြီး/ ပြည်နယ် (၁၅) ခုရှိ ကျေးရွာ(၁၅၅)ရွာကို ရွေးချယ်ပြီး ဒေသထွက်ကုန်ကြမ်းများအပေါ် မူတည်၍လည်းကောင်း၊ ကျေးရွာနေ ပြည်သူများ၏ လိုအပ်ချက်အရလည်းကောင်း၊ မြို့ပြနှင့်ကျေးလက်နေ လူငယ်များထဲမှ ပညာရေးဆုံးခန်းတိုင်အောင် သင်ကြားနိုင်မှုမရှိသော လူငယ်လူရွယ်များအား ရွေးချယ်၍လည်းကောင်း၊ အိုးမကွာအိမ်မကွာဖြင့် မိသားစုဝင်ငွေတိုးပွားရေး လုပ်ကိုင်ဆောင်ရွက်လိုသော အမျိုးသမီးများအား ရွေးချယ်၍လည်းကောင်း ဆောင်ရွက်မည်ဖြစ်သည်။         

         အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနသည် ၁၉၉၁ ခုနှစ်မှစ၍ အသေးစားစက်မှုလက်မှုလုပ်ငန်းမြှင့်တင်ရေးဥပဒေရေးဆွဲပြီး ပြည်သူများ တစ်ပိုင်တစ်နိုင် လုပ်ငန်းထူထောင်နိုင်ရန် နည်းပညာပံ့ပိုးပေးခြင်း၊ လိုအပ်သော ရင်းနှီးပစ္စည်း ထောက်ပံ့ပေးခြင်း၊ လုပ်ငန်းမှတ်ပုံတင်ပေးခြင်းများ ဆောင်ရွက်ပေးလျက်ရှိသည်။ အဆိုပါ လုပ်ငန်းအတွေ့အကြုံများ၏ အားသာချက်၊ အားနည်းချက်များ အပေါ် အခြေခံ၍ အသေးစားကုန်ထုတ်လုပ်ငန်းများ ဖန်တီးပေးနိုင်ရေးနှင့် မိသားစုဝင်ငွေ တိုးရေးဆောင်ရွက်မည်ဖြစ်သည်။ အသေးစားစက်မှုလက်မှုလုပ်ငန်းများ ထွန်းကားလာစေခြင်းဖြင့် နိုင်ငံ့စီးပွားဖွံ့ဖြိုးတိုးတက်မှုကို အထောက်အကူဖြစ်စေမည်ဟူသော မျှော်မှန်းချက်နှင့်အညီ အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာန၏လုပ်ငန်းများ အောင်မြင်အောင် ဆောင်ရွက်လျက်ရှိသည်။ ထိုသို့ဆောင်ရွက်လျက်ရှိရာ ၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ်မှစ၍ စီမံကိန်းလုပ်ငန်း(၇)ခုအား စဉ်ဆက်မပြတ် အကောင်အထည် ဖော်ဆောင်ရွက်သွားမည်ဖြစ်သည်။

စီမံကိန်းလုပ်ငန်း()ခု

          ၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ်မှစ၍ စီမံကိန်းလုပ်ငန်းဆောင်ရွက်မည့် အဓိကလုပ်ငန်း (၇)ခုမှာ ကျေးရွာတစ်ရွာ ထုတ်ကုန်တစ်ခု ဆောင်ရွက်မည့်လုပ်ငန်း၊ ခေတ်မီစံပြကျေးရွာဖော်ဆောင်၍ ကျေးလက်နေပြည်သူများ ဝင်ငွေတိုးရေး ဆောင်ရွက်မည့်လုပ်ငန်း၊ လူငယ်များ အလုပ်အကိုင်အခွင့်အလမ်းဖန်တီးပေးနိုင်ရေး ဆောင်ရွက်မည့်လုပ်ငန်း၊ အသေးစား၊ အငယ်စား၊ စီးပွားရေးလုပ်ငန်းများ ပေါ်ထွန်းလာစေရေး ဆောင်ရွက်မည့်လုပ်ငန်း၊ အမျိုးသမီးများအတွက် ဝင်ငွေတိုးတက်ရေး ဆောင်ရွက်မည့်လုပ်ငန်း၊ ဘေးဒဏ်သင့် ပြည်သူများအတွက် စီးပွားရေးလုပ်ငန်းများ ပြန်လည်ထူ ထောင်ပေးရေး ဆောင်ရွက်မည့်လုပ်ငန်း၊ ဘိန်းစိုက်ပျိုးသည့်မြို့နယ်များတွင် အစားထိုးအသေးစားကုန်ထုတ်လုပ်ငန်းများဖွံ့ဖြိုးရေး ဆောင်ရွက်မည့်လုပ်ငန်းတို့ဖြစ်သည်။

          ကျေးရွာတစ်ရွာ ထုတ်ကုန်တစ်ခု ဆောင်ရွက်မည့်လုပ်ငန်းတွင် ပြည်တွင်း ဈေးကွက်၌ အရည်အသွေးပြည့်မီသော ထုတ်ကုန်ပစ္စည်းများအား သက်သာသော နှုန်းထားဖြင့် ပြည်သူများအတွက် ရောင်းချနိုင်ရေး၊ ဒေသထွက် ကုန်ကြမ်းပစ္စည်းများအားအခြေခံ၍ တန်ဖိုးမြှင့်ထုတ်ကုန်များ ထုတ်လုပ်နိုင်ရန် နှင့်ဒေသတစ်ခု ထုတ်ကုန်တစ်ခု(One Region One Product) လုပ်ငန်းများအား ဆောင်ရွက်မည်ဖြစ်သည်။

          ခေတ်မီစံပြကျေးရွာဖော်ဆောင်၍ ကျေးလက်နေပြည်သူများ ဝင်ငွေတိုးရေး ဆောင်ရွက်မည့်လုပ်ငန်းတွင် ခေတ်မီစံပြကျေးရွာများရှိ ကျေးလက်နေ ပြည်သူများ ၏ ဝင်ငွေတိုးရေးဆောင်ရွက်ရာတွင် စိုက်ပျိုးရေးနှင့်မွေးမြူရေးကို အခြေခံသော ကုန်ကြမ်းပစ္စည်းများအား တန်ဖိုးမြှင့်ထုတ်ကုန်များအဖြစ် ထုတ်လုပ်နိုင်ရေး ဆောင် ရွက်ပေးခြင်း၊ လုပ်ငန်းထူထောင်ပေးခြင်း၊ နည်းပညာပံ့ပိုး‌ပေးခြင်း၊ ကျေးရွာသူ ကျေးရွာသားများ ဝင်ငွေတိုးပွားအောင် ဆောင်ရွက်ပေးခြင်းတို့ကို အဓိကထား ဆောင်ရွက်ပေးသွားမည် ဖြစ်သည်။

          လူငယ်များအလုပ်အကိုင်အခွင့်အလမ်း ဖန်တီးပေးနိုင်ရေး ဆောင်ရွက်မည့် လုပ်ငန်းတွင် ကျေးလက်ဒေသရှိ ပညာရေးဆုံးခန်းတိုင်အောင် သင်ကြားနိုင်မှု မရှိ သော လူငယ်လူရွယ်များအားအလုပ်အကိုင်အခွင့်အလမ်း ဖန်တီးပေးနိုင်ရန် အတွက် အတတ်ပညာများ သင်ကြားပေးခြင်း၊ သင်တန်းဆင်းလူငယ်လူ ရွယ်များအား အလုပ် အကိုင်ရရှိစေရန်နှင့် ကိုယ်ပိုင်လုပ်ငန်းများထူထောင်နိုင်ရန် အတွက် ပံ့ပိုးကူညီ ဆောင်ရွက် ပေးမည်ဖြစ်သည်။

         အသေးစား၊ အငယ်စား စီးပွားရေးလုပ်ငန်းများ ပေါ်ထွန်းလာစေရေးဆောင်ရွက်မည့်လုပ်ငန်း တွင် MSME လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ခြင်းဖြင့် နိုင်ငံ၏ GDP မြင့်မားလာပြီး နိုင်ငံဖွံ့ဖြိုးတိုးတက်လာမည်ဖြစ်သည့်အတွက် အသေးစား၊ အငယ်စားနှင့်အလတ်စားစီးပွားရေးလုပ်ငန်းရှင်များ၏ ထုတ်ကုန်ပစ္စည်းများ ရောင်းလိုအား မြင့်တက်နိုင်ရန် အရည်အသွေးပြည့်မီသော ထုတ်ကုန်ပစ္စည်းများ ထုတ်လုပ်နိုင်ရေး အတွက် နည်းပညာပေးသင်တန်းများကို ဖွင့်လှစ်ပေးမည်ဖြစ်ပြီး လုပ်ငန်းများ ထူထောင်နိုင်ရန်အတွက်လည်း လိုအပ်သည့် ငွေကြေး၊ ဈေးကွက်၊ နည်းပညာများ ရရှိအောင် ဆောင်ရွက်ပေးသွားမည်ဖြစ်သည်။

          အမျိုးသမီးများအတွက် ဝင်ငွေတိုးတက်ရေးဆောင်ရွက်မည့်လုပ်ငန်း တွင် အိမ်ထောင်စုတစ်စု၌ အမျိုးသမီးအများစုသည် မှီခိုသူများဖြစ်ကြ၍ အိမ်မှုကိစ္စရပ်များဖြင့် နေအိမ်အတွင်း၌သာ အချိန်ကုန်ပြီး မိသားစုဝင်ငွေလုံလောက် မှုမရှိသည့် ပြဿနာများ ကြုံတွေ့နေရသည့်အတွက် အမျိုးသမီးများ အိုးမကွာ အိမ်မကွာဖြင့် ဝင်ငွေရှာဖွေရေး ဆောင်ရွက်နိုင်မည်ဖြစ်ပါသည်။

       ဘေးဒဏ်သင့်ပြည်သူများအတွက် စီးပွားရေးလုပ်ငန်းများ ပြန်လည်ထူ ထောင်ပေးရေးဆောင်ရွက်မည့်လုပ်ငန်းတွင် အမျိုးသားသဘာဝဘေးဆိုင်ရာစီမံခန့်ခွဲမှုကော်မတီ၏ လက်အောက်တွင် အသက်မွေးဝမ်းကျောင်းလုပ်ငန်းများ ပြန်လည်ထူထောင်ရေးကော်မတီကို ဖွဲ့စည်းထားရှိရာ အဆိုပါကော်မတီတွင် သမဝယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးကဥက္ကဋ္ဌ အဖြစ်ဦးဆောင်၍ အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနမှ အဖွဲ့ဝင်အဖြစ် ပါဝင်သည့်အတွက် ဘေးဒဏ်သင့်ဒေသများ၌ အသက်မွေးဝမ်း ကျောင်းပညာများ သင်ကြားပေးပြီး သင်တန်းဆင်းပြီးသူများအား လုပ်ငန်းထူထောင်ပေးမည်ဖြစ်သည်။

          ဘိန်းစိုက်ပျိုးသည့် မြို့နယ်များတွင် အစားထိုးအသေးစားကုန်ထုတ် လုပ်ငန်း များဖွံ့ဖြိုးရေးဆောင်ရွက်မည့်လုပ်ငန်း တွင် နိုင်ငံတော်အဆင့်အနေဖြင့် မြန်မာနိုင်ငံ မူးယစ်တားဆီးကာကွယ်ရေး ဗဟိုအဖွဲ့ကွပ်ကဲမှုအောက်တွင် အဖွဲ့များဖွဲ့စည်း၍ ဆောင်ရွက်လျက်ရှိရာ အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနသည် အစားထိုးဖွံ့ဖြိုးမှု အကောင်အထည်ဖော်ရေး စီမံခန့်ခွဲမှုအဖွဲ့တွင် အဖွဲ့ဝင်အဖြစ်ပါဝင်သည့် အတွက် ဌာနအနေဖြင့် ဘိန်းစိုက်တောင်သူများအတွက် အခြေခံဝန်ဆောင်မှုများ၊ အစားထိုးဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်ပေးခြင်းဖြင့် တရားမဝင်ဘိန်းစိုက်ပျိုးမှု ကို တစ်စတစ်စလျှော့ချသွားရမည်ဖြစ်ပါသဖြင့် ဘိန်းစိုက်ပျိုးသည့်မြို့နယ် (၅၅) မြို့ နယ်ရှိဒေသခံပြည်သူများစီးပွားရေး အခွင့်အလမ်း ပိုမိုရရှိစေရန်အတွက် ဘိန်းအစား ထိုးစိုက်ပျိုးသီးနှံများနှင့် ကိုက်ညီ၍ ဒေသနှင့် သင့်လျော်သည့် အသက်မွေးဝမ်း ကျောင်းသင်တန်းများကို ဖွင့်လှစ်ပေးသွားမည်ဖြစ်ပြီး သင်တန်းဆင်းပြီးသူများအား လုပ်ငန်းထူထောင်နိုင်ရန် လိုအပ်သော စက်ပစ္စည်းများနှင့် ကုန်ကြမ်းများကိုလည်း ထောက်ပံ့ပေးသွားမည်ဖြစ်သည်။

စီမံကိန်းလုပ်ငန်းအကောင်အထည်ဖော်ဆောင်ရွက်မည့် နည်းလမ်းများ

       အသေးစားကုန်ထုတ်လုပ်ငန်းများဖန်တီးပေးနိုင်ရေးနှင့် မိသားစုဝင်ငွေတိုးရေးဆောင်ရွက်မည့် စီမံကိန်းလုပ်ငန်းကို ကျေးရွာ၏ဒေသထွက်ကုန်ကြမ်းအပေါ် မူတည်၍ အသက်မွေးဝမ်းကျောင်းသင်တန်းများပို့ချပေးခြင်း၊ လုပ်ငန်းထူထောင်လိုသူ ထူးချွန်သင်တန်းသား အနည်းဆုံး(၃)ဦးမှ အများဆုံး (၅)ဦးထိ ရွေးချယ်၍ လုပ်ငန်းထူထောင်နိုင်သည် အထိလိုအပ်သော နည်းပညာ၊ စက်ပစ္စည်းနှင့် ကုန်ကြမ်း ပစ္စည်း ထောက်ပံ့ပေးခြင်း၊ နည်းလမ်းများဖြင့် အကောင်အထည်ဖော် ဆောင်ရွက် သွားမည်ဖြစ်သည်။

အကျိုးကျေးဇူး

          အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနသည် သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၏ မျှော်မှန်းချက်နှင့်အညီ အသေးစားစက်မှုလက်မှုလုပ်ငန်းများ စနစ်တကျပေါ်ထွန်းလာစေရန်အတွက်လည်းကောင်း၊  အသေးစားစက်မှုလက်မှုလုပ်ငန်းများ မြှင့်တင်ရေးဥပဒေ ပုဒ်မ(၃)၊ အပိုဒ်ခွဲ(ဃ)၊ အပိုဒ်ခွဲ (ဈ)အရ အသက်မွေးဝမ်းကျောင်းလုပ်ငန်းများ တိုးတက်ပေါ်ထွန်းလာစေရန်နှင့်မိသားစု ဝင်ငွေများ တိုးပွားလာစေရန်၊ အငယ်စား၊ အလတ်စားနှင့် အကြီးစား စက်မှုလက်မှုလုပ်ငန်းများအတွက် အထောက်အကူပြုလုပ်ငန်းများ ဖြစ်ပေါ်လာစေရန်အတွက် လည်းကောင်း အသေးစားကုန်ထုတ်လုပ်ငန်းများ ပေါ်ထွန်းလာရေးကို ဆောင်ရွက်ပေးခြင်းအားဖြင့် တစ်ပိုင်တစ်နိုင် ကိုယ်ပိုင်လုပ်ငန်းများ ထူထောင်လုပ်ကိုင်လာနိုင်ခြင်း၊ ကုန်ထုတ်လုပ်ငန်းများ ပေါ်ထွက်လာခြင်းတို့ဖြင့် မိသားစုဝင်ငွေတိုးပွားလာစေပြီး နိုင်ငံတော်မှ ချမှတ်ဆောင်ရွက်လျက်ရှိသည့် စီးပွားရေးဦးတည်ချက်များကို အောင်မြင်စေရေး တစ်ဖက်တစ်လမ်းမှ အထောက်အကူဖြစ်စေမည်ဖြစ်သည်။

         အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနသည် မျှော်မှန်းချက်၊ မူဝါဒ၊ လုပ်ငန်းစဉ်များနှင့် စပ်လျဉ်း၍ အောင်မြင်အောင် အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိသည်။ ထို့ကြာင့် ပြည်သူများအနေဖြင့် အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနမှ အကောင် အထည်ဖော်ဆောင်ရွက်မည့် အသေးစားကုန်ထုတ်လုပ်ငန်းများ၊ မိသားစုဝင်ငွေတိုးရေးဆောင်ရွက်မည့် စီမံကိန်း (၇)ခုတွင် ပူးပေါင်းပါဝင်ဆောင်ရွက်ကြပါရန်နှင့် ကျေးလက်နှင့် မြို့ပြပြည်သူတို့၏ ဝင်ငွေတိုးပွားရေးပန်းတိုင်းစီသို့ အမြန်ဆုံး ရောက်ရှိလာတော့မည်ဖြစ်ပါကြောင်းတိုက်တွန်းရေးသားလိုက်ရပါသည်။           ။

(၆-၁၀-၂၀၂၃)ရက်နေ့ထုတ် မြဝတီသတင်းစာပါ ဆောင်းပါးဖြစ်ပါသည်။


ဆက်စပ်လင့်ခ်များ

အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။

  • တယ်လီဖုန်း

    ၀၆၇ - ၄၁၀၀၃၃
  • ဖက်စ်

    ၀၆၇ - ၄၁၀၀၃၆
  • Email

    contact@mcrd.gov.mm