အရှေ့တောင်အာရှရှိ အင်ဒိုချိုင်းနားကျွန်းဆွယ်၏ တောင်ပိုင်းတွင်တည်ရှိပြီး ဧရိယာအားဖြင့် ၁၈၁,၀၃၅ စတုရန်းကီလိုမီတာ (၆၉,၈၉၈ စတုရန်းမိုင်)ကျယ်ဝန်းသည့်ကမ္ဘောဒီးယားနိုင်ငံသည် အနောက်မြောက်ဘက်တွင် ထိုင်းနိုင်ငံ၊ အရှေ့ မြောက်ဘက်တွင် လာအိုနိုင်ငံ၊ အရှေ့ဘက်တွင် ဗီယက်နမ်နိုင်ငံနှင့် အနောက်တောင်ဘက်တွင် ထိုင်းပင်လယ်ကွေ့တို့နှင့် ထိစပ်လျက်တည်ရှိသည်။ လူဦးရေ ၁၅ သန်းကျော်ရှိသည့်အနက် ခမာလူမျိုး ၉၆%ခန့် အများစုနေထိုင်ပြီး လူနည်းစု လူမျိုးများမှာ ဗီယက်နမ်၊ တရုတ်၊ ချမ်နှင့် တောင်ကုန်းနေလူမျိုးစုများ ဖြစ်ကြသည်။
ကမ္ဘောဒီးယားနိုင်ငံ၏နိုင်ငံရေး
ရွေးကောက်ခံ စည်းမျဉ်းခံ ဘုရင်စနစ်ဖြစ်ပြီး လက်ရှိဘုရင်မှာ နိုရိုဒွန်ဆီဟာမိုနီ ဖြစ်ကာ အစိုးရအဖွဲ့၏ အကြီးအမှူးမှာ ဝန်ကြီးချုပ်ဖြစ်သည်။ ဝန်ကြီးချုပ် ဟွန်ဆန်မှ ကမ္ဘောဒီးယားနိုင်ငံအား ၁၉၈၅ ခုနှစ်ကတည်းက အုပ်ချုပ်ခဲ့ပြီး ၂၀၂၃ ခုနှစ်၊ ဇွန်လအတွင်း ကျင်းပခဲ့သော ရွေးကောက်ပွဲတွင် သားဖြစ်သူ ဟွန်မာနက်အား ဩဂုတ်လ (၂၂) ရက်နေ့တွင် အာဏာလွှဲခဲ့ခြင်း ဖြစ်ပါသည်။
ကမ္ဘောဒီးယားသည် ပြင်သစ်ထံမှ ၁၉၅၃ခုနှစ်တွင် လွတ်လပ်ရေးရရှိခဲ့ပြီး ၁၉၆၅ခုနှစ်မှ ၁၉၉၀ပြည့်နှစ်လွန် ကာလများအထိ စစ်ရေး၊ နိုင်ငံရေးအပြောင်းအလဲများစွာကို ရင်ဆိုင်ခဲ့ရကြောင်း လေ့လာတွေ့ရှိရသည်။ ၁၉၅၅ ခုနှစ်မှစ၍ ကုလသမဂ္ဂ၏အဖွဲ့ဝင်နိုင်ငံဖြစ်ခဲ့ပြီး အာဆီယံအဖွဲ့၊ အရှေ့အာရှထိပ်သီးအဖွဲ့၊ ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့၊ ဘက်မလိုက် နိုင်ငံများလှုပ်ရှားမှုအဖွဲ့နှင့် လာဖရန်ကိုဖုန်းနီအဖွဲ့တို့၏ အဖွဲ့ဝင်နိုင်ငံလည်းဖြစ်သည်။
ကမ္ဘောဒီးယားနိုင်ငံ၏စီးပွားရေး
၂၀၁၇ ခုနှစ်တွင် ကမ္ဘောဒီးယားနိုင်ငံ၏ လူတစ်ဦးချင်းဝင်ငွေမှာ အမေရိကန်ဒေါ်လာ ၁,၃၀၉ ဖြစ်ပြီး ဝယ်ယူနိုင်စွမ်းအား ကွာခြားမှုနှုန်းကို ထည့်တွက်ပါက အမေရိကန်ဒေါ်လာ ၄,၀၂၂ မျှရှိသည်။ ကုလသမဂ္ဂမှ ကမ္ဘောဒီးယားနိုင်ငံအား ကမ္ဘာ့အဆင်းရဲဆုံးနိုင်ငံများတွင် တစ်နိုင်ငံအဖြစ် သတ်မှတ်ထားသည်။ ကျေးလက်နေ အိမ်ထောင်စုအများစုမှာ စိုက်ပျိုးမွေးမြူရေးနှင့် ဆက်စပ်လုပ်ငန်းများအပေါ်တွင် မှီခိုကြပြီး အဓိကတင်ပို့ကုန် များမှာ ဆန်စပါး၊ ငါး၊ သစ်၊ အဝတ်အထည်နှင့် ရာဘာတို့ ဖြစ်ကြသည်။
အိမ်နီးချင်းနိုင်ငံများနှင့် နှိုင်းယှဉ်လျှင် လူတစ်ဦးချင်းဝင်ငွေ နိမ့်ကျသော်လည်း စီးပွားရေးရာမဂ္ဂဇင်းနှင့် နိုင်ငံတကာငွေကြေးအဖွဲ့တို့၏အဆိုအရ ၂၀၀၁ ခုနှစ်မှ ၂၀၁၀ ခုနှစ်အတွင်း ကမ္ဘောဒီးယားနိုင်ငံ၏ ပျမ်းမျှဂျီဒီပီ တိုး တက်နှုန်းမှာ ၇.၇% ဖြစ်သဖြင့် ကမ္ဘာပေါ်တွင် နှစ်စဉ်ပျမ်းမျှ ဂျီဒီပီ တိုးတက်နှုန်းအများဆုံး ၁၀ နိုင်ငံတွင် ပါဝင် ခဲ့ကြောင်း လေ့လာသိရှိရသည်။ ကမ္ဘောဒီးယားနိုင်ငံ၏ ဖွံ့ဖြိုးမှုအမြန်ဆန်ဆုံးလုပ်ငန်းမှာ ကမ္ဘာလှည့်ခရီးသွား လုပ်ငန်းဖြစ်ပြီး နိုင်ငံ၏ဒုတိယမြောက် ဝင်ငွေအများဆုံးရရှိသည့် လုပ်ငန်းဖြစ်သည်။ ၁၉၉၇ ခုနှစ်တွင် ခရီးသွား ၂၁၉,၀၀၀ မျှ ရှိရာမှာ ၂၀၀၇ ခုနှစ်တွင် ၂ သန်းအထိ တိုးတက်လာခဲ့သည်။ ကမ္ဘာလှည့်ခရီးသွားလုပ်ငန်းမှ နိုင်ငံ အတွင်း အလုပ်လုပ်သူ ၂၆% ကိုအလုပ်အကိုင်ဖန်တီးပေးနိုင်ခဲ့ပြီး အရေအတွက်အားဖြင့်ဆိုပါက ကမ္ဘောဒီးယား နိုင်ငံသား တို့အတွက် ၂.၅ သန်းမျှ အလုပ်အကိုင်ရရှိစေနိုင်ခဲ့သည်။ ၂၀၀၄ ခုနှစ်တွင် ငွေကြေး ဖောင်းပွမှုနှုန်းမှာ ၁.၇% ဖြစ်ပြီး နိုင်ငံခြားသို့ တင်ပို့မှု ပမာဏမှာ အမေရိကန်ဒေါ်လာ ၁.၆ ဘီလီယံမျှဖြစ်ကြောင်းတွေ့ရှိရသည်။
ကမ္ဘောဒီးယားနိုင်ငံ၏ စုစုပေါင်းပြည်တွင်းထုတ်ကုန်(GDP)နှင့် နိုင်ငံခြားတိုက်ရိုက်ရင်းနှီးမြှုပ်နှံမှု(FDI)
၂၀၂၂ခုနှစ်တွင် ကမ္ဘာ့ဘဏ်၏စာရင်းအရ GDP အမေရိကန်ဒေါ်လာ ၂၉.၉၆ ဘီလီယံ၊ တစ်ဦးချင်း GDP မှာ အမေရိကန်ဒေါ်လာ ၁၄၈၇.၇၂ခန့်ရှိသည်။ ကမ္ဘောဒီးယားနိုင်ငံ၏ FDI သည် ၂၀၂၂ ခုနှစ်တွင် ၇.၇% ခန့်တိုးလာ ခဲ့ပြီး ပြီးခဲ့သည့် သုံးလပတ်ကာလအတွင်း အမေရိကန်ဒေါ်လာ ၉၃၁.၆ မီလီယံခန့် ၂၀၂၃ ခုနှစ်၊ မတ်လစာရင်းအရ အမေရိကန်ဒေါ်လာ ၁.၂ ဘီလီယံခန့်အထိ တိုးမြင့်လာသည်ကို တွေ့ရသည်။
ဆင်းရဲမှုနှုန်း
ကမ္ဘောဒီးယားနိုင်ငံသည် ဆယ်စုနှစ်အနည်းငယ်ကျော်အတွင်း ဆင်းရဲမှုလျှော့ချခြင်းလုပ်ငန်းစဉ်တွင် သိသိ သာသာတိုးတက်လာခဲ့ပြီး ကမ္ဘာ့ဘဏ်၏ အဆိုအရနိုင်ငံ၏ ဆင်းရဲမှုနှုန်း မှာ၂၀၀၇ ခုနှစ်က ၄၇.၈% ရှိခဲ့ရာမှ ၂၀၁၄ ခုနှစ်တွင် ၁၃.၅%အထိ ကျဆင်းခဲ့ပါသည်။ကျန်းမာရေးစောင့်ရှောက်မှုနှင့် ပညာရေးကဏ္ဍများတွင် အခြေခံဝန်ဆောင်မှု များရရှိမှု တိုးတက်လာခြင်းအပါအဝင် စိုက်ပျိုးရေး၊ အထည်ချုပ်လုပ်ငန်းနှင့် ကမ္ဘာလှည့်ခရီးသွားလုပ်ငန်း ကဏ္ဍ များတွင် စီးပွားရေးတိုးတက်မှု အားကောင်းလာခြင်းတို့က ဆင်းရဲမှုလျော့ချရေးအတွက် အထောက်အကူ ဖြစ်စေခဲ့ သည်ကို တွေ့ရသည်။
သို့ရာတွင် ကမ္ဘောဒီးယားနိုင်ငံတွင် အထူးသဖြင့်ကျေးလက်ဒေသများနှင့် အမျိုးသမီးများ၊ ကလေးသူငယ် များနှင့် တိုင်းရင်းသားလူနည်းစုများကဲ့သို့သော ထိခိုက်လွယ်အုပ်စုများတွင် ဆင်းရဲနွမ်းပါးမှုသည် သိသာထင်ရှား သည့် စိန်ခေါ်မှုတစ်ခုအဖြစ် ကျန်ရှိနေပါသည်။ အမျိုးသားစာရင်းအင်းပညာကျောင်း၏ အဆိုအရ ၂၀၁၉ ခုနှစ်က ကျေးလက်ဒေသများတွင် တွေ့ရှိရသည့် အမြင့်ဆုံးဆင်းရဲမှုနှုန်းမှာ ၁၆.၇ % ရှိခဲ့ပါသည်။
ကမ္ဘာ့ဘဏ်၏အဆိုအရ အလုပ်အကိုင်များ ဖန်တီးပေးခြင်းနှင့် ဝင်ငွေတိုးပွားလာခြင်း၊ အစိုးရက ရင်းနှီး မြှုပ်နှံမှုတိုးမြှင့်ပေးခြင်းနှင့် အခြေခံအဆောက်အအုံများတွင် ရင်းနှီးမြှုပ်နှံခြင်းကဲ့သို့သော စီးပွားရေးရာ မူဝါဒများ ချမှတ်ဆောင်ရွက်နိုင်မှုကြောင့် ၂၀၀၀ ပြည့်နှစ်မှ ၂၀၁၉ ခုနှစ်အတွင်း ကမ္ဘောဒီးယားနိုင်ငံသည် တစ်ကမ္ဘာလုံးတွင် စီးပွားရေးဖွံ့ဖြိုးတိုးတက်မှု အမြန်ဆုံးနိုင်ငံ တစ်နိုင်ငံဖြစ်လာပြီး နိုင်ငံ၏ GDP သည် ပျမ်းမျှအားဖြင့် နှစ်စဉ် ၇.၆% ဖြင့် တိုးတက်လာခဲ့သည်ကို တွေ့ရသည်။
လူမှုဖူလုံရေးလုပ်ငန်းများ
ကမ္ဘောဒီးယားနိုင်ငံ၊ စီမံကိန်းဝန်ကြီးဌာန၏၂၀၂၀ပြည့်နှစ်စာရင်းအရ အစိုးရသည် ဆင်းရဲသောအိမ်ထောင်စု များကို ခွဲခြားသတ်မှတ်၍ ငွေကြေးတိုက်ရိုက် ထောက်ပံ့ပေးသည့် IDPoor အစီအစဉ်အပါအဝင် ဆင်းရဲမှုလျှော့ချရန် လူမှုဖူလုံရေးလုပ်ငန်းစဉ်များစွာကို အကောင်အထည်ဖော်ဆောင်ရွက်ပေးခဲ့ပါသည်။ ၂၀၂၀ခုနှစ်အထိ IDPoor အစီ အစဉ်သည် နိုင်ငံတစ်ဝန်းရှိ အိမ်ထောင်စုပေါင်း ၆၀၀,၀၀၀ ကျော်အထိ ထောက်ပံ့နိုင်ခဲ့ကြောင်းတွေ့ရှိရသည်။ ထို့အပြင် အစိုးရကဆင်းရဲသားပြည်သူများအား အခမဲ့ကျန်းမာရေးစောင့်ရှောက်မှုပေးသော တန်းတူညီမျှ ကျန်းမာရေး ရန်ပုံငွေ (Health Equity Fund)နှင့် ထိခိုက်လွယ်အုပ်စုများကို လူမှုအကာအကွယ်ပေးရေး တိုးမြှင့်ပေးရန်အတွက် လူမှုကာကွယ်ရေး မူဝါဒမူဘောင် (Social Protection Policy Frame- work)တို့ကို အကောင်အထည်ဖော် ဆောင်ရွက်ပေးခဲ့ပါသည်။
လယ်ယာစိုက်ပျိုးရေးနှင့် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်မှု
လယ်ယာစိုက်ပျိုးရေးသည် နိုင်ငံရှိလူဦးရေ၆၀%ခန့်အတွက် အလုပ်အကိုင်အခွင့်အလမ်း ဖန်တီးပေးလျက် ရှိခြင်းကြောင့် နိုင်ငံတော်အစိုးရနှင့် နိုင်ငံတကာအဖွဲ့အစည်းများက ဆည်မြောင်းတူးဖော်ခြင်းစနစ်များနှင့် ကျေးလက်လမ်းများကဲ့သို့ ကျေးလက်ဒေသအခြေခံအဆောက်အအုံများဖွံ့ဖြိုးရေးအပြင် လုပ်ကွက်ငယ်တောင်သူ များအတွက် ငွေကြေး၊ နည်းပညာနှင့် သင်တန်းများတိုးမြှင့်ပေးရန် အစီအစဉ်များ ချမှတ်အကောင်အထည်ဖော် ဆောင်ရွက်ပေးခဲ့ပါသည်။
ပညာရေးနှင့် ကျန်းမာရေးစောင့်ရှောက်မှု
ပညာရေးဆိုင်ရာ အရည်အသွေး ပိုမို ကောင်းမွန်စေရန်၊ ကျန်းမာရေးစောင့်ရှောက်မှုဆိုင်ရာ ဝန်ဆောင်မှု လုပ်ငန်းများရရှိရေးနှင့် အရည်အသွေးကောင်းမွန်တိုးတက်လာစေရန်အတွက် ကျေးလက်ဒေသများတွင် ပညာရေး နှင့် ကျန်းမာရေးစောင့်ရှောက်မှုကဲ့သို့သော အခြေခံဝန်ဆောင်မှုများရရှိအောင် တိုးမြှင့်ဆောင်ရွက်ပေးရန် မဟာ ဗျူဟာများ၊ အစီအစဉ်များ ချမှတ်အကောင်အထည်ဖော် ဆောင်ရွက်ပေးခဲ့ပါသည်။
ခမာနီခေတ်အလွန်ကာလ (၁၉၇၉-၁၉၉၁) ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဆောင်ရွက်ချက်များ
ကမ္ဘောဒီးယားနိုင်ငံတွင် ၁၉၇၉ မှ ၁၉၉၁ ခုနှစ်အထိ ခမာနီခေတ်၏ နောက်ပိုင်းခေတ်ကို ပြန်လည် တည်ဆောက်ရေးနှင့် ပြန်လည်ထူထောင်ရေးကာလတစ်ခုအဖြစ် သတ်မှတ်ခဲ့သည်။ အစိုးရအသစ်သည် နိုင်ငံ တကာအဖွဲ့အစည်းများ၏အကူအညီဖြင့် ကျေးလက်နေပြည်သူလူထု၏ စီးပွားရေး အခြေအနေများနှင့် လူနေမှု အဆင့် အတန်းများတိုးတက်လာစေရန် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးအစီအစဉ်အမျိုးမျိုးကို အကောင်အထည်ဖော် ဆောင်ရွက်ပေးခဲ့ပါသည်။
လယ်ယာစိုက်ပျိုးရေး ထုတ်ကုန်များတိုးမြှင့်လာစေရေးအပါအဝင် ဈေးကွက်ရရှိရေး၊ ကျန်းမာရေး စောင့် ရှောက်မှုနှင့် ပညာရေးမြှင့်တင်ပေးရန် လမ်းများ၊ တံတားများဆောက်လုပ်ခြင်း၊ ဆည်မြောင်းသွယ်ခြင်းနှင့် လျှပ်စစ် မီးလင်းရေးလုပ်ငန်းများအပါအဝင် အခြေခံအဆောက်အအုံဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများ ဆောင်ရွက်ပေးခဲ့သည်။
ထို့အပြင် လယ်သမားသမဝါယမအသင်းများ ထူထောင်ခြင်း၊ ချေးငွေအစီအစဉ်များနှင့် တိုးချဲ့ဝန်ဆောင်မှု လုပ်ငန်းများနှင့်အတူ လယ်ယာစိုက်ပျိုးရေးထုတ်ကုန်နှင့် အထွက်နှုန်းတိုးပွားလာစေရန် သီးနှံစပ်မျိုးများနှင့် ဓာတုဗေဒဓာတ်မြေဩဇာများ အသုံးပြုခြင်းကဲ့သို့သော ခေတ်မီစိုက်ပျိုးရေးဆိုင်ရာနည်းပညာများ အသုံးပြုခြင်း ကို အားပေးလုပ်ဆောင်စေခဲ့ပါသည်။ ကုလသမဂ္ဂဖွံ့ဖြိုး တိုးတက်ရေးအစီအစဉ် (UNDP) ကဲ့သို့သော အဖွဲ့အစည်း များနှင့် အမေရိကန်နိုင်ငံတကာဖွံ့ဖြိုးရေးအေဂျင်စီ(USAID) တို့က ကမ္ဘောဒီးယားနိုင်ငံရှိ ကျေးလက်ဒေသဖွံ့ဖြိုး တိုးတက်ရေးအစီစဉ်များအတွက် နည်းပညာအကူအညီများ၊ သင်တန်းများနှင့် ငွေကြေးထောက်ပံ့မှုများ ဆောင် ရွက်ပေးခဲ့သည်ကို တွေ့ရှိရသည်။
သို့ရာတွင် ခမာနီခေတ်အပြီး နောက်ပိုင်းခေတ်သည် နိုင်ငံရေးမတည်ငြိမ်မှုများနှင့် ပဋိပက္ခများ ဆက်လက် ဖြစ်ပွားနေသောခေတ်ဖြစ်၍ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးအစီအစဉ်များနှင့် ပတ်သက်သည့် အောင်မြင်မှု များကို အဟန့်အတားဖြစ်စေခဲ့သည်ကို တွေ့ရသည်။ ထို့အပြင်ခမာနီခေတ်၏အမွေဆိုးသည် အခြေခံအဆောက် အအုံနှင့် လူ့အရင်းအမြစ်ပျက်စီးခြင်းအပါအဝင် ကျေးလက်ဒေသများ၏ပြန်လည်ထူထောင်ရေးနှင့် ဖွံ့ဖြိုးတိုးတက် ရေးတို့တွင် သိသာထင်ရှားသည့် စိန်ခေါ်မှုများ ဖြစ်ပေါ်စေခဲ့ပါသည်။
လယ်ယာစိုက်ပျိုးရေးနှင့် ကူးသန်းရောင်းဝယ်ရေးအစီအစဉ် (Agricultural Development and Commercialization Project - ADCP) (၁၉၉၃-၂၀၀၁)
ကျေးလက်ဒေသရှိ အိမ်ထောင်စုများ၏ ဝင်ငွေနှင့် လူနေမှုအဆင့်အတန်းများ တိုးတက်လာစေရန် လယ်ယာစိုက်ပျိုးရေး၊ ကူးသန်းရောင်းဝယ်ရေးနှင့် တန်ဖိုးကွင်းဆက်ဖွံ့ဖြိုးတိုးတက်ရေးတို့ကို မြှင့်တင်ပေးရန် အတွက် လယ်ယာစိုက်ပျိုးရေးနှင့် ကူးသန်းရောင်းဝယ်ရေးအစီအစဉ်(ADCP)ကို နိုင်ငံတကာ အဖွဲ့အစည်း များ၏အကူအညီဖြင့် ၁၉၉၃ ခုနှစ်နှင့် ၂၀၀၁နှစ်အကြား အကောင်အထည်ဖော်ဆောင်ရွက်ခဲ့သည်။ အဓိက အပိုင်း (၄)ပိုင်းကို ဆောင်ရွက်ခဲ့ပြီး လယ်ယာစိုက်ပျိုးရေးဆိုင်ရာသုတေသနနှင့် တိုးချဲ့မှု၊ ဈေးကွက်ရှာဖွေရေးနှင့် စီမံ ဆောင်ရွက်မှု၊ ကျေးလက်ဒေသဘဏ္ဍာငွေရရှိမှုနှင့် အသက်မွေးဝမ်းကျောင်းဆိုင်ရာဖွံ့ဖြိုးတိုးတက်မှုပိုင်းတွင် သီးနှံ မျိုးသစ်များနှင့် မိတ်ဆက်ဆောင်ရွက်ပေးခြင်း၊ စဉ်ဆက်မပြတ်လယ်ယာစိုက်ပျိုးရေး အလေ့အထများတိုးမြှင့်ပေးခြင်း နှင့် တောင်သူလယ်သမားများကို နည်းပညာအကူအညီနှင့် သင်တန်းများပေးခြင်းတို့ ဆောင်ရွက်ပေးခဲ့သည်။
ဈေးကွက်ရှာဖွေရေးနှင့် စီမံဆောင်ရွက်မှုအပိုင်းသည် ဈေးကွက်ချိတ်ဆက်မှုများ ထူထောင်ပေးခြင်း၊ ကူးသန်း ရောင်းဝယ်ရေး အခြေခံအဆောက်အအုံများ မြှင့်တင်ပေးခြင်းနှင့် ရိတ်သိမ်းချိန်လွန် စီမံဆောင်ရွက်မှုနှင့် ပတ်သက်၍ သင်တန်းများပေးခြင်း၊ လုပ်ကွက်ငယ်တောင်သူများအတွက် ငွေကြေးထောက်ပံ့မှု တိုးမြှင့်ပေးရန် ကျေးလက်ဒေသချေးငွေ အစီအစဉ်များ ထူထောင်ပေးခြင်းတို့ ပါဝင်သည်။
အဖွဲ့အစည်းဖွံ့ဖြိုးတိုးတက်မှုအပိုင်းသည် အစီအစဉ်အကောင်အထည်ဖော်ဆောင်ရွက်မှုနှင့် ရေရှည်တည်တံ့ မှုတို့ကို အထောက်အကူဖြစ်စေရန် အစိုးရအေဂျင်စီများ၊ သုတေသနသင်တန်းကျောင်းများနှင့် တောင်သူလယ်သမား အဖွဲ့အစည်းများ၏ စွမ်းဆောင်ရည်မြှင့်တင်ပေးရန်ဖြစ်သည်။
ADCP သည် ဟင်းသီးဟင်းရွက်များ၊ သစ်သီးဝလံများနှင့် ဆီထွက်သီးနှံများကဲ့သို့သော သီးနှံအသစ်များ မိတ်ဆက်ပေးခြင်းနှင့်အတူ လယ်ယာစိုက်ပျိုးရေးတိုးမြှင့်ဆောင်ရွက်ရာတွင် အောင်မြင်မှု ရရှိခဲ့ပါသည်။ ထိုအစီ အစဉ်သည် အသေးစားလယ်ယာစိုက်ပျိုးရေးဆိုင်ရာ စီးပွားရေးလုပ်ငန်းများ အရေအတွက်တိုးပွားလာမှုနှင့် လယ်ယာစိုက်ပျိုးရေးထုတ်ကုန်များအတွက် ဈေးကွက်အသစ် ဖွံ့ဖြိုးတိုးတက်မှုတို့နှင့်အတူ စိုက်ပျိုးရေးကဏ္ဍကို စီးပွားဖြစ်ဖွံ့ဖြိုး တိုးတက်စေရန်လည်း အထောက်အကူဖြစ်စေပါသည်။
သို့ရာတွင် အဆင်းရဲဆုံးလူတန်းစားများနှင့် အထိအခိုက်အလွယ်ဆုံး ကျေးလက်ဒေသ အိမ်ထောင်စုများထံ ရောက်ရှိအောင်ဆောင်ရွက်ပေးခြင်းနှင့် လုပ်ကွက်ငယ်တောင်သူများအတွက် မြေယာပိုင်ဆိုင်မှု၊ ဘဏ္ဍာငွေ ရရှိမှုနှင့် ဈေးကွက်ရရှိမှုတို့နှင့်စပ်လျဉ်းသည့် ကိစ္စရပ်များကို ကိုင်တွယ်ဖြေရှင်းခြင်းတို့၌ စိန်ခေါ်မှုများစွာ တွေ့ကြုံခဲ့ရသည် ကို တွေ့ရသည်။
ခြုံငုံကြည့်လျှင် ADCP သည် လယ်ယာစိုက်ပျိုးရေးနှင့် ကူးသန်းရောင်းဝယ်ရေးကို အထောက်အကူပြုပြီး ကျေးလက်အိမ်ထောင်စုများစွာ၏ အသက်မွေးဝမ်းကျောင်းလုပ်ငန်းများ တိုးတက်စေရန် အကူအညီပေးခဲ့သည့် ကမ္ဘောဒီးယားနိုင်ငံအတွင်း အဓိကျသော ဖွံ့ဖြိုးတိုးတက်ရေး ကြိုးပမ်းမှုတစ်ခု ဖြစ်ခဲ့သည်။
ကွန်မြူနစ်ကောင်စီဖွံ့ဖြိုးတိုးတက်ရေးအစီအစဉ် (Commune Council Development Program- CCDP) (၂၀၀၂-၂၀၁၈)
ဒေသဆိုင်ရာအစိုးရ၏ စွမ်းဆောင်ရည်မြှင့်တင်ပေးရန်နှင့် ဒေသဆိုင်ရာအဆင့်၌ အတူပူးပေါင်းပါဝင်သည့် ဆုံးဖြတ်ချက်ချခြင်းလုပ်ငန်းစဉ်များ တိုးမြှင့်ပေးရန်အတွက် ကွန်မြူနစ်ကောင်စီဖွံ့ဖြိုးတိုးတက်ရေးအစီအစဉ် (CCDP)ကို နိုင်ငံတကာအဖွဲ့အစည်းများ၏ အကူအညီ ဖြင့် ၂၀၀၂ မှ ၂၀၁၈ ခုနှစ်အတွင်း အကောင်အထည်ဖော် ဆောင်ရွက်ခဲ့သည်။ အဓိကအပိုင်း (၄) ပိုင်းကို ဆောင်ရွက်ခဲ့ပြီး ဒေသဆိုင်ရာအစိုးရ၏စွမ်းဆောင်ရည်မြှင့်တင်ခြင်း၊ အတူပူးပေါင်းပါဝင်မှု အစီအစဉ်ရေးဆွဲခြင်းနှင့် ဘတ်ဂျက်ရေးဆွဲခြင်း၊ အခြေခံအဆောက်အအုံဖွံ့ဖြိုး တိုးတက်မှုနှင့် ပြည်သူကိုဗဟိုပြုသော သဘာဝသယံဇာတများ စီမံခန့်ခွဲမှုတို့ဖြစ်ပါသည်။ မြန်မာနိုင်ငံကျေးလက်ဒေသဖွံ့ဖြိုး တိုးတက်ရေး ဦးစီးဌာနမှဆောင်ရွက်နေသည့် လူထုဗဟိုပြုစီမံကိန်း(CDD)၊ ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်း စီမံကိန်း (VDP)များကဲ့သို့ ဒီဇိုင်းလုပ်ငန်းစဉ်များ တူညီပါသည်။
ထိုအစီအစဉ်သည် ကျေးလက်ဒေဖွံ့ဖြိုးတိုးတက်ရေးစီမံကိန်းများ ရေးဆွဲအကောင်အထည်ဖော် ဆောင် ရွက်ပြီး စောင့်ကြည့်ကြီးကြပ်ရန်အတွက် ဒေသဆိုင်ရာအစိုးရ အဖွဲ့အစည်းများ၏ စွမ်းဆောင်ရည်မြှင့်တင်ပေး ရန်နှင့် ဆုံးဖြတ်ချက်ချသည့်လုပ်ငန်းစဉ်များ၊ အတူပူးပေါင်းပါဝင်မှု အစီအစဉ်ရေးဆွဲခြင်းနှင့် ဘတ်ဂျက်ရေးဆွဲခြင်း အပိုင်းရှိ ဒေသဆိုင်ရာဖွံ့ဖြိုးရေးစီမံကိန်းများရေးဆွဲခြင်းနှင့် အကောင်အထည်ဖော်ဆောင်ရွက်ခြင်းတို့တွင် ပြည်သူ လူထုပူးပေါင်းပါဝင်မှု မြှင့်တင်ပေးရန်ရည်ရွယ်ပါသည်။ ဒေသဆိုင်ရာဖွံ့ဖြိုးတိုးတက်ရေး ဦးစားပေးလုပ်ငန်းများ ခွဲခြားသတ်မှတ်၍ ဖြေရှင်းဆောင်ရွက်နိုင်စေရန် လူထုဖွံ့ဖြိုးရေးကော်မတီများနှင့် လူထုအကြံဉာဏ် ရယူရေးအဖွဲ့ အစည်းများ ထူထောင်မှုကို အထောက်အပံ့ပေးခဲ့ပါသည်။
အခြေခံအဆောက်အအုံ ဖွံ့ဖြိုးတိုးတက်ရေးအပိုင်းသည် ကျေးလက်နေပြည်သူလူထု၏ လူနေမှုအဆင့်အတန်း များ မြင့်မားလာစေရေးအတွက် ရေရရှိရေး၊ကျန်းမာသန့်ရှင်းရေးနှင့်လမ်းများကဲ့သို့သော အခြေခံဝန်ဆောင်မှုများ တိုးမြှင့်ရရှိစေရန် ရည်ရွယ်ပါသည်။ ထိုအစီအစဉ်သည် ကျေးလက်ဒေအခြေခံအဆောက်အအုံတည်ဆောက်ရေးစီမံကိန်း များကို ထောက်ပံ့ပေးခဲ့ပြီး ထိရောက်သောစီမံကိန်းစီမံခန့်ခွဲမှု ရရှိစေရန် ဒေသဆိုင်ရာအစိုးရအဖွဲ့အစည်းများအား နည်းပညာအကူအညီနှင့် သင်တန်းများပေးခဲ့သည်။
ပြည်သူအခြေပြု သဘာဝသယံဇာတစီမံခန့်ခွဲမှုအပိုင်းသည် စဉ်ဆက်မပြတ်သဘာဝ သယံဇာတစီမံခန့်ခွဲမှု အလေ့အကျင့်များ တိုးမြှင့်ပေးရန်နှင့် ပြည်သူလူထုအား ၎င်းတို့၏ ကိုယ်ပိုင်သဘာဝသယံဇာတများကို စီမံခန့်ခွဲ နိုင်စေရန် လုပ်ပိုင်ခွင့်အာဏာပေးရန် ရည်ရွယ်ပါသည်။ ထိုအစီအစဉ်သည် ရပ်ရွာသစ်တောနှင့် ငါးလုပ်ငန်း စီမံ ခန့်ခွဲမှုအဖွဲ့များထူထောင်ရန်ကူညီပေးခဲ့ပြီး စဉ်ဆက်မပြတ်သယံဇာတ စီမံခန့်ခွဲမှုအလေ့အကျင့်များနှင့်ပတ်သက် သည့် သင်တန်းများ ထောက်ပံ့ပေးခဲ့ပါသည်။
CCDP သည် ဒေသဆိုင်ရာအစိုးရ၏ စွမ်းဆောင်ရည်မြှင့်တင်ပေးခြင်းနှင့် ဒေသဆိုင်ရာအဆင့်၌ အတူပူးပေါင်း ပါဝင်သည့် ဆုံးဖြတ်ချက်ချခြင်း လုပ်ငန်းစဉ်များ တိုးမြှင့်ပေးခြင်းတို့တွင် အောင်မြင်မှုရရှိခဲ့သည်။ ကျေးလက်ဒေသ အခြေခံအဆောက်အအုံဖွံ့ဖြိုးရေးကို ထောက်ပံ့ပေးခဲ့ပြီး ကျေးလက်နေပြည်သူလူထုအတွက် အခြေခံဝန်ဆောင်မှု များရရှိရေး၊ ပြည်သူလူထုအား ကိုယ်ပိုင်သဘာဝသယံဇာတများကို စီမံခန့်ခွဲနိုင်စေရေးအတွက် ဆောင်ရွက်ခဲ့သည်။
ဆန်းသစ်တီထွင်မှု၊ ဘေးဒဏ်ခံနိုင်မှုနှင့် တိုးချဲ့မှုတို့အတွက် လယ်ယာစိုက်ပျိုးရေး ဝန်ဆောင်မှု လုပ်ငန်းများ အစီအစဉ် (Agriculture Services Programme for Innovation, Resilience, and Extension - ASPIRE) (၂၀၁၈ - ယခု)
လုပ်ကွက်ငယ်တောင်သူများ၏ ကုန်ထုတ်လုပ်မှုစွမ်းအားနှင့် ဘေးဒဏ်ခံနိုင်မှုတို့ မြှင့်တင်ပေးရန်နှင့် စဉ်ဆက်မပြတ်စိုက်ပျိုးရေး အလေ့အထများ တိုးပွားလာစေရန်၊ ဆန်းသစ်တီထွင်မှု၊ ဘေးဒဏ်ခံနိုင်မှုနှင့် တိုးချဲ့ မှုတို့အတွက် လယ်ယာစိုက်ပျိုးရေးဝန်ဆောင်မှုလုပ်ငန်းများအစီအစဉ်(ASPIRE)ကို နိုင်ငံတကာအဖွဲ့အစည်းများ၏ ထောက်ပံ့မှုဖြင့် ၂၀၁၆ ခုနှစ်ကတည်းက အကောင် အထည်ဖော်ဆောင်ရွက်ခဲ့သည်။ အဓိကအပိုင်း (၃) ပိုင်းကို အလေးထားဆောင်ရွက်ခဲ့ပြီး လယ်ယာစိုက်ပျိုးရေး ဆိုင်ရာ ဆန်းသစ်တီထွင်မှု၊ တိုးချဲ့ဝန်ဆောင်မှုလုပ်ငန်းများနှင့် တန်ဖိုးကွင်းဆက် ဖွံ့ဖြိုးတိုးတက်မှုတို့ဖြစ်ပါသည်။ ထိုအစီအစဉ်သည် စိုက်ပျိုးရေးဆိုင်ရာ နည်းပညာအသစ်များ လက်ခံကျင့်သုံးခြင်းကို မြှင့်တင်ရန်၊ တောင်သူလယ်သမားများအား နည်းပညာအကူအညီနှင့်သင်တန်းများ ထောက်ပံ့ပေးရန်နှင့် စိုက်ပျိုးရေးထုတ်ကုန်များအတွက် ဈေးကွက်ချိတ်ဆက်မှုများနှင့် တန်ဖိုးကွင်းဆက်များ ဖွံ့ဖြိုး တိုးတက်ရေး ထောက်ပံ့ပေးရန် ရည်ရွယ်ပါသည်။
စိုက်ပျိုးရေးဆိုင်ရာ ဆန်းသစ်တီထွင်မှုအပိုင်းသည် အထွက်နှုန်းကောင်းသော အသီးအနှံမျိုးစေ့များ၊ ဆည်မြောင်းဖောက်လုပ်ခြင်းစနစ်များနှင့် လုပ်ငန်းစဉ်များကဲ့သို့သော အသစ်တိုးပွားလာသည့် စိုက်ပျိုးရေးဆိုင်ရာ နည်းပညာများ အသုံးချမှုမြှင့်တင်ရန် ရည်ရွယ်၍ လုပ်ကွက်ငယ်တောင်သူများကို အကျိုးဖြစ်ထွန်းစေသည့် အသစ် တီထွင်ထားသည့် နည်းပညာများကို ခွဲခြားသတ်မှတ်ရန် သုတေသနနှင့်ဖွံ့ဖြိုးရေးလုပ်ငန်းများကိုလည်း ကူညီ ထောက်ပံ့ပေးပါသည်။ တိုးချဲ့ရေးဝန်ဆောင်မှုလုပ်ငန်းများအပိုင်းသည် အထွက်နှုန်းကောင်းသော သီးနှံမျိုးစေ့များ၊ ဆည်မြောင်းဖောက်လုပ်မှုစနစ်များနှင့် စက်မှုလယ်ယာစိုက်ပျိုးရေးလုပ်ငန်းတို့ကဲ့သို့သော လယ်ယာစိုက်ပျိုးရေး ဆိုင်ရာ နည်းပညာအသစ်များအား အသုံးချမှုမြှင့်တင်ပေးရန် နည်းပညာအသစ်များနှင့် အလေ့အထသစ်များနှင့် ပတ်သက်၍ တောင်သူလယ်သမားများကို လက်တွေ့သင်တန်းပေးပြီး လက်တွေ့သင်တန်းကျောင်းများ ထူထောင် ပေးခဲ့သည်။
တန်ဖိုးကွင်းဆက် ဖွံ့ဖြိုးတိုးတက်မှုအပိုင်းသည် စိုက်ပျိုးရေးထုတ်ကုန်များအတွက် ဈေးကွက် ချိတ်ဆက် မှုနှင့် တန်ဖိုးကွင်းဆက်များ ဖွံ့ဖြိုးတိုးတက်မှုကို ထောက်ပံ့ပေးရန်အတွက် လုပ်ကွက်ငယ်တောင်သူများအား ဝယ်ယူသူများနှင့် ညှိနှိုင်းမှုများပြုလုပ်ရာတွင် ညှိနှိုင်းမှုစွမ်းရည် မြှင့်တင်ပေးနိုင်သော ထုတ်လုပ်သူအဖွဲ့များနှင့် သမဝါယမအသင်းများ ထူထောင်ပေးခဲ့ပြီး လုပ်ကွက်ငယ်တောင်သူများအတွက် ဈေးကွက်ရရှိမှု တိုးတက်လာစေရန် အခြေခံအဆောက်အအုံနှင့် ထောက်ပံ့ပို့ဆောင်ရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်လာစေရန်လည်း အထောက်အကူ ပြုတာ တွေ့ရသည်။ လက်ရှိဆောင်ရွက်နေဆဲဖြစ်ပြီး လုပ်ကွက်ငယ်တောင်သူများ၏ ဘေးဒဏ်ခံနိုင်မှု တိုးမြှင့်ရေး ဆောင်ရွက်ရာတွင် အလားအလာကောင်းသောရလဒ်များ ရရှိခဲ့သည့်အပြင် နည်းပညာသစ်များနှင့် အလေ့အထ အသစ်များအသုံးချ၍ စိုက်ပျိုးရေးထုတ်ကုန်များအတွက် ဈေးကွက်ရရှိမှုတိုးပွားလာစေရန် ပံ့ပိုးပေးနိုင်ခဲ့သည်ကို တွေ့ရသည်။
သင်ခန်းစာယူစရာ လူမျိုးတုန်းသတ်ဖြတ်မှု အတွေ့အကြုံများ
ပိုလ်ပေါ့သည် ၁၉၆၉တွင် လက်ဝဲအဖွဲ့အစည်းများအားလုံး၏ ခေါင်းဆောင်နေရာကို ရယူကာ ဝါဒဖြန့်ချိရေး စနစ်များကို ပြောင်းလဲခဲ့သည်။၁၉၇၀တွင် ဘုရင်သီဟာနုပြည်ပခရီးထွက်စဉ်တွင် အစိုးရအဖွဲ့က ဘုရင်သီဟာနု အား အကြီးအကဲအဖြစ်မှ ဖယ်ရှားလိုက်သည်။ ထိုနောက်တွင် ခမာနီတို့သည် ပိုလ်ပေါ့၏ ဦးဆောင်မှုအောက်တွင် မြေယာ ပြုပြင်မှုများ၊လူတန်းစားပြုပြင်မှုများအတွက် စီမံချက်များရေးဆွဲရင်း တစ်ဖက်တွင်လည်း ပြည်ပနိုင်ငံများ ၏ လက်နက်၊ ငွေကြေးအကူအညီဖြင့် အစိုးရတပ်များအား ထိုးစစ်များဆင်ခဲ့ကြသည်။
၁၉၇၅ခုနှစ်၊ ဧပြီလ၊ ၁၇ရက်တွင် ခမာနီတို့သည် မြို့တော်ဖနွမ်းပင်အား သိမ်းပိုက်လိုက်ပြီး အစိုးရအဖွဲ့ ဖွဲ့စည်းကာ တိုင်းပြည်အား "ဒီမိုကရက်တစ် ကမ်ပူးချား" ဟုခေါ်တွင်စေခဲ့ပါသည်။ ဘုရင်သီဟာနုအား အကျဉ်းချ ပြီး ဆလို့တ်ဆာသည် မိမိကိုယ်ကို ကွန်မြူနစ်အပေါင်းတို့၏ ပိုလ်ပေါ့ ဟုကြေညာခဲ့ပါသည်။ ပါတီမူအတိုင်း မြို့ပေါ်လူတန်းစားများအား လူတန်းစား တန်းညှိရေးအတွက် လယ်ယာမြေလုပ်ငန်းခွင်အတွင်းသို့ အတင်းအကြပ် ပို့ဆောင်ခဲ့သည်ကိုတွေ့ရပါသည်။
၁၉၇၅ ခုနှစ် နွေဦးရာသီအစတွင် မြို့များကို ဘေးလွတ်ရာသို့ ရွှေ့ပြောင်းခဲ့ရပြီး ဆေးရုံများ၊ စာသင်ကျောင်း များပိတ်ခြင်း၊ စက်ရုံများစွန့်ပစ်ခြင်း၊ ငွေနှင့်လုပ်ခများဖျက်သိမ်းခြင်း၊ သတင်းလွတ်လပ်ခွင့်၊ လွတ်လပ်စွာသွားလာခွင့်၊ လွတ်လပ်စွာကိုးကွယ်ခွင့်၊ အဖွဲ့အစည်းအသင်းအဖွဲ့အားလုံးဟာ (၄)နှစ်အတွင်းပျောက်ကွယ်ခဲ့ရပါသည်။ ခမာနီများ သည် ၎င်းတို့၏ဝါဒဖြစ်သည့် ခမာနီလူမျိုးရေးဝါဒ၊ နိုင်ငံတော်ဘာသာမဲ့ဝါဒ၊ လူမျိုးရေးခွဲခြားမှုဝါဒနှင့် မျက်ကန်း မျိုးချစ်စိတ်ဝါဒများအပေါ် တစ်ယူသန်ခဲ့ပါသည်။ ဒါ့ကြောင့် S-21 ခေါ် ထိန်းသိမ်းရေးစခန်း(သုတ်သင်ရေးစခန်း)တွင် ၎င်းတို့အား ဆန့်ကျင်မည့်သူများအား ဖမ်းဆီးခဲ့ကြပါသည်။ S-21 ခေါ် ထိန်းသိမ်းရေးစခန်း (သုတ်သင်ရေးစခန်း)ရှိ အကျဉ်းသား(၂၀,၀၀၀)အနက် (၇)ဦးသာ လွတ်မြောက်ခဲ့၍ နာမည်ကြီးခဲ့ပါသည်။ ယင်းစခန်းအား တာဝန်ခံအဖြစ် တာဝန်ယူခဲ့သော ကန်ကက်လူးသည်လည်း စစ်ရာဇဝတ်မှုများနှင့် လူ့ကျင့်ဝတ်များအား ချိုးဖောက်သောပြစ်မှုများ အတွက် ၂၀၁၀ခုနှစ်တွင် ထောင်ဒဏ်တစ်သက်တစ်ကျွန်း ပေးခြင်းခံခဲ့ရပါသည်။ ၁၉၇၈ ခုနှစ်မှ ၁၉၇၉ ခုနှစ်အတွင်း လူပေါင်း(၂)သန်းခန့် သေဆုံးခဲ့ပြီး ကမ္ဘောဒီးယားနိုင်ငံလူဦးရေ၏ (၄) ပုံ (၁) ပုံနီးပါးရှိခဲ့ပါသည်။ တိုက်ရိုက် ကွပ်မျက်သတ်ဖြတ်မှု (၆၀%)ဖြစ်ပြီး၊ ကျန်ရှိသောသူများသည် နှိပ်စက်ခံရခြင်း၊ ငတ်မွတ်ခြင်း၊ ပင်ပန်းဆင်းရဲခြင်း များကြောင့် ရောဂါများရရှိ၍ သေဆုံးခဲ့ကြရပါသည်။ နိုင်ငံသားအားလုံး အကျဉ်းသားများကဲ့သို့ ဖြစ်ခဲ့ရပါသည်။ S-21 ကဲ့သို့ နှိပ်စက် သတ်ဖြတ်ရေးစခန်းများတွင် ဗုဒ္ဓဘာသာဘုန်းတော်ကြီးများ၊ ခရစ်ယာန်များ၊ မွတ်စလင်များ အပါအဝင်၊ နိုင်ငံရေးသမားများ၊ စီပွားရေးလုပ်ငန်းပိုင်ဆိုင်သူများနှင့် တရုတ်၊ ဗီယက်နမ်၊ လာအိုအနွယ်များကို ရက်ရက်စက်စက် သတ်ဖြတ်ခဲ့သည်။"ကျည်ဆန်မဖြုန်းရ" ဟူသည့်အမိန့်ဖြင့် အရှင်လတ်လတ် မီးရှို့သတ်ခြင်း၊ ရေနှစ်သတ်ခြင်း၊ ထုတ်တန်းတွင် တွဲလောင်းချည်၍ အရေခွံခွာခြင်း၊ လက်သည်းခွံများအား ပလာယာဖြင့်ခွာခြင်း၊ ဦးခေါင်းအား ဝါးလုံးဖြင့်ရိုက်ခြင်း၊ လည်မျိုတွင် တံစို့ရိုက်သွင်းခြင်းစသဖြင့် လူမဆန်ဆုံးနည်းလမ်းများကိုသုံးကာ အစုလိုက် အပြုံလိုက် သတ်ဖြတ်ခဲ့ခြင်းဖြင့် လူသတ်ကွင်း (Killing Field) အဖြစ် ကျော်ကြားခဲ့ပါသည်။
ကျူးကျော်ခံရခြင်းနှင့် အသွင်ကူးပြောင်းရေးကာလ
၁၉၇၈ ခုနှစ်၊ နိုဝင်ဘာလတွင် ဗီယက်နမ်စစ်တပ်မှ ခမာနီတို့၏ နယ်စပ်ကျူးကျော်တိုက်ခိုက်ခြင်းကို တုံ့ပြန်သည့်အနေဖြင့် ကမ္ဘောဒီးယားကို ကျုးကျော်ဝင်ရောက်၍ ခမာနီအစိုးရကို ဖြုတ်ချခဲ့သဖြင့် အစုလိုက်အပြုံ လိုက်သတ်ဖြတ်မှုများ ပြီးဆုံးခဲ့ပါသည်။ ၁၉၈၁ ခုနှစ်တွင် ပြည်ပသို့ထွက်ပြေးနေရသော အစိုးရ၏ အစု ၃ စု မှ ဒီမို ကရက်တစ်ကမ်ပူးချား၏ ညွန့်ပေါင်းအစိုးရအဖြစ် ဖွဲ့စည်းတည်ထောင်ခဲ့ပြီး ၎င်းတွင်ခမာနီများ၊ ဘုရင်သီဟာနု၏ သစ္စာခံအစုအဖွဲ့များနှင့် ခမာပြည်သူ့အမျိုးသား လွတ်မြောက်ရေးတပ်ဦးတို့ ပါဝင်ပါသည်။ ဗီယက်နမ်တို့အနေ ဖြင့်လည်း ကမ္ဘောဒီးယားနိုင်ငံအား ကျူးကျော်ထားမှုကို ပြန်လည်ဆုတ်ခွာပေးရန် ငြင်းဆန်ခဲ့သဖြင့် အမေရိကန် နှင့် ၎င်း၏မဟာမိတ်နိုင်ငံများမှ စီးပွားရေးပိတ်ဆို့မှုများ ပြုလုပ်ခဲ့ပါသည်။
၁၉၈၉ ခုနှစ်တွင် ပြင်သစ်နိုင်ငံ၊ ပဲရစ်မြို့တွင် ငြိမ်းချမ်းရေးကြိုးပမ်းဆောင်ရွက်မှုများကြောင့် ကမ္ဘော ဒီးယားနိုင်ငံအဖြစ် စတင်ခဲ့ပြီး (၂)နှစ်အကြာ ၁၉၉၁ ခုနှစ်၊ အောက်တိုဘာလတွင် ပဲရစ်ငြိမ်းချမ်းရေး လုံးဝဥဿုံ သဘောတူညီချက် ရရှိခဲ့ပါသည်။ ၂၀၀၁ခုနှစ်တွင် ကမ္ဘောဒီးယားအစိုးရသည် လူမျိုးတုန်းသတ်ဖြတ်မှုအတွက် တာဝန် ရှိသော ခမာနီခေါင်းဆောင်အဖွဲ့ဝင်များကို စုံစမ်းရန် ကုလသမဂ္ဂကျောထောက် နောက်ခံရှိသော အထူးတရားရုံး (ခမာနီတရားရုံး)ကို တည်ထောင်ခဲ့ပါသည်။ ၂၀၁၉ ခုနှစ်တွင် စတင်စစ်ဆေးခဲ့ပြီး အသက်(၈၈) နှစ်အရွယ် နွမ်ချာ နှင့် အသက်(၈၃)နှစ်အရွယ် ခူးဆမ်ဖန်တို့ကို တစ်သက်တကျွန်းပြစ်ဒဏ်ချမှတ်ခဲ့ပါသည်။ ပိုလ်ပေါ့ အား ၁၉၉၇ ခုနှစ်၌ ကမ္ဘောဒီးယားနိုင်ငံနှင့် ထိုင်းနိုင်ငံနယ်စပ်တွင် ဖမ်းဆီးခဲ့ပြီး နေအိမ်အကျယ်ချုပ်ထားခဲ့သည်။ ၎င်းသည် ၁၉၂၅ ခုနှစ်၊ မေလ(၁၉)ရက်နေ့တွင် မွေးဖွားခဲ့ပြီး ၁၉၉၈ခုနှစ်၊ဧပြီလ(၁၅)ရက်အသက်(၇၂)နှစ်တွင် နှလုံးရောဂါနဲ့ သေဆုံးခဲ့ပါသည်။
မြန်မာနိုင်ငံမှာ မဖြစ်စေလို
မြန်မာနိုင်ငံအနေဖြင့် ကမ္ဘောဒီးယားနိုင်ငံ ခမာနီခေတ် (၁၉၇၅-၁၉၇၉)ကာလ လူမျိုးတုန်း သတ်ဖြတ်မှု များနှင့် ၎င်း၏ အကျိုးဆက်များဖြစ်သော အခြေခံအဆောက်အအုံနှင့် လူသားအရင်းအမြစ်များ ပျက်စီးဆုံးရှုံးခြင်း တို့ကို သင်ခန်းစာယူသင့်ပါသည်။ အဲဒီလိုမဖြစ်အောင် စီမံရန် လိုအပ်နေပါသည်။ နိုင်ငံသားတိုင်း ပညာအမြင်ဖြင့် မြင်အောင်ကြည့်ပြီး လူသားအရင်းအမြစ်များ မပြုန်းတီးအောင်၊ အခြေခံအဆောက်အအုံများ မပျက်စီးအောင် ကာကွယ်တားဆီးကြရမည်ဖြစ်ပါသည်။ ခမာနီတို့ရဲ့အယူဝါဒမတူသူမှန်သမျှ အချင်းချင်းသတ်ဖြတ်ခဲ့မှုနှင့် အစွန်း ရောက် အယူဝါဒသည် ကမ္ဘောဒီးယားနိုင်ငံရဲ့ ကြီးမားတဲ့ဆုံးရှုံးမှုဖြစ်ခဲ့ပါသည်။ နိုင်ငံကို ပြန်လည်တည်ထောင် မှုမှာလည်း အချိန်များစွာယူခဲ့ရပါသည်။ မြန်မာနိုင်ငံမှာ ဒီလိုမဖြစ်ဖို့ နိုင်ငံသားအားလုံးမှာ တာဝန်ရှိပါသည်။ မြန်မာနိုင်ငံ ကျေးလက်ဒေသတွေဖွံ့ဖြိုးဖို့၊ ဆင်းရဲမှုနှုန်းတွေလျှော့ချနိုင်ဖို့ ကမ္ဘောဒီးယားနိုင်ငံမှ အတွေ့အကြုံ ကောင်းများကို လည်း ယူသင့်ပါသည်။ ကမ္ဘောဒီးယားနိုင်ငံရဲ့ လက်ရှိကာလအတွင်း နိုင်ငံရေးတည်ငြိမ်မှုကြောင့် ဖွံ့ဖြိုးတိုးတက်မှု မြန်ဆန်လာခြင်းသည် ငြင်းမရသော အချက်ပဲဖြစ်ပါကြောင်း ရေးသားတင်ပြလိုက်ပါသည်………
ခန့်ဇော် (ကျေးလက်)
Ref:
Related News and Articles
အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။