မြင့်စိုး(နတလ)
သီချင်းလေးတစ်ပုဒ်မှ အစပြု၍
သီချင်းအမည်က “မြန်မာ့စိတ်ဓာတ်”၊ တေးရေးလက်ရာရှင်က “သင့်ရဲဘော်”၊ တေးရေး သင့်ရဲဘော်သည် အခြားသူမဟုတ်ပါ။ တပ်မတော်သားဘဝက ကျွန်တော်တို့ အရှေ့မြောက် တိုင်းစစ်ဌာနချုပ် တိုင်းမှူး၊ နယ်ဘက်ဝန်ထမ်းဘဝတွင် ထပ်မံရေစက်ဆုံခဲ့သော နယ်စပ် ဒေသနှင့် တိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးတိုးတက်ရေးနှင့် စည်ပင်သာယာရေးဝန်ကြီးဌာန၊ ဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး မောင်သင့် ဖြစ်ပါသည်။ သီဆိုခဲ့သည့်တေးသံရှင်က ရဲဘော် နိုင်ဝင်း၊
ဒီမြေဟာ ငါတို့မြေ ….
ဒီမြေဟာ ငါတို့မြေ…
မြန်မာပိုင် ဘိုးဘွားတို့အမွေ …
မြန်မာ့စိတ်ထားကို ကမ္ဘာသိစေမည်
မြန်မာ့စိတ်ဓာတ်ကို ကမ္ဘာအနှံ့ပြမည်
မျိုးချစ်စိတ် အသင့်ရှိသည် …
စီးပွားရေးပိတ်ဆို့တာ တို့မမှုပါ
သယံဇာတတွေ ပေါတဲ့မြေ…
တို့ရဲ့လုပ်သလို တိုးတက်မည်…
တစ်ကယ်ကိုလုပ်တော့ အဟုတ်ဖြစ်မည်
သီချင်းစာသားက အားလုံး ၆ ပိုဒ်၊ အဘသင့်က နေတော့သာ ခပ်အေးအေး၊ ရေးထား သည့် စာလုံးတိုင်းမှာ အားရှိသည်၊ မာန်ရှိသည်။ သီဆိုသူကလည်း ရဲဘော်နိုင်ဝင်း တည်းဟူ သော တပ်မတော်သားတစ်ဦး၊ တီးဝိုင်းသည်ပင်လျှင် အဘသင့် တိုင်းမှူးဘဝက ထူထောင် ပေးခဲ့သည့် မောကိန္ဒရီတီးဝိုင်း ဖြစ်မည်ထင်ပါသည်။ မြန်မာ့စိတ်ဓာတ်သီချင်းသည် ၁၉၉၀ ပြည့်လွန်နှစ်များ၌ ဆယ်စုနှစ်တစ်ခုမက လွင့်ပျံ့ခဲ့သော၊ ရှင်းလင်းပြတ်သားစွာ ရပ်တည်ခဲ့ သည့် နိုင်ငံ့ပုံရိပ်ကို ထင်ဟတ်စေသော သီချင်းဖြစ်ခဲ့သလို၊ တော်လောက်ပါပြီ ကိုသင့်ရယ်ဟု လူကြီးတစ်ယောက်က တားယူရသည်အထိ မကြာခဏ ထုတ်လွှင့်ခဲ့သော သီချင်းတစ်ပုဒ် လည်း ဖြစ်ခဲ့သည်။
သည်အကြောင်းတွေကို စီကာစဉ်ကာ ပြန်လည်တွေးတောနေမိသည့် နေရာက လားရှိုးမြို့၏ ရိပ်သာတစ်ခုမှာ၊ ထိုနေရာကနေ လှမ်းကြည့်လျှင် လားရှိုးတက္ကသိုလ်ကြီးကို မြင်နေရသည်။ တက္ကသိုလ်အဆင့်မရောက်မီ ၁၉၇၈ ခုနှစ်၌ ရှမ်းပြည်နယ်ဒေသကောလိပ် ဖြစ်ခဲ့သည်။ ထိုမှ ၁၉၈၀ ပြည့်နှစ်တွင် လားရှိုးကောလိပ်အဖြစ် ပြင်ဆင်ဖွဲ့စည်းခဲ့သည်။ ၁၉၉၉ ခုနှစ်တွင် ဒီဂရီကောလိပ် ဖြစ်ခဲ့ပြီး ၂၀၀၇ ခုနှစ်တွင် တက္ကသိုလ်အဆင့် တိုးမြှင့်ဖွင့်လှစ် ခဲ့ကာ လက်ရှိပါမောက္ခချုပ်မှာ ဒေါက်တာဌေးအောင် ဖြစ်ကြောင်းလည်း သိခွင့်ရခဲ့သည်။ လားရှိုးကောလိပ်ဘဝက ကျောင်းဆောင်တစ်ခုကို နယ်စပ်/ စည်ပင်ဝန်ကြီးအနေဖြင့် အဘသင့် ဖွင့်လှစ်ပေးခဲ့ဖူးကြောင်း ကောင်းကောင်းမှတ်မိနေ၍ အတွေးဝင်နေခြင်း ဖြစ်ပါလိမ့်မည်။ ပြန်လည် တွက်စစ်ကြည့်လိုက်သောအခါ လားရှိုးအပါအဝင် ရှမ်းပြည်နယ် (မြောက်ပိုင်း) ဒေသများနှင့် ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ‘ဝ’ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း၊ ပလောင် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသများသို့ နောက်ဆုံးရောက်ရှိခဲ့သည်က ၂၀၁၇ ခုနှစ်ဖြစ်၍ ၆ နှစ် ကြီးများတောင် ကြာခဲ့ပါပကောလား။
ရိုသေလေးစားရပါသော ကျွန်တော်တို့ အဘသင့်သည်ပင်လျှင် လူ့ဘဝ၊ လူ့လောက ကြီးထဲမှာ မရှိတော့ပြီ။ သူ တိုင်းမှူးဘဝ၊ ရမခနှင့် မောကိန္ဒရီတီးဝိုင်းသည် ခွဲခြား၍မရသလို ရမခ ရိပ်သာမြက်ခင်းပြင်ကိုလည်းပဲ ငြိမ်းချမ်းရေးပန်းရနံ့များဖြင့် ထုံမွှမ်းပျံ့သင်းစေခဲ့သည်။ တပ်မတော်အစိုးရလက်ထက် ၁၉၈၉ ခုနှစ်အတွင်း၌ တရားဥပဒေဘောင်အတွင်း ဝင်ရောက် ခဲ့ကြသည့် ကိုးကန့်အထူးဒေသ(၁)၊ ‘ဝ’အထူးဒေသ(၂)၊ ရှမ်းအထူးဒေသ(၃)တို့မှ တိုင်းရင်းသား ခေါင်းဆောင်များ၊ ၁၉၉၁ ခုနှစ်တွင် တရားဥပဒေဘောင်အတွင်း ဝင်ရောက်ခဲ့သော PSLA အဖွဲ့၊ KDA (ကောင်းခါး) အဖွဲ့တို့မှ တိုင်းရင်းသားခေါင်းဆောင်များ အားလုံးတို့သည် ထို မြက်ခင်းပြင်သို့ စုဝေးရောက်ရှိခဲ့ကြဖူးသည်။ ငြိမ်းချမ်းရေးတွဲလက်များကို ခိုင်မြဲအောင် စည်း နှောင်ပေးခဲ့သော နေရာတစ်ခု ဖြစ်ခဲ့ဖူးသည်။ ထိုအချိန်က ညစာဖြင့် တည်ခင်းဧည့်ခံခဲ့သော ပွဲတိုင်းမှာ မောကိန္ဒရီအဖွဲ့၏ တေးသံသာများကို ကြားခဲ့ရသည်။ သတိရလိုက်ပါဘိတော့။
မှန်းလို့သာရည် တန့်ယန့်မြို့လေးဆီ
ခရီးစဉ်မှာ မိုင်းရယ်နှင့် တန့်ယန်းမြို့များသို့ နေ့ချင်းပြန် ဆွဲထားသော်ငြားလည်း အကြောင်းအားလျော်စွာ မရောက်ဖြစ်တော့ပါ။ ကျွန်တော် နောက်ဆုံးရောက်ခဲ့သည်မှာ နတလ ဒုတိယညွှန်ကြားရေးမှူးချုပ်ဘဝဖြင့် ၂၀၁၇ ခုနှစ် ဇွန်လ ၃၀ရက်နေ့တွင် သွားခဲ့သည့် ခရီးစဉ်ဖြစ်သည်။ သံလွင်အရှေ့ခြမ်းတွင် သီတင်းသုံးနေကြသော သံဃာတော်များအတွက် နယ်စပ်ဒေသနှင့် တိုင်းရင်းသားလူမျိုးများ၏ ဖွံ့ဖြိုးတိုးတက်မှု အကောင်အထည်ဖော်ရေး လုပ်ငန်းကော်မတီ၏ အစီအစဉ်ဖြင့် ဝါဆိုသင်္ကန်းများ ဆပ်ကပ်လှူဒါန်းလာခဲ့ရာ အကြိမ် ၂၀ မြောက် ဝါဆိုသင်္ကန်းဆပ်ကပ်လှူဒါန်းပွဲကို ရှမ်းပြည်နယ် (မြောက်ပိုင်း) တန့်ယန်းမြို့၌ ကျင်းပပြုလုပ်မည်ဖြစ်၍ ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ရဲအောင် (ကိုယ်စား) ကျွန်တော် သွားရောက်ခဲ့ခြင်း ဖြစ်သည်။ ရှမ်းပြည်နယ်အစိုးရအဖွဲ့မှ ဗမာတိုင်းရင်းသား ဝန်ကြီး ဒေါက်တာအောင်သန်းမောင် တက်ရောက်ခဲ့ပါသည်။ သို့ဂလို တာဝန်ဖြင့် သွားခဲ့ ရသည်ဆိုသော်ငြားလည်း တန့်ယန်းမြို့လေးသည် ကျွန်တော်နှင့်မစိမ်းခဲ့ပါ။ ၁၉၈၃ ခုနှစ် သံလွင်အရှေ့ခြမ်းက လွယ်ပန်လုံစခန်းကုန်းများကို တပ်မ ၆၆ တပ်ရင်းများ၊ ရမခတပ်ရင်း များက တိုက်နေချိန်၊ ကျွန်တော်တို့ တပ်မ ၅၅ တပ်ရင်းက သံလွင်အနောက်ခြမ်းမှာ စခန်းထိန်း၊ လမ်းထိန်း၊ ကမ်းထိန်း တာဝန်ကိုယူရင်း စတင်ရောက်ဖူးခဲ့ခြင်း ဖြစ်သည်။ တန့်ယန်းနှင့် ရေစက်တွေမကုန်နိုင်အောင် ဆုံလိုက်ကြပုံများ ၁၉၈၈ ခုနှစ်မှာ ထိုမြို့က ခလရ ၃၃ တပ်ရင်းသို့ ပြောင်းရွှေ့တာဝန်ထမ်းဆောင်ရပြီး ၁၉၉၁ ခုနှစ်အထိ တန့်ယန်းသား လုပ်ခဲ့ရသည်။ ဆိုရသော်…….ဤမြို့သေးသေးလေးနှင့် လွယ်အင်၊ နမ့်ပေါင်၊ မိုင်းကောင်၊ ဆယ်ဟီကတောင်၊ လွယ်ဆေး၊ နောင်ဖာ၊ နောင်လိုင်၊ နမ့်မူဆယ် ဒေသတွေမှာ ကျွန်တော် ပျော်မွေ့ခဲ့ဖူးသည်။
သွားဖြစ်ခဲ့ပါမူ ရှေးဦးစွာ ကိုင်းကုန်းပရိယတ္တိစာသင်တိုက်ဆရာတော်ကြီး ဂန္တဝါစက ပဏ္ဍိတ၊ မဟာသဒ္ဓမ္မဇောတိကဓဇ၊ အဂ္ဂမဟာသဒ္ဓမ္မဇောတိကဓဇ ဘဒ္ဒန္တကုသလအား သွား ရောက် ဖူးမြော်မည်။ ပြီးလျင် ဆရာတော်ကြီး အဂ္ဂမဟာသဒ္ဓမ္မဇောတိကဓဇ ဘဒ္ဒန္တဝဏ္ဏဓဇ ပျံလွန်တော်မူသွားခဲ့ပြီဖြစ်သော ဝေဠုဝန် ပရိယတ္တစာသင်တိုက်ကို သွားမည်။ အလားတူ သီလရှင်ဆရာကြီး မဟာဂန္တဝါစကပဏ္ဍိတ၊ သဒ္ဓမ္မဇောတိကဓဇ ပညာစာရီ မရှိတော့သည့် ရွှေမောင်း သီလရှင်စာသင်တိုက်သို့လည်း ဝင်ရောက်ဦးခိုက်လိုက်ဦးမည်။ ယင်းနောက်မှ တန့်ယန်းမြို့မှာ မိမိတို့ သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာနက ဆောင်ရွက် ပေးရမည့် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများအတွက် ဌာနဆိုင်ရာများနှင့် တွေ့ဆုံညှိနှိုင်းမည်။ ရောက်တုန်းရောက်ခိုက်မှာ လူငယ်သင်တန်းကျောင်းလေးရှိရာသို့လည်း အပြေးအလွှား သွား ရောက်ရန် စိတ်ကူးထားလိုက်သေး၏။ ဒါတွင်ပဲလားဆိုတော့ မဟုတ်သေးပါ။ လွန်ခဲ့သော ၃၅ နှစ်ခန့်ကတည်းက ခင်မင်ရင်းနှီးခဲ့ကြသော ကျွန်တော့်မိတ်ဆွေများဖြစ်သည့် ကိုအောင်စန်း၊ ကိုဝင်းဇော်ဦး၊ ကိုကျော်ချစ်မောင်တို့အတွက်လည်း လက်ဆောင်တွေယူသွား ဦးမည်ပေါ့။ စစ်ဗျူဟာမှူး ဗိုလ်မှူးကြီးစောဘိုးသာနှင့် မကြာခဏသွားခဲ့ဖူးသည့် မိုင်းရယ်မြို့လေးကို တော့ တန့်ယန်းအပြန် ဝင်ဖြစ်အောင်ဝင်မည်။ မိမိဝန်ထမ်းများနှင့် တွေ့ဆုံမည်၊ ဒေသ ဖွံ့ဖြိုးရေးအတွက်လည်း ညှိနှိုင်းဆောင်ရွက်ကြမည်။ သို့သော်… စိတ်ကူးနှင့်သာ မှန်းမျှော်၍ လွမ်းလိုက်ရပါသည် တန့်ယန်းမြို့လေးရေ။ စောင့်ပေဦးတော့။
ဦးခိုက်ဖူးမြော် မန်ဆူဆရာတော်
လားရှိုးမြို့နှင့် ပတ်ဝန်းကျင်တစ်ဝိုက်မှာ လုပ်စရာရှိတာတွေ ခဏထား၊ မဖြစ်မနေ သွားရမှာက မန်ဆူကျောင်းဟု ကျွန်တော့်အာရုံထဲတွင် ပေါ်နေလေတော့ရာ ယင်းကျောင်း တိုက်သို့သွား၍ ဆရာတော်ကြီး အဂ္ဂမဟာသဒ္ဓမ္မဇောတိကဓဇ၊ အဂ္ဂမဟာကမ္မဌာနစရိယ ဒေါက်တာဘဒ္ဒန္တပုညနန္ဒအား ဖူးမြော်ကန်တော့ခဲ့ကြသည်။ ရခိုင်ပြည်နယ်အတွင်း၌ မိုခါ မုန်တိုင်း မတိုက်ခတ်မီအချိန် ပထမတစ်ခေါက်သွားစဉ်က ဆရာတော်ကြီးအား စစ်တွေ လေဆိပ်တွင် ဖူးမြော်ခွင့်ရခဲ့သည်။ ဒုတိယအကြိမ်က နေပြည်တော်ရှိ ဥပ္ပါတသန္တိစေတီတော် ကြီး၌ ဆွမ်းဆန်စိမ်းလောင်းလှူပွဲတွင် ဖြစ်သည်။ ယခုပြီးခဲ့သည့် ဩဂုတ်လ ၁၆ ရက်နေ့ လားရှိုးမြို့ခရီးစဉ်မှာ တတိယအကြိမ် သွားရောက်ဖူးမြော်ခဲ့သည်။ ထိုနေ့သည် ဒုတိယဝါဆို လကွယ် ဥပုသ်နေ့ဖြစ်၍ ကျောင်းဝင်းအတွင်း ဥပုသ်သီတင်း ဆောက်တည်ကြသူများ၊ ဆွမ်း ပို့သူများ၊ ဆရာတော်အား လာရောက်ဖူးမြော်ကြသူများနှင့် စည်ကားများပြားနေပါသည်။ လားရှိုး ညဈေး၊ မန်ဆူဈေး၊ လားရှိးကြီး၊ လားရှိုးရေပူစမ်း၊ အေတီဂိတ်တို့သည်လည်းကောင်း၊ မန်ဆူဘုရားနှင့် မန်ဆူဘုန်းတော်ကြီးကျောင်း၊ ရန်တိုင်းအောင်စေတီ၊ သာသနာ ၂၅၀၀ စေတီ ကုန်း၊ လားရှိုးမြို့လယ် ဘုရားကြီး၊ ရန်အောင်မြင်ဘုရား၊ ရေကန်တောင်ဘုရား ဆိုသည့် ဘွဲ့ အမည်နာမတို့သည်လည်းကောင်း ကျွန်တော့်ဘဝတစ်သက်တာ၌ မေ့နိုင်စရာ အကြောင်းမရှိ တော့ပါပေ။
တံတားဦး-လားရှိုးခရီးစဉ်အစ
ဩဂုတ်လ ၁၅ ရက်နေ့ မွန်းလွဲပိုင်း၌ တံတားဦး အပြည်ပြည်ဆိုင်ရာလေဆိပ်မှ ထွက်ခွာခဲ့သော လေယာဉ်သည် ပျံသန်းချိန် မိနစ် ၄၅ မိနစ်ခန့်မှာ လားရှိုးလေဆိပ်သို့ ဆိုက် ရောက်ခဲ့သည်။ မရောက်တာကြာပြီဖြစ်သလို လေယာဉ်ခရီး မသွားဖြစ်ခဲ့သည်မှာလည်း အတော်ကြာခဲ့ပြီပဲ။ သို့သော် လားရှိုးလေဆိပ်ကို တက်ဆင်းပြုလုပ်တိုင်း ပတ်ဝန်းကျင်မှာ အမြင့်ဆုံးဖြစ်နေသည့် ဆင်တောင်ကို ဖျတ်ကနဲ အမှတ်ရပြီး ငုံ့ကြည့်လိုက်မိသည်။ တွေ့လိုက် ပါပြီ ဆင်တောင်ကို၊ တောင်ကြီး ဖဝါးအောက်၊ တောင်မြင့်သော်လည်း လေယာဉ်အောက်ပါ တကား။ လေဆိပ်မှာ လာကြိုသူများကို နှုတ်ဆက်၍ လားရှိုးမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုး တိုးတက်ရေးဦးစီးဌာန ရုံးသို့ ဆက်လက်ထွက်ခွာကာ မိမိတို့ဝန်ကြီးဌာနအောက် ဦးစီးဌာန ၄ ခုမှ ဝန်ထမ်းများနှင့် တွေ့ဆုံခဲ့ပါသည်။ ဘယ်ပြည်နယ် ဘယ်တိုင်းဒေသကြီးကိုပဲရောက် ရောက် ဝန်ထမ်းများနှင့်တွေ့ဆုံနိုင်ဖို့ကို ကျွန်တော် အထူးအလေးထား ဆောင်ရွက်ခဲ့သည်။ နိုင်ငံတော်အကြီးအကဲ၏ လမ်းညွှန်ချက်များ၊ နိုင်ငံမှာ အကောင်အထည်ဖော် ဆောင်ရွက်နေ သည့် စီမံကိန်းလုပ်ငန်းများကို သိစေချင်သည်။ မိမိတို့ဝန်ကြီးဌာန၏ မူဝါဒ၊ လုပ်ငန်းစဉ်များ ကိုလည်း သဘောပေါက် နားလည်စေချင်သည်။ အထူးသဖြင့် နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေ ဖြင့် ဆောင်ရွက်နေသည့် လုပ်ငန်းများတွင် ဦးစီးဌာနအလိုက် ပူးပေါင်းပါဝင် ဆောင်ရွက်ကြ ရန်၊ အထက်အောက် အပြန်အလှန်လေးစားမှု၊ ကူညီစောင့်ရှောက်မှုတို့ဖြင့် ဌာနတွင်း စည်းလုံးညီညွတ်ရေးကို ခိုင်မာအောင် တည်ဆောက်ရန်၊ ပါတီနိုင်ငံရေး ကင်းရှင်းရန်၊ အဂတိ တရား ကင်းရှင်းရန်တို့အတွက်လည်း မှာချင်သည်။
ဝန်ထမ်းများ ဘဝမြင့်မားတိုးတက်ရေး
ထပ်မံ၍ အလေးထားမှာကြားသည်ကတော့ ကံဆိုသည်မှာ အလုပ်ဟုခံယူကာ မိမိ ဦးစီးဌာန၊ မိမိဝန်ကြီးဌာန၊ မိမိတို့ နိုင်ငံတော်အပေါ် သစ္စာရှိရှိ တာဝန်သိသိဖြင့် လုပ်ငန်း တာဝန်များကို ကြိုးပမ်းထမ်းရွက်ရင်း ဝန်ထမ်းများအနေဖြင့် မိမိဘဝမြင့်မားတိုးတက်ရေး အတွက် အခွင့်အလမ်းများ ရှာဖွေကြရန်၊ ဌာနတွင်း ရာထူးတိုးကိစ္စများတွင် သမာသမတ် ရှိစေရေး၊ မျှတမှုရှိစေရေးအတွက် ပြည်ထောင်စုဝန်ကြီး၏ လမ်းညွှန်မှာကြားချက်များကို သိရှိထားပြီး ရာထူးနေရာအလိုက် ရေးဖြေ၊ အကဲဖြတ်အမှတ်၊ လုပ်သက်အမှတ်များအတွက် တန်းစီဇယားထိပ်သို့ ရောက်ရှိအောင် ကြိုးစားကြရန်၊ ပုံမှန် ရုံးတက်ရုံးဆင်းလိုက်၊ Facebook ကြည့်လိုက်ဖြင့် တစ်နေကုန်အချိန်ဖြုန်းမနေဘဲ အခြားဝန်ကြီးဌာနကခေါ်ယူသော တစ်ဆင့်မြင့် ရာထူးနေရာများ၊ ဝန်ကြီးဌာနက ခွဲဝေရရှိသည့် နိုင်ငံခြားပညာတော်သင် ဆုများအတွက် သတ်မှတ်အရည်အချင်းကိုက်ညီပြည့်မီသော ဝန်ထမ်းများအနေဖြင့် ဝင်ရောက်ဖြေဆိုကြရန်၊ ထိုသို့ ယှဉ်ပြိုင်ဖြေဆိုနိုင်ရေးအတွက် အချိန်ကို အကျိုးရှိရှိအသုံးချပြီး ကြိုးစား အားထုတ် ကြရန်တို့ပဲ ဖြစ်ပါသည်။ အမှန်တစ်ကယ်လည်း သူတို့ဘဝတွေ မြင့်မားတိုးတက်စေ ချင်ပါသည်။
ခေသူများမဟုတ်ကြတဲ့ နမ့်စံလွယ်ရွာ
ဝန်ထမ်းများနှင့်တွေ့ဆုံပွဲ အပြီးတွင် လားရှိုးမြို့နယ်ထဲက နမ့်စံလွယ်ကျေးရွာသို့ သွား ရောက်ခဲ့သည်။ မန်အိုင်ကျေးရွာအုပ်စုအတွင်းရှိ နမ့်စံလွယ်ကျေးရွာတွင် အိမ်ခြေ ၅၄၇ အိမ်၊ လူဦးရေ ၂၇၀၀ နီးပါးနှင့် ပလောင် တိုင်းရင်းသားအများစု နေထိုင်လျက်ရှိသည်။ စိုက်ပျိုးရေး လုပ်ငန်းကို အဓိကအားထားလုပ်ကိုင်နေကြပြီး စပါးနှင့် ပြောင်းသီးနှံများ စိုက်ပျိုးကြသည်။ အခြေခံပညာမူလတန်းကျောင်း ၁ ကျောင်း၊ ဘုန်းတော်ကြီးသင်ပညာရေးကျောင်း ၁ ကျောင်း ရှိနေသည်။ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၏ ကျေးရွာဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းစီမံကိန်း VDP ရန်ပုံငွေကျပ် သိန်း ၁၀၀၊ ကျေးရွာမှ ထည့်ဝင်ငွေကျပ် ၄၄ ဒဿမ ၉၈ သိန်း၊ စုစုပေါင်း ၅၄ ဒဿမ ၉၈ သိန်းဖြင့် ဆောက်လုပ်ထားသော ကျေးရွာခန်းမကြီးထဲမှာ ရွာသူရွာသားများနှင့်တွေ့ဆုံ၍ ဒေသဖွံ့ဖြိုးရေး၊ တည်ငြိမ်အေးချမ်းရေးတို့အတွက် ညှိနှိုင်း ဆွေးနွေးမှာကြားဖြစ်ခဲ့သည်။ နမ့်စံလွယ် ပလောင်တိုင်းရင်းသားများသည် ခေသူများမဟုတ် ကြပါ။ မိမိတို့ဝန်ကြီးဌာနက အကောင်အထည်ဖော် ဆောင်ရွက်ပေးနေသော စံပြကျေးရွာ (SMART Village) စီမံကိန်းများအကြောင်း နားလည်သိရှိထားပြီး နမ့်စံလွယ်ကျေးရွာအား စံပြကျေးရွာအဖြစ် သတ်မှတ်ဆောင်ရွက်ပေးရေး၊ ကုန်ထုတ်လမ်းများ ခွင့်ပြုပေးရေး တင်ပြ တောင်းခံလာရာ ညှိနှိုင်းဆောင်ရွက်ပေးခဲ့ပါသည်။
သမကျေးလက် ပြည်သူ့အတွက်
နမ့်စံလွယ်ကျေးရွာမှ မန်အိုင်ကျေးရွာသို့ ကူးခဲ့သည်။ မန်အိုင်ကျေးရွာတွင် အသေးစား စက်မှုလက်မှုလုပ်ငန်းဦးစီးဌာနက သင်တန်းဖွင့်လှစ်၍ သင်ကြားပေးခဲ့သော နည်းပညာဖြင့် သင်တန်းသား၊ သင်တန်းသူ ၆ ဦး စုပေါင်းလုပ်ကိုင်နေကြသော ဆပ်ပြာရည်အမျိုးမျိုး ထုတ်လုပ်ရောင်းချနေသည့် လုပ်ငန်းအား သွားရောက်ကြည့်ရှုအားပေးခဲ့သည်။ နေရာ အဆောက်အဦနှင့် ထုတ်လုပ်ရောင်းချနေသည့် ကုန်ပစ္စည်းများကအစ သေသပ်ကောင်းမွန်စွာ စနစ်တကျရှိနေပါသည်။ သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ အသေးစားစက်မှု လက်မှုလုပ်ငန်းဦးစီးဌာနသည် ၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ်မှစ၍ ပြည်နယ်နှင့် တိုင်းဒေသကြီး အသီးသီးတွင် ကျေးရွာပေါင်း ၁၅၅ ရွာ ရွေးချယ်ကာ ကျေးရွာတစ်ရွာလျင် ခွင့်ပြုရန်ပုံငွေ ကျပ်သိန်း ၁၀၀ ဖြင့် အသေးစားကုန်ထုတ်လုပ်ငန်းများ ဖန်တီးပေးနိုင်ရေးနှင့် ကျေးလက်နေ မိသားစုဝင်ငွေတိုးရေးစီမံကိန်းကို အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိသည်။ သတ်မှတ် သင်တန်းကာလအတွင်း၌ အခြေခံ၊ အဆင့်မြင့် စက်ချုပ်သင်တန်းများ၊ မော်တော်ဆိုင်ကယ် ပြုပြင်နည်းသင်တန်းများ၊ စားသောက်ကုန်ထုတ်လုပ်မှု နည်းပညာသင်တန်းများ၊ လူသုံးကုန် ထုတ်လုပ်မှုနည်းပညာသင်တန်းများ၊ ဝါးလက်မှုထည်သင်တန်းများ၊ သစ်အခြေခံ ပရိဘောဂ သင်တန်းများ၊ လက်ရက်ကန်းသင်တန်းများနှင့် ဖယောင်းတိုင်ထုတ်လုပ်မှု နည်းပညာ သင်တန်းများအပါအဝင် အသက်မွေးဝမ်းကျောင်းလုပ်ငန်းဆိုင်ရာ သင်တန်းများ၊ မွမ်းမံ သင်တန်းများ ဖွင့်လှစ်သင်ကြားပေးပြီး သင်တန်းပြီးဆုံးပါက သင်တန်းသားများထဲမှ ထူးချွန် သင်တန်းသား ၅ ဦး ရွေးချယ်ကာ ကိုယ်ပိုင်လုပ်ငန်းထူထောင်လုပ်ကိုင်နိုင်ရေး ကျပ် ၁၀ သိန်း စီနှင့်ညီမျှသော လုပ်ငန်းအထောက်အကူပြု ပစ္စည်းများအား ဘဏ္ဍာရေးစည်းမျဉ်းစည်းကမ်း များနှင့်အညီ ပံ့ပိုးပေးအပ်ခဲ့သည်။ ဘဏ္ဍာနှစ်ကုန်ဆုံးချိန်တွင် ကိုယ်ပိုင်စီးပွားရေးလုပ်ငန်း လုပ်ကိုင်နိုင်မည့် လုပ်ငန်းရှင် ၇၇၅ ဦး ပေါ်ထွက်လာမည် ဖြစ်ပါသည်။
လားရှိုးလူငယ်သင်တန်းကျောင်း
လားရှိုးမြို့သို့ ရောက်တုန်းရောက်ခိုက် တစ်ချိန်က မိမိတာဝန်ထမ်းဆောင်ခဲ့ဖူးသော နယ်စပ်ရေးရာဝန်ကြီးဌာနအောက်ရှိ နယ်စပ်ဒေသတိုင်းရင်းသားလူငယ်များ ဖွံ့ဖြိုးရေး သင်တန်းကျောင်းသို့လည်း အချိန်ပေး ဝင်ရောက်ခဲ့ပြီး ကျောင်းသားကျောင်းသူများကို တွေ့ဆုံကာ ပြည်ထောင်စုစိတ်ဓာတ် ရှင်သန်ထက်မြက်သော လူငယ်လူရွယ်များဖြစ်အောင် ကြိုးစားကြရန် တိုက်တွန်းမှာကြား၍ စားရိပ်သာအတွက် ငွေကျပ် ၃ သိန်း ပေးအပ်ခဲ့ပါသည်။
လားရှိုးမှသည် ရွှေမန်းဆီသို့
ဩဂုတ်လ ၁၆ ရက်နေ့ လားရှိုးမှထွက်ခွာမည့် လေယာဉ်ချိန်စောခဲ့ပါမူ မန္တလေးတွင် ညအိပ်ရန်မလိုဘဲ နေပြည်တော်သို့ ပြန်လည်ဝင်ရောက်နိုင်မည် ဖြစ်သည်။ သို့သော် လေယာဉ်က ညနေပိုင်းမှထွက်ခွာသောအခါ မြို့ရွှေမန္တလာတွင် တစ်ညအိပ်ပြီး နောက်တစ်နေ့ ပုသိမ်ကြီးနှင့် ကျောက်ဆည်ဒေသတွင် မိုးစပါးစိုက်သမဝါယမအသင်းများ ဖွဲ့စည်းစိုက်ပျိုးနေ မှုကို သွားရောက်ကြည့်ရှုအားပေးခဲ့ပါသည်။ ဩဂုတ်လ ၁၇ ရက်နေ့ နံနက်ပိုင်း၌ မန္တလေး တိုင်းဒေသကြီး၊ ပုသိမ်ကြီးမြို့နယ်အတွင်းရှိ မန်းတောင်ရိပ်မျိုးစေ့ထုတ် သမဝါယမအသင်း၏ မျိုးစေ့ထုတ်စိုက်ခင်းသို့ ရောက်ရှိခဲ့သည်။ ထိုမှတစ်ဆင့် မနောယျမကျေးရွာသို့ သွားရောက် ကာ အသင်းသားတောင်သူများဖြစ်ကြသော ဦးစိုးတင့်နှင့် ဦးဖိုးကျော်တို့၏ လယ်များကို သွားရောက်ကြည့်ရှုအားပေးခဲ့ပါသည်။ မဂျမ်းတော စပါးမျိုးဖြင့် ယမန်နှစ်က ၁ ဧက ၈၀ တင်း ထွက်ရှိအောင် စိုက်ပျိုးခဲ့ကြကြောင်းသိရသည်။ ယင်းနောက် ရွာသစ်ကျေးရွာ ပုဗ္ဗာရာမ ဘုန်းတော်ကြီးကျောင်းတွင် အသင်းသားတောင်သူများ၊ ရွာသူရွာသားများနှင့်တွေ့ဆုံ၍ အထွက်တိုးစပါးမျိုးများ စိုက်ပျိုးရန်၊ ပန်းတိုင်အထွက်နှုန်းရရှိအောင် ကြိုးပမ်းဆောင်ရွက်ရန် တို့ကို တိုက်တွန်းမှာကြားကာ သဘာဝမြေဩဇာများကိုပါ အသုံးပြုရေး၊ လယ်ယာမြေများ အကြောင်းအမျိုးမျိုးဖြင့် လျော့ပါးမသွားစေရေးတို့အတွက်လည်း ရှင်းလင်းဆွေးနွေးခဲ့ပါသည်။ စိုက်ပျိုးရေးလုပ်ငန်းများအပြင် ဒေသဖွံ့ဖြိုးရေးလုပ်ငန်း တင်ပြချက်များကိုပါ ညှိနှိုင်း ပေါင်းစပ် ဆောင်ရွက်ပေးခဲ့ပါသည်။
သမဝါယမကောလိပ်(မန္တလေး)
ပုသိမ်ကြီးမြို့နယ်ထဲကို ရောက်နေမှတော့ သမဝါယမကောလိပ်(မန္တလေး)ဆိုသည်မှာ ခရီးမဝေးတော့ပါ။ တစ်ချိန်မှာ နိုင်ငံတော်က အားထားရသော စီးပွားရေးပညာရှင်များ မွေး ထုတ်ပေးရန်၊ စာပေသင်ကြားရေးသာမက မျိုးချစ်စိတ် တိုင်းချစ်ပြည်ချစ်စိတ် ရှင်သန် ထက်မြက်သော လူငယ်လူရွယ်များဖြစ်အောင် လေ့ကျင့်ပျိုးထောင်ပေးကြရန် ကျောင်းအုပ် ကြီး ဒေါက်တာတင်မူအေးနှင့် ဆရာဆရာမများကို မှာကြားပြီး ကျောင်းသားကျောင်းသူလေး များအား တွေ့ဆုံနှုတ်ဆက်ခဲ့ပါသည်။ ထမင်းစားချိန်နှင့်လည်း ကြုံကြိုက်နေ၍ ၎င်းတို့၏ စားရိပ်သာကိုပါ ကြည့်ရှုခဲ့သည်။ ကောလိပ်စာကြည့်တိုက်သို့လည်း သွားရောက်ကြည့်ရှု လေ့လာခဲ့ပြီး စာအုပ်စာစောင်များ ထပ်မံဖြည့်တင်းပေးနိုင်ရန် စိတ်ကူးရရှိခဲ့၏။ ကျောင်းသား ကျောင်းသူ လူငယ်လူရွယ်များအနေဖြင့် စာအုပ်တွေကြားမှာ ပျော်မွေ့စေချင်ပါသည်။ သမဝါယမကောလိပ်(မန္တလေး)၏ ပထမနှစ် ကျောင်းသူလေးများအား စနေ၊ တနင်္ဂနွေ ကျောင်းပိတ်ရက်များတွင် အခြေခံစက်ချုပ်သင်တန်း ဖွင့်လှစ်သင်ကြားပေးလျက်ရှိရာ လိုလို လားလား တက်ရောက်သင်ယူနေကြကြောင်း သိရ၍ သူတို့လေးတွေ၏ စိတ်အားထက်သန်မှု အတွက် အံ့ဩဝမ်းသာမိပါသည်။
အောင်တော်မူစေတီဖူး၍ ပြန်ခဲ့သည်
ခရီးစဉ်အရ ပုသိမ်ကြီးမှ စဉ့်ကိုင်မြို့နယ် သမဝါယမအသင်းစုပိုင် ဆန်စက်သို့ လည်းကောင်း၊ ထိုမှ ကျောက်ဆည်မြို့နယ် အင်တိုင်းကျေးရွာတွင် အသေးစားစက်မှုလက်မှု လုပ်ငန်းဦးစီးဌာနက ဖွင့်လှစ်သင်ကြားပေးနေသော အခြေခံစက်ချုပ်နည်းသင်တန်းသို့ လည်းကောင်း၊ အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနတွင် လုပ်ငန်းမှတ်ပုံတင်ကာ နွားနို့ နှင့် ဒိန်ချဉ်ထုတ်လုပ်နေသော ဒီနေလင်း ဒိန်ချဉ်လုပ်ငန်းသို့လည်းကောင်း သွားရောက် ကြည့်ရှုအားပေးခဲ့ပါသည်။ ဆက်လက်၍ ပတ္တာကျေးရွာ စိုက်ပျိုးရေးနှင့်အထွေထွေလုပ်ငန်း သမဝါယမအသင်းသားတောင်သူ ဦးဝင်းမြင့်နောင်၏ လယ်မြေ ၁၅ ဧက၊ တောင်သူဦးငြိမ်း၏ လယ်မြေ ၁၀ ဧကတို့တွင် ဧရာပဒေသာစပါးမျိုး စိုက်ပျိုးထားမှုကို ကြည့်ရှုအားပေးခဲ့သည်။ ထိုမှ ရှမ်းရွာကြီးကျေးရွာသို့ကူးကာ အရှေ့ရွာနန်းနှင့် တောင်ပလူ စိုက်ပျိုးရေးသမဝါယမ အသင်းသား တောင်သူများနှင့်တွေ့ဆုံ၍ မိုးစပါးစိုက်ပျိုးရေးလုပ်ငန်းများ အောင်မြင်ရန် ညှိနှိုင်းဆောင်ရွက်ခဲ့ပါသည်။
ကျောက်ဆည်မြို့သို့ရောက်ရှိစဉ် ကျွန်တော် တပ်မတော်သားဘဝ စတင်တာဝန်ထမ်း ဆောင်ခဲ့သော မိခင်တပ်ရင်းသို့ ခေတ္တဝင်ရောက်ကာ ရိပ်သာအနီးတွင် တည်ထားသော အောင်တော်မူစေတီကို ဖူးမြော်၍ ဘုရားအတွက် အလှူငွေ ၃ သိန်း၊ တပ်ရင်းမှ အိမ်ထောင်သည်ရဲမေများအတွက် ၇ သိန်းကျပ် လှူဒါန်းခဲ့ပါသည်။ လွန်ခဲ့သည့် နှစ်ပေါင်း ၄၀ ကျော်က ထုံးသင်္ကန်းဖွေးဖွေးနှင့် အောင်တော်မူစေတီကို ရွှေသင်္ကန်းတစ်ဝင်းဝင်းနှင့် ထပ်မံ ဖူးတွေ့ခွင့်ရခဲ့သည်။ ကျွန်တော်၏ နေပြည်တော်အပြန်ခရီးသည် လွန်ခဲ့သော နှစ်များစွာက ကျောက်ဆည်ဒေသ ပုံရိပ်များဖြင့် တွဲခိုလျက်.........။
Related News and Articles
အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။