Language : |
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

ပြည်ထောင်စုဝန်ကြီး ဦးလှမိုး ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၏ ၂၀၂၃-၂၀၂၄ ဘဏ္ဍာရေးနှစ်အစည်းအဝေးသို့ တက်ရောက်


08 Sep,2023

နေပြည်တော် စက်တင်ဘာ ၇

နိုင်ငံ့လူဦးရေရဲ့ ၇၀% ခန့်ဟာ ကျေးလက်ဒေသများမှာ နေထိုင်ကြသူများ ဖြစ်တဲ့အတွက် ကျေးလက်ဒေသများ ဖွံ့ဖြိုးမှသာ နိုင်ငံဖွံ့ဖြိုးလာမှာဖြစ်ကြောင်း၊ နိုင်ငံတော်အစိုးရအနေနဲ့ မြို့ပြနှင့် ကျေးလက် ဖွံ့ဖြိုးမှုကွာဟချက် ကျဉ်းမြောင်းစေရေး၊ ဟန်ချက်ညီညီ ဖွံ့ဖြိုးတိုးတက်စေရေးနှင့် ဆင်းရဲနွမ်းပါးမှု လျှော့ချရေးတို့ကို အထူးအလေးထားကာ ရှေ့လုပ်ငန်းစဉ် (၅) ရပ်နဲ့ တိုင်းပြည် သာယာဝပြောရေး၊ စားရေရိက္ခာဖူလုံရေးအတွက် နိုင်ငံရေး၊ လူမှုရေး၊ စီးပွားရေး ဦးတည်ချက် (၉) ရပ် ချမှတ်ပြီး နိုင်ငံတော်ရဲ့ အမျိုးသားအကျိုးစီးပွား ဘက်စုံဖွံ့ဖြိုးတိုးတက်ရေးကို အရှိန်အဟုန် မြှင့်တင် ဆောင်ရွက်လျက်ရှိကြောင်း၊ ဒါ့အပြင် စိုက်ပျိုးမွေးမြူရေးအခြေခံတဲ့ ကုန်ထုတ်စွမ်းအား မြင့်မားရေးနဲ့ အသေးစား၊ အငယ်စားနဲ့ အလတ်စားစီးပွားရေးလုပ်ငန်းတွေ ဖွံ့ဖြိုးတိုးတက်စေရေး ကို အထူးအလေးပေး ဆောင်ရွက်လျက်ရှိကြောင်းဖြင့် ယနေ့နံနက်ပိုင်း သမဝါယမနှင့် ကျေးလက် ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်သော ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက် ရေးဦးစီးဌာန၏ ၂၀၂၃-၂၀၂၄ ဘဏ္ဍာရေးနှစ်၊ အစည်းအဝေးတွင် ပြည်ထောင်စုဝန်ကြီး ဦးလှမိုးက ပြောကြားခဲ့ခြင်း ဖြစ်သည်။

ဆက်လက်ပြီး ပြည်ထောင်စုဝန်ကြီးက မိမိတို့ဝန်ကြီးဌာနအနေနဲ့ မြန်မာနိုင်ငံ၏ ကျေးလက် ဒေသဖွံ့ဖြိုးရေးကို အဓိကတာဝန်ယူ ဆောင်ရွက်နေတဲ့ ဌာနဖြစ်တာကြောင့် နိုင်ငံတော်၏ ဖွံ့ဖြိုးရေး ဆိုင်ရာမူဝါဒများ၊ ရည်မှန်းချက်များ ပြည့်မီစေရန် ရည်ရွယ်ပြီး မူဝါဒများချမှတ်ကာ ဘက်စုံ ဖွံ့ဖြိုးရေးလုပ်ငန်းများကို အဓိကဦးစားပေး ဆောင်ရွက်လျက်ရှိပါကြောင်း၊ ကျေးလက်ဒေသဖွံ့ဖြိုး တိုးတက်ရေးဦးစီးဌာနအနေနဲ့ ကျေးလက်ဖွံ့ဖြိုးရေး မဟာဗျူဟာမူဘောင် (၅)ရပ် ချမှတ်ပြီး ပြည်သူ ဗဟိုပြု ချဉ်းကပ်မှုနည်းလမ်းဖြင့် စဉ်ဆက်မပြတ် ကျေးလက်ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများကို တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် မြန်ဆန်သွက်လက်စွာ ဖော်ဆောင်ရွက်နေပါကြောင်း၊ ကျေးလက်နေ ပြည်သူများအနေနဲ့ ၎င်းတို့ ကျေးရွာဖွံ့ဖြိုးရေးဆိုင်ရာ ပြဿနာများ ဖော်ထုတ်ခြင်းမှစ၍ ဦးစားပေး ရွေးချယ်ခြင်း၊ အစီအစဉ်များရေးဆွဲခြင်း၊ ကိုယ်တိုင် အကောင်အထည်ဖော် ဆောင်ရွက်ခြင်းအပြင် စောင့်ကြည့်စစ်ဆေး အကဲဖြတ်ခြင်း (M & E) လုပ်ငန်းစဉ်အထိ ဆောင်ရွက်လာနိုင်သည်ကို ဝမ်းမြောက်ဖွယ် တွေ့မြင်ရကြောင်း၊ ကျေးလက်ဦးစီးဌာနဝန်ထမ်းများဟာ ကျေးရွာအနှံ့ ရောက်ရှိပြီး ဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်နေကြသူများဖြစ်လို့ မိမိဌာနရဲ့ အခြေခံအဆောက် အအုံဖွံ့ဖြိုးရေး လုပ်ငန်းများအပြင် သမဝါယမပုံစံစုဖွဲ့၍ စိုက်ပျိုးရေး၊ မွေးမြူရေးလုပ်ငန်းများကို ဆောင်ရွက်ရန် ကျေးလက်ပြည်သူများအား စည်းရုံးဆောင်ရွက်ပေးကြဖို့ မှာကြားလိုကြောင်း၊ ယခုဘဏ္ဍာနှစ် အတွင်း တည်ဆောက်ရေးလုပ်ငန်းများကို ဆောင်ရွက်တဲ့အခါမှာလည်း သတ်မှတ်စံချိန်စံညွှန်း၊ အရည်အသွေး ပြည့်မီစေရေးနှင့် သတ်မှတ်ကာလထက် စောပြီးစေရေး သက်ဆိုင်ရာတိုင်းဒေသကြီး/ ပြည်နယ်များရှိ တာဝန်ရှိသူအသီးသီးက ကြီးကြပ်ဆောင်ရွက်ကြဖို့ မှာကြားလိုကြောင်း၊

ကျေးလက်ဦးစီးဌာနအနေနဲ့ ကျေးလက်စီးပွားမြင့်မားရေးရန်ပုံငွေစီမံကိန်း RBF ရန်ပုံငွေဖြင့် ဝက်၊ နွား၊ ဆိတ် မွေးမြူရေး လုပ်ငန်းများကို စီးပွားဖြစ် စနစ်တကျ မွေးမြူဆောင်ရွက်နေတာဖြစ်လို့ နိုင်ငံတော်နဲ့ ပြည်သူများအတွက် များစွာအကျိုးကျေးဇူး ဖြစ်ထွန်းစေပါကြောင်း၊ အောင်မြင်နေတဲ့ အစဉ်အလာကောင်းများကို ဆက်လက်ထိန်းသိမ်းပြီး ပိုမိုအောင်မြင်မှုများရရှိစေရန် ကြိုးပမ်း ဆောင်ရွက်ကြဖို့ မှာကြားလိုကြောင်း၊ အသက်မွေးဝမ်းကျောင်းသင်တန်းများကို အမှန်တကယ် လုပ်ငန်းဆောင်ရွက်လိုသူများကိုသာ စုစည်းသင်ကြားပေးပြီး သင်တန်းပြီးဆုံး၍ ကိုယ်ပိုင်စီးပွားရေး လုပ်ကိုင်နိုင်ရန် လိုအပ်သည့် စက်ပစ္စည်း၊ လုပ်ငန်းသုံးကိရိယာများကို ထောက်ပံ့ပေးနိုင်ရေး မြစိမ်းရောင်စီမံကိန်းချေးငွေ၊ RBF ချေးငွေများဖြင့် ချိတ်ဆက်ပေးဖို့ အလေးထား မှာကြား လိုပါကြောင်း၊

မိုခါမုန်တိုင်းဒဏ်ခံစားခဲ့ရတဲ့ ရခိုင်ပြည်နယ်မှာ ဘေးဒဏ်သင့်ပြည်သူများ ရေကောင်းရေသန့် ရရှိစေရေးအပါအဝင် ပြန်လည်ထူထောင်ရေးလုပ်ငန်းများကို ကျေးလက်ဦးစီးဌာနမှ  စက်ယန္တရား အင်အား၊ လူအင်အား၊ နည်းပညာစွမ်းပကားတို့ဖြင့် ဆောင်ရွက်ပေးနိုင်ခဲ့တဲ့အတွက် ပြည်သူများ သောက်သုံးရေဖူလုံစွာရရှိခဲ့ပြီး ရေနဲ့ဆက်စပ်တဲ့ရောဂါများကို တားဆီးနိုင်ခဲ့ပြီး ပါဝင်ဆောင်ရွက်ခဲ့တဲ့ ကျေးလက်ဦးစီးဌာန ဝန်ထမ်းများကို အသိအမှတ်ပြု မှတ်တမ်းတင်ပါကြောင်း၊ ကျေးလက်ဝန်ထမ်း များအနေနဲ့ လုပ်ငန်းများ ဆောင်ရွက်ရာမှာ အလွဲသုံးစားမှုနဲ့ ငွေကြေးပါဝင်ပတ်သက်မှု မရှိစေရေး၊ အဂတိတရားကင်းရှင်းရေးတို့ကို အထူးဂရုပြု လိုက်နာဆောင်ရွက်ကြဖို့ မှာကြားလိုပါကြောင်း၊ ဒီလိုဖြစ်စဉ်များ ဖြစ်ပေါ်လာပါက ထိထိရောက်ရောက် ပြင်းထန်စွာ အရေးယူဆောင်ရွက်သွားမှာ ဖြစ်ပြီး ကြိုတင်အသိပေး မှာကြားလိုပါကြောင်း၊

ဦးစီးမှူးများကိုယ်တိုင်က ခေါင်းဆောင်ကောင်းများဖြစ်အောင် ကျင့်ကြံရမှာဖြစ်သလို ဝန်ထမ်းများကလည်း နောက်လိုက်ကောင်းများ ဖြစ်စေရေး ကြိုးပမ်းဆောင်ရွက်ကြစေလိုကြောင်း၊ အထူးသဖြင့် ဌာနတွင်း စည်းလုံးညီညွတ်ရေး ခိုင်မာအားကောင်းဖို့နဲ့ ပျော်ရွှင်ဖွယ် လုပ်ငန်းခွင် ဖြစ်စေရေး ဆောင်ရွက်ကြဖို့ လိုအပ်ကြောင်း၊ ဝန်ထမ်းသက်သာချောင်ချိရေး ကိစ္စရပ်များကိုလည်း တတ်နိုင်သမျှဆောင်ရွက် ပေးကြဖို့နဲ့ အုပ်ချုပ်ထောက်ပံ့ကိစ္စရပ်များ မလစ်ဟင်းအောင် စီမံ ဆောင်ရွက်ကြဖို့ မှာကြားလိုပါကြောင်း၊ ဝန်ထမ်းများအနေနဲ့ နိုင်ငံတော်အပေါ် သစ္စာစောင့်သိကြဖို့၊ ကျေးလက်နေပြည်သူများရဲ့ လူမှုစီးပွားဘဝမြင့်မားရေး စိတ်စေတနာအပြည့်ဖြင့် ဆောင်ရွက်ကြဖို့၊ သက်ဆိုင်ရာဦးစီးဌာနများ၊ အုပ်ချုပ်ရေးအဖွဲ့များနဲ့ ချိတ်ဆက်ညှိနှိုင်းဆောင်ရွက်ကြဖို့၊ လုံခြုံရေး သတိ အမြဲရှိကြဖို့ မှာကြားလိုပါကြောင်း၊ ကျေးလက်ဒေသများ စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်ရေး ကို အားသွန်ခွန်စိုက် ကြိုးပမ်းဆောင်ရွက်ကြဖို့ တိုက်တွန်းမှာကြားသည်။

          ထို့နောက် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးသိန်းလွင် က ၂၀၂၃-၂၀၂၄ ခုဘဏ္ဍာရေးနှစ်တွင် အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိသည့် ကျေးလက် ဒေသဖွံ့ဖြိုးရေးလုပ်ငန်း ဆောင်ရွက်ပြီးစီးမှုအခြေအနေများနှင့် ဆက်လက်ဆောင်ရွက်မည့် အစီ အစဉ်များကို ရှင်းလင်းတင်ပြသည်။

          ဆက်လက်ပြီး တိုင်းဒေသကြီး/ ပြည်နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ဦးစီး မှူးများက မိမိတို့ တိုင်းဒေသကြီး/ပြည်နယ်များအလိုက် အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိ သည့် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ၏ ဆောင်ရွက်ပြီးစီးမှုများအား အသီးသီး ရှင်းလင်းတင်ပြသည်။

          ထို့နောက် ဒုတိယဝန်ကြီး ဦးမြင့်စိုးက သမဝါယမဖွံ့ဖြိုးရေးလုပ်ငန်းများ၊ အသက်မွေး ဝမ်းကျောင်းဆိုင်ရာ အသေးစားအလတ်စားစီးပွားရေးလုပ်ငန်းများနှင့်  စဉ်ဆက်မပြတ် ကျေးလက် ဒေသဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများအတွက် လိုအပ်ချက်များအား သုံးသပ်ဆွေးနွေးတင်ပြသည်။

          ဆက်လက်ပြီး အမြဲတမ်းအတွင်းဝန် ဦးခန့်ဇော်က တိုင်းဒေသကြီး/ ပြည်နယ်ဦးစီးမှူးများ၏ တင်ပြချက်များအပေါ် သုံးသပ်ဆွေးနွေးတင်ပြပြီးနောက် ဆက်စပ်ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် များက ကျေးလက်ဒေသဖွံ့ဖြိုးရေးအတွက်  သက်ဆိုင်ရာကဏ္ဍများအလိုက် ဦးစီးဌာနအချင်းချင်း ပေါင်းစပ်ဆောင်ရွက်နေမှု အခြေအနေများနှင့် ဆက်လက်ဆောင်ရွက်သွားမည့် အစီအစဉ်များကို ဆွေးနွေးတင်ပြကြသည်။

          ထို့နောက် ပြည်ထောင်စုဝန်ကြီး ဦးလှမိုးနှင့် တာဝန်ရှိသူများက ရခိုင်ပြည်နယ်အတွင်း မိုခါမုန်တိုင်း ကျရောက်မှုကြောင့် သောက်သုံးရေအခက်အခဲများဖြစ်ပေါ်ခဲသည့် ဒေသများအတွက် သောက်သုံးရေများရရှိရေး ရွေ့လျားရေသန့်စင်ကားများဖြင့် သောက်သုံးရေ သွားရောက်ဖြန့်ဝေ ပေးခဲ့ကြသည့် တိုင်းဒေသကြီး/ပြည်နယ်များမှ ဝန်ထမ်းများအား ဂုဏ်ပြုဆုလက်မှတ်များ အသီးသီး ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။


ဆက်စပ် သတင်းများ

Related News and Articles

ဆက်စပ်လင့်ခ်များ

အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။

  • တယ်လီဖုန်း

    ၀၆၇ - ၄၁၀၀၃၃
  • ဖက်စ်

    ၀၆၇ - ၄၁၀၀၃၆
  • Email

    contact@mcrd.gov.mm