Language : |
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

ပြည်ထောင်စုဝန်ကြီး ဦးလှမိုး နိုင်ငံ့စီးပွားမြှင့်တင်ရေးလုပ်ငန်းများ၊ သမဝါယမလုပ်ငန်းများနှင့် ကျေးလက်ဒေသဖွံ့ဖြိုးရေး လုပ်ငန်းများ ကွင်းဆင်းစစ်ဆေး


02 Sep,2023

နေပြည်တော် စက်တင်ဘာ ၁

သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးလှမိုးသည် ယနေ့ နံနက်ပိုင်းက အမြဲတမ်းအတွင်းဝန် ဦးခန့်ဇော်၊ ညွှန်ကြားရေးမှူးချုပ်များနှင့် တာဝန်ရှိသူများ လိုက်ပါလျက် မကွေးတိုင်းဒေသကြီးနှင့် ပဲခူးတိုင်းဒေသကြီးအတွင်း အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိသော နိုင်ငံ့စီးပွားမြှင့်တင်ရေးစီမံကိန်းလုပ်ငန်းများ၊ သမဝါယမလုပ်ငန်းများနှင့် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများအား ကွင်းဆင်းစစ်ဆေးသည်။

ရှေးဦးစွာ ပြည်ထောင်စုဝန်ကြီးနှင့် အဖွဲ့သည် မကွေးတိုင်းဒေသကြီး၊ အောင်လံမြို့သို့ ရောက် ရှိပြီး အောင်လံမြို့နယ်သမဝါယမအသင်းစုပိုင် ဆီစက်အား ကြည့်ရှုစစ်ဆေးရာ သမဝါယမဦးစီးဌာန၊ တိုင်းဦးစီးမှူးနှင့် အသင်းအမှုဆောင်များက လုပ်ငန်းဆောင်ရွက်နေမှုများ ရှင်းလင်းတင်ပြသည်။ တင်ပြမှုများအပေါ် ပြည်ထောင်စုဝန်ကြီးက နိုင်ငံတော်အစိုးရအနေဖြင့် နိုင်ငံခြားငွေသုံးစွဲမှု လျှော့ချ နိုင်ရေးနှင့် ပြည်တွင်းစားသုံးဆီ ဖူလုံရေးအတွက် ဆီထွက်သီးနှံများ တိုးချဲ့စိုက်ပျိုးရန် လမ်းညွှန် မှာကြားထားပြီး နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေများ ထောက်ပံ့ပေးလျက်ရှိကြောင်း၊ သမဝါယမ အသင်းများ၊ အသင်းစုများ၊ အသင်းစုချုပ်များက အဆိုပါစီမံကိန်းလုပ်ငန်းများ အောင်မြင်ရေး အတွက် တက်တက်ကြွကြွ ပူးပေါင်းပါဝင် ဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ သမဝါယမစနစ်ဖြင့် နိုင်ငံ့စီးပွား ဖွံ့ဖြိုးတိုးတက်ရေးအတွက် မိမိတို့ဝန်ကြီးဌာနက အားသွန်ခွန်စိုက် ကြိုးပမ်းဆောင်ရွက် နေပြီး လုပ်ငန်းလိုအပ်ချက်များအပေါ် ဖြည့်ဆည်းဆောင်ရွက်ပေးလျက်ရှိကြောင်း၊ အသင်းအမှု ဆောင်များက လုပ်ငန်းများ အောင်မြင်ရေး စဉ်ဆက်မပြတ် ကြီးကြပ်ကွပ်ကဲရန်နှင့် အသင်းသူ အသင်းသားများကလည်း လိုက်ပါဆောင်ရွက်ကြရန် အထူးမှာကြားလိုကြောင်း၊ ဆီစက်မှ ထုတ်လုပ် သည့် စားဆီများ၏ အရည်အသွေး စံချိန်စံညွှန်း ပြည့်မီရေး၊ ကျန်းမာရေးနှင့်ညီညွတ်သည့် စားသုံး ဆီများ ဖြစ်စေရေးကို အလေးထား ဆောင်ရွက်ရမည်ဖြစ်ကြောင်း ပြောကြားကာ လုပ်ငန်း လိုအပ်ချက်များအပေါ် ပေါင်းစပ်ဖြည့်ဆည်း ဆောင်ရွက်ပေးခဲ့သည်။

         ထိုမှတစ်ဆင့် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် ပဲခူးတိုင်းဒေသကြီး၊ သဲကုန်းမြို့နယ်၊ မူယာတောကျေးရွာတွင် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိသည့် လူဦးရေ (၂၅၃) ဦး အကျိုးပြုနိုင်မည့် စက်ရေတွင်းနှင့် ဆက်စပ်လုပ်ငန်း များ ဆောင်ရွက်ပြီးစီးမှုအခြေအ‌နေအား ကြည့်ရှုစစ်ဆေးပြီး ကျေးရွာနေပြည်သူများ၊ သမဝါယမ အသင်းသားများနှင့်တွေ့ဆုံကာ ပြည်ထောင်စုဝန်ကြီးက မိမိတို့ဝန်ကြီးဌာနအနေဖြင့် ကျေးလက်နေ ပြည်သူများ၏ လူမှုစီးပွားဘဝများ စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်စေရေးအတွက် ကျေးလက် အခြေခံ အဆောက်အအုံဖွံ့ဖြိုးရေး လုပ်ငန်းများအပြင် သမဝါယမကဏ္ဍမြှင့်တင်ရေးနှင့် အသေးစား အလတ်စားစက်မှုလက်မှုလုပ်ငန်းများနှင့် ချိတ်ဆက်ကာ ကျေးလက်ဒေသဘက်စုံဖွံ့ဖြိုးရေးလုပ်ငန်း များကို ဦးစားပေး ဆောင်ရွက်လျက်ရှိပါကြောင်း ပြောကြားပြီး ဒေသဖွံ့ဖြိုးရေး တင်ပြချက်များ အပေါ် လိုအပ်သည်များ ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့သည်။

ထို့နောက် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် ပုတီးကုန်းမြို့နယ်၊ အောင်နိုင်သစ္စာဆန်စက်သို့ ရောက်ရှိပြီး ပြည်ခရိုင်နှင့် နတ္တလင်းခရိုင်ရှိ သဲကုန်းမြို့နယ် သမဝါယမအသင်း (၂၅) သင်းမှ အသင်းသားတောင်သူများ၊ ဌာနဆိုင်ရာဝန်ထမ်းများနှင့် တွေ့ဆုံခဲ့ရာ သမဝါယမဦးစီးဌာန၊ တိုင်း ဦးစီးမှူးက ပဲခူးတိုင်းဒေသကြီးအတွင်း နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေဖြင့် မိုးစပါးစိုက်ပျိုးရေး လုပ်ငန်းများ ဆောင်ရွက်နေမှုအားလည်းကောင်း၊ အောင်သဇင် အထွေထွေစီးပွားရေးလုပ်ငန်း သမဝါယမအသင်း ဥက္ကဋ္ဌ ဦးအောင်ဇော်ဦးက အသင်း၏ လုပ်ငန်းဆောင်ရွက်နေမှုများအား လည်းကောင်း အသီးသီး ရှင်းလင်းတင်ပြကြသည်။ တင်ပြမှုများအပေါ် ပြည်ထောင်စုဝန်ကြီးက နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေဖြင့် မိုးစပါးစိုက်ပျိုးရေး လုပ်ငန်းများအတွက် တစ်ဧကလျှင် ငွေကျပ် ၂ သိန်းနှင့် ညီမျှသော တောင်သူ များလိုအပ်သည့် မျိုး၊ မြေဩဇာ၊ ပိုးသတ်ဆေး၊ ပေါင်းသတ်ဆေး သွင်းအားစုများကို ထောက်ပံ့ပေးလျက်ရှိပြီး စိုက်ပျိုးရေရရှိရေးအတွက်လည်း ဆည်ရေသောက်စနစ် အပြင် ချောင်းပိတ် မြောင်းပိတ် ဆိုလာရေတင်စနစ်တို့ဖြင့် ဆောင်ရွက်ပေးနေပါကြောင်း၊ တောင်သူ များ၏ မိသားစုဝင်ငွေတိုးပွားရေးအတွက် မိမိတို့၏ စိုက်ဧကများကို အမှန်တကယ်အသုံးပြုပြီး လက်တွေ့ကျကျ ကြိုးပမ်းစိုက်ပျိုး ကြစေလိုကြောင်း၊ စိုက်ပျိုးရေးလုပ်ငန်းများအပြင် တောင်သူများ လိုအပ်သည့် ကျေးလက်ကုန်ထုတ်လမ်း ရရှိရေး၊ ကျေးလက် မီးလင်းရေး၊ သောက်သုံးရေ ရရှိရေး၊ လမ်း၊ တံတားလုပ်ငန်းများ၊ အသက်မွေးဝမ်းကျောင်း အထောက်အကူပြုသင်တန်းများကိုလည်း မိမိတို့ဝန်ကြီးဌာနရှိ ဦးစီးဌာနများက နိုင်ငံတော်အစိုးရ၏ လမ်းညွှန်ချက်များနှင့်အညီ ဆောင်ရွက် ပေးလျက်ရှိပါကြောင်း၊ အထွက်တိုး စပါးမျိုးများကို ရွေးချယ်စိုက်ပျိုးကြပြီး ပန်းတိုင်အထွက်နှုန်း ရရှိရေးအတွက် ကြိုးပမ်းဆောင်ရွက်ကြရန်နှင့် နိုင်ငံ့စီးပွားမြှင့်တင်ရေးစီမံကိန်း ချေးငွေများ၊ မြန်မာ့လယ်ယာစိုက်ပျိုးရေးဘဏ် ချေးငွေများအား အချိန်မီ ပြန်လည်ပေးဆပ်နိုင်ရေး အလေးထား ဆောင်ရွက်ကြစေလိုကြောင်းဖြင့် ပြောကြားသည်။

ဆက်လက်ပြီး ပြည်ထောင်စုဝန်ကြီးသည် တက်ရောက်လာကြသော ပြည်ခရိုင်နှင့် နတ္တလင်း ခရိုင်တို့မှ သမဝါယမအသင်းသားတောင်သူများ၏ စိုက်ပျိုးရေးလုပ်ငန်း အခက်အခဲများနှင့် ဒေသ ဖွံ့ဖြိုးရေး လုပ်ငန်းလိုအပ်ချက်များ တင်ပြမှုအပေါ် ပေါင်းစပ်ဖြည့်ဆည်း ဆောင်ရွက်ပေးခဲ့သည်။

ယင်းနောက် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် ပေါင်းတည်မြို့နယ်၊ ကျေးလက်လမ်းဖွံ့ဖြိုး ရေးဦးစီးဌာနက ၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ် ခွင့်ပြုရန်ပုံငွေဖြင့် အကောင်အထည်ဖော် ဆောင်ရွက်လျက် ရှိသည့် ကျေးရွာ ၄ ရွာမှ လူဦးရေ ၁၂၀၀ ကျော် ဖြတ်သန်းသွားလာရန်နှင့် စိုက်ပျိုးရေး ထုတ်ကုန်များဖြစ်သည့် စပါး၊ မတ်ပဲ  ထွက်ကုန်များ သယ်ယူပို့ဆောင်ရာတွင် အသုံးပြုလျက်ရှိသည့် ကျောင်းကုန်း-ကင်ပွန်းခြုံ ကျေးရွာချင်းဆက်လမ်း အရှည် ၁ မိုင် ၂ ဖာလုံ ကျောက်ချောခင်းခြင်း လုပ်ငန်းဆောင်ရွက်နေမှုအား ကြည့်ရှုစစ်ဆေးကာ ပြည်ထောင်စုဝန်ကြီးက စီမံကိန်းလုပ်ငန်းများ သတ်မှတ်ဘဏ္ဍာရေးနှစ်အတွင်း စံချိန်စံညွှန်းပြည့်မီစွာ အချိန်မီပြီးစီးရေး ကြီးကြပ်ဆောင်ရွက်ကြရန်၊ ကျေးရွာသူကျေးရွာသားများအနေဖြင့် ဆောင်ရွက်ပြီးဖွံ့ဖြိုးရေးလုပ်ငန်း များ ရေရှည်တည့်တံ့ခိုင်မြဲရေး ဝိုင်းဝန်းထိန်းသိမ်းကြရန် မှာကြားခဲ့ပြီး လုပ်ငန်းလိုအပ်ချက်များအပေါ် ဖြည့်ဆည်းဆောင်ရွက်ပေး ခဲ့သည်။

ထိုမှတစ်ဆင့် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် လက်ပံတန်းမြို့နယ်၊ ကန် (၁၀၀) ငါးမွေး မြူရေးနှင့် စိုက်ပျိုးရေးကုန်ထုတ်သမဝါယမအသင်း၏ ရေတင်ဧရိယာ (၃၄၈) ဧက၌ ငါးမွေးမြူရေး လုပ်ငန်းခွင်သို့ ရောက်ရှိပြီး သာယာဝတီခရိုင်အတွင်းရှိ မြို့နယ် (၅) မြို့နယ်မှ သမဝါယမအသင်း (၂၀) သင်းမှ အသင်းသားတောင်သူ (၁၀၀) ဦးနှင့်တွေ့ဆုံပြီး ပြည်ထောင်စုဝန်ကြီးက အမှန်တကယ် မွေးမြူထုတ်လုပ်ရန်၊ စီးပွားဖြစ်မွေးမြူကြရန်၊ မျှော်မှန်း ငါးပိဿာ ၄ဒသမ၅သိန်းပြည့်မီအောင် ထုတ်လုပ်နိုင်ရေးစနစ်တကျဆောင်စီမံဆောင်ရွက်ရန်၊ မြေကို အကျိုးရှိရှိ အသုံးချရန်နှင့် နည်းပညာ လိုအပ်ပါက ငါးလုပ်ငန်းဦးစီးဌာနနှင့် ပူးပေါင်းဆောင်ရွက်ရန်၊ နိုင်ငံ့စီးပွားမြှင့်တင်ရေးစီမံကိန်း ချေးငွေများအား မိုးစပါးစိုက် သမဝါယမအသင်းသားတောင်သူများအနေဖြင့် အထွက်တိုးအောင် ဆောင်ရွက်ပြီး သတ်မှတ်ကာလအတွင်း အပြေအကြေပေးဆပ်ရန်၊ မြန်မာ့လယ်ယာစိုက်ပျိုးရေး ဘဏ် ချေးငွေများအား သီးနှံပေါ်ချိန် ပြန်လည်ပေးဆပ်ကြရန် တိုက်တွန်းမှာကြားပြီး အသင်းသား တောင်သူများ၏ လုပ်ငန်းလိုအပ်ချက်များ တင်ပြမှုအပေါ် ပေါင်းစပ်ဖြည့်ဆည်း ဆောင်ရွက်ပေး ခဲ့ကြောင်း သတင်းရရှိသည်။


ဆက်စပ် သတင်းများ

Related News and Articles

ဆက်စပ်လင့်ခ်များ

အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။

  • တယ်လီဖုန်း

    ၀၆၇ - ၄၁၀၀၃၃
  • ဖက်စ်

    ၀၆၇ - ၄၁၀၀၃၆
  • Email

    contact@mcrd.gov.mm