Language : |
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

သဘာဝဘေးသင့်ဒေသများ၌ ပြန်လည်ထူထောင်ရေးလုပ်ငန်းများ ဆောင်ရွက်ရာတွင် မူလအခြေအနေထက် သာလွန်ကောင်းမွန်စေရမည်


29 Aug,2023

နေပြည်တော် ဩဂုတ် ၂၈

၂၀၂၃ ခုနှစ် ဧပြီလ ၂၁ ရက်နေ့က လေပြင်းတိုက်ခတ်မှုဒဏ်ခံစားခဲ့ရသည့် လယ်ဝေး မြို့နယ် တံတားဦးကျေးရွာ၊ အောင်မြင်ကုန်းကျေးရွာတို့နှင့် မေလ ၁၄ ရက်နေ့က ရခိုင်ပြည်နယ်နှင့် ဆက်စပ်ဒေသများသို့ တိုက်ခတ်ခဲ့သည့် အလွန့်အလွန် အားကောင်းသော မိုခါမုန်တိုင်းဒဏ်ကြောင့် ပျက်စီးဆုံးရှုံးမှုများကို  မုန်တိုင်းအလွန်ကာလ ပြန်လည်ထူထောင်ရေး လုပ်ငန်းများ အရှိန်အဟုန်မြှင့်တင်ဆောင်ရွက်နိုင်ရေး၊ သဘာဝဘေးသင့်ဒေသများ၌ ပြန်လည် ထူထောင်ရေးလုပ်ငန်းများ ဆောင်ရွက်ရာတွင် မူလအခြေအနေထက် သာလွန်ကောင်းမွန် စေရမည်ဆိုသည့် နိုင်ငံတော်အကြီးအကဲ၏ လမ်းညွှန်ချက်နှင့်အညီ ဘေးသင့်ဒေသများ မူလအခြေအနေသို့ ပြန်လည်ရောက်ရှိစေရေးနှင့် သဘာဝဘေးကြောင့် ထိခိုက်ဆုံးရှုံးနိုင်ခြေ လျော့ပါးရေး အစီအမံများ ထည့်သွင်းစဉ်းစား၍ မူလထက် ပိုမိုကောင်းမွန်သော ပြန်လည် ထူထောင်ရေး၊ ပြန်လည်တည်ဆောက်ရေးလုပ်ငန်းများကို ပိုမိုအလေးထားပြီး အရှိန်အဟုန် မြှင့်တင် ဆောင်ရွက်ရမှာဖြစ်သလို မိမိတို့ အသက်မွေးဝမ်းကျောင်း ပြန်လည်ထူထောင်ရေး လုပ်ငန်းကော်မတီအဖွဲ့ဝင်ဌာနများ အနေဖြင့်လည်း မိမိတို့၏ ကဏ္ဍအလိုက် ပြန်လည် ထူထောင်ရေးလုပ်ငန်းများကို သတ်မှတ်ကာလအတွင်း လုပ်ငန်းများ ထိရောက်မြန်ဆန်စွာ ပြီးစီးနိုင်ရေး အလျင်အမြန်နှင့် အကောင်းဆုံးဖြစ်အောင် ဆောင်ရွက်သွားကြရန် လိုအပ် ကြောင်း ယနေ့နံနက်ပိုင်းက ရုံးအမှတ်(၁၆)၊ သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီး ဌာန၊ ပြည်ထောင်စုဝန်ကြီးရုံး အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်သည့် အသက်မွေး ဝမ်းကျောင်းလုပ်ငန်းများ ပြန်လည်ထူထောင်ရေးလုပ်ငန်း ကော်မတီ၏ စတုတ္ထအကြိမ် လုပ်ငန်းညှိနှိုင်းအစည်းအဝေးတွင် လုပ်ငန်းကော်မတီ ဥက္ကဋ္ဌ၊ သမဝါယနှင့် ကျေးလက် ဖွံ့ဖြိုးရေးဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဦးလှမိုးက ပြောကြားခဲ့ခြင်းဖြစ်သည်။

မိုခါဆိုင်ကလုန်းမုန်တိုင်း မကျရောက်မီ အမျိုးသားသဘာဝဘေးအန္တရာယ် ဆိုင်ရာ စီမံခန့်ခွဲမှုကော်မတီအနေဖြင့် ကြိုတင်ပြင်ဆင်ရေးကာလ၊ အရေးပေါ်တုန့်ပြန်ရေးကာလ နှင့် ပြန်လည်ထူထောင်ရေးကာလဟူ၍ ကာလသုံးခုဖြင့် သတ်မှတ်ဆောင်ရွက်ခဲ့သလို မိမိတို့ ကော်မတီအနေဖြင့်လည်း ကြိုတင်ပြင်ဆင်ရေးကာလ၊ အရေးပေါ်တုန့်ပြန်ရေး ကာလ၊ပြန်လည်ထူထောင်ရေးကာလများအတွင်း အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုကော်မတီ၏ လမ်းညွှန်ချက်နှင့်အညီ သက်ဆိုင်ရာကဏ္ဍအလိုက် ဆောင်ရွက်ခဲ့ပါ ကြောင်း၊          မိမိတို့ ဝန်ကြီးဌာနအနေဖြင့် နယ်စပ်ရေးရာဝန်ကြီးဌာန၊ ပြည်နယ်နယ်အစိုးရ အဖွဲ့တို့နှင့် ပူးပေါင်းပြီး ရခိုင်ပြည်နယ်အတွင်းရှိ သဘာဝဘေးဒဏ်သင့် ဒေသများအတွက် ရွေ့လျားရေသန့်စင်ကား (၈)စီးဖြင့် ရေဂါလန် ၁၂ ဒသမ ၅၃ သိန်း၊ မိုဘိုင်း ဆိုလာ ရေသန့်စင်စနစ်(၂၀)ခုဖြင့် ရေဂါလန် သုည ဒသမ ၆၄ သိန်း၊ Life Straw ရေသန့်စနစ်ဖြင့် ရေဂါလန် ၄ ဒသမ ၆၂သိန်း စုစုပေါင်း သောက်သုံးရေဂါလန် ၁၇ ဒသမ ၇၉ သိန်းကို ဖြန့်ဝေ ပေးနိုင်ခဲ့ပါကြောင်း၊ သောက်သုံးရေများသယ်ယူရန် 20 Liter Bucket ရေပုံးများကိုလည်း ဖြန့်ဝေပေးခဲ့ပါကြောင်း၊ ဒါ့အပြင် ရေကြီးရေလျှံမှုများကြောင့် ဆားငန်ရေများ ဝင်ရောက် ခဲ့သည့် မြေသားရေကန် ၂၃၃ ကန်ကိုလည်း ရေငန်များစုပ်ထုတ်ခြင်း၊ နုံးအနည်အနှစ်များ စုပ်ထုတ်ခြင်းများ ဆောင်ရွက်ပေးခဲ့ပါကြောင်း၊ သောက်သုံးရေများ အမြန်ရရှိရေး လက်တူး တွင်းများ တူးဖော်ခြင်း၊ ရေစုကန်/ရေစက်ရုံ၊ ရေစင်အမိုးများ ပြန်လည်ပြုပြင်ခြင်း လုပ်ငန်းများကို ဌာနဘတ်ဂျတ် နှင့် ယူနီဆက်ဘတ်ဂျတ်တို့ဖြင့် ဆောင်ရွက်ပေးလျက် ရှိပါကြောင်း၊ လတ်တလောဆောင်ရွက်ရမည့် ကျေးရွာချင်းဆက် လမ်းနှင့် တံတားများ၊ ကုန်ထုတ်လမ်းတံတားများ၊ မီးလင်းရေးလုပ်ငန်းများ ပြန်လည်ပြုပြင်ခြင်းလုပ်ငန်းများကို ယခု ဘဏ္ဍာရေးနှစ်အတွင်း ဆောင်ရွက်လျက်ရှိပြီး အချို့လုပ်ငန်းများကိုလည်း လာမည့် ဘဏ္ဍာရေးနှစ်တွင် လျာထားဆောင်ရွက်သွားမှာဖြစ်ပါကြောင်းပြောကြားပါသည်။

ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးက ပြန်လည်ထူထောင်ရေးလုပ်ငန်းများအဖြစ် သမဝါယမဦးစီးဌာနအနေဖြင့် နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေမှ မိုးစပါးစိုက်ပျိုးထုတ်လုပ်ရေး စီမံကိန်း မြို့နယ်(၁၂)မြို့နယ်ရှိ သမဝါယမအသင်း(၄၃)သင်းမှ အသင်းသားတောင်သူ များ၏ စိုက်ဧက ၆၁၁၈ ဧကအတွက် လိုအပ်သော GW-11 မျိုးစပါး(20 Kg)အိတ် (၅၅၁)အိတ်၊ အခြားစပါးမျိုး (၅၅၆၇) တင်း၊ ပုလဲဓါတ်မြေဩဇာ(50 Kg) (၄၂၃၆) အိတ်၊ ကွန်ပေါင်း/တီစူပါ (50 Kg) (၆၄၆၀)အိတ်တို့ကို ပံ့ပိုးဆောင်ရွက်ပေးသွားမှာဖြစ်ပါကြောင်း၊ စိုက်ပျိုးရေးဦးစီးဌာနအနေဖြင့် ပေါ်ဆန်းရင် မျိုးစပါး(၄၀၀၆၇)တင်း၊ GW-11 မျိုးစပါး (၂၁၅၀၀)တင်း၊ နှံကောက်မျိုးစပါး (၇၈၃၀)တင်း၊ ကြားပျံမျိုးစပါး (၄၀၀၀)တင်း ထောက်ပံ့ ပေးအပ်ခဲ့ရာ ယနေ့အထိ စိုက်ပျိုးဧက ၆၂၅၄၆ ဧကတွင်  စိုက်ပျိုးခဲ့ပြီးဖြစ်ပါကြောင်း၊  မွေးမြူရေးနှင့် ကုသရေးဦးစီးဌာနအနေဖြင့် ကျွဲ၊ နွားကောင်ရေ (၁၁၃၂၄)ကောင်ကို ကာကွယ်ဆေးများ ထိုးနှံပေးနိုင်ပြီး ကုသခြင်းအနေဖြင့် ကျွဲ၊ နွား၊ ဝက်ကောင်ရေ ၇၃၁ ကောင်ကို ကုသပေးနိုင်ခဲ့ပါကြောင်း၊ စက်မှုလယ်ယာ ဦးစီးဌာနအနေဖြင့် မိုးစပါးများအချိန်မီ စိုက်ပျိုးနိုင်ရေး စိုက်ပျိုးဧက ၁၉၉၂၉ ဧကကို ထွန်ယက်ပေးနိုင်ခဲ့ပါကြောင်း ပြောကြား ပါသည်။

ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးက ရခိုင်ပြည်နယ်အတွင်းရှိ ကျေးလက်နေ ပြည်သူများအတွက် အသက်မွေးဝမ်းကျောင်းလုပ်ငန်းများဆောင်ရွက်နိုင်ရေး လိုအပ်သော အသက်မွေး ဝမ်းကျောင်းအထောက်အကူပြုသင်တန်းများအနေဖြင့် ကျေးလက်ဒေသဖွံ့ဖြိုး တိုးတက်ရေးဦးစီးဌာနမှ ၁၆ ကြိမ်၊ အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနမှ  ၄၅ ကြိမ်၊ သမဝါယမဦးစီးဌာနမှ ၁၀ ကြိမ်၊ စုစုပေါင်းသင်တန်း ၇၁ ကြိမ်၊ ပညာရေးနှင့် လေ့ကျင့်ရေး ဦးစီးဌာန အနေဖြင့်  အသက်မွေး ဝမ်းကျောင်းသင်တန်း (၈)ကြိမ်၊ အလုပ်သမား ညွှန်ကြားရေးဦးစီး ဌာနအနေဖြင့် အသက်မွေးဝမ်းကျောင်းသင်တန်း (၁၂)ကြိမ်နှင့်  လူမှု ဝန်ထမ်းဦးစီးဌာနအနေဖြင့် အသက်မွေးဝမ်းကျောင်းသင်တန်း(၅)ကြိမ်တို့ကို ဖွင့်လှစ် ဆောင်ရွက်ပေးလျက်ရှိပါကြောင်း၊ သင်တန်းတက်ရောက်ပြီးပါက အလုပ်အကိုင်အရင်းအနှီး များရရှိစေရန်အတွက် မြစိမ်းရောင်ကျေးရွာစီမံကိန်းကို ကျေးရွာ ၁၀ ရွာ၊ ကျေးလက်စီးပွား မြင့်မားရေးရန်ပုံငွေ ထူထောင်ပေးခြင်းစီမံကိန်းကို ကျေးရွာခြောက်ရွာနှင့် ကျေးလက် အခြေခံ အဆောက်အအုံ များဖွံ့ဖြိုးတိုးတက်စေရန်အတွက် ကျေးရွာဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းစီမံကိန်း(VDP)ကို ကျေးရွာ ၁၀၃ ရွာတွင် အကောင်အထည်ဖော်ဆောင်ရွက် ပေးလျက်ရှိပါကြောင်း၊  ယခုနှစ် ဇူလိုင်လနှင့် ဩဂုတ်လအတွင်း မိုးများသည်းထန်စွာ ရွာသွန်းမှုကြောင့် ကရင်ပြည်နယ်၊ မွန်ပြည်နယ်နှင့် ရခိုင်ပြည်နယ်တို့ရှိ မြို့နယ်အချို့တွင် ရေကြီးနစ်မြုပ်မှုများ ဖြစ်ပေါ်ခဲ့သည့် အတွက်  မိမိတို့ ကော်မတီဝင်ဌာနများမှ တတ်နိုင်သမျှ ဆောင်ရွက် ပေးလျက်ရှိပါကြောင်း၊ သက်ဆိုင်ရာ ဌာနများအနေဖြင့်လည်း မိမိတို့ ကဏ္ဍအလိုက် လိုအပ်သည်များ ပူးပေါင်း ဆောင်ရွက်သွားကြရန် မှာကြားလိုပါကြောင်း၊ အမျိုးသား သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုကော်မတီ၏ လမ်းညွှန်ချက်နှင့်အညီ မိမိတို့ကော်မတီဝင်များ အနေဖြင့် မုန်တိုင်းအလွန်ကာလ ဆောင်ရွက်ဆဲ ပြန်လည် ထူထောင်ရေးလုပ်ငန်းများ အရှိန်အဟုန် မြှင့်တင်ဆောင်ရွက်နိုင်ရေးအတွက် သက်ဆိုင်ရာ တိုင်းဒေသကြီး/ ပြည်နယ်အစိုးရအဖွဲ့များ၊ ဝန်ကြီးဌာနများ၊ ဦးစီးဌာနအဖွဲ့ အစည်းများနှင့် ပူးပေါင်းချိတ်ဆက်ပြီး သတ်မှတ်ကာလ အတွင်း ပြီးစီးအောင် အကောင်းဆုံးကြိုးပမ်း ဆောင်ရွက်ကြစေလိုကြောင်း ပြောကြား ပါသည်။

ဆက်လက်၍ အသက်မွေးဝမ်းကျောင်းလုပ်ငန်းများပြန်လည်ထူထောင်ရေးလုပ်ငန်း ကော်မတီ အတွင်းရေးမှူး၊ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်၊ ဦးသိန်းလွင်နှင့် ကော်မတီဝင်ဌာနများမှ အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ်များနှင့် တာဝန်ရှိသူများက ဌာနအလိုက် ဆိုင်ကလုန်း မုန်တိုင်းမိုခါကြောင့် ပျက်စီးဆုံးရှုံးသည့် လုပ်ငန်းများ၏ ဆောင်ရွက်ပြီးစီးမှုအခြေအနေများ၊ သောက်သုံးရေ ပြတ်လပ်မှု မရှိစေရေး ရေဖြန့်ဝေခဲ့မှုများ၊ ရေပေးရေးနှင့် ကျန်းမာသန့်ရှင်းရေးဆိုင်ရာ ထောက်ပံ့ရေးပစ္စည်း ဖြန့်ဝေထားရှိမှု အခြေအနေများ ပြန်လည်ထူထောင်ရေး လုပ်ငန်းများ ဆောင်ရွက်မှု အခြေအနေများ၊ မျိုးစပါးနှင့် သွင်းအားစုထောက်ပံ့ပေးနိုင်မှု အခြေအနေများ၊ အသက်မွေး ဝမ်းကျောင်းအထောက်အကူပြု သင်တန်းများ ဖွင့်လှစ်ဆောင်ရွက်မှု အခြေအနေများအား ရှင်းလင်းတင်ပြကြရာ ရှင်းလင်းတင်ပြမှုများအပေါ် လုပ်ငန်းကော်မတီ ဥက္ကဋ္ဌ ပြည်ထောင်စု ဝန်ကြီးက အသက်မွေးဝမ်းကျောင်းသင်တန်းများ ပြီးဆုံးပါက မတည်ရင်းနှီးဆောင်ရွက် နိုင်ရေး စီမံဆောင်ရွက်ပေးရန်၊ မိုးစပါးများ အောင်မြင်ရေး၊ အထွက်တိုးရေး ဝိုင်းဝန်း ဆောင်ရွက်ပေးရန်နှင့် ဆောင်ရွက်ပြီး လုပ်ငန်းများအား ပြန်လည်သုံးသပ်သွားရန် လမ်းညွှန် မှာကြားပါသည်။

ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် နေ့လယ်ပိုင်းတွင် ၂၀၂၃ခုနှစ် ဧပြီလ ၂၁ ရက်နေ့က လေပြင်းတိုက်ခတ်ခဲ့မှုကြောင့် ပြန်လည်ထူထောင်ရေးလုပ်ငန်းများ ဆောင်ရွက်ပြီးစီးခဲ့သော လယ်ဝေးမြို့နယ် တံတားဦးကျေးရွာနှင့် အောင်မြင်ကုန်းကျေးရွာ သို့ ကွင်းဆင်းကြည့်ရှုစစ်ဆေးရာ သက်ဆိုင်ရာ တာဝန်ရှိသူများက ကျေးရွာရှိ ရေတွင်း ရေကန်များအား တွင်းဆေးတွင်းမှုတ်သန့်စင်ပေးနိုင်ခဲ့မှု အခြေအနေများ၊ ရေသန့်စင်ကား ဖြင့် ရက်ပေါင်း (၂၁)ရက်ကြာ သောက်သုံးရေများဖြန့်ဝေပေးခဲ့မှု အခြေအနေများ၊ အသက်မွေးဝမ်းကျောင်း သင်တန်းများ ဖွင့်လှစ်ပေးခဲ့မှု အခြေအနေများ၊ စီမံကိန်းလုပ်ငန်း များ ဆောင်ရွက်ပေးနိုင်ခဲ့မှု အခြေအနေများအား ရှင်းလင်းတင်ပြရာ ပြည်ထောင်စု ဝန်ကြီးက အသက်မွေးဝမ်းကျောင်း သင်တန်းပြီးဆုံးသူများအား မြစိမ်းရောင်ကျေးရွာ စီမံကိန်းနှင့် ကျေးရွာကုန်ထုတ်လုပ်ငန်းမတည်စီမံကိန်းတို့မှ မတည်ရင်းနှီးငွေများ ဆောင်ရွက် ပေးသွားရန်နှင့် ကျေးရွာပြည်သူများမှ တင်ပြသည့် အသက်မွေးဝမ်းကျောင်း လုပ်ငန်း များဖြစ်သည့်  စိုက်ပျိုးရေး၊ မွေးမြူရေးလုပ်ငန်းများကို ပေါင်းစပ်ဖြည့်ဆည်း ဆောင်ရွက် ပေးခဲ့ကြောင်း သတင်းရရှိပါသည်။


ဆက်စပ် သတင်းများ

Related News and Articles

ဆက်စပ်လင့်ခ်များ

အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။

  • တယ်လီဖုန်း

    ၀၆၇ - ၄၁၀၀၃၃
  • ဖက်စ်

    ၀၆၇ - ၄၁၀၀၃၆
  • Email

    contact@mcrd.gov.mm