Language : |
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

Investment Facilitation Toolkits 2022 မိတ်ဆက်ခြင်း၊ မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများဆိုင်ရာ ဥပဒေ၊ လုပ်ထုံးလုပ်နည်းနှင့်စပ်လျဉ်း၍ အသိပညာမျှဝေဆွေးနွေးခြင်း အခမ်းအနား ကျင်းပ


26 May,2022

နေပြည်တော် မေ ၂၆

သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ် ရေးဝန်ကြီးဌာနနှင့် နေပြည်တော်ကောင်စီ ရင်းနှီးမြှုပ်နှံမှုကော်မတီတို့ ပူးပေါင်း၍ Investment Facilitation Toolkits 2022 မိတ်ဆက်ခြင်း၊ မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများဆိုင်ရာ ဥပဒေ၊ လုပ်ထုံးလုပ်နည်းနှင့်စပ်လျဉ်း၍ အသိပညာမျှဝေဆွေးနွေးခြင်း အခမ်းအနားကို ယနေ့ နံနက်ပိုင်းက သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ ရုံးအမှတ် (၁၆) ၌ ကျင်းပပြုလုပ်ခဲ့ ပါသည်။

ဆွေးနွေးပွဲသို့ သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးလှမိုး၊ နေပြည်တော်ကောင်စီ ဥက္ကဋ္ဌ ဒေါက်တာမောင်မောင်နိုင်၊ ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွား ဆက်သွယ်ရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးသန်းအောင်ကျော်၊ နေပြည်တော်ကောင်စီအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာတာဝန်ရှိပုဂ္ဂိုလ်များ၊ လုပ်ငန်းရှင်များ၊ ကုမ္ပဏီများနှင့် သမဝါယမအသင်းအဖွဲ့များမှ ကိုယ်စားလှယ်များ တက်ရောက်ခဲ့ကြပါသည်။

ရှေးဦးစွာ သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးလှမိုးက အဖွင့်အမှာစကားပြောကြားရာတွင် မြန်မာနိုင်ငံရဲ့ အများစုမှာ စိုက်ပျိုးရေး၊ မွေးမြူရေးလုပ်ငန်းများ ဖြင့် အသက်မွေးဝမ်းကျောင်းပြုနေပြီး နိုင်ငံတော်စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုအတွက် စိုက်ပျိုးရေး၊ မွေးမြူရေးလုပ်ငန်းများမှာ အဓိကကျပါကြောင်း၊ နိုင်ငံတော်၏ စီးပွားရေးဦးတည်ချက် တစ်ရပ်ဖြစ် သည့် “စိုက်ပျိုးရေးနှင့် မွေးမြူရေးကို အခြေခံသည့်ကုန်ထုတ်လုပ်မှုကို ခေတ်မီနည်းစနစ်များဖြင့် ပိုမိုဖွံ့ဖြိုးတိုးတက်အောင် ဆောင်ရွက်ပြီး အခြားစီးပွားရေးကဏ္ဍများကိုလည်း ဘက်စုံဖွံ့ဖြိုး တိုးတက်အောင် ဆောင်ရွက်ရန်” နှင့်အညီ လယ်ယာကဏ္ဍတွင် ရင်းနှီးမြှုပ်နှံမှုတိုးမြှင့်လာစေမည့် မူဝါဒများချမှတ်ခြင်း၊ လုပ်ငန်းစဉ်များ ပြင်ဆင်အကောင်အထည်ဖော်ခြင်း၊ သက်ဆိုင်ရာ Stakeholders များအကြား ဆွေးနွေးပွဲများ ကျင်းပပေးခြင်းတို့ကို ဦးစားပေးဆောင်ရွက်ရန် လိုအပ် ပါကြောင်း၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်က “နေပြည်တော် ကောင်စီနယ်မြေသည် နိုင်ငံတော်၏ မြို့တော်ဖြစ်သည့်အတွက် ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများကို အဓိကထားဆောင်ရွက်ပြီး Green City၊ Clean City၊ Smart City အဖြစ် တိုးတက်အောင် ဆောင်ရွက်၍ အခြားတိုင်းဒေသကြီးနှင့် ပြည်နယ်များ၏ စံပြနယ်မြေတစ်ခုဖြစ်စေရေး ကြိုးပမ်း ဆောင်ရွက်ရန်နှင့် နေပြည်တော်ကောင်စီ နယ်မြေတွင် စိုက်ပျိုးရေးနှင့် မွေးမြူရေးဆိုင်ရာ တက္ကသိုလ်များ ရှိသကဲ့သို့ ဝန်ကြီးဌာနများ ရုံးစိုက်ရာနယ်မြေလည်း ဖြစ်သဖြင့် စိုက်ပျိုးရေး၊ မွေးမြူရေးကိုအခြေခံသည့် ကုန်ထုတ်လုပ်ငန်းများကို စံပြဆောင်ရွက်နိုင်ရန်လိုအပ်ကြောင်း” ဟု လမ်းညွှန်ထားပါကြောင်း၊ ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ အသိပညာအချက်အလက်များ ဖလှယ်ခြင်း၊ အခွင့် အလမ်းများ ဖော်ထုတ်ပေးခြင်းဖြင့် ဆက်စပ်ဌာနများ၊ အဖွဲ့အစည်းများအကြား ပူးပေါင်းဆောင်ရွက် မှု အားကောင်းလာစေရန် ရည်ရွယ်ကျင်းပရခြင်းဖြစ်ပါကြောင်း၊ ပုဂ္ဂလိကလုပ်ငန်းရှင်များနှင့် သမဝါယမအသင်းအဖွဲ့များအနေဖြင့် နိုင်ငံတော်ရဲ့ စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုအတွက် အရေးပါ သော မူဝါဒများဖြစ်သည့် မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံဥပဒေ၊ နည်းဥပဒေများဆိုင်ရာ လုပ်ထုံးလုပ်နည်း များ၊ မြန်မာနိုင်ငံကုမ္ပဏီများဥပဒေဆိုင်ရာ လုပ်ထုံးလုပ်နည်းများကို ပိုမိုသိရှိနားလည်လာပြီး ဆက်စပ် ဆောင်ရွက်ကြရမည့် လုပ်ငန်းများကို ပိုမို ပူးပေါင်းဆောင်ရွက်လာနိုင်မည်ဖြစ်ကြောင်း၊ ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းစဉ်တွေမှာ ပိုမိုလွယ်ကူမြန်ဆန်စေပြီး အကျိုးရှိနိုင်မည်ဟု ယုံကြည်ပါကြောင်း၊ ယခုကဲ့သို့ အသိပညာများ မျှဝေပေးခြင်းဖြင့် ဥပဒေလုပ်ထုံးလုပ်နည်း မသိ၍ မမှားသင့်သော အမှားမျိုးကို ရှောင်ရှားနိုင်မှာဖြစ်ပြီး ဥပဒေဘောင်အတွင်းမှ ဝန်ဆောင်မှု ပေးနိုင်ကြမှာဖြစ်ပါ ကြောင်း၊ “ညီညာမှ ပြည်သာမည်” ဆိုရိုးစကားရှိသကဲ့သို့ မိမိတို့အားလုံး ညီညွတ်စွာဖြင့် နေပြည်တော်ကောင်စီနယ်မြေ၏ လယ်ယာကဏ္ဍရင်းနှီးမြှုပ်နှံမှု ဖွံ့ဖြိုးတိုးတက်ရေးအတွက် ရင်းနှီး မြှုပ်နှံမှုအလားအလာများကို ဖော်ထုတ်ကြပြီး ကျန်ကဏ္ဍများ ဖွံ့ဖြိုးတိုးတက်ရေး ဆောင်ရွက်ရာ မှာ မိမိတို့ သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာနက ကျရာကဏ္ဍမှ အပြည့်အဝ ပူးပေါင်း ဆောင်ရွက်သွားမှာ ဖြစ်ပါကြောင်း ပြောကြားပါသည်။

ဆက်လက်၍ နေပြည်တော်ကောင်စီ ဥက္ကဋ္ဌ ဒေါက်တာမောင်မောင်နိုင်က မိမိတို့နိုင်ငံသည် နိုင်ငံတော်စီးပွားရေး ဖွံ့ဖြိုးတိုးတက်ရေး ဖော်ဆောင်ရာမှာ လယ်ယာကဏ္ဍကို အခြေခံပြီး အခြား စီးပွားရေးကဏ္ဍများကိုလည်း ဘက်စုံဖွံ့ဖြိုးတိုးတက်အောင် ဆောင်ရွက်နေသကဲ့သို့ နိုင်ငံတော် စီးပွားရေးဖွံ့ဖြိုးတိုးတက်ဖို့အတွက် လယ်ယာကဏ္ဍနှင့် ကျေးလက်နေပြည်သူများသည် အခရာ ကျပါကြောင်း၊ နိုင်ငံတော်ဝန်ကြီးချုပ်၏ လမ်းညွှန်ချက်များနှင့်အညီ နေပြည်တော်ကောင်စီနယ်မြေ ဘက်စုံဖွံ့ဖြိုးတိုးတက်ရေးအတွက် ဌာနများအကြား အသိပညာမျှဝေဖလှယ်ခြင်းမှတစ်ဆင့် ပူးပေါင်း ဆောင်ရွက်မှု အားကောင်းလာစေရေး ရည်ရွယ်ကျင်းပရခြင်း ဖြစ်ပါကြောင်း၊ ယနေ့အခမ်းအနားမှ အသိပညာများ၊ အချက်အလက်များ ဖလှယ်နိုင်ပြီး ရင်းနှီးမြှုပ်နှံအခွင့်အလမ်းများ ပူးပေါင်း ဖော်ထုတ်ကာ နေပြည်တော်ဖွံ့ဖြိုးတိုးတက်ရေးအတွက် များစွာအထောက်အကူ ဖြစ်စေမည်ဟု ယုံကြည်ပါကြောင်း၊ နေပြည်တော်သည် မြန်မာနိုင်ငံ၏ မြို့တော်ဖြစ်ပြီး ဒေသအနေအထားအရ တရုတ်-မြန်မာ စီးပွားရေးစင်္ကြံနှင့် မဟာမဲခေါင်ဒေသခွဲစီးပွားရေးစင်္ကြံလမ်းမပေါ်တွင် တည်ရှိတာ ကြောင့် မဟာဗျူဟာကျသော ဒေသတစ်ခုဖြစ်ခြင်း၊ ရေ၊ မြေ၊ ရာသီဥတု ကောင်းမွန်ခြင်း၊ စိုက်ပျိုး မြေဧရိယာပေါများခြင်း၊ အခြေခံအဆောက်အဦများ ပြည့်စုံခြင်းတို့ကြောင့် လယ်ယာကဏ္ဍနှင့် ဆက်စပ်သည့် တန်ဖိုးမြှင့်ကုန် ထုတ်လုပ်မှုလုပ်ငန်းများ၊ မီးခိုးမထွက်သော စက်မှုလုပ်ငန်းများ၊ အထည်ချုပ်စက်ရုံလုပ်ငန်းများ၊ ပညာရေးနှင့် ကျန်းမာရေးဝန်ဆောင်မှု အစရှိသောကဏ္ဍများမှာ ရင်းနှီးမြှုပ်နှံမှုဆောင်ရွက်ရန် အခွင့်အလမ်းများစွာ ရှိပါကြောင်း၊ နိုင်ငံတော်အစိုးရအနေဖြင့်လည်း တိုင်းဒေသကြီးနှင့် ပြည်နယ်များ အချိုးကျမျှတစွာ ဖွံ့ဖြိုးတိုးတက်မှုကို အလေးထားဆောင်ရွက်နေ ပါကြောင်း၊ မိမိအနေဖြင့်လည်း နေပြည်တော်ဖွံ့ဖြိုးရေးနှင့် ရင်းနှီးမြှုပ်နှံမှု မြှင့်တင်ရေး၊ လွယ်ကူ ချော့မွေစေရေးလုပ်ငန်းများတွင် ဦးဆောင်ဦးရွက်ပြုကာ တတ်စွမ်းသမျှ ဆောင်ရွက်ပေးလျက် ရှိပါကြောင်း၊ ရှေ့ဆက်ပြီး နေပြည်တော်ကောင်စီနှင့် နေပြည်တော်ကောင်စီရင်းနှီးမြှုပ်နှံမှုကော်မတီ တို့အနေဖြင့်လည်း လယ်ယာကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးအတွက် အဓိကကျသည့် ဝန်ကြီးဌာနများ၊ ဆက်စပ်ဝန်ကြီးဌာနများနှင့် အချိတ်အဆက်မိမိ ဆက်လက်ပူးပေါင်းဆောင်ရွက်သွားမှာ ဖြစ်ပါ ကြောင်း၊ နေပြည်တော်ကောင်စီနယ်မြေ ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများမှာ ပူးပေါင်းပါဝင် ကြိုးပမ်း ဆောင်ရွက်ပေးကြပါဟု တိုက်တွန်း ပြောကြားခဲ့ပါသည်။

ဆက်လက်ပြီး ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးသန်းအောင်ကျော်က ကိုဗစ်-၁၉ ကပ်ရောဂါကြောင့် မိမိတို့နိုင်ငံကဲ့သို့ အခြားနိုင်ငံများသည်လည်း စီးပွားရေးရေရှည်တည်တံ့ခိုင်မာအားကောင်းရေး၊ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ရုန်းကန်ကြိုးစားနေ ရသော အချိန်ဖြစ်ပါကြောင်း၊ အာဆီယံနိုင်ငံများအတွင်း စီးပွားရေး ပြန်လည်ဦးမော့စေရေးနှင့် ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ ဝန်ဆောင်မှုပေးသော ရုံးလုပ်ငန်းများအား Digital နည်းပညာအသုံးပြု၍ အကောင်အထည်ဖော် ဆောင်ရွက်သွားမှာ ဖြစ်ပါကြောင်း၊ “တာဝန်ယူမှု ရှိသော ရင်းနှီးမြှုပ်နှံမှုများ မြှင့်တင်ပေးရန်နှင့် နိုင်ငံတကာစီးပွားရေး ပူးပေါင်းဆောင်ရွက်မှု လွယ်ကူ ချောမွေ့စေရန်” မျှော်မှန်းချက်နှင့်အညီ လုပ်ငန်းတာဝန်များကို တက်ကြွစွာဖြင့် ဆောင်ရွက်လျက်ရှိ ပါကြောင်း၊ မိမိတို့ဝန်ကြီးဌာနအနေဖြင့် စီးပွားရေးလုပ်ငန်းများ လုပ်ဆောင်နိုင်စွမ်းရှိသည့် ဝန်းကျင် တစ်ရပ် (Business Enabling Environment) ပေါ်ပေါက်လာစေရေး၊ ပို့ကုန်မြှင်တင်မည့်လုပ်ငန်း များ စိုက်ပျိုးရေးနှင့် မွေးမြူရေးကို အခြေခံသည့်ကုန်ထုတ်လုပ်ငန်းများအပါအဝင် ပြည်တွင်း ထုတ်လုပ်မှု ဖွံ့ဖြိုးတိုးတက်စေမည့်လုပ်ငန်းများ၊ သယံဇာတအရင်းအမြစ်များကို စနစ်တကျ ထုတ်ယူအသုံးပြုနိုင်မည့် လုပ်ငန်းများ၊ ဒစ်ဂျစ်တယ်စီးပွားရေးစနစ်ကို အထောက်အကူပြုမည့် လုပ်ငန်းများ၊ ခရီးသွားလုပ်ငန်းများနှင့် ပြန်လည်ပြည့်ဖြိုးမြဲစွမ်းအင် ထုတ်လုပ်မှုလုပ်ငန်းများ ဖွံ့ဖြိုးရေးအတွက် ရင်းနှီးမြှုပ်နှံမှုမြှင့်တင်ရေး၊ ပြည်တွင်းပြည်ပ ရင်းနှီးမြှုပ်နှံမှုကို ဟန်ချက်ညီညီ ပေါင်းစပ်ဆောင်ရွက်နိုင်ရေးတို့ကို ပေါင်းစပ် ဆောင်ရွက်လျက်ရှိပါကြောင်း ပြောကြားပါသည်။

ထို့နောက် ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ အီလက်ထရောနစ် တွေ့ဆုံဆွေးနွေးခြင်း ဝန်ဆောင်မှု (DICA Online Solution-DoSo) စနစ် သရုပ်ဖော်ဗီဒီယို ပြသခဲ့ပြီး နေပြည်တော် ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများ ညွှန်ကြားမှုဦးစီးဌာန၊ ညွှန်ကြားရေးမှူး ဒေါ်ယဉ်ယဉ်နွယ်မှ Investment Facilitation Toolkits 2022 နှင့်စပ်လျဉ်း၍လည်းကောင်း၊ ဒုတိယညွှန်ကြားရေးမှူး ဒေါ်ဝတ်ရည်ဖြိုးမှ မြန်မာ နိုင်ငံ ရင်းနှီးမြှုပ်နှံမှုဥပဒေနှင့် နေပြည်တော်အတွင်း ရင်းနှီးမြှုပ်နှံမှုအခွင့်အလမ်းများနှင့်စပ်လျဉ်း၍ လည်းကောင်း၊ ဒုတိယညွှန်ကြားရေးမှူး ဦးအောင်ဆွေဦးက မြန်မာနိုင်ငံကုမ္ပဏီများ ဥပဒေနှင့် MyCO စနစ်တွင် ကုမ္ပဏီများအချက်အလက်များ စိစစ်ခြင်းနှင့်စပ်လျဉ်း၍လည်းကောင်း အသီးသီး ရှင်းလင်းဆွေးနွေးကြပါသည်။

အဆိုပါ ဆွေးနွေးပွဲကို ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်တွင် လယ်ယာကဏ္ဍ ရင်းနှီး မြှုပ်နှံမှု တိုးမြှင့်လာစေရေးအတွက် မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုဥပဒေ၊ နည်းဥပဒေများနှင့် လုပ်ထုံး လုပ်နည်းများ၊ မြန်မာနိုင်ငံကုမ္ပဏီများ ဥပဒေတို့အား သက်ဆိုင်ရာ Stakeholders များ ပိုမိုရင်းနှီး ကျွမ်းဝင်နားလည်စေရန်၊ ဝန်ကြီးဌာန၊ အဖွဲ့အစည်းများအကြား ချိတ်ဆက်ဆောင်ရွက်မှု ပိုမို အားကောင်းလာစေရန် ရည်ရွယ်ကာ ကျင်းပခဲ့ခြင်းဖြစ်ကြောင်း သတင်းရရှိပါသည်။


ဆက်စပ်လင့်ခ်များ

အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။

  • တယ်လီဖုန်း

    ၀၆၇ - ၄၁၀၀၃၃
  • ဖက်စ်

    ၀၆၇ - ၄၁၀၀၃၆
  • Email

    contact@mcrd.gov.mm