Language : |
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

ပြည်ထောင်စုဝန်ကြီး ဦးလှမိုး ယူရီးယားမြေဩဇာ ဝယ်ယူဖြန့်ဖြူးရောင်းချရေးဦးဆောင်ကော်မတီ ညှိနှိုင်းအစည်းအဝေးသို့ တက်ရောက် နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေဖြင့် မိုးစပါးစိုက်ပျိုးရေးလုပ်ငန်းများ အောင်မြင်ရေးနှင့် ကျေးလက်ထုတ်ကုန်များ အချိန်မီတင်ပို့ရောင်းချနိုင်ရေး ကွင်းဆင်းဆောင်ရွက်


23 Aug,2023

နေပြည်တော် ဩဂုတ် ၂၃

ယူရီးယားမြေဩဇာ ဝယ်ယူဖြန့်ဖြူးရောင်းချရေး ဦးဆောင်ကော်မတီ၏ ညှိနှိုင်းအစည်း အဝေးကို ယနေ့နံနက်ပိုင်းက သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ ဝန်ကြီးရုံး အစည်း အဝေးခန်းမ၌ ကျင်းပပြုလုပ်ရာ ပြည်ထောင်စုဝန်ကြီး ဦးလှမိုး၊ ဒုတိယဝန်ကြီး ဦးမြင့်စိုး၊ အမြဲတမ်း အတွင်းဝန် ဦးခန့်ဇော်၊ ညွှန်ကြားရေးမှူးချုပ်များ၊ စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန၊ စီးပွားရေး နှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ မြန်မာနိုင်ငံတော်ဗဟိုဘဏ်၊ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနနှင့် ဆက်စပ်ဝန်ကြီးဌာနများမှ ကိုယ်စားလှယ်များ၊ မြန်မာနိုင်ငံ မြေဩဇာ၊ မျိုးစေ့နှင့် စိုက်ပျိုးရေးဆေးလုပ်ငန်းရှင်းများအသင်း၊ မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်တို့မှ ကိုယ်စားလှယ်များနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။

          ရှေးဦးစွာ ပြည်ထောင်စုဝန်ကြီး ဦးလှမိုးက အဖွင့်အမှာစကား ပြောကြားရာတွင် ယူရီးယား မြေဩဇာ ဝယ်ယူဖြန့်ဖြူးရောင်းချရေး ဦးဆောင်ကော်မတီရဲ့ အဓိကတာဝန်အနေနဲ့  တောင်သူများ ရဲ့ စိုက်ပျိုးရေးလုပ်ငန်းများတွင် လိုအပ်သော သွင်းအားစုများအား စိုက်ပျိုးရာသီချိန်အမှီ ရရှိရေး၊ အရည်အသွေးပြည့်မှီစွာနဲ့ ဈေးနှုန်းသက်သာစွာ ဝယ်ယူအသုံးပြုနိုင်ရေးတို့အတွက် စီမံဆောင်ရွက် ပေးလျက်ရှိတဲ့အပြင် သွင်းအားစုများ ပြည်တွင်းသို့ရောက်ရှိလျှင် အရည်အသွေးမှန်အောင်၊ သင့်တင့် သောဈေးနှုန်းဖြင့် တောင်သူများ လက်ဝယ်အရောက် သုံးစွဲနိုင်အောင် ရည်ညွှန်းဈေးနှုန်းများ သတ်မှတ်ထုတ်ပြန် ဆောင်ရွက်ပေးလျက်ရှိပါကြောင်း၊ နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေဖြင့် ဆောင် ရွက်သည့် မိုးစပါးစီမံကိန်းတွင် နေပြည်တော်အပါအဝင် တိုင်းဒေသကြီးများ၏ လျာထားဧကများ အတွက် သွင်းအားစုလိုအပ်ချက်အား အချိန်မီဖြန့်ဖြူးရောင်းချနိုင်ရေး စီစဉ်ဆောင်ရွက်ပေးလျက် ရှိပါကြောင်း၊ ဦးဆောင်ကော်မတီအနေဖြင့် မိုးစပါးစိုက်ရာသီအတွက် သွင်းအားစုလိုအပ်ချက်၏ ၇၀ ရာခိုင်နှုန်းအား ဖြန့်ဖြူးရောင်းချပေးပြီးဖြစ်၍ ကျန်ရှိနေသော ၃၀ ရာခိုင်နှုန်းအား အချိန်မီဖြန့်ဖြူး ပေးနိုင်ရေး သမဝါယမအသင်းများနှင့် သွင်းအားစုကုမ္ပဏီများက ပူးပေါင်းဆောင်ရွက်ကြရန် လိုအပ် ပြီး ဌာနဆိုင်ရာများမှလည်း ကြီးကြပ်ဆောင်ရွက်ပေးကြရန် တိုက်တွန်းမှာကြားလိုပါကြောင်း၊ နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေ စီမံကိန်းအတွက် ရန်ကုန်အထိုင်ဈေးနှုန်းများ သတ်မှတ်ရောင်းချ ပေးလျက်ရှိပြီး ပုံမှန် ဈေးနှုန်းများကိုလည်း ထုတ်ပြန်ပေးလျက်ရှိပါကြောင်း၊ ဆက်လက် ရောင်းချ ပေးမည့် ယူရီးယားမြေဩဇာ ဈေးနှုန်းများအတွက် ဦးဆောင်ကော်မတီအဖွဲ့ဝင်များက ဝိုင်းဝန်း ဆွေးနွေးပေးစေလိုကြောင်း၊ နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေဖြင့် ဆောင်ရွက်တဲ့ မိုးစပါးစီမံကိန်း များတွင် ဦးဆောင်ကော်မတီက သတ်မှတ်ပေးထားတဲ့ ရည်ညွှန်းဈေးနှုန်းများအတိုင်း ရောင်းချ ပေးရန်နဲ့ ယူရီးယား မြေဩဇာနှင့် ကွန်ပေါင်း (၁၅ ပတ်လည်) တို့အပြင် အခြားကွန်ပေါင်း ဓာတ်မြေဩဇာများကိုပါ တောင်သူများ ဝယ်ယူသုံးစွဲနေတာ သိရှိရတဲ့အတွက် နိုင်ငံ့စီးပွားမြှင့်တင် ရေးရန်ပုံငွေဖြင့် သုံးစွဲမည်ဆိုပါက သက်ဆိုင်ရာဒေသအလိုက် ပေါက်ဈေးနှုန်းပေါ် အခြေခံပြီး တာဝန်ရှိသူများက စီစဉ်ဆောင်ရွက်ပေးကြရန် ပြောကြားလိုပါကြောင်း၊ ကွန်ပေါင်းဓာတ်မြေဩဇာ များအတွက် နိုင်ငံခြားငွေ  သုံးစွဲမှုလျော့ချနိုင်ရန်နဲ့သွင်းကုန်အစားထိုး ဆောင်ရွက်နိုင်ရန်အတွက် ပြည်တွင်းကွန်ပေါင်းမြေဩဇာ ထုတ်လုပ်ရန် ကုန်ကြမ်းလိုအပ်ချက်များကိုပါ တပါတည်း ဆွေးနွေး ပေးဖို့ ပြောကြားလိုပါကြောင်း၊ နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေဖြင့် ဆောင်ရွက်နေသည့် စီမံကိန်း တွေမှာ ကုမ္ပဏီများအနေနဲ့ ပူးပေါင်းပါဝင် ဆောင်ရွက်ပေးကြရန်၊ မိုးရာသီ နောက်ကျစိုက်ပျိုးမှုများ အတွက် လိုအပ်သည့် သွင်းအားစုများ အချိန်မီရရှိရေး စီစဉ်ဆောင်ရွက်ကြရန်၊ ဆောင်းသီးနှံ အတွက် လိုအပ်သည့် သွင်းအားစုများ ကြိုတင်ပြင်ဆင်ရန် ရှိသည်များကို ဝိုင်းဝန်းဆွေးနွေးပေးကြ စေလိုကြောင်း၊ ပစ္စည်းလှောင် ဈေးကစားတာမျိုးမဖြစ်အောင် ဝိုင်းဝန်းကြပ်မတ်ဆောင်ရွက်ပေး ကြရန်နှင့် လိုအပ်သည်များ ဝိုင်းဝန်းအကြံပြု ဆွေးနွေးပေးကြရန် ပြောကြားပါသည်။

ဆက်လက်၍ ယူရီးယားမြေဩဇာ ဝယ်ယူဖြန့်ဖြူးရေးရောင်းချရေး ဦးဆောင်ကော်မတီ၊ အတွင်းရေးမှူး အမြဲတမ်းအတွင်းဝန် ဦးခန့်ဇော်က နိုင်ငံခြားငွေလဲလှယ်အသုံးပြုရာတွင် နိုင်ငံတော် က ချမှတ်ထားသည့်စည်းကမ်းချက်များ လိုက်နာဆောင်ရွက်ရေးနှင့် တောင်သူများ သက်သာစွာဖြင့် ဝယ်ယူအသုံးပြုနိုင်မည့် မြေဩဇာပေါက်ဈေးများ ဖြစ်စေရေးကိုလည်းကောင်း၊ မြန်မာနိုင်ငံမြေဩ ဇာ၊ မျိုးစေ့နှင့် စိုက်ပျိုးရေးဆေးလုပ်ငန်းရှင်များအသင်းနှင့် မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်တို့မှ ကိုယ်စားလှယ်များက လုပ်ငန်းဆောင်ရွက်နေမှုများနှင့် အခက်အခဲများအားလည်းကောင်း ရှင်းလင်း ဆွေးနွေးတင်ပြကြသည်။ ဆက်လက်ပြီး တက်ရောက်လာကြသော ဝန်ကြီးဌာနများမှ ကိုယ်စား လှယ်များက မိမိတို့သက်ဆိုင်ရာ ကဏ္ဍများအလိုက် ဝိုင်းဝန်းရှင်းလင်းဆွေးနွေး တင်ပြမှုများအပေါ် ပြည်ထောင်စုဝန်ကြီးက လိုအပ်သည်များ ဖြည့်စွက်မှာကြားကာ လုပ်ငန်းအခက်အခဲများအပေါ် ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့သည်။

ယင်းနေ့ မွန်းလွဲပိုင်းတွင် သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ ပြည်ထောင်စု ဝန်ကြီး ဦးလှမိုးသည် အမြဲတမ်းအတွင်းဝန် ဦးခန့်ဇော်၊ ညွှန်ကြားရေးမှူးချုပ်များနှင့် တာဝန်ရှိ သူများ လိုက်ပါလျက် နေပြည်တော်ကောင်စီနယ်မြေ၊ တပ်ကုန်းမြို့နယ်၊ နွယ်ရစ်ကျေးရွာသို့ သွားရောက်ကာ နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေဖြင့် မိုးစပါးစိုက် သမဝါယမအသင်းသားတောင်သူ များနှင့် တွေ့ဆုံသည်။ ထိုသို့တွေ့ဆုံရာတွင် သမဝါယမဦးစီးဌာန၊ တိုင်းမှူးက လုပ်ငန်းဆောင်ရွက် နေမှုများ ရှင်းလင်းတင်ပြသည်။ ထို့နောက် ပြည်ထောင်စုဝန်ကြီးက နိုင်ငံတော်အစိုးရက ကျေးလက် နေတောင်သူများ၏ လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်ရေး၊ မိသားစုဝင်ငွေတိုးပွားရေး၊ အလုပ်အကိုင် အခွင့်အလမ်းများ ရရှိရေးအတွက် စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများ ဆောင်ရွက်နိုင်ရန် တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေများ ထောက်ပံ့ပေးထားပါကြောင်း၊ မိုးစပါး အတွက် တစ်ဧကလျှင် ငွေကျပ် ၂ သိန်းနှင့် ညီမျှသော မျိုး၊ သွင်းအားစု၊ ဓာတ်မြေဩဇာ၊ ပိုးသတ် ဆေး၊ ပေါင်းသတ်ဆေးများအား သမဝါယမကန်ထရိုက်လယ်ယာစနစ်ဖြင့် ပံ့ပိုးပေးမည်ဖြစ်ပါ ကြောင်း၊ အသင်းသားတောင်သူများအနေဖြင့် ဝင်ငွေတိုးပွားရေးအတွက် ကြိုးပမ်းဆောင်ရွက်ကြ စေလိုကြောင်း ပြောကြားကာ အသင်းသားတောင်သူများ၏ စိုက်ပျိုးရေးလုပ်ငန်းနှင့် ဒေသဖွံ့ဖြိုးရေး လုပ်ငန်း လိုအပ်ချက်များ တင်ပြမှုအပေါ် ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့သည်။

ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနမှ ၂၀၂၃ -၂၀၂၄ ဘဏ္ဍာနှစ် ခွင့်ပြုရန်ပုံငွေဖြင့် အရှည် (၁) မိုင်အနက် (၄) ဖာလုံအား ကတ္တရာခင်းခြင်း လုပ်ငန်းဆောင်ရွက်နေသည့် ရန်ကုန်-မန္တလေးလမ်းဟောင်းနှင့် နွယ်ရစ်ကျေးရွာချင်းဆက်လမ်းအား ကြည့်ရှုစစ်ဆေးသည်။ တာဝန်ရှိသူများ၏ လုပ်ငန်းဆောင်ရွက်နေမှုများ ရှင်းလင်းတင်ပြမှုအပေါ် ပြည်ထောင်စုဝန်ကြီးက စီမံကိန်းလုပ်ငန်းများအား သတ်မှတ်ဘဏ္ဍာနှစ်အလိုက် အရည်အသွေး စံချိန်စံညွှန်းပြည့်မီစွာ အချိန်မီပြီးစီးရေး မှာကြားကာ လုပ်ငန်းလိုအပ်ချက်များအပေါ် ဖြည့်ဆည်း ဆောင်ရွက်ပေးခဲ့သည်။ အဆိုပါ ရန်ကုန်မန္တလေးလမ်းဟောင်းနှင့် နွယ်ရစ်ကျေးရွာချင်းဆက်လမ်း ကတ္တရာခင်းခြင်းလုပ်ငန်း ပြီးစီးပါက အိမ်ခြေ (၇၆၅) အိမ်၊ လူဦးရေ (၃၁၇၈) ဦးတို့၏ စိုက်ပျိုး မြေဧက (၁၂၉၅) ဧကအတွက် အကျိုးပြုနိုင်မည်ဖြစ်ပြီး ကျန်ရှိနေသည့်လမ်းအပိုင်းအား နောင် ဘဏ္ဍာနှစ်များတွင် လျာထားဆောင်ရွက်သွားမည် ဖြစ်ကြောင်းလည်း သိရသည်။

ထို့နောက် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် တပ်ကုန်းမြို့နယ်၊ မကျီးပင်ကျေးရွာသို့ သွား ရောက်ကာ မကျီးပင်ကျေးရွာအပါအဝင် ပတ်ဝန်းကျင် ကျေးရွာ (၉) ရွာမှ နိုင်ငံ့စီးပွားမြှင့်တင်ရေး ရန်ပုံငွေဖြင့် မိုးစပါးစိုက် သမဝါယမအသင်းသားတောင်သူများနှင့် တွေ့ဆုံပြီး ပြည်ထောင်စုဝန်ကြီး က နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေဖြင့် ဆောင်ရွက်သည့် မိုးစပါးစိုက်ပျိုးရေးလုပ်ငန်းများ အောင်မြင် ရေး၊ ပန်းတိုင်အထွက်နှုန်း ရရှိရေး၊ သဘာဝမြေဩဇာများ ရောနှောအသုံးပြုရေးတို့ကို မှာကြားကာ အသင်းသားတောင်သူများ၏ လုပ်ငန်းလိုအပ်ချက်များအပေါ် ပေါင်းစပ်ဖြည့်ဆည်း ဆောင်ရွက်ပေး ခဲ့သည်။ ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးသည် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ မကျီးပင်ကျေးရွာရှိ စိုက်ပျိုးမြေဧက (၂၀၀) အတွက် တစ်နာရီလျင် ရေဂါလံ (၁၁,၀၀၀) ရရှိနိုင်မည့် ဆိုလာစနစ် စိုက်ပျိုးရေရရှိရေးလုပ်ငန်း ဆောင်ရွက်ပြီးစီးမှုအား ကြည့်ရှုစစ်ဆေးကာ ဆောင်ရွက်ပြီး ဖွံ့ဖြိုးရေးလုပ်ငန်းများ ရေရှည်တည်တံ့ခိုင်မြဲရေးအတွက် တာဝန်ရှိသူအသီးသီးက ဝိုင်းဝန်း ထိန်းသိမ်း စောင့်ရှောက်ကြရန် မှာကြားခဲ့ကြောင်း သတင်းရရှိသည်။


ဆက်စပ် သတင်းများ

Related News and Articles

ဆက်စပ်လင့်ခ်များ

အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။

  • တယ်လီဖုန်း

    ၀၆၇ - ၄၁၀၀၃၃
  • ဖက်စ်

    ၀၆၇ - ၄၁၀၀၃၆
  • Email

    contact@mcrd.gov.mm