Language : |
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

“မိုခါ” မုန်တိုင်းကြားက ရခိုင်ပြည်နယ် အားကစားမြင့်မားတိုးတက်ရေး


30 Jul,2023

မြင့်စိုး(နတလ)

အားကစား ဖိတ်စာလေးတစ်စောင်

          ရခိုင်ပြည်နယ် အားကစားနှင့် ကာယပညာကော်မတီက ကြီးမှူးကျင်းပသော မိုခါ မုန်တိုင်းအလွန် ပြန်လည်ထူထောင်ရေး၊ ချစ်ကြည်ရေး ဘောလုံးပြိုင်ပွဲကို အောက်ပါအစီအစဉ် အတိုင်း ကျင်းပပြုလုပ်သွားမည်ဖြစ်၍ တက်ရောက်ပေးနိုင်ပါရန် ဖိတ်ကြားအပ်ပါသည်.....တဲ့။ ကျင်းပမည့် အစီအစဉ်ကို ဖတ်ကြည့်လိုက်သောအခါ ဇူလိုင်လ ၂၉ ရက်၊ စနေနေ့ နေ့လည် ၃ နာရီခွဲအချိန် စစ်တွေမြို့ ဘောလုံးကွင်းရပ်ကွက်ရှိ ဓညဝတီ အားကစားကွင်းမှာ ကျင်းပမည် ဖြစ်ကြောင်း တွေ့ရသည်။ သောကြာနေ့ ညနေမှာ သည်ဖိတ်စာလေးကို လက်ခံရရှိသည်။ မိုခါ မုန်တိုင်းလွန်ကာလ ပြန်လည်ထူထောင်‌ရေးလုပ်ငန်းများအတွက် စစ်တွေမြို့သို့ ရောက်ရှိနေ စဉ် အခမ်းအနားတက်ပေးပါရန် ဖိတ်ကြားသည်ဆိုသော်လည်း အစီအစဉ်အသေးစိတ်ကို ကျွန်တော် သိထားပြီးပေပြီ။ တစ်ဖက်အသင်းက စစ်တွေတက္ကသိုလ်လက်ရွေးစင် လှပျိုဖြူ သမီးငယ်လေးများ၊ သည်ဘက်အသင်းမှာတော့ ခေတ္တရောက်ရှိနေသော ဒုတိယဝန်ကြီးများ ရော၊ ပြည်နယ်အစိုးရအဖွဲ့ဝန်ကြီးများရော၊ ပြည်နယ်အဆင့် ဌာနဆိုင်ရာအကြီးအကဲများရော စုပေါင်းဖွဲ့စည်းထားသည့် အသက် ၅၀ နှစ်နှင့် ၆၅ နှစ်ကြား အဖိုးကြီးအသင်းဟု ပြောရ မည်သာ။ ကျွန်တော်တို့လည်း ပါဝင်ကစားမည်ဖြစ်၍ ဖိတ်စာရပြီး မကြာခင်မှာပင် ဘောလုံး ကန်အင်္ကျီ ဘောင်းဘီများ ပေးပို့လာပါသည်။

          ဖိတ်စာလေးတွေ့လိုက်ရကတည်းက ကျွန်တော့်စိတ်အလျဉ်သည် စစ်တွေမြို့မှ ခေတ္တ ခဏ ခွာတုံပြုကာ ၁၉၉၆ ခုနှစ်မှာ ကျွန်တော်နေထိုင်ခဲ့ဖူးသည့် ရှမ်းပြည်နယ်(တောင်ပိုင်း) မြန်မာ-ထိုင်းနယ်စပ်အနီးရှိ ဟိုမိန်းမြို့လေးသို့ ရောက်ရှိသွားပါတော့သည်။ နေထိုင်ခဲ့ဖူးသည် ဟု ကျွန်တော်သုံးနှုန်းလိုက်ခြင်းမှာ ဦးခွန်ဆာ၏ MTA အဖွဲ့ အကြွင်းမဲ့လက်နက်စွန့်ခဲ့သည့် ၁၉၉၆ ခုနှစ်၊ ဇန်နဝါရီလမှစတင်ကာ နှစ်ကုန်သည်အထိ တစ်နှစ်တိတိ နေထိုင်ခဲ့ရသော ကြောင့်ပါတည်း။ ၎င်းအဖွဲ့ကြီး လက်နက်စွန့်ပြီဆိုကတည်းက တပ်မ‌တော်၊ ထွေ/အုပ်၊ မြန်မာ နိုင်ငံရဲတပ်ဖွဲ့၊ နတလ၊ လဝက၊ အကောက်ခွန်၊ တရားရေး၊ ဥပဒေ စသည့် သက်ဆိုင်ရာဌာန အသီးသီးမှ အဖွဲ့ဝင် ၃၅ ယောက်ကို ဟိုမိန်းဒေသ အထူးအုပ်ချုပ်ရေးအဖွဲ့အဖြစ် ဖွဲ့စည်း စေလွှတ်ခဲ့ခြင်း ဖြစ်သည်။ တရားဥပဒေစိုးမိုးရေး၊ နယ်မြေဒေသတည်ငြိမ်‌အေးချမ်းရေး၊ ဖွံ့ဖြိုး တိုးတက်ရေးလုပ်ငန်းများကို ကျွန်တော်တို့အားလုံး တက်ညီလက်ညီ ပူးပေါင်းဆောင်ရွက်ခဲ့ ကြသည်။ MTA အဖွဲ့မှ တိုင်းရင်းသားခေါင်းဆောင်များ၊ ဒေသခံတိုင်းရင်းသား ပြည်သူများ ကလည်း ပူးပေါင်းပါဝင် ကူညီကြသဖြင့် လုပ်ငန်းမှန်သမျှ အားလုံးအဆင်ပြေချောမွေ့စွာ အောင်မြင်ပြီးမြောက်ခဲ့သည်ဟု ပြောရပေမည်။

ဌာနအလိုက် ကိုယ်စီတာဝန်များခွဲဝေ

          တရားဥပဒေစိုးမိုးရေးနှင့် နယ်မြေတည်ငြိမ်အေးချမ်းရေးအတွက် ဟိုမိန်းမြို့ပေါ်မှာရော ကျေးရွာတွေမှာပါ ရပ်ကွက်/ ကျေးရွာအုပ်စု အုပ်ချုပ်ရေးအဖွဲ့တွေ ဖွဲ့သည်။ တရားရေးနှင့် ဥပဒေဆိုင်ရာများ ဟောပြောဆွေးနွေးသည်။ လဝကအဖွဲ့တွေက နေရပ်ပြန်သူတွေရော၊ ကျန်နေမည့်သူတွေရော မှတ်ပုံတင်၊ သန်းခေါင်စာရင်းတွေ လုပ်ပေးသည်။ အကောက်ခွန်အဖွဲ့ က မော်တော်ယာဉ်နှင့် ဆိုင်ကယ်များကို ယာယီမှတ်ပုံတင် နံပါတ်များ စိစစ်ဆောင်ရွက်ပေး သည်။ ဥက္ကဋ္ဌ ဗိုလ်မှူးငွေထွန်း၊ အတွင်းရေးမှူး ဗိုလ်ကြီးကျော်ရွှေ (ဗိုလ်မှူးချုပ်ကျော်ရွှေ-ငြိမ်း) တို့ အစီအစဉ်ဖြင့် ဟိုမိန်း-လင်းခေး၊ ဟိုမိန်း-တောင်ကြီး မော်တော်ယာဉ်လိုင်းတွေ ဖွင့်သည်။ ဟိုမိန်းတွင် လာရောက်အခြေပြုထားသော တပ်မမှူး၏ ညွှန်ကြားချက်ကို နာခံ၍ MTA တပ်ဖွဲ့ ဝင်များအား ဌာနေပြည်သူ့စစ်အဖွဲ့များ ဖွဲ့စည်းရေး ဆောင်ရွက်ကြသည်။ ကျွန်တော်တို့ နတလအဖွဲ့၏ တာဝန်က စာသင်ကျောင်းများ၊ ဆေးပေးခန်းများ တိုးချဲ့ဖွင့်လှစ်ရေး၊ အမှတ် ၂၀၃ စပါးမျိုးများကို ဟိုမိန်းဒေသတွင် အောင်မြင်စွာစိုက်ပျိုးပြသရေးတို့ပဲ ဖြစ်သည်။ စပါး စိုက်ပျိုးရေးလုပ်ငန်း အောင်မြင်သလားမမေးနှင့်၊ နတလမှ ပေးပို့လာသော လက်တွန်း ထွန်စက် ၃ စီးနှင့် လယ် ၁၀ ဧကကျော် မြေပြင်ပြီးချိန်မှာ ကောက်စိုက်ပွဲတော် ပြုလုပ်ခဲ့ရာ ဟိုမိန်းမြို့ပေါ် ရပ်ကွက်များဖြစ်သော ဟွေပန်ဆေ၊ နားမိုင်၊ မိန်းမိုင်၊ နားမိုက်လေ၊ မတ်လန်း၊ ဟွေခါးမွန်၊ ပန်သပြေ စသည်တို့မှ လုပ်အားပေးကောက်စိုက်သမ ၃၀၀ ကျော် တပျော်တပါး ပါဝင်စိုက်ပျိုးပေးခဲ့ကြသည်။ ဟိုမိန်းဒေသမှာ အကြောင်းအမျိုးမျိုးဖြင့် လာရောက်နေထိုင်ကြ သော်ငြား နေရပ်ဇာတိမြို့ရွာများဆီက မိရိုးဖလာ ကောက်စိုက်ခြင်းကို လွမ်းနေကြလျော့ထင့်။ ပျော်လိုက်ကြသည်မှ တပြုံးပြုံး၊ ကောက်ညှင်းပေါင်းနှင့် အကြော် ကျွေးသည့်အဖွဲ့ကလည်း တအုန်းအုန်း။ လွမ်းပဲလွမ်းမိသေးတော့ ဟိုမိန်းရေ.......။

ငြိမ်းချမ်းရေးသင်္ကြန်နှင့် ချစ်ကြည်ရေးဘောလုံးပွဲ

          ၁၉၉၆ ခုနှစ် ဟိုမိန်းသင်္ကြန်နှင့် ၁၉၉၁ ခုနှစ် ရှမ်းပြည်နယ်(မြောက်ပိုင်း) နမ့်ဆန်သင်္ကြန် တို့ကို ကျွန်တော်က ငြိမ်းချမ်းရေးသင်္ကြန်ဟု အမြဲတင်စားခေါ်ဝေါ်ခဲ့သည်။ ၁၉၉၁ ခုနှစ် ဧပြီ လဆန်းပိုင်းတွင် ဦးအိုက်မုန်းခေါင်းဆောင်သော PSLA အဖွဲ့ တရားဥပ‌ဒေဘောင်အတွင်း ဝင်ရောက်လာပြီးနောက် ကျွန်တော်တို့ ရမခစစ်ဗျူဟာ(၁) နှင့် တပ်ရင်းအသီးသီးက တပ်မတော်သားများ၊ PSLA တပ်ဖွဲ့ဝင်များ၊ ဒေသခံ ပလောင်တိုင်းရင်းသား တိုင်းရင်းသူများ နမ့်ဆန်သင်္ကြန်ပွဲတော်ကို ပျော်ရွှင်စွာ ဆင်နွှဲခဲ့ကြသည်။ ငြိမ်းချမ်းခြင်း၏ နိမိတ်ပုံ၊ တစ်ကယ့် ငြိမ်းချမ်းရေးသင်္ကြန်ပွဲတစ်ခုပါပေ။ ဟော.........၁၉၉၆ ခုနှစ် ဧပြီလ၌ ဟိုမိန်းတွင်ကျခဲ့သော သင်္ကြန်မှာလည်း တပ်မတော်သားများ၊ MTA တပ်ဖွဲ့ဝင်များ၊ ဒေသခံတိုင်းရင်းသားတိုင်းရင်းသူ များ ပါဝင်ဆင်နွှဲကြသောကြောင့် ကျွန်တော့်ရင်ထဲမှာ ဘယ်တော့မှ မေ့ပျောက်လို့ရနိုင်တော့ မည်မဟုတ်သော ဒုတိယမြောက် ငြိမ်းချမ်းရေးသင်္ကြန် ဖြစ်သည်။ ဦးခွန်ဆာ၏ ညာလက်ရုံးနှင့် ဘယ်လက်ရုံးဟု ပြောနိုင်သော MTA ယဉ်ကျေးမှုအဖွဲ့ခေါင်းဆောင်၊ ရှမ်းပြည်နယ်လုံးဆိုင်ရာ အမျိုးသမီးအသင်း WASS အဖွဲ့ခေါင်းဆောင် ဒေါ်ခေးဆစ်နှင့် ဒေါ်နှောင်းတို့၏ ပါဝင်ကူညီမှု၊ စည်းရုံးမှုအင်အားတို့ဖြင့် ပွဲက ထင်ထားသည်ထက် ပိုစည်သွားခြင်းဖြစ်သည်။ အစ်မကြီး ဒေါ်ခေးဆစ်တစ်ယောက် ကွယ်လွန်ခဲ့သည်မှာ ၁၀ နှစ်ခန့် ရှိလျော့ထင့်။

          ချစ်ကြည်ရေးဘောလုံးပွဲကတော့ ရပ်ကွက်လိုက်အသင်းတွေ ပါဝင်ပြီး တပ်မတော်မှ လည်း ၂ သင်း ပါဝင်သည်။ ကျွန်တော်က မိန်းမိုင်ရပ်ကွက်အသင်း၏ အသင်းခေါင်းဆောင်၊ အနိုင်အရှုံးကို အဓိကမထားဘဲ တပ်မတော်နှင့် ဒေသခံပြည်သူများ၊ အုပ်ချုပ်ရေးအဖွဲ့နှင့် ဒေသခံပြည်သူများ၊ MTA လက်ကျန်တပ်ဖွဲ့ဝင်များ ချစ်ကြည်ရင်းနှီးစေရန်၊ ဒေသဖွံ့ဖြိုးရေးကို ပူးပေါင်းဆောင်ရွက်နိုင်ရန် ရည်ရွယ်ကျင်းပပြုလုပ်ခြင်း ဖြစ်သည်။ ကျွန်တော်တို့လို ရပ်ကွက် အသင်းတွေမှာ ပါဝင်ကစားနိုင်ခြင်းမရှိသော တရားသူကြီး ဦးဝင်းမြင့်ဦး၊ ရှေ့နေကြီး ဦးစိုးသန်း၊ ထွေ/အုပ်က ဦးမောင်မောင်၊ လဝက ဦးသန်းမြင့်၊ အကောက်ခွန်က ဦးတင်ဝင်းတို့အဖွဲ့ကိုတော့ ကညာပျိုနှင့် ဇရာအို ကန်ကြသည့်ပွဲမှာ ပါဝင်စေခဲ့သည်။ ဒေသခံ ရှမ်းသမီးပျိုလေးများ ကြားမှာ လဲလိုက် ကွဲလိုက် ကစားနေကြရသော သူတို့တစ်သိုက်ကြောင့် ကြည့်ရသူအားလုံး ရီမောပျော်ရွှင်ခဲ့ကြရသည်ကို သတိရမိသည်။ ထိုနေ့က MTA အဖွဲ့ ဒုတိယခေါင်းဆောင် ဦးကျန်ဆုရှင်တစ်ယောက် ကုတ်အင်္ကျီ ဘောင်းဘီ၊ ရှူးဖိနပ်တို့ကို သပ်ရပ်စွာဝတ်ဆင်ပြီး ဘောလုံးပွဲမစမီ နာရီဝက်ခန့် အလိုကတည်းက ရောက်ရှိလာကာ တလေးတစား ကြည့်ရှု အားပေးသွားခဲ့သည်။ ယခုအချိန်မှာတော့ ဦးခွန်ဆာ၊ ဦးကျန်ဆုရှင်နှင့် ဘောလုံးပွဲ ဒိုင်လူကြီး ဦးရွက်ခေးတို့အားလုံး ကွယ်လွန်ခဲ့ကြပေပြီ။ ဦးနော်မိန်းခွမ်းကိုတော့ ယခုနှစ်ဆန်းပိုင်းက ကျွန်တော်ရောက်ရှိခဲ့သော ဟိုမိန်းဒေသခရီးစဉ်၌ ကျန်းမာစွာ တွေ့ခဲ့ရသည်။

 

စစ်တွေမြို့က ချစ်ကြည်ရေးဘောလုံးပွဲ

          ယနေ့ ဇူလိုင်လ ၂၉ ရက်နေ့ ကျင်းပခဲ့သောဘောလုံးပွဲသည် ချစ်ကြည်ရေးဘောလုံးပွဲ ဟု အမည်တပ်ထားသော်လည်း ထိုထက်ပို၍ ရည်ရွယ်ချက်လေးနက်ပါသည်။ မိုခါ မုန်တိုင်း တိုက်ခတ်ခံရပြီးနောက် ဒေသခံပြည်သူများရော၊ ဝန်ထမ်းများရော၊ ‌ကျောင်းသားကျောင်းသူ များကအစ အနည်းနှင့်အများဆိုသလို ကိုယ်စိတ်နှစ်ပါးစလုံး ထိခိုက်ပင်ပန်းနွမ်းနယ်ခဲ့ကြ ရသည်။ ပြန်လည်ထူထောင်ရေးလုပ်ငန်းတွေ၊ တည်ဆောက်ရေးလုပ်ငန်းတွေမှာ နိုင်ငံတော် အစိုးရ၏ ဦးဆောင်မှုကို ခံယူ၍ တက်တက်ကြွကြွ ပါဝင်ဆောင်ရွက်ခဲ့ကြရသည်။ အချိန်တို အတွင်းမှာပင် မူလအခြေအနေများသို့ ရောက်လုနီးပါး ဖြစ်လာခဲ့သည်။ ဤသည်မှာလည်း အရှိန်အဟုန်ပြင်းပြင်းနှင့် ဝင်ရောက်တိုက်ခတ်ခဲ့သော မိုခါမုန်တိုင်းအပေါ် နိုင်ငံတော်အစိုးရ နှင့်ပြည်သူ စည်းလုံးညီညွတ်စွာ လက်တွဲ၍ ပြန်လည်တုံ့ပြန်နိုင်ခြင်း ရလဒ်ကောင်းတစ်ခု၏ ထင်ရှားသော ပြယုဂ်တစ်ခုဖြစ်ခဲ့သည်။ တစ်နည်းပြောရလျှင် အောင်ပွဲဟု ဆိုရပေမည်။

          နိုင်ငံတော်အကြီးအကဲ၏ လမ်းညွှန်ချက်နှင့်အညီ မုန်တိုင်းသင့် ရခိုင်ဒေသ၏ ပညာရေး၊ ကျန်းမာရေးလုပ်ငန်းများကို အရှိန်အဟုန်ဖြင့် ပြန်လည်မြှင့်တင်ဆောင်ရွက်ပေးရန် လိုသကဲ့သို့ ရခိုင်ပြည်နယ်အတွင်း မှီတင်းနေထိုင်ကြသော လူငယ်လူရွယ်များ၏ စိတ်ဓာတ်၊ အတွေး အခေါ်၊ ခံယူချက်များ မြင့်မားတိုးတက်လာစေရေးအတွက် အားကစားကဏ္ဍကိုလည်း ပိုမို ဖွံ့ဖြိုးတိုးတက်အောင် ဆောင်ရွက်ပေးရန် လိုပါသည်။ ယနေ့အားကစားပွဲကို ဝန်ကြီးချုပ် ဦးထိန်လင်း တက်ရောက် အမှာစကားပြောကြားရာ၌ မိုခါမုန်တိုင်း တိုက်ခတ်မှုကြောင့် ပြည်နယ်အတွင်း အားကစားကွင်းများ၊ အားကစားရုံများ ပျက်စီးခဲ့၍ အားကစားပြိုင်ပွဲများ ရပ်တန့်သွားခဲ့ကြောင်း၊ တတ်နိုင်သမျှ အမြန်ဆုံး ပြန်လည်ပြုပြင်ပေးနေကြောင်း၊ ယနေ့ ကျင်းပသည့် ဘောလုံးပြိုင်ပွဲမှ အစပြု၍ နောက်ပိုင်းမှာ အားကစားပြိုင်ပွဲများကို စဉ်ဆက် မပြတ် ကျင်းပပြုလုပ်ပေးသွားမှာဖြစ်ကြောင်း၊ အားကစားကို မြှင့်တင်ခြင်းသည် မိမိဒေသ၊ မိမိနိုင်ငံတော်ကို မြှင့်တင်ခြင်းဖြစ်ကြောင်း၊ ရခိုင်ပြည်နယ်အနေဖြင့် နိုင်ငံ့ဂုဏ်ဆောင် မြန်မာ့ လက်ရွေးစင် အားကစားသမား များစွာမွေးထုတ်ပေးခဲ့သည့် အစဉ်အလာရှိကြောင်း၊ ဖိလစ်ပိုင် နိုင်ငံမှာ ကျင်းပခဲ့တဲ့ ၃၂ ကြိမ်မြောက် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲများမှာလည်း ရခိုင်ပြည်နယ်ကိုယ်စားပြု အားကစားသမားများက ငွေတံဆိပ် ၂ ခု၊ ကြေးတံဆိပ် ၂ ခု ရယူ ပေးခဲ့ကြကြောင်း၊ မိုခါမုန်တိုင်း ပြီးကာစအချိန်ကာလ ပြည်နယ်နှင့် တိုင်းဒေသကြီး အားကစား ပြိုင်ပွဲများမှာလည်း ရခိုင်ပြည်နယ်အနေဖြင့် ရွှေ၊ ငွေ၊ ကြေး ဆုတံဆိပ်များ ရရှိခဲ့ပါကြောင်း၊ အားအလွန်ပြင်းသော မိုခါမုန်တိုင်းကို နိုင်ငံတော်အစိုးရနှင့်လက်တွဲပြီး ကြံ့ကြံ့ခိုင်ခိုင် ရင်ဆိုင် တုံ့ပြန် အနိုင်ယူခဲ့ကြသည့် ရက္ခိတစိတ်ဓာတ်အပြည့်ရှိသော တိုင်းရင်းသားများပီပီ အားကစား ပြိုင်ပွဲမှာ ခွန်အားပြည့် ပါဝင်ယှဉ်ပြိုင်ခဲ့ကြသလို ဒေသဖွံ့ဖြိုးတိုးတက်ရေးနှင့် တည်ငြိမ် အေးချမ်းရေးအတွက် ဆောင်ရွက်ရာမှာလည်း အင်တိုက်အားတိုက် ပူးပေါင်းဆောင်ရွက်ကြ စေလိုကြောင်း၊ ရက္ခိတစိတ်ထားနှင့်အညီ အမျိုးဘာသာ သာသနာကို စောင့်ရှောက်သည့် အပြင် ပေါင်းစည်းညီညွတ်အားဖြင့် နိုင်ငံတော်နှင့် နိုင်ငံသားတို့၏အကျိုးကို သည်ပိုး ဆောင်ရွက်ကြရန်လိုကြောင်း တိုက်တွန်းမှာကြားခဲ့သည်။

ဂုဏ်ပြုဆုများ ပေးအပ်ချီးမြှင့်

          ယနေ့အားကစားပွဲသို့ ဝန်ကြီးချုပ်နှင့် ပြည်နယ်ဝန်ကြီးများ၊ ဒုတိယဝန်ကြီးများ၊ ဌာန ဆိုင်ရာဝန်ထမ်းများ၊ လုပ်အားဒါနပေးလှူရန် ရောက်ရှိနေကြသည့် မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင် များနှင့် မီးသတ်တပ်ဖွဲ့ဝင်များ၊ အမျိုးသမီးရေးရာ၊ မိခင်နှင့်ကလေး စောင့်ရှေက်ရေးအသင်း၊ ကြက်ခြေနီတပ်ဖွဲ့ဝင်များ၊ စစ်တွေတက္ကသိုလ်၊ ကွန်ပျူတာတက္ကသိုလ်၊ နည်းပညာတက္ကသိုလ် မှ ဆရာဆရာမများနှင့် ကျောင်းသားကျောင်းသူများ စုစုပေါင်းအင်အား ၁၅၀၀ ခန့် တက်ရောက်အားပေးကြည့်ရှုခဲ့ကြသည်။ ပြိုင်ပွဲအပြီးတွင် ၅ ဂိုး၊ ၄ ဂိုးဖြင့် အနိုင်ရသွားသော စစ်တွေတက္ကသိုလ် ကျောင်းသူလေးများအသင်းအား ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးထိန်လင်း နှင့် ဇနီးတို့က ဂုဏ်ပြုဆုငွေ ၅ သိန်းကျပ်နှင့် ဆုဖလားကို ချီးမြှင့်ပေးအပ်ခဲ့ပါသည်။ ဆက်လက်၍ ဌာနဆိုင်ရာဝန်ထမ်းများအသင်းကိုလည်း ဂုဏ်ပြုဆုငွေများ ချီးမြှင့်ခဲ့ပါသည်။ ၎င်းပြင် စစ်တွေကွန်ပျူတာတက္ကသိုလ်အတွက် အားကစားပစ္စည်းများကို နယ်စပ်ရေးရာ ဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဗိုလ်ချုပ် ခွန်သန့်ဇော်ထူးကလည်းကောင်း၊ စစ်တွေ နည်းပညာ တက္ကသိုလ်အတွက် အားကစားပစ္စည်းများကို သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီး ဌာန၊ ဒုတိယဝန်ကြီး ဦးမြင့်စိုးကလည်းကောင်း ပေးအပ်ချီးမြှင့်ခဲ့ကြပါသည်။

စာရေးသူ၏ ဆန္ဒမွန်

          မိုခါမုန်တိုင်းဒဏ်သင့် ရခိုင်ဒေသ ပြန်လည်ထူထောင်ရေးအတွက် ကြိုးပမ်းဆောင်ရွက် ချက်များ ဆောင်းပါးအမှတ်စဉ် ၆ ကို ရေးသားခဲ့စဉ်က ရခိုင်ပြည်နယ်ဇာတိဖွား နိုင်ငံ့ ဂုဏ်ဆောင် ရွှေ ငွေ ကြေး ဆုတံဆိပ်များ ရယူပေးခဲ့ကြသော ဘောလုံး၊ ပြေးခုန်ပစ်၊ အားကစားသမားကြီးများမှသည် ပြီးခဲ့သည့် ၃၂ ကြိမ်မြောက် ဆီးဂိမ်း၌ အမျိုးသမီးဘောလုံး ပြိုင်ပွဲ ငွေတံဆိပ်ဆုရ မြန်မာ့လက်ရွေးစင် ဘောလုံးသမား နော်ထက်ထက်ဝေအထိ ဂုဏ်ပြု ဖော်ပြပေးခဲ့ပါသည်။ ပြည်နယ်အစိုးရအဖွဲ့၏ အားပေးချီးမြှောက်မှု၊ ရက္ခိတစိတ်ထားဖြင့် အားကစားသမားများ၏ ကြိုးစားအားထုတ်မှုတို့ကြောင့် ပို၍ပို၍လည်း နိုင်ငံ့ဂုဏ်ဆောင် အားကစားသမားများ ပေါ်ထွက်လာပါဦးမည်။ ပေါ်ထွက်မည်ဟုလည်း စာရေးသူအနေဖြင့် အလေးအနက် ယုံကြည်မိပါသည်။ ရခိုင်ပြည်နယ်အားကစား အစဉ်ထာဝရ မြင့်မားတိုးတက် ပါစေ။


ဆက်စပ်လင့်ခ်များ

အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။

  • တယ်လီဖုန်း

    ၀၆၇ - ၄၁၀၀၃၃
  • ဖက်စ်

    ၀၆၇ - ၄၁၀၀၃၆
  • Email

    contact@mcrd.gov.mm