Language : |
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

ပြည်ထောင်စုဝန်ကြီး ဦးလှမိုး မိုးရာသီ သစ်ပင်စိုက်ပျိုးပွဲနှင့် ငါးမျိုးစိုက်ထည့်ခြင်း အခမ်းအနားများ တက်ရောက်


09 Jul,2023

နေပြည်တော် ဇူလိုင် ၉

သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၏ မိုးရာသီ သစ်ပင်စိုက်ပျိုးပွဲနှင့် ငါးမျိုး စိုက်ထည့်ခြင်း အခမ်းအနားများအား ယနေ့နံနက်ပိုင်းက နေပြည်တော်ကောင်စီနယ်မြေ၊ လယ်ဝေး မြို့နယ်၊ သော်မှော်ကုန်း ခေတ်မီစံပြကျေးရွာ၊ ရုံးအမှတ် (၁၆) သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေး ဝန်ကြီးဌာနနှင့် နေပြည်တော်ကောင်စီနယ်မြေရှိ ဦးစီးဌာနများ၏ ခရိုင်အဆင့်/ မြို့နယ်အဆင့် ရုံးများ၌ ကျင်းပပြုလုပ်ရာ ပြည်ထောင်စုဝန်ကြီး ဦးလှမိုး၊ ဒုတိယဝန်ကြီး ဦးမြင့်စိုး၊ အမြဲတမ်း အတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ်များနှင့် ဝန်ထမ်းများ တက်ရောက်သည်။

ရှေးဦးစွာ နေပြည်တော်ကောင်စီနယ်မြေ၊ လယ်ဝေးမြို့နယ်၊ သော်မှော်ကုန်း ခေတ်မီစံပြ ကျေးရွာ၌ မိုးရာသီ သစ်ပင်စိုက်ပျိုးပွဲအခမ်းအနားတွင် ပြည်ထောင်စုဝန်ကြီး ဦးလှမိုးက ကမ္ဘာပေါ်ရှိ လူနှင့် သက်ရှိသတ္တဝါအားလုံး၏ ၉၀ ရာခိုင်နှုန်းဟာ သစ်ပင်သစ်တောများကို မှီခိုနေထိုင်လျက်ရှိ ကြောင်း၊ သစ်တောသစ်ပင်များက လိုအပ်သည့် အစားအစာများ၊ အသုံးအဆောင်များ၊ သစ်တော ထွက် ပစ္စည်းအမျိုးမျိုး စသည်တို့ကို ထောက်ပံ့ပေးနိုင်ခြင်း၊ မြေဆီလွှာနှင့်ရေကို ထိန်းသိမ်းပေးခြင်း ကြောင့် သောက်သုံးရေများကို ရယူသုံးစွဲနိုင်ခြင်း၊ အောက်စီဂျင်ကို ထုတ်ပေးနိုင်ခြင်း၊ ကာဗွန်ဒိုင် အောက်ဆိုဒ်ကို စုပ်ယူနိုင်ခြင်းကြောင့် ရာသီဥတုပြောင်းလဲမှုကို ထိန်းညှိပေးနိုင်ခြင်း၊ သဘာဝ ဘေးအန္တရာယ်မှ ကာကွယ်ပေးနိုင်ခြင်းစသည့် အကျိုးကျေးဇူးများကို ရရှိစေမှာ ဖြစ်ပါကြောင်း၊ ကမ္ဘာနှင့်တစ်ဝန်း ရင်ဆိုင်နေရသော ရာသီဥတုပြောင်းလဲမှုနှင့် ပတ်ဝန်းကျင်ဆိုင်ရာ ပြဿနာများကို ဖြေရှင်းရန် နည်းလမ်းအမျိုးမျိုးရှိသည့်အနက် သစ်ပင်စိုက်ပျိုးခြင်း၊ သစ်တောများ ထိန်းသိမ်း ခြင်းဟာ အရိုးရှင်းဆုံး၊ အလွယ်ကူဆုံး၊ ကုန်ကျစရိတ် အသက်သာဆုံး၊ သဘာဝနှင့် လိုက်လျော ညီထွေမှုအဖြစ်ဆုံး လုပ်ငန်းတစ်ရပ် ဖြစ်ပါကြောင်း၊ ဒါကြောင့် ရာသီဥတုပြောင်းလဲမှုနှင့် သဘာဝ ဘေးအန္တရာယ်ဆိုင်ရာ ပြဿနာများ ဖြေရှင်းရန်အတွက် သစ်ပင်စိုက်ပျိုးခြင်း၊ သစ်တော ထိန်းသိမ်းခြင်းလုပ်ငန်းများကို သဘာဝ အခြေခံဖြေရှင်းသည့် နည်းလမ်းအဖြစ် ကျယ်ပြန့်စွာ အသုံးပြုလျက်ရှိပါကြောင်း၊ ဂေဟစနစ်များ ပြန်လည်ထူထောင်ရေး လုပ်ငန်းများအတွက် သစ်ပင်စိုက်ပျိုးခြင်းနှင့် ဂေဟစနစ် ထိန်းသိမ်းခြင်းလုပ်ငန်းများကို တစ်ကမ္ဘာလုံးအတိုင်းအတာဖြင့် အရှိန်မြှင့်တင် ဆောင်ရွက်လျက်ရှိပါကြောင်း၊ မိမိတို့ သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန အနေဖြင့်လည်း ယခု နေပြည်တော်ကောင်စီနယ်မြေ၊ လယ်ဝေးမြို့နယ်၊ သော်မှော်ကုန်း ခေတ်မီ စံပြကျေးရွာရှိ အကွက်အမှတ်(၁)နှင့် အကွက်အမှတ်(၂) တို့မှာ အရိပ်ရ နှစ်ရှည်ပင်များဖြစ်သည့် စိန်ပန်း (၂၀)ပင်၊ မယ်ဇလီ (၂၀)ပင်၊ ခရေ (၃၀)ပင် ၊ ငုရွှေဝါ (၄၀)ပင် စသည့် အရိပ်ရနှစ်ရှည်ပင် (၁၁၀) ကို စုပေါင်းစိုက်ပျိုးသွားမှာ ဖြစ်ပါကြောင်း၊ အလားတူ မိမိတို့ဝန်ကြီးဌာနအောက်ရှိ သမဝါယမဦးစီးဌာန၊ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၊ အသေးစားစက်မှုလက်မှု လုပ်ငန်းဦးစီးဌာန၊ ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာန ရုံးများနှင့် နေပြည်တော်ကောင်စီနယ်မြေ အတွင်းရှိ ခရိုင်နှင့် မြို့နယ်များတွင် တစ်ပြိုင်တည်း စိုက်ပျိုးသွားမှာ ဖြစ်ပါကြောင်း၊ သစ်ပင်များ စိုက်ပျိုးရာမှာလည်း စိုက်ပျိုးရုံနှင့်မပြီးဘဲ စိုက်ပျိုးပြီးသော သစ်ပင်များ ရှင်သန်ကြီးထွားရေးကို သက်ဆိုင်သူအားလုံးက ဝိုင်းဝန်းပြုစု ထိန်းသိမ်းစောင့်ရှောက်ဖို့ လိုအပ်ပါကြောင်း၊ ဒါမှသာ မိမိတို့ စိုက်ပျိုးထားသော သစ်ပင်များ ရှင်သန်ကြီးထွားလာပြီး အကျိုးရှိစေမှာ ဖြစ်ပါကြောင်း၊ မိမိတို့ နိုင်ငံတစ်ဝန်းလုံး စိမ်းလန်းစိုပြည်စေရေးအတွက် သစ်ပင်စိုက်ပျိုးပွဲများကို နှစ်စဉ်ကျင်းပလျက်ရှိ ရာမှာ ယခုကဲ့သို့ အစဉ်အလာကောင်းများကို ရေရှည်ထိန်းသိမ်း ဆောင်ရွက်သွားကြရန်နှင့် စိတ်ချမ်းသာချင်ရင် သစ်ပင်စိုက်ပါ ဆိုသည့် ဆိုရိုးစကားနှင့်အညီ သစ်ပင်စိုက်ခြင်းကြောင့် မိမိတို့ကိုယ်တိုင် စိတ်ချမ်းသာမှုရခြင်း၊ အများအကျိုးရှိခြင်း၊ သဘာဝပတ်ဝန်းကျင်ကိုလည်း ထိန်းသိမ်းပြီးဖြစ်ခြင်း စတဲ့အကျိုးကျေးဇူးများ ရရှိကြမှာဖြစ်သည့်အတွက် သစ်ပင်တွေစိုက်ကြဖို့ တိုက်တွန်းမှာကြားလိုပါကြောင်း ပြောကြားသည်။

ထို့နောက် ပြည်ထောင်စုဝန်ကြီး ဦးလှမိုး၊ ဒုတိယဝန်ကြီး ဦးမြင့်စိုး၊ အမြဲတမ်းအတွင်းဝန် ဦးခန့်ဇော်၊ ညွှန်ကြားရေးမှူးချုပ်များက ကံ့ကော်ပင်များ စိုက်ပျိုးပေးခဲ့ကြပြီး ဝန်ထမ်းများနှင့် ကျေးရွာသူကျေးရွာသားများက စိန်ပန်း၊ မယ်ဇလီ၊ ခရေ၊ ငုရွှေဝါ၊ ကြီးမြန်သစ်ပင် ပြည်လုံးချမ်းသာ စသည့် အရိပ်ရနှစ်ရှည်ပင်များကို စုပေါင်းစိုက်ပျိုးခဲ့ကြသည်။

ဆက်လက်ပြီး ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် သော်မှော်ကုန်းကျေးရွာရှိ မွေးမြူရေးနှင့် အထွေထွေစီးပွားရေးသမဝါယမအသင်းလီမိတက်နှင့် ကျေးလက်စီးပွားမြင့်မာရေးရန်ပုံငွေ RBF ဖြင့် မွေးမြူရေးလုပ်ငန်း ဆောင်ရွက်နေသည့် ပန်းခရေအဖွဲ့တို့၏ ဝက်မွေးမြူရေးလုပ်ငန်းများအား ကြည့်ရှုအားပေးကာ လိုအပ်သည်များ ညှိနှိုင်းပေါင်းစပ် ဆောင်ရွက်ပေးခဲ့သည်။

ထို့နောက် မိုးရာသီသစ်ပင်စိုက်ပျိုးပွဲ အခမ်းအနားများအား သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေး ဝန်ကြီးဌာန၌လည်းကောင်း၊ ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာန၌လည်းကောင်း၊ နေပြည်တော် ကောင်စီနယ်မြေအတွင်းရှိ ခရိုင်အဆင့်/ မြို့နယ်အဆင့် ရုံးများ၌လည်းကောင်း ဆက်လက် ကျင်းပရာ ပြည်ထောင်စုဝန်ကြီး၊ ဒုတိယဝန်ကြီး၊ အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ်များ နှင့် ဝန်ထမ်းများက စုပေါင်းစိုက်ပျိုးခဲ့ကြသည်။

          သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာနအနေဖြင့် ၂၀၂၃ ခုနှစ်၊ မိုးရာသီ သစ်ပင် စိုက်ပျိုးပွဲများတွင် ကြီးမြန်သစ်ပင် ပြည်လုံးချမ်းသာပင် (၅၀၀)၊ ကျွန်းပင် (၁၄၀) ၊ ပျဉ်းကတိုးပင် (၁၅၀)၊ စိန်ပန်းပင် (၂၀)၊ ခရေပင် (၃၃)ပင်၊ ငုရွှေဝါပင် (၄၀)၊ မယ်ဇလီပင် (၂၀)၊ ကံ့ကော်ပင် (၁၀) ပင်နှင့် အခြားအရိပ်ရပင် (၁၂) ပင်စသည့် အရိပ်ရနှစ်ရှည်ပင် အမျိုးအစား (၁၀)မျိုး စုစုပေါင်း (၉၂၅) ပင်ကို စိုက်ပျိုးခဲ့ကြောင်းလည်း သိရသည်။

          ဆက်လက်ပြီး ငါမျိုးစိုက်ထည့်ခြင်းအခမ်းအနားကို သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီး ဌာန ရုံးအမှတ် (၁၆) ရှိ လျှိုပိတ်ဆည်နှင့် မွေးမြူရေးကန်များတွင် ကျင်းပရာ ပြည်‌ထောင်စုဝန်ကြီး၊ ဒုတိယဝန်ကြီး၊ အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ်များနှင့် တာဝန်ရှိသူများက ငါးမြစ်ချင်း သားပေါက်ကောင်ရေ (၁၀,၀၀၀)၊ ထိုင်းငါးခုံးမသားပေါက်ကောင်ရေ (၁၀,၀၀၀) နှင့် ရွှေရောင် ငါးကြင်းသားပေါက်ကောင်ရေ (၃၀၀)၊ စုစုပေါင်း ငါးသားပေါက်ကောင်ရေ (၂၀,၃၀၀) ကို စိုက်ထည့် မွေးမြူခဲ့ကြကြောင်း သတင်းရရှိပါသည်။


ဆက်စပ် သတင်းများ

Related News and Articles

ဆက်စပ်လင့်ခ်များ

အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။

  • တယ်လီဖုန်း

    ၀၆၇ - ၄၁၀၀၃၃
  • ဖက်စ်

    ၀၆၇ - ၄၁၀၀၃၆
  • Email

    contact@mcrd.gov.mm