Language : |
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

ပြည်ထောင်စုဝန်ကြီး ဦးလှမိုး ၁၀၁ ကြိမ်မြောက် အပြည်ပြည်ဆိုင်ရာသမဝါယမနေ့ အခမ်းအနား တက်ရောက်


02 Jul,2023

နေပြည်တော် ဇူလိုင် ၁

          ၁၀၁ နှစ်မြောက် အပြည်ပြည်ဆိုင်ရာသမဝါယမနေ့ အခမ်းအနားကို ယနေ့နံနက်ပိုင်းက သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ ရုံးအမှတ် ၁၆ ၌ ကျင်းပပြုလုပ်ရာ သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးလှမိုး၊ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး မင်းနောင်၊ သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေး ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမြင့်စိုး၊ ညွှန်ကြားရေးမှူးချုပ်များ၊ သမဝါယမနှင့် စီမံခန့်ခွဲမှု ပညာတက္ကသိုလ်(သန်လျင်၊ စစ်ကိုင်း)တို့မှ ပါမောက္ခချုပ်များ၊ ဗဟိုသမဝါယမအသင်းလီမိတက်မှ ဥက္ကဋ္ဌနှင့် ဒါရိုက်တာအဖွဲ့ဝင်များ၊ သမဝါယမကောလိပ်(မန္တလေး၊ဖောင်ကြီး)တို့မှ ကျောင်းအုပ်ကြီး များ၊ တိုင်းဒေသကြီး/ပြည်နယ်သမဝါယမဦးစီးဌာနများမှ ညွှန်ကြားရေးမှူးများ၊ သမဝါယမ စာရင်းရေးစာရင်းကိုင်သက်မွေးပညာသင်တန်းကျောင်း (တောင်ကြီး၊ မကွေး၊ ပုသိမ်၊ မော်လမြိုင်၊ မန္တလေး)တို့မှ ကျောင်းအုပ်ကြီးများ၊ တိုင်းဒေသကြီး/ပြည်နယ်သမဝါယမအသင်းစုချုပ်ဥက္ကဋ္ဌများ၊ သမဝါယမအသင်းသားများ၊ ဝန်ထမ်းများနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။

          အခမ်းအနားတွင် ပြည်ထောင်စုဝန်ကြီး ဦးလှမိုးက အပြည်ပြည်ဆိုင်ရာသမဝါယမအဖွဲ့ချုပ် (International Co-operative Alliance-ICA) ကို ၁၈၉၅ ခုနှစ်၊ ဩဂုတ်လ ၁၉ ရက်နေ့တွင် အင်္ဂလန်နိုင်ငံ၊ လန်ဒန်မြို့၌ စတင်ဖွဲ့စည်းခဲ့ပြီး သက်တမ်း ၁၂၈ နှစ်ရှိပြီဖြစ်ပါကြောင်း၊ ၁၉၂၃ ခုနှစ်မှစတင်၍ အပြည်ပြည်ဆိုင်ရာ သမဝါယမနေ့အထိမ်းအမှတ်ပွဲများ ကျင်းပလာခဲ့သည်မှာ ၁၀၁ နှစ်တိုင်ခဲ့ပြီဖြစ်ပါကြောင်း၊ ၁၉၉၄ ခုနှစ်တွင် ကျင်းပသည့် ကုလသမဂ္ဂအထွေထွေညီလာခံကြီးက နှစ်စဉ်ဇူလိုင်လ ပထမပတ်စနေနေ့ကို အပြည်ပြည်ဆိုင်ရာ သမဝါယမနေ့အဖြစ် သတ်မှတ်ခဲ့ပြီး နှစ်စဉ် အပြည်ပြည်ဆိုင်ရာသမဝါယမနေ့တွင် သမဝါယမများအကြောင်း အသိပညာပေးမှုများ တိုးမြှင့်လုပ်ဆောင်ရန်နှင့် နိုင်ငံတကာစည်းလုံးညီညွတ်ရေး ရည်မှန်းလှုပ်ရှားဆောင်ရွက်မှု၊ အချိန်တိုအတွင်း စီးပွားရေး အကျိုးဖြစ်ထွန်းမှု၊ တန်းတူညီမျှမှုနဲ့ ကမ္ဘာကြီးငြိမ်းချမ်းသာယာဝပြောမှု များကို အားပေးမြှင့်တင်ရန် ရည်ရွယ်ပြီး ကမ္ဘာတစ်ဝှမ်းကျင်းပခြင်းဖြစ်ပါကြောင်း။                

          ယခုအချိန်တွင် အပြည်ပြည်ဆိုင်ရာသမဝါယမအဖွဲ့ချုပ်ကို အဖွဲ့ဝင်နိုင်ငံပေါင်း (၁၀၇)နိုင်ငံမှ သမဝါယမအသင်းစုချုပ်ပေါင်း(၃၁၇)သင်းကျော်၊ သမဝါယမအသင်းပေါင်း(၃)သန်းကျော်၊ အသင်း သားပေါင်း သန်း(၁၀၀၀)ကျော်ဖြင့် ပါဝင်ဖွဲ့စည်းဆောင်ရွက်လျက်ရှိပါကြောင်း။ ကမ္ဘာ့အောင်မြင်မှု အရှိဆုံးသမဝါယမအသင်း(၃၀၀)၏ စုစုပေါင်းလှည့်လည်ငွေရင်း (Total Turnover)မှာ အမေရိကန် ဒေါ်လာ(၂၁၇၁)ဘီလီယံ ရှိပါကြောင်း။

          ကမ္ဘာ့လူဦးရေ၏ ၁၀% ကျော်၊ တစ်နည်းအားဖြင့် ကမ္ဘာ့လူဦးရေ သန်း(၂၈၀)ကျော်ကို ကမ္ဘာ့ သမဝါယမအသင်းများက အလုပ်အကိုင်အခွင့်အလမ်းများ ဖန်တီးပေးနိုင်ခဲ့ကြောင်း၊ သမဝါယမ များသည် စီးပွားရေးကဏ္ဍတွင် မတူညီသည့် လုပ်ငန်းအမျိုးအစားများဖြင့် ကမ္ဘာတစ်ဝှမ်း ဆောင်ရွက်နေကြပြီး၊ ငွေကြေးအကြပ်အတည်းရောဂါဘေး စသည့်ကာလများတွင်လည်း သမဝါယမများက ကိုယ်တိုင်ရင်ဆိုင်ကြုံတွေ့ ကျော်လွှားခဲ့ရပြီး ပုံမှန်ထက် ပိုမို ကြံ့ကြံ့ခံရပ်တည် နိုင်ခဲ့ကြပါကြောင်း။ သမဝါယမသည် စီးပွားရေးလုပ်ငန်းများတွင် ပါဝင်ဆောင်ရွက်ခြင်း၊ သဘာဝ ပတ်ဝန်းကျင်ဆိုင်ရာ ပျက်စီးမှုနှင့် ရာသီဥတုပြောင်းလဲခြင်းတို့ကို ထိန်းသိမ်းကာကွယ်ပေးခြင်း၊ အလုပ်အကိုင်ကောင်းများ ဖော်ဆောင်ပေးခြင်း၊ အစားအစာဘေးကင်းလုံခြုံရေးနှင့် ဖူလုံလောက်ငှ စေရေးအတွက် အကူအညီ အထောက်အပံ့ပေးခြင်း၊ ဒေသဆိုင်ရာအဖွဲ့အစည်းများအတွင်း ငွေကြေး အရင်းအနှီးထောက်ပံ့ပေးခြင်း၊ လူ့ကျင့်ဝတ်စံတန်ဖိုးများကို ပျိုးထောင်ပေးခြင်း၊ အများပြည်သူ များရဲ့ ရုပ်ပိုင်းဆိုင်ရာ  လိုအပ်ချက်များနှင့် ဘေးကင်းလုံခြုံမှုတိုးတက်ကောင်းမွန်အောင် ဆောင်ရွက်ပေးခြင်းအားဖြင့် စစ်မှန်သည့် ငြိမ်းချမ်းမှုကို အထောက်အကူပြုနိုင်ခြင်း စသည်တို့ကို အားပေးမြှင့်တင် ဆောင်ရွက် လျက်ရှိပါကြောင်း။      

          မြန်မာနိုင်ငံတွင် ဗဟိုသမဝါယမအသင်းသည် (၇-၉-၁၉၉၃) ရက်နေ့တွင် အပြည်ပြည် ဆိုင်ရာသမဝါယမအဖွဲ့ချုပ်၏ အဖွဲ့ဝင်အဖြစ် စတင်ဝင်ရောက်ခဲ့ပါကြောင်း။  မြန်မာနိုင်ငံတွင် ရှိသည့် သမဝါယမအသင်းများက ကမ္ဘာ့သမဝါယမများ၏ ကောင်းမွန်လှသည့် လုပ်ကိုင်ဆောင်ရွက် ပုံနည်းလမ်းများကို အတုယူပြီး ပိုမိုတိုးတက် ကောင်းမွန်လာရန်နှင့် အောင်မြင်မှုများကို ရေရှည်  တည်တံ့ခိုင်မြဲအောင် ကြိုးစားအားထုတ်ဖို့လိုအပ်ပါကြောင်း။

          မြန်မာနိုင်ငံတွင် ၁၉၀၄ ခုနှစ်၌ သမဝါယမအသင်းအက်ဥပဒေကို ပြဋ္ဌာန်းခဲ့ပြီး ၁၉၀၅ ခုနှစ်၊ ဇန်နဝါရီလ(၃)ရက်နေ့တွင် စစ်ကိုင်းခရိုင် မြင်းမူငွေစုငွေချေးသမဝါယမအသင်းကို စတင် ဖွဲ့စည်းခဲ့ကာ သမဝါယမအသင်းများ ရှင်သန်ဖွံ့ဖြိုးရေးအတွက် ဦးစီးဌာန၊ ဝန်ကြီးဌာန ဖွဲ့စည်း ထူထောင်ပြီး လမ်းညွှန်ကြီးကြပ်မှုများဖြင့် ဆောင်ရွက်ခဲ့ရာ (၁၇-၆-၂၀၂၁)ရက်နေ့တွင် သမဝါယမ နှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာနကို ဝန်ကြီးဌာနအသစ်အဖြစ် ပြန်လည်ဖွဲ့စည်း တည်ထောင် ခဲ့ပြီး ခေတ်နှင့်အညီ မူဝါဒအသစ်များဖြင့် သမဝါယမလုပ်ငန်းများ ရှင်သန်ဖွံ့ဖြိုးလာစေရေး ဆောင်ရွက်လျက်ရှိပါကြောင်း။

          သမဝါယမဦးစီးဌာနသည် ပြည်သူတို့၏ လူမှုစီးပွားအတွက် ထိရောက် အကျိုးရှိမည့် မျှော်မှန်းချက်၊ ရည်မှန်းချက်၊ မူဝါဒများ၊ လုပ်ငန်းစဉ်များ၊ Action Plan (၉)ရပ် ချမှတ်ပြီး ပြည်သူများ၏ လူမှုစီးပွားဘဝမြင့်မားရေးနှင့် အလုပ်အကိုင်အခွင့်အလမ်းများ ဖန်တီးပေးနိုင်ရေး အတွက် အမှန်တကယ် အလုပ်လုပ်လိုသူများ၊ လုပ်ငန်းတူရာအလိုက် စိတ်ဝင်စားသူများအား သမဝါယမအသင်းသစ်များ စည်းရုံးဖွဲ့စည်းခြင်း၊ ဖွဲ့စည်းခဲ့ပြီးသော အသင်းဟောင်းများအား လုပ်ငန်း အမှန်တကယ်လုပ်ကိုင်သူများကိုသာ ပြန်လည်ပြုပြင်ဖွဲ့စည်းခြင်းများ ဆောင်ရွက်လျက် ရှိရာ ယနေ့ထိ သမဝါယမအသင်းပေါင်း (၃၈၇၀၉) သင်း ဖွဲ့စည်းခဲ့ပြီး ဖြစ်ပါကြောင်း။

          သမဝါယမလုပ်ငန်းများ ရေရှည်ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဦးစီးဌာနအချင်းချင်း ညှိနှိုင်း ပေါင်းစပ်ခြင်း၊ သမဝါယမဦးစီးဌာနနှင့် အသင်းများ ပေါင်းစပ်ညှိနှိုင်းခြင်းတို့ဖြင့် လုပ်ငန်းများ အောင်မြင်မှုရှိစေရန် သမဝါယမအခြေခံမူများ ၊ ကျင့်ဝတ်နှင့် အနှစ်သာရများကို လိုက်နာကျင့်သုံး ဆောင်ရွက်ကြပါရန် တိုက်တွန်း ပြောကြားလိုပါကြောင်း။

          အပြည်ပြည်ဆိုင်ရာသမဝါယမအဖွဲ့ချုပ်(ICA)က “သမဝါယမ”ဟူသည် ကိုယ့်အားကိုယ်ကိုး ခြင်း၊ ကိုယ်တိုင်တာဝန်ယူဆောင်ရွက်ခြင်း၊ အများဆန္ဒနှင့်အညီ စီမံခန့်ခွဲခြင်း၊ တန်းတူညီမျှခြင်း၊ တရားမျှတစာနာထောက်ထားခြင်း၊ စည်းလုံးညီညွတ်ခြင်းနှင့် မှန်ကန်ဖြောင့်မတ်သည့် လူ့ကျင့် ဝတ်စံတန်ဖိုးများရှိခြင်း၊ ရိုးသားပွင့်လင်းခြင်း၊ လူမှုရေးစိတ်ဓါတ်ရှိပြီး အများအကျိုးကို အလေးထား ဆောင်ရွက်ခြင်းဆိုသည့် သမဝါယမအနှစ်သာရများကို အလေးထားဆောင်ရွက်လျက် ရှိပါကြောင်း။           နိုင်ငံတော်အစိုးရ၏ စီမံလမ်းညွှန်မှုဖြင့် သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာနမှ ကျေးလက်နေပြည်သူများ၏ တစ်ဉီးချင်းဝင်ငွေတိုးပွားရေးအတွက် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် တစ်ပိုင်တစ်နိုင် ကုန်ထုတ်လုပ်မှုလုပ်ငန်းများ အမှန်တကယ် လုပ်ကိုင်ဆောင်ရွက်လာနိုင်အောင် စည်းရုံးပေါင်းစပ် ကူညီဆောင်ရွက်ပေးခြင်းဖြင့် ကျေးလက်နေပြည်သူများ၏ ဝင်ငွေနှင့် လူနေမှုဘဝ မြင့်မားရေးကို ကြိုးပမ်းဆောင်ရွက်ပေးလျက်ရှိပါကြောင်း။

          သမဝါယမစနစ်ဖြင့် အကောင်အထည်ဖော်ဆောင်ရွက်မည့် စိုက်ပျိုးမွေးမြူရေး ထုတ်လုပ်မှု လုပ်ငန်းများ၊ တစ်ပိုင်တစ်နိုင် ကုန်ထုတ်လုပ်မှုလုပ်ငန်းများ၊ နိုင်ငံစီးပွားမြှင့်တင်ရေးရန်ပုံငွေဖြင့် ဆောင်ရွက်လျက်ရှိသည့် နွေစပါး၊ ပဲတီစိမ်း၊ မိုးစပါးနှင့် စိုက်ပျိုးရေးမွေးမြူရေး၊ ဆန်စက်၊ ဆီစက် လုပ်ငန်းများအားလုံး အောင်မြင်စွာ ဆောင်ရွက်နိုင်ရေးအတွက် အထွက်နှုန်းတိုးသည့် မျိုးသီးနှံများ အသုံးပြုရေး၊ စိုက်ဧကများကို အဆင့်မြင့်လယ်ယာမြေဖော်ထုတ်ဆောင်ရွက်ရေး၊ တစ်နှစ်သုံးသီး စိုက်ပျိုးနိုင်ရေးနှင့် မိမိအသင်းအဖွဲ့ အောင်မြင်တိုးတက်ရေးတို့အတွက် စဉ်ဆက်မပြတ် ကြီးကြပ် ကွပ်ကဲကာ ကြိုးပမ်းဆောင်ရွက်ကြရန်နှင့် စိုက်ပျိုးမွေးမြူထုတ်လုပ်ရေးလုပ်ငန်းများအတွက် လိုအပ်သည့်မျိုး၊ သွင်းအားစုအချိန်မီရရှိရေး၊ ဈေးကွက်ရရှိရေးအတွက်လည်း ချိတ်ဆက် ထောက်ပံ့ပေး သွားမှာဖြစ်သည့်အတွက် အသင်းများနှင့် ဉီးစီးဌာနများအနေဖြင့် အောင်မြင်အောင် ကြိုးစား ဆောင်ရွက်ကြစေလိုပါကြောင်း။

          ယခုနှစ် အပြည်ပြည်ဆိုင်ရာသမဝါယမနေ့သည် (၁၀၁) နှစ်မြောက် အထိမ်းအမှတ် ဖြစ်ပြီး ကမ္ဘာတစ်ဝှမ်းရှိ လုပ်ငန်းနယ်ပယ်မျိုးစုံတွင် ရာစုနှစ်သက်တမ်းကျော်အထိ သမဝါယမများ တည်ရှိနေနိုင်ခြင်းသည် သမဝါယမ၏နက်နဲသည့် သမိုင်းနောက်ခံအကြောင်းရင်းများဖြင့် ထင်ရှား သော ဝိသေသထူးကို ထိန်းသိမ်းဆောင်ရွက်နေခြင်းဖြစ်ပါကြောင်း။

          သမဝါယမများအနေဖြင့် ၂၀၃၀ ပြည့်နှစ်ကာလများ၌ ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းများ တွင် ပိုမိုကောင်းမွန်တိုးတက်သော ကမ္ဘာကြီးအဖြစ် အသွင်ကူးပြောင်းရန်နှင့် အရှိန်အဟုန်ဖြင့် ဖွံ့ဖြိုး တိုးတက်ရေးဆောင်ရွက်မှုများတွင် သမဝါယမများ၏ပါဝင်ကူညီမှု အခန်းကဏ္ဍကို ထင်ရှားစွာ ပြသရန် အဓိကသော့ချက်အဖြစ် ကြိုးပမ်းဆောင်ရွက်လျက်ရှိပါကြောင်း။

          ၂၀၂၃ ခုနှစ်၊ အပြည်ပြည်ဆိုင်ရာသမဝါယမနေ့ ဆောင်ပုဒ်ဖြစ်သည့် “Cooperatives: Partners for accelerated sustainable development” (အရှိန်အဟုန်ဖြင့် ရေရှည်တိုးတက်ရေး သမဝါယမများက ဆောင်ရွက်ပေး)ဆိုသည့်အတိုင်း နိုင်ငံတကာသမဝါယမများက မျှဝေခံစား တတ်သော လူ့ကျင့်ဝတ်ဂုဏ်သိက္ခာ စံတန်ဖိုးများအပေါ် အခြေတည်ထားသည့် အခြေခံမူများ အတိုင်းလိုက်နာကျင့်သုံးကြိုးစားအားထုတ်နေချိန်တွင် မြန်မာ့သမဝါယမများကလည်း သမဝါယမ ပုံရိပ်ကို ပြန်လည်မြှင့်တင်ပေးနိုင်ရန် တာဝန်ရှိသူများက စနစ်တကျ ကြီးကြပ်ဆောင်ရွက်ပြီး ဒေသ ဖွံ့ဖြိုးရေးလုပ်ငန်းများကို အရှိန်အဟုန်ဖြင့် ရေရှည်ဖွံ့ဖြိုးနိုင်ရေးအတွက် သမဝါယမဦးစီးဌာနနှင့် သမဝါယမအသင်းများက ပူးပေါင်းအကောင်အထည်ဖော် ဆောင်ရွက်သွားကြရန် တိုက်တွန်း ပြောကြားသည်။

          ဆက်လက်၍ ဗဟိုသမဝါယမအသင်းလီမိတက် ဥက္ကဋ္ဌဦးကျော်မြခိုင်က အပြည်ပြည်ဆိုင်ရာ သမဝါယမနေ့ဂုဏ်ပြုစကား ပြောကြားသည်။

          ထို့နောက် အပြည်ပြည်ဆိုင်ရာသမဝါယမအဖွဲ့ချုပ်မှ ပေးပို့သောသဝဏ်လွှာကို ဗဟို သမဝါယမအသင်းလီမိတက် ဒါရိုက်တာအဖွဲ့ဝင် ဒေါက်တာတိုးနန္ဒာတင်က ဖတ်ကြားခဲ့ပြီး အပြည်ပြည်ဆိုင်ရာသမဝါယမနေ့ ဂုဏ်ပြုတေးသီချင်းနှင့် သမဝါယမလုပ်ငန်းဆောင်ရွက်မှု ရုပ်သံ Video Clip တို့ကို ပြသခဲ့သည်။ ဆက်လက်၍ သမဝါယမဖွံ့ဖြိုးရေးဆောင်ရွက်မှုများအတွက် ဆုအမျိုးအစားပေါင်း ၃၆ ဆုကို ပေးအပ်ချီးမြှင့်ခဲ့ပြီးနောက် အမှတ်တရမှတ်တမ်းတင် ဓါတ်ပုံများ ရိုက်ကူးခဲ့ပြီး အခမ်းအနားသို့ တက်ရောက်လာသော ပြည်ထောင်စုဝန်ကြီးများနှင့်တကွ တက်ရောက်လာသူများက အပြည်ပြည်ဆိုင်ရာသမဝါယမနေ့ အထိမ်းအမှတ်ပြခန်းများကို လှည့်လည်ကြည့်ရှုခဲ့ကြောင်း သိရသည်။


ဆက်စပ် သတင်းများ

Related News and Articles

ဆက်စပ်လင့်ခ်များ

အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။

  • တယ်လီဖုန်း

    ၀၆၇ - ၄၁၀၀၃၃
  • ဖက်စ်

    ၀၆၇ - ၄၁၀၀၃၆
  • Email

    contact@mcrd.gov.mm