Language : |
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

သမဝါယမလုပ်ငန်းများ ပိုမိုအောင်မြင်ဖြစ်ထွန်းနိုင်ရေးနှင့် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်နေမှု ကွင်းဆင်းစစ်ဆေး


13 May,2022

နေပြည်တော် မေ ၁၂

သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးမြင့်စိုးသည် ယမန်နေ့ နံနက်ပိုင်းက ရှမ်းပြည်နယ်အတွင်း အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိသော သမဝါယမလုပ်ငန်းများနှင့် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများအား ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၊ ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးမျိုးနိုင်အောင်၊ သမဝါယမဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ်၊ ဒေါ်မြင့်ဝင်းကြည်နှင့် ပြည်နယ်ဦးစီးမှူးများ၊ သက်ဆိုင်ရာတာဝန်ရှိသူများ လိုက်ပါလျက် ကွင်းဆင်း ကြည့်ရှု စစ်ဆေးပါသည်။

ရှေးဦးစွာ ဒုတိယဝန်ကြီး ဦးမြင့်စိုးနှင့်အဖွဲ့သည် ရှမ်းပြည်နယ် (တောင်ပိုင်း)၊ တောင်ကြီးမြို့ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနရုံးသို့ သွားရောက်ကြည့်ရှုစစ်ဆေးကာ ဝန်ထမ်းများနှင့် တွေ့ဆုံပြီး ဒုတိယဝန်ကြီးက မိမိတို့ဝန်ကြီးဌာနမှ အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိသော ကျေးလက်နေပြည်သူများ၏ လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်ရေး၊ ကျေးလက်နှင့်မြို့ပြု ဖွံ့ဖြိုးမှု ကွာဟချက်လျှော့ချရေး၊ မိသားစုဝင်ငွေတိုးပွားရေး၊ အလုပ်အကိုင်အခွင့်အလမ်းများ ရရှိရေးတို့နှင့် ပတ်သက်၍ ရှင်းလင်းပြောကြားပြီး ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ကျေးရွာများ၏ အခြေခံအဆောက်အအုံများ ဖွံ့ဖြိုးရေး၊ မီးလင်းရေး၊ ရေရရှိရေး၊ လမ်း/ တံတားများနှင့် အသက် မွေးဝမ်းကျောင်းသင်တန်းဆိုင်ရာ ကိစ္စရပ်များအား ဆောင်ရွက်ပေးနေမှုအခြေအနေ တင်ပြချက်များ အပေါ် လိုအပ်သည်များ ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ပါသည်။ ဆက်လက်၍ ဒုတိယဝန်ကြီးနှင့် အဖွဲ့သည် တောင်ကြီးမြို့၊ သမဝါယမသင်တန်းကျောင်းသို့ ရောက်ရှိပြီး ဝန်ထမ်းများနှင့် တွေ့ဆုံပါသည်။ ထိုသို့ တွေ့ဆုံရာတွင် ဒုတိယဝန်ကြီးက ဝန်ကြီးဌာန၏ မူဝါဒများ၊ ရည်ရွယ်ချက်၊ ရည်မှန်းချက်များအား အလေးထား အကောင်အထည်ဖော် ဆောင်ရွက်ရမည်ဖြစ်ပါကြောင်း၊ သမဝါယမဦးစီးဌာနအနေဖြင့် ကျေးရွာများ၏ စီးပွားရေးဖွံ့ဖြိုးတိုးတက်ရေး၊ အသင်းအဖွဲ့စနစ် အောင်မြင်ဖြစ်ထွန်းရေး၊ အရင်းအနှီး ရရှိရေး၊ လယ်ယာသုံးစက်ကိရိယာများ ထောက်ပံ့ပေးနိုင်ရေး တို့ကို ဆောင်ရွက်ပေးနေပြီး ဝန်ထမ်းများအနေဖြင့် နိုင်ငံ့ဝန်ထမ်း စည်းမျဉ်း၊ စည်းကမ်းများကို လေးစားလိုက်နာကာ ဒေသဖွံ့ဖြိုးရေး၊ သမဝါယမလုပ်ငန်းများ အောင်မြင်ရေးအတွက် ကြိုးစား ဆောင်ရွက်သွားရမည်ဖြစ်ပါကြောင်း၊ ဝန်ကြီးဌာနရှိ ဦးစီးဌာန (၃) ခု ပူးပေါင်း၍ သက်ဆိုင်ရာ ကဏ္ဍများအလိုက် ဖွံ့ဖြိုးရေးလုပ်ငန်းများအား အကောင်အထည်ဖော် ဆောင်ရွက်သွားရမည် ဖြစ်ပါကြောင်း မှာကြားပြီး သမဝါယမသင်တန်းကျောင်းဝန်းအတွင်း လှည့်လည် ကြည့်ရှု စစ်ဆေးကာ လုပ်ငန်းလိုအပ်ချက်များ အပေါ် ဖြည့်ဆည်း ဆောင်ရွက်ပေးခဲ့ပါသည်။

 ထို့နောက် ဒုတိယဝန်ကြီးနှင့်အဖွဲ့သည် အေးသာယာမြို့ရှိ ရှမ်းပြည်နယ် (အရှေ့ပိုင်းနှင့် တောင်ပိုင်း) သမဝါယမအသင်းစုချုပ်မှ ဒေသခံပြည်သူများ၏ ကျန်းမာရေးအတွက် သမဝါယမစနစ်ဖြင့် တစ်ဖက်တစ်လမ်းမှ အထောက်အကူပြုနိုင်ရေး ဆောင်ရွက်လျက်ရှိသော (၂၅) ခုတင်ဆံ့ ကိုအော့ပ်(Co-Op) ဆေးရုံသို့ သွားရောက်ကြည့်ရှုပါသည်။ သမဝါယမအသင်းစုချုပ်၊ ဥက္ကဋ္ဌမှ ဆေးရုံ တည်ဆောက်ရခြင်း၏ ရည်ရွယ်ချက်နှင့် ဆောင်ရွက်နေသည့် လုပ်ငန်းအခြေအနေများအား လည်းကောင်း၊ ဆေးရုံတာဝန်ခံ ဆရာဝန်ကြီးမှ လူနာများအား ကုသပေးနိုင်မှုအခြေအနေများ၊ ဆေးရုံ၏ လုပ်ငန်းလိုအပ်ချက်များ တင်ပြမှုအပေါ် ဒုတိယဝန်ကြီးက လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးပြီး ဆေရုံးအတွင်း လှည့်လည်ကြည့်ရှု လေ့လာပါသည်။

ဆက်လက်၍ ဒုတိယဝန်ကြီးနှင့်အဖွဲ့သည် ရှမ်းပြည်နယ် (အရှေ့ပိုင်းနှင့် တောင်ပိုင်း) သမဝါယမအသင်းစုချုပ်မှ အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိသော ညောင်ရွှေမြို့၊ သဘာဝမြေဩဇာထုတ်လုပ်ရေးလုပ်ငန်းသို့ ရောက်ရှိပြီး လုပ်ငန်းဆောင်ရွက်နေမှုများ ကြည့်ရှုစစ်ဆေးကာ လိုအပ်ချက်များအပေါ် ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ပါသည်။

ယင်းနောက် ဒုတိယဝန်ကြီးနှင့်အဖွဲ့သည် ကလောမြို့နယ်၊ အင်းမှီးကျေးရွာသို့ ရောက်ရှိကာ ၂၀၂၁-၂၀၂၂ ဘဏ္ဍာရေးနှစ်တွင် ပြည်နယ်ခွင့်ပြုရန်ပုံငွေကျပ် (၃၄.၃၅) သန်းဖြင့် အကောင်အထည် ဖော်ဆောင်ရွက်ခဲ့သည့် ကုန်ထုတ်လမ်း ဖောက်လုပ်ပြီးစီးမှု အခြေအနေများကိုလည်းကောင်း၊ ကလောမြို့၊ ရွှေကလောအထွေထွေရောင်းဝယ်ရေး သမဝါယမအသင်းလီမိတက်၏ ဆန်ဆိုင်အား လည်းကောင်း ကြည့်ရှုစစ်ဆေး၍ လုပ်ငန်းဆောင်ရွက်နေမှုများအပေါ် လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သတင်းရရှိပါသည်။


ဆက်စပ် သတင်းများ

Related News and Articles

ဆက်စပ်လင့်ခ်များ

အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။

  • တယ်လီဖုန်း

    ၀၆၇ - ၄၁၀၀၃၃
  • ဖက်စ်

    ၀၆၇ - ၄၁၀၀၃၆
  • Email

    contact@mcrd.gov.mm