နေပြည်တော် ဇွန် ၁၂
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးလှမိုးသည် ယနေ့ နံနက်ပိုင်းက ဧရာဝတီတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးတင်မောင်ဝင်း၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ်များနှင့် တာဝန်ရှိသူများ လိုက်ပါလျက် ဧရာဝတီတိုင်းဒေသကြီးအတွင်း ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ကွင်းဆင်းဆောင်ရွက် သည်။
ရှေးဦးစွာ ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနတွင် မှတ်ပုံတင်ကာ လုပ်ငန်းဆောင်ရွက်နေသည့် ညောင်တုန်းမြို့နယ်၊ ပဲရုံဆိပ်ကျေးရွာရှိ Top Milk ထိပ်တန်း နို့နှင့်နို့ထွက်ပစ္စည်းလုပ်ငန်းသို့ သွားရောက်ပြီး လုပ်ငန်းဆောင်ရွက်နေမှုများအား ကြည့်ရှု စစ်ဆေးရာ တာဝန်ရှိသူများက နို့စားနွားများ မွေးမြူထားရှိမှုနှင့် နွားစာအတွက် နေဗီယာမြက်များ စိုက်ပျိုးထားရှိမှုများအား ရှင်းလင်းတင်ပြသည်။ တင်ပြမှုများအပေါ် ပြည်ထောင်စုဝန်ကြီးက နိုင်ငံတော်အစိုးရအနေဖြင့် အသေးစား၊ အငယ်စား၊ အလတ်စားစီးပွားရေး MSME လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးကို အလေးထား ပံ့ပိုးဆောင်ရွက်ပေးနေပြီး မိမိတို့ဝန်ကြီးဌာနရှိ အသေးစား စက်မှုလက်မှုလုပ်ငန်းဦးစီးဌာနမှ အဆိုပါ လုပ်ငန်းများ အောင်မြင်ရေးအတွက် ပူးပေါင်းပါဝင်ကာ လိုအပ်သည့် နည်းပညာများ ပံ့ပိုးပေးနေပါကြောင်း၊ လုပ်ငန်းအောင်မြင်ရေးအတွက် ကိုယ်တိုင်က စဉ်ဆက်မပြတ် ကြီးကြပ်ကွပ်ကဲ ကြိုးပမ်းဆောင်ရွက်ပြီး မိမိတို့ဌာနဘက်ကလည်း လိုအပ်သည် များ ကူညီဆောင်ရွက်ပေးမည်ဖြစ်ကြောင်း ပြောကြားကာ လုပ်ငန်းလိုအပ်ချက်များအပေါ် ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့သည်။
ထိုမှတစ်ဆင့် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် ဖျာပုံမြို့နယ်၊ ကျုံကဒွန်းကျေးရွာရှိ ဧရာ့ အားမာန် စိုက်ပျိုးထုတ်လုပ်ရေးသမဝါယအသင်းသို့ ရောက်ရှိပြီး သမဝါယမအသင်းသား တောင်သူ များ၊ အသင်းအမှုဆောင်များ၊ ဒေသခံပြည်သူများနှင့် တွေ့ဆုံရာ အသင်းအမှုဆောင်များက အသင်းပိုင်မြေ (၃၈၉) ဧကတွင် မိုးစပါးစိုက်ပျိုးမည့် အစီအစဉ်များ၊ ရေရရှိရေး၊ ရေငံဝင်ရောက်မှု၊ ဒေသမျိုးများ၏ အထွက်နှုန်းများ၊ အထွက်တိုးမျိုးများဖြင့် ဆက်လက်ဆောင်ရွက်မည့် အစီအမံများ ရှင်းလင်းတင်ပြသည်။ တင်ပြမှုများအပေါ် ပြည်ထောင်စုဝန်ကြီးက ဧရာ့အားမာန် စိုက်ပျိုး ထုတ်လုပ်ရေး သမဝါယမအသင်းအနေဖြင့် အသင်းပိုင်မြေ (၃၈၉) ဧကတွင် စိုက်ပျိုးမွေးမြူရေး လုပ်ငန်းများ ရာနှုန်းပြည့် အသုံးချရန်၊ အထွက်တိုးမျိုးများ ပြောင်းလဲအသုံးပြု စိုက်ပျိုးရန်၊ လိုအပ်သည့် မျိုး၊ သွင်းအားစု၊ နည်းပညာများ ပံ့ပိုးပေးမည်ဖြစ်ပြီး ကုန်ထုတ်လုပ်မှု တိုးတက်စေရေး မျှော်မှန်းဆောင်ရွက်ကြရန်၊ စက်မှုလယ်ယာစနစ်သို့ ပြောင်းလဲအသုံးပြုရန်၊ သီးထပ်စိုက်ပျိုးနိုင်ရေး စိုက်ပျိုးရေရရှိရေးအတွက် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ တိုင်းဒေသကြီး အစိုးအဖွဲ့နှင့် ပူးပေါင်းချိတ်ဆက်ဆောင်ရွက်ကြရန် မှာကြားပြီး ဧရာဝတီတိုင်းဒေသကြီး ဝန်ကြီးချုပ် မှ ပံ့ပိုးပေးသည်များအား အကျိုးရှိထိရောက်စွာ အသုံးပြုရန်၊ နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေဖြင့် မိုစပါးဆက်လက်စိုက်ပျိုးနိုင်ရေး ကြိုတင်ပြင်ဆင်ထားရန်နှင့် မိုးစပါး စိုက်ပျိုးပြီးပါက သီးနှံပင်များ ဆက်လက်စိုက်ပျိုးဆောင်ရွက်ကြရန်၊ သွင်းအားစုမြေဩဇာများ အချိန်မီရရှိရေးနှင့် ဌာနဆိုင်ရာများ၊ လုပ်ငန်းရှင်များ၊ တောင်သူများ ပူးပေါင်းဆောင်ရွက်ကြရန်၊ နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေဖြင့် ဆောင်ရွက်ခဲ့သည့် နွေစပါး၊ ပဲတီစိမ်းစီမံကိန်းများမှ ပြန်လည်ပေးသွင်းရမည့်ချေးငွေများ၊ မြန်မာ့ လယ်ယာဘဏ်မှ ချေးယူထားသော စိုက်ပျိုးစရိတ်ချေးငွေများ၊ မြစိမ်းရောင်ချေးငွေများအား တာဝန် သိစိတ်ဖြင့် ပြန်လည်ပေးသွင်းကြရန် သို့မှသာ မိုးစပါးစိုက်ပျိုးနိုင်ရေးအတွက် ဆက်လက် ထုတ်ချေး ပေးနိုင်မည် ဖြစ်ကြောင်းနှင့် လုပ်ငန်းများ အောင်မြင်ရေးအတွက် တာဝန်ရှိသူအသီးသီးက ဝိုင်းဝန်ကြိုးပမ်းဆောင်ရွက်ကြရန် မှာကြားကာ အသင်း၏ လုပ်ငန်းဆောင်ရွက်နေမှုများအား ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များ ညှိနှိုင်းပေါင်းစပ် ဆောင်ရွက်ပေးခဲ့သည်။
ဆက်လက်ပြီး ဧရာဝတီတိုင်းဒေသကြီး ဝန်ကြီးချုပ်က ဧရာ့အားမာန် စိုက်ပျိုးထုတ်လုပ်ရေး သမဝါယမအသင်းအတွက် လိုအပ်ချက်များကို မိမိတို့အစိုးရအဖွဲ့က ကူညီပံ့ပိုးဆောင်ရွက်ပေးမည့် အစီအမံများ၊ နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေဖြင့် ဆောင်ရွက်မည့် မိုးစပါးအတွက် ပြင်ဆင်ဆောင် ရွက်နိုင်ရေး အကြံပြုချက်များကို ရှင်းလင်းပြောကြားသည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီးသည် ဧရာ့အားမာန် စိုက်ပျိုးထုတ်လုပ်ရေးသမဝါယအသင်း သို့ အသင်းဖွံ့ဖြိုးရေးရန်ပုံငွေများ ထောက်ပံ့ပေးအပ်ကာ အသင်းသားတောင်သူများ၊ ဒေသခံပြည်သူ များ၏ လိုအပ်ချက်များ တင်ပြမှုအပေါ် ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ပြီး ပြည်ထောင်စုဝန်ကြီးက ပြည်လုံးချမ်းသာ ကြီးမြန်သစ်ပင် နှင့် Evergreen မြက် မျိုးချောင်းတို့အား စိုက်ပျိုးပေးခဲ့သည်။
ထိုမှတစ်ဆင့် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် ဖျာပုံမြို့နယ်၊ ကျေးလက်ဒေသဖွံ့ဖြိုး တိုးတက်ရေးဦးစီးဌာနရုံးသို့ သွားရောက်ကာ ဝန်ကြီးဌာနအောက်ရှိ ဦးစီးဌာနများမှ ဝန်ထမ်းများ နှင့်တွေ့ဆုံရာ ခရိုင်ဦးစီးမှူးများနှင့် တာဝန်ရှိသူများက လု်ပငန်းဆောင်ရွက်နေမှုများနှင့် လိုအပ်ချက် များကို ရှင်းလင်းတင်ပြကြပြီး ပြည်ထောင်စုဝန်ကြီးက မိမိတို့ဝန်ကြီးဌာန၏ ရည်မှန်းချက်ဖြစ်သော ကျေးလက်နေပြည်သူများ၏ လူမှုစီးပွားဘဝများ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဦးစီးဌာန (၄) ခု အချိတ်အဆက်မိမိ ပူးပေါင်းညှိနှိုင်းဆောင်ရွက်ကြရန်၊ ဦးစီးဌာနအလိုက် ဆောင်ရွက်နေသည့် စီမံကိန်းလုပ်ငန်းများ အောင်မြင်အောင် ဆောင်ရွက်ကြရန်၊ တင်ဒါလုပ်ငန်းများ အချိန်မီပြီးစီးရန်၊ ဆောင်ရွက်သည့်လုပ်ငန်းများအား သတ်မှတ်စံချိန်စံညွှန်းပြည့်မီပြီး ဘဏ္ဍာရေးလုပ်ထုံးလုပ်နည်းနှင့် အညီ ဆောင်ရွက်ကြရန်၊ နိုင်ငံတော်မှဆောင်ရွက်နေသည့် နိုင်ငံ့စီးပွားမြှင့်တင်ရေးစီမံကိန်း၊ အသေးစား၊ အငယ်စား၊ အလတ်စားစီးပွားရေး MSME လုပ်ငန်းများနှင့် ဆီးထွက်သီးနှံ တိုးချဲ့ စိုက်ပျိုးရေးလုပ်ငန်းများ အောင်မြင်ရေးအတွက် ဝိုင်းဝန်းပူးပေါင်းဆောင်ရွက်ကြရန်၊ ဝန်ထမ်း စည်းမျဉ်းစည်းကမ်းများနှင့်အညီ လိုက်နာဆောင်ရွက်ကြရန်၊ အဂတိတရားကင်းရှင်းရန်နှင့် ရုံးပတ်ဝန်းကျင် သန့်ရှင်းသပ်ရပ်ရေး ဆောင်ရွက်ကြရန် မှာကြားခဲ့ပြီး ဝန်ထမ်းများ၏ လုပ်ငန်း လိုအပ်ချက်များ တင်ပြမှုအပေါ် ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့သည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် မအူပင်မြို့နယ်၊ ဝါးတောကျေးရွာရှိ တောင်သူ ဦးဝင်ခိုင် အပါ (၃) ဦးဖြင့် သဘာဝသစ်စိမ်း မြေဩဇာ (ပိုက်ဆံလျှော်) စိုက်ပျိုးသည့် မြေ (၇.၅) ဧက ပြုပြင်နေမှုအား သွားရောက်ကြည့်ရှုရာ စိုက်ပျိုးရေးဦးစီးဌာန၊ တိုင်းဒေသကြီးဦးစီးမှူးက ၂၀၂၃ ခုနှစ်၊ မိုးရာသီတွင် တစ်ဧကအထွက်နှုန်း (၁၀) တင်းရှိခဲ့ကြောင်း၊ သဘာဝသစ်စိမ်းမြေဩဇာ (ပိုက်ဆံလျှော်)သည် မြေခံကောင်းပြီး မြေပျက်စီးမှုမရှိခြင်း၊ ဓာတ်မြေဩဇာ သုံးစွဲမှုအား လျှော့ချ နိုင်ခြင်း၊ သီးနှံအထွက်နှုန်းများ ပိုမိုတိုးတက်လာခြင်းနှင့် လုပ်ငန်းဆောင်ရွက်နေမှုများ ရှင်းလင်း တင်ပြမှုအပေါ် ပြည်ထောင်စုဝန်ကြီးက တောင်သူများ ကျယ်ကျယ်ပြန့်ပြန့် သိရှိလိုက်နာ ဆောင် ရွက်နိုင်ရေးအတွက် သမဝါယမအသင်းများနှင့် စိုက်ပျိုးရေးဦးစီးဌာနတို့ ပူးပေါင်းအသိပညာပေး ဆောင်ရွက်သွားရန်နှင့် လိုအပ်သည်များ ဖြည့်စွက်မှာကြားခဲ့ကြောင်း သတင်းရရှိပါသည်။
Related News and Articles
အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။