Language : |
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

ပြည်ထောင်စုဝန်ကြီး ဦးလှမိုး မကွေးတိုင်းဒေသကြီး၊ မင်းဘူး(စကု)မြို့နယ်၊ အိုးပြင်မဲ-အိုင်းမ ကျေးရွာချင်းဆက်လမ်းပေါ်ရှိ မန်းချောင်းရေနိမ့်တံတား ဖွင့်ပွဲအခမ်းအနားသို့ တက်ရောက်


30 Mar,2023

နေပြည်တော် မတ် ၃၀

          (၇၈) နှစ်မြောက် တပ်မတော်နေ့ကို ဂုဏ်ပြုသောအားဖြင့် မကွေးတိုင်းဒေသကြီး၊ မင်းဘူး ခရိုင် ၊ မင်းဘူး (စကု) မြို့နယ် အိုးပြင်မဲ-အိုင်းမ ကျေးရွာ ဆက်သွယ်သောလမ်းပေါ်ရှိ မန်းချောင်း ရေနိမ့်တံတား(၆၀၀)ပေ ဖွင့်ပွဲအခမ်းအနား ဖွင့်ပွဲအခမ်းအနား  ယနေ့နံနက်ပိုင်းက ကျင်းပပြုလုပ်ရာ သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးလှမိုး၊ မကွေးတိုင်း ဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးတင့်လွင်၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးများနှင့် တာဝန် ရှိသူများ တက်ရောက်ကြသည်။

ရှေးဦးစွာ သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးလှမိုး၊ မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးတင့်လွင်၊ လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး ကျော်ကျော်လင်း၊ စီးပွားရေးရာဝန်ကြီး ဦးအောင်ချိန်၊ သမဝါယမနှင့် ကျေးလက် ဖွံ့ဖြိုးရေးဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန် ဦးခန့်ဇော်တို့က မန်းချောင်းရေနိမ့်တံတားသစ်အား ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးကြပြီး တက်ရောက်လာသော ဧည့်သည်တော်များက  ကမ္ပည်းမော်ကွန်း ကျောက်စာအား အမွှေးနံ့သာရည်များပက်ဖြန်းကြပါသည်။

          အခမ်းအနားတွင် ပြည်ထောင်စုဝန်ကြီး ဦးလှမိုးက နိုင်ငံတော်အစိုးရအနေဖြင့် မြို့ပြနဲ့ ကျေးလက်အချိုးညီညီ ဘက်စုံဖွံ့ဖြိုးတိုးတက်ရေး ကျေးလက်ဒေသများ ဆင်းရဲနွမ်းပါးမှု လျော့ချရေး လုပ်ငန်းများအား အရှိန်အဟုန်ဖြင့် အကောင်အထည်ဖော်ဆောင်ရွက်လျှက်ရှိသကဲ့သို့ ကျေးလက်နေ ပြည်သူများ၏ နေ့စဉ်ဆက်သွယ်သွားလာရေးနှင့် ဒေသထွက်ကုန်များ သယ်ယူပို့ဆောင်နိုင်ရေး လွယ်ကူချောမွေ့မှုဟာ အရေးကြီးသည့် အခန်းကဏ္ဍမှာ ပါဝင်နေတာ အားလုံးသိရှိပြီးဖြစ်ပါကြောင်း၊ ကျေးလက်နေ ဒေသခံပြည်သူများ၏ စိုက်ပျိုးရေး မွေးမြူရေး ထုတ်ကုန်ထွက်ကုန်များနှင့် အခြား ကုန်စည်များအား စျေးကွက်သို့ တစ်နှစ်ပတ်လုံး သယ်ပို့ရောင်းချနိုင်ဖို့အတွက် ရာသီမရွေး ဆက်သွယ်သွားလာနိုင်သည့်လမ်းများ လိုအပ်ပါကြောင်း၊ ဒါ့ကြောင့် နိုင်ငံတော်အစိုးရမှ ဘက်စုံ ဖွံ့ဖြိုးတိုးတက်စေရေး၊ ပြည်သူများ လူမှုစီးပွားဘဝများ စဉ်ဆက်မပြတ်ဖွံ့ဖြိုး တိုးတက်စေရေး၊ မြို့ပြနှင့် ကျေးလက်ဒေသများအကြား၊ ပြည်နယ်နှင့် တိုင်းဒေသကြီးများအကြား ဖွံ့ဖြိုးမှုကွာဟ ချက်များ ကျဉ်းမြောင်းစေရေးတို့အတွက် မိမိတို့ ဝန်ကြီးဌာနအနေဖြင့် မျှော်မှန်းချက် ၊ ရည်မှန်းချက် များ၊  မဟာဗျူဟာနှင့် လုပ်ငန်းစဉ်များ ရေးဆွဲချမှတ်ပြီး ကျေးလက်လမ်း တံတားများ ဖွံ့ဖြိုးရေး ဆိုင်ရာ မူဝါဒများကိုလည်း ရေးဆွဲချမှတ် ဆောင်ရွက်လျက်ရှိသကဲ့သို့ စဉ်ဆက်မပြတ် ကျေးလက် လမ်းကွန်ယက်များဖွံ့ဖြိုးစေရေးအတွက် သက်ဆိုင်သူအားလုံးနဲ့ ပူးပေါင်းဆောင်ရွက်လျက်ရှိပါ ကြောင်း၊ အဲဒီလိုဆောင်ရွက်ရာမှာ အရည်အသွေး၊ စံချိန်စံညွှန်းပြည့်မီပြီး ဘေးကင်းလုံခြုံသည့် ကျေးလက်လမ်းတံတားများ တည်ဆောက်ပေးနိုင်ရေး၊ သဘာဝဘေးဒဏ်ခံနိုင်သော လမ်းများ ဖြစ်ပေါ်ရေး၊ ကျေးရွာများအားလုံး ရာသီမရွေးဆက်သွယ်သွားလာနိုင်သည့် လမ်းတံတား များအဖြစ် ရည်မှန်းပြီး ကျေးလက်လမ်းဖွံ့ဖြိုးရေး မဟာဗျူဟာနှင့် ရင်းနှီးမြှုပ်နှံမှု အစီအစဉ် (၂၀၁၇-၂၀၃၀)ကို ရေးဆွဲပြီး လုပ်ငန်းများ အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိပါကြောင်း၊ အဆိုပါ အစီအစဉ် ပြီးမြောက်ပါက နိုင်ငံတစ်ဝှမ်းရှိ ကျေးရွာအားလုံး၏ ၈၀ ရာခိုင်နှုန်း၊ ကျေးလက်နေပြည်သူအားလုံး၏ ၉၀ ရာခိုင်နှုန်းမှာ ရာသီမရွေးသွားလာနိုင်သည့် ကျေးလက်လမ်းတံတားများကို အသုံးပြုနိုင်ကြမှာ ဖြစ်ပါကြောင်း၊ ယခု ဖွင့်ပွဲအခမ်းအနား ဆောင်ရွက်သည့် “မန်းချောင်း ရေနိမ့် တံတား”ဟာဆိုရင် တံတား အရှည် (၆၀၀)ပေ၊ တံတား ယာဉ်သွားလမ်း အကျယ်(၁၄)ပေ ရှိပြီး တံတားချဉ်းကပ်လမ်း နှစ်ဖာလုံ၊ သံကူကွန်ကရစ် ဘိုးပိုင် တံတားတိုင်များ၊ သံကူကွန်ကရစ် ကြမ်းခင်း နှင့် တည်ဆောက် ထားတဲ့ Submersible Bridge တံတား အမျိုးအစား ဖြစ်ပါကြောင်း၊ တံတားခံနိုင်ဝန် အနေဖြင့် ယာဉ်တစ်စီးချင်း အလေးချိန် (၂၀)တန်အထိ ဖြတ်သန်းအသုံးပြုသွားလာနိုင်မှာ ဖြစ်ပါကြောင်း၊ မန်းချောင်းရေနိမ့်တံတား တည်ဆောက်ပေးနိုင်မှုကြောင့် မင်းဘူး (စကု) မြို့နယ်အတွင်းရှိ ပတ်ဝန်းကျင်ကျေးရွာ(၁၄)ရွာမှ အိမ်ခြေ(၂၅၇၅) လူဦးရေ(၁၁၁၀၃)ဦးတို့ကို တိုက်ရိုက်အကျိုးခံစားမှု ရှိသည့်အပြင် ကျေးရွာများ၏ စိုက်ဧက(၂၀၆၅၉)ခန့်ကိုပါ အကျိုးပြုနိုင်မှာဖြစ်သည့်အတွက် ကျေးလက်နေပြည်သူများ၏ လူမှုရေး၊ စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုကို များစွာအထောက်အကူပြု စေမှာဖြစ်ပါကြောင်း၊ တံတား ရေရှည်တည် တံ့ခိုင်မြဲစေရန်အတွက် ဒေသခံပြည်သူများအနေဖြင့် ဝိုင်းဝန်းထိန်းသိမ်း ထိန်းသိမ်းစောင့်ရှောက် ကြဖို့၊ ယာဉ်များကို ခွင့်ပြုအလေးချိန်များအတိုင်း ဖြတ်သန်း မောင်းနှင်ကြဖို့ တိုက်တွန်းမှာကြား လိုပါကြောင်း ပြောကြားပါသည်။

          ဆက်လက်၍ မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင့်လွင်က မိမိတို့ တိုင်းဒေသကြီးဟာဆိုရင် ရေနံနှင့် သဘာ၀ဓါတ်ငွေ့ သယံဇာတကြွယ်ဝသည့် တိုင်းဒေသကြီး တစ်ခုဖြစ်သကဲသို့ ဆီထွက်သီးနှံတွေဖြစ်သည့် နှမ်း၊ နေကြာနှင့် ပဲအမျိုးမျိုးအပြင် စပါး ၊ ဟင်းသီး ဟင်းရွက်အမျိုးမျိုး၊ ပြောင်း စသည် စိုက်ပျိုးရေးဖြစ်ထွန်းအားကောင်းသည့် တိုင်းဒေသကြီးတစ်ခု ဖြစ်ပါကြောင်း၊ အဲဒါကြောင့် တိုင်းဒေသကြီးအတွင်း နယ်ပယ်အနှံ့ ဒေသစုံဖွံ့ဖြိုးတိုးတက်စေရေး ထုတ်ကုန်များ သီးနှံများ သယ်ပို့ရောင်းချရာတွင် လမ်းပန်းဆက်သွယ်မှု လုံခြုံလွယ်ကူချောမွေ့ ကောင်းမွန်ရေးဟာ အဓိက လိုအပ်လှပါကြောင်း၊ ယနေ့ဖွင့်လှစ်သည့် မန်းချောင်းတံတားဟာဆိုရင် စကုမြို့မှ ပုသိမ်-မုံရွာလမ်းကို ဆက်သွယ်သည့် လမ်းပေါ်မှာတည်ရှိပြီး တံတားအနီးဝန်းကျင်နှင့်  စကု-ပုသိမ်-မုံရွာလမ်း တစ်လျှောက်ရှိ ကျေးရွာ (၁၄) ရွာမှ တောင်သူများ၏ စုစုပေါင်း စိုက်ဧက (၂၀၆၅၉)ဧကခန့်မှ ပဲ၊ နှမ်း၊ နေကြာ၊ စပါး နှင့် ငရုတ် စသည့် သီးနှံထွက်ကုန်များကို မြို့ပေါ် ဈေးကွက်များသို့ အချိန်တိုအတွင်း ကုန်ကျစရိတ် သက်သာစွာ ပို့ဆောင်နိုင်မှာလည်း ဖြစ်ပါကြောင်း ပြောကြားပါသည်။    

          ယင်းနောက် ဒေသခံပြည်သူတစ်ဦးက တံတားတည်ဆောက်ပေးသည့်အတွက် ကျေးဇူးတင် စကား ပြန်လည်ပြောကြားပြီးနောက် တံတားဖွင့်ပွဲအထိမ်းအမှတ်များကို သက်ဆိုင်ရာတာဝန်ရှိသူ များက တက်ရောက်လာသော ဧည့်သည်တော်များထံ နေရာအရောက်ပေးအပ်ကြပါသည်။

ထိုမှတဆင့် ပြည်ထောင်စုဝန်ကြီး၊ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့သည် ပွင့်ဖြူမြို့နယ် ဖူးပွင့်စိုက်ပျိုးထုတ်လုပ်ရေးနှင့် အထွေထွေလုပ်ငန်းသမဝါယမအသင်း၏ ယာယီရှင်းလင်းဆောင်၌ သမဝါယမအသင်းသားများ၊ တောင်သူများ၊ ဒေသခံပြည်သူများနှင့် ခင်မင်ရင်းနှီးစွာတွေ့ဆုံရာ ပြည်ထောင်စုဝန်ကြီးက ကျေးလက်နေပြည်သူများ၏ တစ်ဦးချင်းဝင်ငွေ တိုးပွားစေရေး  စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် တစ်ပိုင်တစ်နိုင် ကုန်ထုတ်လုပ်မှု လုပ်ငန်းများ လုပ်ကိုင်ဆောင်ရွက် နိုင်ကြခြင်းဖြင့် ကျေးလက်နေ ပြည်သူများ၏ ဝင်ငွေနှင့် လူနေမှုဘဝမြင့်မားရေးကို နိုင်ငံတော် အစိုးရ၏ စီမံလမ်းညွှန်မှုဖြင့် မိမိတို့ဝန်ကြီးဌာနက ကြိုးပမ်းအကောင် အထည်ဖော်လျက်ရှိရာ ဒေသနေပြည်သူများ အနေဖြင့်လည်း တက်ကြွစွာ ပူးပေါင်းဆောင်ရွက်ကြရန်လိုကြောင်း၊ ကျေးရွာ တောင်သူ များအနေဖြင့် စိတ်တူကိုယ်တူဆန္ဒတူသူများ စုပေါင်း၍ သမဝါယမအသင်းထူထောင်ပြီး စိုက်ပျိုးမည့် အစီအမံများ ရေးဆွဲတင်ပြရန်၊ အစုအဖွဲ့စနစ်ဖြင့် ဆောင်ရွက်သွားရန်၊ အထွက်ကောင်း သီးနှံမျိုးများ ပြောင်းလဲအသုံးပြု နိုင်ရေး ဆောင်ရွက်သွားရန်နှင့် လိုအပ်သည့် နည်းပညာများ၊ မျိုးစေ့များ၊  သွင်းအားစုများအား ဖြည့်ဆည်းဆောင်ရွက်ပေးမည်ဖြစ်ကြောင်း၊ ကျေးရွာရှိ အခြေခံ ပညာ အလယ်တန်းအဆင့် အောင်မြင်ပြီးသူများအား သမဝါယမ စာရင်းရေးစာရင်းကိုင်သင်တန်း ကျောင်းများတွင် အခမဲ့တက်ရောက်နိုင်ရေး၊ အသေးစားအငယ်စားကုန်ထုတ်လုပ်ငန်းများ လုပ်ကိုင်နိုင်ရေး၊ လိုအပ်သောနည်းပညာသင်တန်းများ ကျေးရွာအရောက်ဆောင်ရွက်ပေးခြင်း နှင့်အတူ အရင်းအနှီး မတည်ငွေထူထောင်ပေးမည့် အစီအစဉ်များ၊ ဒေသဖွံ့ဖြိုးရေးဆိုင်ရာများကို ဆွေးနွေးပြောကြားပါသည်။ ဆက်လက်ပြီး တိုင်းဒေသကြီးဝန်ကြီးချုပ်က မိမိတို့တိုင်းဒေသကြီး အစိုးရအနေဖြင့်လည်း အမှန်တကယ် အစုအဖွဲ့ဖြင့် ဆောင်ရွက်မည့် တောင်သူများအား လိုအပ် သည်များ ပေါင်းစပ်ဖြည့်ဆောင်ရွက်ပေးမည်ဖြစ်ကြောင်း ဆွေးနွေးပြောကြားပါသည်။ ထို့နောက်  ဖူးပွင့်စိုက်ပျိုး ထုတ်လုပ်ရေးနှင့် အထွေထွေလုပ်ငန်းသမဝါယမအသင်း တာဝန်ရှိသူများနှင့် ဒေသခံများ၏ တင်ပြချက်များအပေါ် အမြန်ဆုံးတုန့်ပြန်ဆောင်ရွက်နိုင်ရေး ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးကာ အသင်းသားတောင်သူများထံ သွင်းအားစုများထောက်ပံ့ပေးအပ်ပြီးနောက် စပါးမျိုးစေ့ထုတ်လုပ်နေမှုအခြေအနေများနှင့် စပါးအခြောက်ခံစက်လည်ပတ်နေမှုအခြေအနေများ ကို ကြည့်ရှုအားပေးပါသည်။

ထို့နောက် ပြည်ထောင်စုဝန်ကြီး၊ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့သည် ခေတ်မီစံပြ ကျေးရွာအဖြစ် အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိသော ပွင့်ဖြူမြို့နယ် စံပြကျေးရွာ ယာယီရှင်းလင်း ဆောင်၌ ဒေသခံ ပြည်သူများနှင့် ခင်မင်ရင်းနှီးစွာတွေ့ဆုံရာ မကွေးတိုင်းဒေသကြီး ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန ဦးစီးမှူးက စံပြကျေးရွာတွင် ဒေသဖွံ့ဖြိုးရေးလုပ်ငန်း ကျေးရွာရှိ စိတ်တူကိုယ်တူဆန္ဒတူသူများ စုပေါင်း၍ သမဝါယမအသင်းထူထောင်ပြီး စီးပွားဖြစ် လယ်ယာကုန်ထုတ်လုပ်ငန်းများ ပေါ်ထွန်းလာရေးအတွက် ကျေးရွာသူ ကျေးရွာသားများ အားလုံး ပူးပေါင်းလုပ်ဆောင်ကြရန်နှင့် ဒေသဖွံ့ဖြိုးရေးဆိုင်ရာများကို ဆွေးနွေးပြီး ဒေသပြည်သူခံများ၏  တင်ပြချက်များအပေါ် ညှိနှိုင်းပေါင်းစပ်ဆောင်ရွက်ပေးပြီးနောက် ကျေးရွာဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းစီမံကိန်းဖြင့် ကျေးရွာတွင်း ကွန်ကရစ်လမ်းဆောင်ရွက်ထားရှိမှု အခြေအနေများကို ကြည့်ရှုစစ်ဆေးခဲ့ကြကြောင်း သတင်းရရှိပါသည်။


ဆက်စပ် သတင်းများ

Related News and Articles

ဆက်စပ်လင့်ခ်များ

အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။

  • တယ်လီဖုန်း

    ၀၆၇ - ၄၁၀၀၃၃
  • ဖက်စ်

    ၀၆၇ - ၄၁၀၀၃၆
  • Email

    contact@mcrd.gov.mm