မြင့်စိုး(နတလ)
သင်္ကြန်မိုးရေ တန်ခူးလေ
တစ်မြန်နေ့ ညနေပိုင်းမှာ မိုးရိပ်လေရိပ်လေး ဆင်လာသည်။ မိုးခြိမ်းသံသဲ့သဲ့လေး ကြားနေရသည်။ ထိုစဉ်ခဏ အခိုက်အတန့်လေးမှာပင် သင်းပျံ့မွှေးထုံသော ပန်းရနံ့တစ်ခုက မိုးသက်လေနှင့်အတူ ဝေ့ဝဲပါလာသလိုမျိုး စိတ်ဝယ်ခံစား ရှုရှိုက်လိုက်ရသည်။ ပိတောက်ပန်း ရနံ့၊ သည်လိုအချိန် သည်လိုရာသီ သည်လိုကာလရောက်တိုင်း သင်္ကြန်မိုးရေ တန်ခူးလေ နှင့်အတူ နမ်းရှိုက်ခွင့်ရခဲ့သော ပိတောက်ပန်းရနံ့ကို ကျွန်တော် လှမ်းလင့်လို့ ကြိုဆိုနေမိ ပါပကော။ ဖြတ်သန်းလာခဲ့ဖူးသော လွမ်းရင့်ရင့်ရာသီတို့က ဟိုအဝေးဆီမှာ ဆယ်စုနှစ် နှစ်ခုစာမျှပင် မကတော့ပြီ။ ၁၉၈၄ ခုနှစ် ရှမ်းပြည်နယ်(တောင်ပိုင်း)ဒေသက မိုင်းကိုင်သင်္ကြန်ကို လွမ်းသည်။ ၁၉၉၁ ခုနှစ် ရှမ်းပြည်နယ်(မြောက်ပိုင်း)ဒေသက နမ့်ဆန်သင်္ကြန်ကို သတိရ မိသည်။ ၁၉၉၆ ခုနှစ်က ဟိုမိန်းဒေသသင်္ကြန်ကိုလည်း မမေ့။ ၂၀၀၀ ပြည့်လွန်နှစ်များမှာ နယ်စပ်ဒေသအသီးသီးက တိုင်းရင်းသား၊ တိုင်းရင်းသူ ယဉ်ကျေးမှုအဖွဲ့များနှင့် ရေစက်ဆုံခဲ့ရသော ရန်ကုန်မြို့တော် မဟာသင်္ကြန်ပွဲတော် ပုံရိပ်များကလည်း ကျွန်တော့်နှလုံးသားမှာ တစ်ဖျတ်ဖျတ် ထင်ဟပ်လှုတ်ခတ်နေဆဲ၊ သင်္ကြန်ရောက်လေတိုင်း သူတို့ကို ကျွန်တော် သတိ ရသည်။ သူတို့ဆိုသည်မှာ စောစောက ကျွန်တော်ပြောခဲ့သည့် နယ်စပ်ဒေသအသီးသီးက တိုင်းရင်းသား၊ တိုင်းရင်းသူ ယဉ်ကျေးမှုအဖွဲ့များပဲ ဖြစ်ပါသည်။ သူတို့ကို ယဉ်ကျေးမှု သံတမန်များ ဟူ၍လည်း ဂုဏ်ပြုခေါ်ဝေါ် ရေးသားခဲ့ဖူးသည်။
သင်္ကြန်ပွဲတော်ကြီး ပြီးသွားတိုင်း သူတို့နှင့်ပတ်သက်သည့် ဆောင်းပါးတစ်ပုဒ်အမြဲ ရေးဖြစ်ခဲ့သည်။ အထူးသဖြင့် ၂၀၀၀ ပြည့်လွန်နှစ်တွေမှာပဲ ဖြစ်၏။ နွေဧည့်သည်တို့ အိမ်အပြန်၊ အလွမ်းသင်္ကြန် ပန်းသင်္ကြန်၊ ပြည်ထောင်စုသားတို့ သင်္ကြန်၊ မန်းတောင်ရိပ်မှသည်၊ ပြည်ထောင်စု ပန်းရနံ့သင်းပျံ့နေသော သင်္ကြန်၊ နိုင်ငံတော်၏ ယဉ်ကျေးမှုသံတမန်များ အစရှိသည့် ခေါင်းစဉ်များပေး၍ ရေးခဲ့ခြင်းဖြစ်သည်။
ကျွန်တော်နှင့် နယ်စပ်သင်္ကြန်တေးသီချင်းများ
တပ်မတော်သားဘဝမှ နယ်စပ်/စည်ပင်ဝန်ကြီးဌာန၊ နတလဦးစီးဌာနသို့ ၁၉၉၅ ခုနှစ် တွင် ပြောင်းရွှေ့တာဝန် ထမ်းဆောင်ခဲ့သော ကျွန်တော်၊ ၁၉၉၇-၉၈ နှစ်လောက်မှစ၍ ဝန်ကြီးဌာန၊ ဦးစီးဌာန၏ ပြန်ကြားရေးလုပ်ငန်းများနှင့် စတင် ရင်းနှီးကျွမ်းဝင် ဖြစ်ခဲ့ရသည်။ ပြန်ကြားရေးလုပ်ငန်းများဆိုရာ၌ သတင်းထုတ်ပြန်ခြင်းလုပ်ငန်းမှအစ ပြခန်းများပြသခြင်း၊ ဌာနမဂ္ဂဇင်းနှင့် စာအုပ်စာစောင်များ ထုတ်ဝေခြင်း၊ နယ်စပ်ဖွံ့ဖြိုးရေးဆိုင်ရာ ရုပ်မြင်သံကြား အစီအစဉ်များ တည်းဖြတ်ထုတ်လွှင့်ခြင်း၊ နတလလုပ်ငန်း အကောင်အထည်ဖော် ဆောင်ရွက်မှု မှတ်တမ်းစာအုပ်များ ထုတ်ဝေခြင်း၊ တိုင်းရင်းသား လေ့လာရေးခရီးစဉ်များ၊ သင်္ကြန်ပွဲတော် သို့ ဖိတ်ကြားခေါ်ယူခြင်းများ အပါအဝင် ဆောင်းပါးစာမူများ ရေးသားခြင်းအဆုံးဟု ပြောရ မလိုပင်။
ရန်ကုန် မဟာသင်္ကြန်ပွဲတော်များသို့ နယ်စပ်ဒေသ တိုင်းရင်းသား၊ တိုင်းရင်းသူများကို ၁၉၉၃-၉၄ မှ စတင်ဖိတ်ကြားခေါ်ယူခဲ့ခြင်းဖြစ်ပေရာ ထိုအချိန်လောက်မှစ၍ ဌာနအတွက် တေးရေးဆရာအသီးသီးမှ သင်္ကြန်သီချင်းများ ရေးစပ်သီကုံးပေးထားသည်ကို တွေ့ရသည်။ ထိုစဉ်က ကျွန်တော်တို့ ဝန်ကြီးဌာန၏ ဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး မောင်သင့်သည်ပင်လျှင် အနုပညာသမား တေးရေးဆရာတစ်ယောက် ဖြစ်ပေသည်။ ရဲဘော်သင့်၊ သင့်ရဲဘော် အမည်များနှင့် ရေးဖွဲ့ခဲ့သည်။ စီးပွားရေးပိတ်ဆို့တာ တို့မမှုပါဆိုသည့် စာသားများပါဝင်သည့် သူရေးသော သီချင်းတစ်ပုဒ်မှာ နဝတ၊ နယက ခေတ်တစ်လျှောက်လုံး ပျံ့လွင့်လာခဲ့ရာ S2 ကြီးက တော်ပါတော့ကိုသင့်ရယ် ဟူ၍ပင် တားယူခဲ့ရ၏။ ရမခတိုင်းမှူးဘဝက မောကိန္နရီ တေးဂီတအဖွဲ့သည်ပင်လျှင် အဘသင့် စတင်ထူထောင်ခဲ့သည့်အဖွဲ့ ဖြစ်နေမလားမသိပါ။ ကျွန်တော် နတလသို့ ရောက်သွား ချိန်မှာ ဆရာသုခိအောင် (အဘဦးကျော်ဆန်း)ရေးသားပြီး ခွန်တင်မြိုင်နှင့် ခင်နန်းယုထွေးတို့ သီဆိုထားသော တိုင်းရင်းသားမျိုးဆွေ ခါသင်္ကြန်ရေ သီချင်း၊ ဆရာ ဟင်္သာတဦးမြင့်ငွေ ရေးစပ်ပြီး မေမီလင်းသီဆိုသည့် ပြည်ထောင်စုသားတို့ သင်္ကြန်သီချင်း၊ ဆရာ ဟင်္သာတဦးမြင့်ငွေပင် ရေးသားပြီး သင်းသီရိသီဆိုသည့် နွေပိတောက်၊ ဆရာမြသန်းစံ ရေးသားပြီး ပီတာဘသိန်းသီဆိုသည့် ပြည်ထောင်စုနှင့် ခါသင်္ကြန် သီချင်း များက ရှိနေပြီ ဖြစ်သည်။ မြန်မာ့အသံမှာ အသံသွင်းထားပုံရသော တိပ်ခွေအကြီးကြီးများနှင့် တွေ့ရသည်။ ကျွန်တော်က တိပ်၊ စီဒီနှင့် သိမ်းထားလိုသဖြင့် မန်းသီရိတေးသံသွင်းမှာ ပြန်ကူး ရသည်။ ကျွန်တော် ရောက်ပြီးနောက် ဌာနအတွက် ထပ်မံဆောင်ရွက်ခဲ့သော သင်္ကြန်သီချင်း များမှာ ဆရာဦးမြင့်ငွေ ရေးစပ်သီကုံးပြီး ယဉ်ဝေယံထွန်း သီဆိုထားသော ပြည်ထောင်စုကြီး အေးချမ်းပါစေ သီချင်းနှင့် စိုးစန္ဒာထွန်း သီဆိုထားသည့် ရာသက်ပန်ပြည်ထောင်စု အေးချမ်း ပါစေ သီချင်းနှစ်ပုဒ်၊ ကေတုဝင်းထွဋ် ရေးသားပြီး စိုးစန္ဒာထွန်း သီဆိုထားသည့် ရိုးရာအလှ မြန်မာ့သင်္ကြန် သီချင်း၊ ရာမဦးအုန်းမောင် ရေးသား၍ ဖြူသန့်ထွန်း သီဆိုထားသည့် ပြည်ထောင်စုအားမာန် သွေးချင်းတို့သင်္ကြန် သီချင်းများ ဖြစ်ပါသည်။
အမှတ်ရမိသော တိုင်းရင်းသားရိုးရာသီချင်းနှင့် အကများ
ရန်ကုန် မဟာသင်္ကြန်ပွဲတော်၌ ပါဝင်ဆင်နွှဲရန် ဖိတ်ကြားခေါ်ယူခဲ့သော တိုင်းရင်းသား၊ တိုင်းရင်းသူ ယဉ်ကျေးမှုအဖွဲ့များမှာ ပြည်နယ်/ တိုင်းဒေသကြီးအလိုက် လူမျိုးစုံ၊ နေရာ ဒေသစုံ ဖြစ်သည်။ ၁၉၉၃ ခုနှစ် ထားဝယ်နှင့် ဓနု နှစ်ဖွဲ့မှ အစပြု ဖိတ်ကြားလာခဲ့ရာ ၂၀၀၃ ခုနှစ်တွင် ၁၉ ဖွဲ့အထိ တိုးတက်များပြားလာခဲ့သည်။ ၂၀၀၄ ခုနှစ်တွင် ၁၀ ဖွဲ့ဖြင့် နောက်ဆုံး ဖိတ်ကြားခဲ့ခြင်း ဖြစ်၏။ ရောက်ရှိလာသော ယဉ်ကျေးမှုအဖွဲ့များအနေဖြင့် မြန်မာသင်္ကြန် သီချင်းများအတွက် ၁၆ ဦးယိမ်း၊ ၂၀ ဦးယိမ်းများ ခွဲ၍ အကတိုက်ကြရသကဲ့သို့ ၎င်းတို့ ယူဆောင်လာသော တိုင်းရင်းသားသီချင်းများ အကများဖြင့်လည်း ဖျော်ဖြေတင်ဆက်ခွင့် ရခဲ့ ကြသည်။ ပြည်ထောင်စုတိုင်းရင်းသား ကျေးရွာထဲက နယ်စပ်/ စည်ပင် သင်္ကြန်မဏ္ဍပ်အပြင် ရန်ကုန်မြို့တော်ဝန်မဏ္ဍပ်၊ နိုင်ငံခြားရေး၊ ပြည်ထဲရေးဝန်ကြီးဌာန မဏ္ဍပ်များ၊ ဗိုလ်ချုပ်ဈေးမဏ္ဍပ် စသည်တို့၌ သွားရောက်ဖျော်ဖြေကပြခဲ့ကြသလို MRTV နှင့် မြဝတီရုပ်သံတို့တွင် လည်း ရုပ်မြင်သံကြားအစီစဉ်များ ရိုက်ကူးပြီး မိမိတို့၏ ရိုးရာယဉ်ကျေးမှုများကို ဖော်ထုတ် ပြသခွင့် ရခဲ့ကြသည်။
ရဝမ်တိုင်းရင်းသားတို့၏ ‘အဇီးလမ်’ အကသည် စုပေါင်းမနောအက ဖြစ်ပြီး ပျော်ပွဲ ရွှင်ပွဲ၊ ငွေရတု၊ ရွှေရတု၊ စိန်ရတု ရိုးရာပွဲများတွင် ကပြဖျော်ဖြေလေ့ရှိကြောင်း၊ လီဆူ တိုင်းရင်းသားတို့၏ ‘ရှာဖဲတာ’အကကတော့ အလွန်ရင်းနှီးသော မိတ်ဟောင်းဆွေဟောင်း များ ပြန်လည်ဆုံတွေ့ကြသောအခါ လှိုက်လှိုက်လှဲလှဲ ဝမ်းပန်းတသာ နှုတ်ဆက်သည့်အနေ ဖြင့် အရက် (သို့မဟုတ်) ခေါင်ရည်ကို ခွက်တစ်ခုတည်းမှာထည့်ကာ အတူမော့သောက်ကြသည့် ကကွက် ဖြစ်သည်။ စည်းလုံးမှုသည် ခွန်အား၊ စုပေါင်းခြင်းသည်အင်အား ဟူသော အဓိပ္ပာယ်ကိုလည်း ဖော်ဆောင်ကြောင်း သိရသည်။ လောက်ကိုင်/ ကုန်းကြမ်းဒေသမှ ကိုးကန့် တိုင်းရင်းသူများက ‘လက်ဖက်ခူး’ အကဖြင့် ကပြသွားခဲ့သည်။ ပန်ဆန်းနှင့် မိုင်းမောဒေသမှ ‘ဝ’ တိုင်းရင်းသူလေးများကမူ နူးညံ့ပျော့ပျောင်းပြီး ရှည်လျားလှပသည့် ဆံပင်ရှည်ကြီးများကို စည်းချက်ဝါးချက်နှင့်အညီ လှုပ်ခါဝှေ့ယမ်းလျက် “‘ဝ’တို့ပျိုမေ ဆံကေသာ” ကပြဖျော်ဖြေခဲ့ကြရာ လာရောက်ကြည့်ရှုသူ သံတမန်မိသားစုဝင်များ အထူး နှစ်သက်သဘောကျကာ ဩဘာလက်ခုပ်သံများ သောသောညံသွားသည်ကိုလည်း သတိရ မိ၏။ သူတို့အဖွဲ့ကပြသည့် စပါးလိပ်ပြာပြန်လာပါ အကသည်လည်း ကြည့်၍ အလွန်ကောင်း ပါသည်။
ကယားပြည်နယ် ဒီမောဆိုဒေသမှ ကယားယဉ်ကျေးမှုအဖွဲ့၏ “ဆောင်ဒူပါကန်း” ကယန်းအကဖြင့် တင်ဆက်ခဲ့ကြရာတွင် မြင်းမထိတောင်ကြီးပေါ်က စိုက်ပျိုးရေးလုပ်ငန်း များကို ဖော်ညွှန်းထားကြောင်း သိရသည်။ ကရင်ပြည်နယ် ကြာအင်းဆိပ်ကြီးဒေသမှ ကရင် တိုင်းရင်းသား ယဉ်ကျေးမှုအဖွဲ့၏ ကရင်ဒုံးယိမ်းအက၊ ရခိုင်ပြည်နယ် မောင်တောဒေသမှ မြို တိုင်းရင်းသားယဉ်ကျေးမှုအဖွဲ့၏ “နိန့်ဆာရ်ကျိုးရီမလိုက်” ဟု အမည်ရသည့် နှစ်သစ်ကို ကြိုဆိုသည့်အက၊ ချင်းပြည်နယ် ရိဒ်ခေါရ်ဒါဒေသမှ ချင်း တိုင်းရင်းသူယဉ်ကျေးမှုအဖွဲ့၏ ဝါးညှပ်အက၊ မင်းတပ်ဒေသ ချင်းတိုင်းရင်းသားများ၏ ကောက်ရိတ်သိမ်းပွဲအကများကို လည်း မမေ့ခဲ့ပါ။ နာဂဒေသ နန်းယွန်း/ ပန်ဆောင် ယဉ်ကျေးမှုအဖွဲ့၏ ‘ကိုင်အီလို’ ဟု အမည်ပေးထားသော နာဂရိုးရာဓလေ့ တောင်ယာခုတ် သွားကြပုံ၊ စူးထိုးကောက်စိုက်ကြပုံ၊ စပါးရိတ်ခြင်း၊ နယ်ခြင်း၊ ပြာလှေ့ခြင်းများ ပြုလုပ်ကြပုံတို့ကို စုပေါင်းညီညာစွာ တင်ဆက် သွားကြပုံများသည်လည်း နှစ်ပေါင်း (၂၀) ကျော် ကြာမြင့်ခဲ့ပြီဖြစ်သော်ငြား ကျွန်တော့် စိတ်ထဲမှာတော့ မနေ့တစ်နေ့ကအတိုင်း ပုံရိပ်ထင်နေဆဲပင်။ ဪ……………သင်္ကြန်မိုးရေ တန်ခူးလေနှင့် နှောင်ဖွဲ့ထားသော သံယောဇဉ်များပါပေတကား။
ကျွန်တော်နှင့် ပထမဆုံး ရုပ်သံရိုက်ကူးခြင်းအတွေ့အကြုံ
ရန်ကုန်မြို့ သာကေတမြို့နယ် သံလျင်တံတားကြီးအနီး ပဲခူးမြစ်ကမ်းဘေး၌ တည် ဆောက်ခဲ့သော ပြည်ထောင်စုတိုင်းရင်းသားကျေးရွာကြီးကို ၂၀၀၂ ခုနှစ် ဒီဇင်ဘာလ ၂၈ ရက် နေ့တွင် ဖွင့်လှစ်ခဲ့သည်။ ၎င်းကျေးရွာကြီးသည် ဝန်ကြီး ဗိုလ်မှူးကြီးသိန်းညွန့် (သမ္မတရုံး ဝန်ကြီး၊ နေပြည်တော်ကောင်စီ ဥက္ကဋ္ဌ-ငြိမ်း) နှင့် နတလညွှန်ကြားရေးမှူးချုပ် ဗိုလ်မှူးကြီး သန်းဆွေ (ယခုပြည်ထောင်စုဝန်ကြီး-နိုင်ငံခြားရေးဝန်ကြီးဌာန)တို့၏ ကြီးကြပ် လမ်းညွှန်မှုဖြင့် ဒုတိယဗိုလ်မှူးကြီးဇော်ဦး (ညွှန်ကြားရေးမှူးချုပ်-ငြိမ်း)၊ ဗိုလ်မှူးရဲနိုင် (အဖွဲ့ဝင်-ပြည်ထောင်စု ရာထူးဝန်အဖွဲ့) တို့က အနီးကပ် ကွပ်ကဲတည်ဆောက်ခဲ့ကြခြင်း ဖြစ်သည်။ Grand gate ၊ သက္ကညီနောင်ဘုရားနှင့် နတ်ကွန်းတစ်ခုမှလွဲ၍ ဘာမှမရှိသော လယ်ကွင်းကြီးထဲမှ အစပြု တည်ဆောက်ခဲ့ရသော မှတ်တမ်းဓာတ်ပုံများ ယခုချိန်ထိ ကျွန်တော်သိမ်းထားဆဲ ဖြစ်ပါသည်။ ဗိုလ်မှူးဌေးမြင့်၊ ဦးညီညီ၊ ဗိုလ်မှူးစိုးအောင်၊ ဗိုလ်မှူးသန်းထူး၊ ဦးအေးလွင်၊ ဦးစိန်လင်း (ကွယ်လွန်)၊ ဗိုလ်မှူးထွန်းဦး၊ ဗိုလ်မှူးစန်းဝေ အစရှိသော ညွှန်မှူး၊ ဒုညွှန်မှူးများက ကချင်၊ ကယား၊ ကရင်၊ ချင်း၊ ဗမာ၊ မွန်၊ ရခိုင်၊ ရှမ်း တိုင်းရင်းသားရိုးရာ အိမ်အလိုက် တာဝန် ယူကြရသည်။ ဖွင့်ပွဲအခမ်းအနားတွင် သီချင်းတစ်ပုဒ် ထုတ်လွှင့်ချင်သည်ဟု ညွှန်ကြားရေးမှူးချုပ် ဗိုလ်မှူးကြီးသန်းဆွေက တာဝန်ပေးအပ်လာရာ ကျွန်တော်သည် ဟင်္သာတဦးမြင့်ငွေ၏ နေအိမ်သို့ သွားရောက်ပြီး ဆရာထံ အကူအညီတောင်းခဲ့သည်။ ပြည်ထောင်စုတိုင်းရင်းသား ကျေးရွာ တည်ထောင်ဖွင့်လှစ်ရခြင်း ရည်ရွယ်ချက်၊ သီချင်းတွင် ပါဝင်စေလိုသော အကြောင်းအရာတို့ကို အကြံပြုရေးသားပေးခဲ့သည်။ ဆရာက ကျွန်တော်ပေးသော စကားလုံး များကိုပါ ထည့်သွင်းအသုံးပြုလျက် ပြည်ထောင်စုတိုင်းရင်းသားကျေးရွာ ဟု အမည်ပေးထားသော သီချင်းတစ်ပုဒ်ကို ရေးသားပေးခဲ့သည်။
၎င်းသီချင်းအား စန္ဒရားမောင်လှအေးက တီးခတ်ပေးပြီး တေးသံရှင်ရတနာဦး သီဆိုကာ မေစတူဒီယိုတွင် အသံသွင်းခဲ့သည်ကိုလည်း အမှတ်ရနေ၏။ ရှေးဗမာကြီးများရဲ့ ရိုးရာအိမ် ဟု သီဆိုရမည့်အစား ရတနာဦးက ရှေးမြန်မာကြီးများရဲ့ ရိုးရာအိမ်ဟု ဆိုထားသဖြင့် မြန်မာ မဟုတ် ဗမာဟု သီဆိုရမည်ဖြစ်ကြောင်း ပြန်လည်ပြောပြ အသံသွင်းခဲ့ရသည်ကိုလည်း သတိတရ ရှိနေပါသည်။ ထိုသီချင်းကို တိုင်းရင်းသားရွာထဲတွင် သရုပ်ဆောင် ရတနာခင်နှင့် ရုပ်မြင်သံကြားရိုက်ကူးကြသောအခါ ထုတ်လုပ်ရေးမှူး ကိုကျော်ကျော်၊ ကင်မရာမင်း ကိုထင်လင်းတို့နှင့်အတူ ဆရာ ဟင်္သာတဦးမြင့်ငွေကိုယ်တိုင် လာရောက်ကြီးကြပ်ပေး ပါသည်။ သီချင်းကို ရှေ့ကတစ်ကြောင်းကြို၍ နှုတ်တိုက်ချပေးပြီး သရုပ်ဆောင်က နောက်မှ လိုက်၍ ပါးစပ်လှုပ်သီဆိုဟန် ပြုရသည်။ သူ့ဟာနှင့်သူတော့ ကွက်တိကိုကျလို့ပင်။ မြန်မာ့ ရုပ်မြင်သံကြားထိ လိုက်လံကြည့်ရှုခွင့်ရခဲ့ရာ တည်းဖြတ်ခြင်း လုပ်ငန်းကိုပါ မြင်ခဲ့ရသည်။ ကျေးဇူးတင်ခဲ့ရပါသည် ဆရာအလင်္ကာကျော်စွာ ဟင်္သာတ ဦးမြင့်ငွေနှင့် ကိုကျော်ကျော်။
ပြည်ထောင်စုကြီး အေးချမ်းပါစေ သင်္ကြန်သီချင်း
ထိုသီချင်းသည် နတလဦးစီးဌာန၏ မူပိုင်သီချင်းဖြစ်သည်။ ဆရာဦးမြင့်ငွေ ရေးစပ် သီကုံးပေးပြီး တေးသံရှင်ယဉ်ဝေယံထွန်း (ယဉ်ယဉ်ထွန်း) သီဆိုခဲ့သည်။ ထိုသီချင်းထဲမှာ ကျွန်တော်ပေးခဲ့သော တေးစာသားများကတော့ တိုင်းရင်းသားမျိုးနွယ်စုတွေ…မိသားစုတွေ …..ရေမြေအလိုက်စုပေါင်းနေထိုင်……တိုင်းရင်းသားလူမျိုးစုံစွာ…...အေးအတူပူအမျှ စုစည်း ယှက်နွယ်…………ပြည်ထောင်စုငယ်လေးများသဖွယ် ဆိုသည့် စာသားများဖြစ်ပါသည်။ ပြည်ထောင်စုငယ်လေးများသဖွယ် ဆိုသည့် စာသား၏အဓိပ္ပာယ်မှာ မြန်မာပြည်အတွင်း မည်သည့် ပြည်နယ်/ တိုင်းဒေသကြီးမှာမဆို လူမျိုးတစ်မျိုးတည်း နေထိုင်ခြင်းမဟုတ်ဘဲ ကချင်လည်းနေသည်၊ ကယားလည်းနေသည်၊ ကရင်လည်းပါသည်၊ ချင်းလည်းတွေ့ရမည်။ အရေအတွက် အနည်းအများသာ ကွာချင်ကွာမည်။ အားလုံးရှိနေကြသည့် သဘောကို ရည်ညွှန်းပါသည်။ နယ်စပ်ဒေသတိုင်းရင်းသားတွေကို ဖိတ်ကြားခေါ်ယူခဲ့စဉ်က မွန်ပြည်နယ် ရေးတောင်ခြမ်း ဒေသက မွန်တွေပါသလို တနင်္သာရီတိုင်း ချောင်ချိဒေသက မွန်တိုင်းရင်းသား တိုင်းရင်းသူများလည်း ပါဝင်ခဲ့သည်။ ထို့အတူ ကယားပြည်နယ် မော်ချီးဒေသက ကရင် အဖွဲ့နှင့် ကရင်ပြည်နယ် လှိုင်းဘွဲ့ဒေသက ကရင်အဖွဲ့တို့ ဆုံခဲ့ကြသည်။ ကချင်ပြည်နယ် အင်းတော်ကြီးဒေသက ရှမ်းနှင့် ကရင်ပြည်နယ် မြဝတီဒေသက ရှမ်းအဖွဲ့တို့ ဆုံခဲ့ကြသည်။ ဆိုလိုသည်မှာ ရှမ်းလူမျိုးများသည်လည်း ရှမ်းပြည်နယ်ထဲမှာသာမက အခြား ပြည်နယ်နှင့် တိုင်းများတွင်လည်း ရှိနေသည့်သဘော။
စိုးစန္ဒာထွန်း သီဆိုထားသည့် ရာသက်ပန် ပြည်ထောင်စုအေးချမ်းပါစေ သင်္ကြန်သီချင်းကလည်း နတလဦးစီးဌာနအတွက် ထပ်မံရေးစပ်ခဲ့သည့် သီချင်းဖြစ်သည်။ တေးလက်ရာရှင် ကတော့ ဟင်္သာတဦးမြင့်ငွေပဲ ဖြစ်၏။ ထိုသီချင်းစာသားများထဲက ရာသက်ပန် ပြည်ထောင်စု ဆိုသည့် အသုံးအနှုန်းနှင့် တောင်ပေါ်မြေပြန့်မခွဲခြား….ခိုင်မြဲတဲ့သံန္နိဌာန်တွေ….ဆူကြုံ နိမ့်မြင့်မရှိ ကွာဟမှုလျော့နည်း....တစ်ပြိုင်တည်း ဖွံ့ဖြိုးတိုးတက်ရမလေ….….ဆိုသည့် စာသားများကို ထည့်သွင်းဖော်ပြပေးပါရန် ဆရာ့ထံပေးပို့ခဲ့ပါသည်။
ထို့ကြောင့် ဤအရာကို နတလဟုခေါ်သည်
သည်ခေါင်းစဉ်ဖြင့် ဆောင်းပါးတစ်ပုဒ်ရေးခဲ့စဉ်က ဆရာအောင်လင်း၏ ထို့ကြောင့် ဤအရာကို အချစ်ဟုခေါ်သည် ဝတ္ထုခေါင်းစဉ် (ရုပ်ရှင်လည်းရိုက်ခဲ့ပါသည်)အား သဘောကျသဖြင့် ယူသုံးခဲ့ကြောင်း နိဒါန်းချီ၍ ရှင်းလင်းပြောပြခဲ့ဖူးပါသည်။ ထိုအမည်ကိုပင်သုံးလျက် ၂၀၁၈ ခုနှစ်တွင် ကျွန်တော်သီချင်းတစ်ပုဒ် ရေးသားပြီး ဆရာဟင်္သာတဦးမြင့်ငွေထံ ပေးပို့၍ သံစဉ်ရှာပေးပါရန် အကူအညီတောင်းခဲ့သည်။ ဆရာက သံစဉ်ရှာပေးသလို အချို့တေးစာသား များကိုလည်း လှပအောင် ပြင်ဆင်ပေးပါသည်။ တေးရေး မြင့်စိုး(နတလ)ပဲ သုံးလိုက်ပါ။ သံစဉ်ရှာပေးသော သူ့အမည်ကို မထည့်ရန် ခွင့်ပြုပေးခဲ့ပါသည်။ ယခုနှစ် နေပြည်တော် မဟာသင်္ကြန်ပွဲတော်မှာ ယင်းသီချင်းနှင့် ကပြဖျော်ဖြေရန် နတလဝန်ထမ်းများ အကတိုက်နေကြကြောင်း သိရသည်။
မြစိမ်းရောင်လွှမ်း အေးချမ်းစေမည် မြန်မာပြည်
ဒီသီချင်းကတော့ ကျွန်တော် ရောက်ရှိတာဝန်ထမ်းဆောင်နေသော သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာနအတွက် မကြာသေးခင်ကမှ ရေးသားခဲ့သော သီချင်းဖြစ်ပါ သည်။ ထုံးစံအတိုင်း ကျွန်တော် သံစဉ်မရှာတတ်ပါ။ ဆရာဦးမြင့်ငွေကပင် သံစဉ်ရှာဖွေ ပြင်ဆင်မွမ်းမံပေးပါသည်။ မြစိမ်းရောင်ဆိုသည့် တေးစာသားသည် မိမိတို့ဝန်ကြီးဌာန အောက် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက ဆောင်ရွက်နေသော မြစိမ်းရောင် ကျေးရွာစီမံကိန်းကို ရည်ညွှန်းသလို နိုင်ငံတော်အနေဖြင့် ပြည်နယ်နှင့် တိုင်းဒေသကြီး၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း တို့တွင် နိုင်ငံ့စီးပွားမြှင့်တင်ရေး ရန်ပုံငွေများ ထုတ်ပေးကာ အင်တိုက်အားတိုက် ဆောင်ရွက်နေကြသော စိုက်ပျိုးရေးမြစိမ်း ရောင်၊ မွေးမြူရေးမြစိမ်းရောင် စီမံကိန်းလုပ်ငန်းများကိုလည်း ရည်ညွှန်းပါသည်။
နိုင်ငံတော်အကြီးအကဲ၊ နိုင်ငံတော်ဝန်ကြီးချုပ်ကလည်း သွားရောက်ခဲ့သည့် ပြည်နယ်၊ တိုင်းဒေသကြီးခရီးစဉ်များတွင် စိုက်ပျိုးရေးအခြေခံ အချက်များဖြစ်သည့် မျိုးကောင်းမျိုးသန့် ရရှိရေး၊ စိုက်ပျိုးမြေ ကောင်းမွန်ရေး၊ စိုက်ပျိုးရေ လုံလောက်စွာရရှိရေး၊ စိုက်ပျိုးနည်းစနစ် မှန်ကန်မှုရှိစေရေး တို့အတွက် ပညာပေးခြင်းနှင့် လိုအပ်သည်များ ကူညီ ဆောင်ရွက်ပေးရန်၊ စပါးစိုက်ပျိုးရာတွင် ပန်းတိုင်အထွက်နှုန်း ရရှိရေးအတွက် မျိုးကောင်းမျိုးသန့်များ ရွေးချယ် စိုက်ပျိုးရန်၊ ဆီထွက်သီးနှံနှင့် အခြားသီးနှံထုတ်ကုန်များ တစ်ဧကအထွက်နှုန်း တိုးစေရေး အတွက် မျိုးကောင်းမျိုးသန့်များဖြင့် သီးထပ်စိုက်ပျိုးပြီး ပန်းတိုင်ရည်မှန်းချက် ပြည့်မီစေရေး ကြိုးပမ်းဆောင်ရွက်ကြရန်၊ စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများ ဆောင်ရွက်ရာ၌ သမဝါယမစနစ် ကို ကျင့်သုံးခြင်းဖြင့် လုပ်ငန်းများ ပိုမိုတိုးတက်လာစေမည်ဖြစ်၍ ဇုန်အလိုက်ခွဲခြားပြီး သမဝါယမအစုအဖွဲ့ဖြင့် လုပ်ဆောင်နိုင်ရေး ပညာပေးဆောင်ရွက်ရန် လမ်းညွှန်မှာကြားခဲ့ ပါသည်။
ပြည်နယ်၊ တိုင်းဒေသကြီး၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသများအလိုက် စီမံဆောင်ရွက်နေ ကြသော စိုက်ပျိုးရေးနှင့် မွေးမြူရေးလုပ်ငန်းများ၊ အသေးစား၊ အငယ်စား၊ အလတ်စား စီးပွားရေးလုပ်ငန်းများသည် ဒေသခံတောင်သူလယ်သမားများ၊ လုပ်ငန်းရှင်များနှင့် ပြည်သူ များအတွက် ထိရောက်သော အကျိုးဖြစ်ထွန်းမှုများ ရရှိလာမည်မှာ မလွဲဧကန် ဖြစ်သည်။ နိုင်ငံ့စီးပွားမြှင့်တင်ရေး၊ လယ်ယာကဏ္ဍ စီးပွားမြှင့်တင်ရေးလုပ်ငန်းများဖြင့် တောင်သူ လယ်သမားများဘဝ အေးချမ်းသာယာကာ ကြွေးမြီကင်းစင်သော မိသားစုဘဝများကို ပိုင်ဆိုင်ခွင့် ရလာကြမည်ဖြစ်သည်။ စိုက်ပျိုးရေးမြစိမ်းရောင်၊ မွေးမြူရေးမြစိမ်းရောင်များက နိုင်ငံတစ်ဝှမ်းလုံးအတွက် အေးချမ်းမှုများကို ဆောင်ယူလာပါလိမ့်မည်။
ယခုနှစ် နေပြည်တော် မဟာသင်္ကြန်ပွဲတော်ကြီးတွင် သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေး ဝန်ကြီးဌာန ဝန်ထမ်းများက ထိုသီချင်းဖြင့် ကပြဖျော်ဖြေတင်ဆက်ရန် အကတိုက်နေကြပြီ ဖြစ်သည်။ မကြာမီအချိန်လေးမှာ သင်္ကြန်မိုးရေ တန်ခူးလေနှင့်အတူ သင်းပျံ့ကြိုင်လှောက် သော ပိတောက်ပန်းရနံ့တို့ကို ဆောင်ယူလာပါတော့မည်။ ထိုနည်းတူစွာ မြစိမ်းရောင်လွှမ်း၍ အေးချမ်းသာယာသော ရွှေပြည်မြန်မာကို ကျွန်တော်တို့ ဖန်တီးတည်ဆောက်ခွင့်ရကြပါလိမ့်မည်။ မင်္ဂလာရှိသော နှစ်သစ်ကို ဝမ်းပန်းတသာ ကြိုဆိုကြပါစို့။
Related News and Articles
အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။