Language : |
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

ထိုင်းနိုင်ငံ၏ ဆင်းရဲမှုလျော့ချရေးနှင့် OTOP ဆက်နွယ်မှုနှင့် မြန်မာနိုင်ငံ၏ OVOP နှင့် MSME ဖွံ့ဖြိုးတိုးတက်မှု


28 Feb,2023

ခန့်ဇော် (ကျေးလက်)

     ထိုင်းနိုင်ငံသည် အရှေ့တောင်အာရှရှိ ဖွံ့ဖြိုးဆဲနိုင်ငံများအနက် စီးပွားရေးတိုးတက်မှု မြင့်မား လာသောနိုင်ငံများတွင် တစ်ခုအပါအဝင်ဖြစ်ပြီး နိုင်ငံရဲ့စီးပွားရေးကဏ္ဍမှာ စိုက်ပျိုးရေးသည် GDP၏ ၁၂%ခန့်၊ စက်မှုလုပ်ငန်းသည် ၄၄%ခန့်နှင့် ဝန်ဆောင်မှုလုပ်ငန်းသည် ၄၄%ခန့် အသီးသီး ပါဝင်လျက် ရှိတာတွေ့ရပါတယ်။ သဘာဝအရင်းအမြစ်တွေအနေနဲ့ သံရိုင်း၊ ရော်ဘာ၊ သဘာဝဓာတ်ငွေ့၊ တန်စတင်၊ သစ်၊ ခဲနှင့် ငါးတို့ အများဆုံး ထွက်ရှိပြီး မြေဧရိယာရဲ့ ၃၁%ကို စိုက်ပျိုးရေးအတွက် အသုံးပြုပါတယ်။ ခရီးသွားလုပ်ငန်း၊ အထည်လိပ်လုပ်ငန်း၊ စိုက်ပျိုးရေးကုန်စည်များ ထုတ်လုပ်မှု၊ ဘိလပ်မြေ၊ ရတနာ ပစ္စည်းများ၊ လျှပ်စစ်ပစ္စည်းများ၊ ကားအစိတ်အပိုင်းများ ထုတ်လုပ်ခြင်းတို့ကို အဓိကလုပ်ကိုင်လျက်ရှိပြီး လျှပ်စစ်ပစ္စည်း၊ ကွန်ပျူတာ ပစ္စည်းများ၊ ယာဉ်နှင့် အစိတ်အပိုင်းများ၊ အထည်၊ ဖိနပ်၊ ရေထွက်ပစ္စည်းများ၊ ဆန်နှင့် ရော်ဘာတို့အား ပြည်ပနိုင်ငံအသီးသီးသို့ တင်ပို့ရောင်းချ လျက်ရှိပါတယ်။

     ထိုင်းနိုင်ငံသည် ၁၉၉၀ ပြည့်နှစ်တွင် ဆင်းရဲနွမ်းပါးမှု ၅၈ ရာခိုင်နှုန်းမှ ၆ ဒသမ ၈ ရာခိုင်နှုန်းသို့ လျှော့ချနိုင်ခဲ့ပြီး တိုးတက်မှုနှုန်းမြင့်မားမှုနှင့် ဖွဲ့စည်းတည်ဆောက်ပုံဆိုင်ရာ ပြုပြင်ပြောင်းလဲမှုများ ကြောင့် ၂၀၂၀ ခုနှစ်မှာ သိသိသာသာ တိုးတက်မှုရရှိလာခဲ့တာကို လေ့လာတွေ့ရှိရပါတယ်။ ၁၉၉၇-၁၉၉၈ ခုနှစ်များတွင် ငွေကြေးအကျပ်အတည်းနှင့်ရင်ဆိုင်ခဲ့ရပြီး ထိုကာလနောက်ပိုင်းမှစ၍ ဆင်းရဲမှု လျှော့ချရေးနှင့် ကျေးလက်ဖွံ့ဖြိုးရေးတို့ကို အရှိန်အဟုန်မြှင့် ဆောင်ရွက်ခဲ့တာ တွေ့ရပါတယ်။

“ထိုင်းနိုင်ငံ၏ စီးပွားရေးဖွံ့ဖြိုးတိုးတက်ရေးနှင့် ဆင်းရဲမှုလျှော့ချရေး ကြိုးပမ်းမှုများ”

      လွန်ခဲ့တဲ့ ဆယ်စုနှစ်လေးခုအတွင်း ထိုင်းနိုင်ငံသည် ဝင်ငွေနည်းသော နိုင်ငံမှ မျိုးဆက် တစ်ဆက်အောက်၌ SMART ကျတဲ့ စီးပွားရေးမူဝါဒတွေကြောင့် အလယ်အလတ်ဝင်ငွေရှိသောနိုင်ငံ အဖြစ်ရွေ့လျားခဲ့ပြီး လူမှုရေးနှင့် စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုတွင် ထူးထူးခြားခြား တိုးတက်ခဲ့သည်။ ဒါဟာ ထိုင်းနိုင်ငံဟာ စဉ်ဆက်မပြတ် အားကောင်းသော တိုးတက်မှုနှင့် ဆင်းရဲမွဲတေမှု လျှော့ချရေး တို့အတွက် အောင်မြင်မှုပုံရိပ်တစ်ခုပဲ ဖြစ်ပါတယ်။

      စင်စစ်မူ ၁၉၆၀ပြည့်လွန်နှစ်များမှစ၍ နိုင်ငံ၏စီးပွားရေးနှင့် လူမှုရေးဖွံ့ဖြိုးမှုအစီအစဉ်များတွင် ဆင်းရဲမှုလျှော့ချရေးမဟာဗျူဟာများ ထည့်သွင်း အကောင်အထည်ဖော် ဆောင်ရွက်ခဲ့ခြင်းဖြစ်ပြီး ၁၉၆၁ ခုနှစ်မှ ၁၉၆၆ ခုနှစ်အတွင်း အခြေခံအဆောက်အအုံဖွံ့ဖြိုးရေးနှင့် စက်မှုထွန်းကားရေးကို အဓိကထားဆောင်ရွက်ခဲ့တာတွေ့ရပါတယ်။ ၁၉၇၂ ခုနှစ်မှ ၁၉၇၆ ခုနှစ်အထိ (၅) နှစ်တာကာလ အတွင်း ဘဏ္ဍာရေးမူဝါဒကို အထူးဂရုပြုအကောင်အထည်ဖော်ခဲ့ပြီး စိုက်ပျိုးရေးကဏ္ဍ၊ ကျေးလက် ဝင်ငွေရရှိမှု မြှင့်တင်ရေးနှင့် လူဦးရေစီမံကိန်းရေးဆွဲခြင်းတို့ကို ဆောင်ရွက်ခဲ့ပါတယ်။ ၁၉၇၇ ခုနှစ်မှ ၁၉၈၁ခုနှစ်အတွင်း၌မူ စက်မှုဖွံ့ဖြိုးရေးကို ပြန်လည်ထူထောင်၍ သယံဇာတသုံးစွဲမှုနှင့် မြေယာပြုပြင် ပြောင်းလဲမှုစီမံကိန်းများကိုအကောင်အထည်ဖော်ခဲ့ပြီး ဆင်းရဲမှုလျှော့ချရေးမူဝါဒကို သီးသန့်ချမှတ်၍ ဆင်းရဲချမ်းသာ ဝင်ငွေကွာဟမှုနည်းပါးစေရန် နည်းလမ်းများ ချမှတ်အကောင်အထည်ဖော် ဆောင်ရွက် ခဲ့ပါတယ်။

      ၁၉၈၂ ခုနှစ်မှ ၁၉၈၆ခုနှစ်အတွင်း ပဉ္စမမြောက်လူမှုစီးပွားဖွံ့ဖြိုးရေးစီမံကိန်းဖြင့် ခရိုင်အဆင့် ဆင်းရဲမှုလျှော့ချရေးကို ဖော်ဆောင်ခဲ့ပြီး ခရိုင်ပေါင်း (၂၈၆)ခုတွင် ဆင်းရဲမှုလျှော့ချရေးလုပ်ငန်း စဉ်များ ဆောင်ရွက်ခဲ့ပါတယ်။ စိုက်ပျိုးရေး၊ စက်မှု၊ ပုဂ္ဂလိက ပါဝင်မှုတို့ကိုလည်း အရှိန်အဟုန်မြှင့် တင်ခဲ့ပါတယ်။ ၁၉၈၇ ခုနှစ်မှ ၁၉၉၁ ခုနှစ်အထိ သိပ္ပံနှင့် နည်းပညာဖွံ့ဖြိုးမှု၊ လူသားအရင်းအမြစ် ဖွံ့ဖြိုးမှုနှင့် နောက်ကျကျန်ခဲ့သောဒေသများ ဆင်းရဲမှုလျှော့ချရေးတို့ကိုလည်းကောင်း၊ ၁၉၉၂ ခုနှစ်မှ ၁၉၉၆ ခုနှစ်အထိ အစိုးရကဏ္ဍနှင့် ဥပဒေရေးရာ ပြုပြင်ပြောင်းလဲမှု၊ စိုက်ပျိုးရေးမဟုတ်သော ကဏ္ဍများဖွံ့ဖြိုးမှုနှင့် ကျေးလက်ဒေသများ၏စွမ်းဆောင်ရည်ပိုမိုမြှင့်တင်မှုတို့ကိုလည်းကောင်း ဦးစား ပေး ဆောင်ရွက်ခဲ့ပြီး ၁၉၉၇ ခုနှစ်မှ ၂၀၀၁ ခုနှစ်တွင် ပြည်သူဗဟိုပြုဖွံ့ဖြိုးမှု၊ ရေရှည်တည်တံ့သည့် ဖွံ့ဖြိုးမှုတို့ကိုဦးတည်၍ ဝင်ငွေကွာဟချက်လျော့နည်းစေရန် ရည်ရွယ်ဆောင်ရွက်ခဲ့တာ တွေ့ရပါတယ်။

“ကျေးရွာတစ်ရွာ ထုတ်ကုန် တစ်မျိုး (One Tambon One Product-OTOP)”

        မှတ်တမ်းတွေအရ ၂၀၀၁ ခုနှစ်မှစ၍ ကျေးလက်ဒေသပြန်လည်ထူထောင်ရေးကို မူဝါဒများ ချမှတ်အကောင်အထည်ဖော်ခဲ့ရာ “ကျေးရွာတစ်ရွာ ထုတ်ကုန်တစ်မျိုး” (One Tambon One Product- OTOP) သည် နိုင်ငံအနှံ့ဆောင်ရွက်သောလှုပ်ရှားမှုအနေဖြင့် ပေါ်ပေါက်လာခဲ့ပါတယ်။ ၂၀၀၁ ခုနှစ်မှ ၂၀၀၆ ခုနှစ်အထိ အရှိန်အဟုန်မြှင့် ကြိုးပမ်းဆောင်ရွက်ခဲ့ပြီး စီးပွားရေးဖွံ့ဖြိုးတိုးတက်မှု နှင့် ဆင်းရဲမှုလျှော့ချရေးကို များစွာအထောက်အကူပြုနိုင်ခဲ့တာ တွေ့ရပါတယ်။

    ထိုင်းနိုင်ငံ၏ OTOP စီမံကိန်းသည် ဂျပန်နိုင်ငံ၏ OVOP ကို အတုယူ၍ ထိုင်းနိုင်ငံ၏ ကျေးလက်ဒေသဖွံ့ဖြိုးမှုအတွက် ဒေသထွက်အင်အားစုနှင့် သယံဇာတများကိုအသုံးပြုပြီး ဆွဲဆောင်မှု ရှိတဲ့ အထူးထုတ်ကုန်များကို ထုတ်လုပ်ခြင်းဖြင့် ပြည်တွင်းစက်မှုလုပ်ငန်းကို မြှင့်တင် ဆောင်ရွက် ခြင်းဖြစ်ပါတယ်။ ထုတ်လုပ်သောကုန်စည်များမှာ စိုက်ပျိုးရေးနှင့် လက်မှုထွက်ကုန် ပစ္စည်းများပါဝင် ပါတယ်။

“OTOPစီမံကိန်း၏ ကျေးလက်ဒေသဖွံ့ဖြိုးရေးနှင့် ဆင်းရဲမှုလျှော့ချရေး လှုပ်ရှားမှုများ”

      OTOP သည်လည်း OVOPကဲ့သို့ပင် ဒေသတွင်းချိတ်ဆက်၍ ကမ္ဘာ့အဆင့်သို့ ဦးတည်ရေး၊ ကိုယ့်အားကိုယ်ကိုး၍ တီထွင်ဖန်တီးရေး၊ လူသားအရင်းအမြစ်ဖွံ့ဖြိုးရေး စသည့်အချက် (၃)ချက် အပေါ်အခြေခံ၍ အစိုးရမှ ပံ့ပိုးပေးခြင်းဖြစ်ပါတယ်။ OTOPရဲ့ ထူးခြားချက် (သို့မဟုတ်) OVOPနှင့် ကွဲပြားသောအချက်မှာ ဖွံ့ဖြိုးဆဲနိုင်ငံတို့ရဲ့အခြေအနေအရ ဗဟိုအစိုးရမှ ပံ့ပိုးပေးရခြင်းဖြစ်ပါတယ်။ ဝန်ကြီးချုပ်မှ ဦးဆောင်၍ OTOP လှုပ်ရှားမှုကို ဗဟိုမှ အဓိကချုပ်ကိုင်ပြီး ပြည်နယ်နှင့် ခရိုင်များရှိ အစိုးရများသို့ အဆင့်ဆင့်ညွှန်ကြားဆောင်ရွက်ပါတယ်။ OTOP စီမံကိန်းအတွက် ဒေသခံရွာသူ/ သား များကို လေ့ကျင့်သင်ကြားရာတွင် OVOP ကဲ့သို့ပင် ဒေသတွင်းသင်တန်းများကို တက်ရောက်စေ ပါတယ်။

      ၂၀၀၃ ခုနှစ်မှစတင်၍ ပို့ကုန်ဈေးကွက်သို့ တင်ပို့နိုင်ရန် ဦးတည်ချက်ဖြင့် OTOP ထုတ်ကုန် များကို ကြယ်များသတ်မှတ်၍အဆင့်ခွဲခြားခဲ့ပြီး ကြယ်ငါးပွင့်ရထုတ်ကုန်များကိုသာ ပို့ကုန်ဈေးကွက်သို့ တင်ပို့ရန် ခွင့်ပြုခဲ့ပါတယ်။ ထို့အပြင် ကြယ်သုံးပွင့်ရထုတ်ကုန်များ ထုတ်လုပ်နိုင်သောလုပ်ငန်းများ ရှိသည့်ရွာကိုသာ OTOP စီမံကိန်းဝင်အဖြစ် အသိအမှတ်ပြုခဲ့ပြီး ကြယ်လေးပွင့်နှင့် ကြယ်ငါးပွင့်ရ လုပ်ငန်းများရှိပါဝင်သူများကိုသာ နိုင်ငံတကာသင်တန်းများသို့ စေလွှတ်ခဲ့ပါတယ်။ ကျေးရွာအဆင့် ၌ပင် အမြောက်အမြားထုတ်လုပ်မှုကို အားပေး၍ ကမ္ဘာ့ဈေးကွက်သို့ ချိတ်ဆက်ပေးခဲ့ပါတယ်။ OTOP လှုပ်ရှားမှု၌ ပါဝင်သူများ၏၆၇%သည် လူထုအခြေပြုလုပ်ငန်းများ၊ ၃၁%မှာ တစ်ဦးတည်းပိုင်လုပ်ငန်း များဖြစ်၍ ကျန်၂%မှာ အစုစပ်လုပ်ငန်းများဖြစ်ပါတယ်။ လိုအပ်သော ဘဏ္ဍာငွေအများစုကို အစိုးရက ထောက်ပံ့ပေးခဲ့ပါတယ်။ ပံ့ပိုးမှုများ၌ အရည်အသွေးထိန်းချုပ်မှုနှင့် ထုတ်ပိုးမှုသင်တန်းပေးခြင်းတို့ ပါဝင်ပါတယ်။ အရောင်းမြှင့်တင်ရာတွင် ကုန်စည်ပြပွဲများပြုလုပ်ခြင်း၊ အရောင်းဆိုင်များ ဖွင့်လှစ် ပေးခြင်း၊ ပြည်ပ၌ အရောင်းပြပွဲများ ပြုလုပ်ပေးခြင်းတို့ကို ဆောင်ရွက်ပေးခဲ့ပါတယ်။

    OTOP စီမံကိန်း၏ အဓိကထုတ်ကုန်များမှာ ဒေသထွက် ရိုးရာအဝတ်အထည်၊ လက်မှု ပစ္စည်း၊ ချည်ထည်ပိုးထည်များ၊ အိုးလုပ်ငန်း၊ ဖက်ရှင်ပစ္စည်းများ၊ အိမ်သုံးပစ္စည်းများအထိ ပါဝင်ပါတယ်။ အစိုးရက ဦးဆောင်၍ ထုတ်ကုန်ရွေးချယ်ခြင်း၊ စံနှုန်းနှင့် အရည်အသွေးမြှင့်တင်ခြင်းနှင့် ထုတ်လုပ်သူ တို့နှင့်ပူးပေါင်းဆောင်ရွက်နိုင်ခဲ့ခြင်းတို့ကြောင့် ထုတ်ကုန်အမျိုးအစားစုံလင်စွာဖြင့် ပြည်တွင်းသာမက ပြည်ပပို့ကုန်ဈေးကွက်သို့ တင်ပို့ရောင်းချနိုင်ခဲ့ပါတယ်။ OTOPများ၏ ထုတ်ကုန် ရောင်းချမှုတန်ဖိုးမှာ ၂၀၁၃ခုနှစ်တွင် ထိုင်းဘတ် ၈၆ဘီလီယံ(အမေရိကန်ဒေါ်လာ ၂.၆၇၈၅ ဘီလီယံ ခန့်)အထိ ရောက်ရှိ ခဲ့ပါတယ်။ ထိုသို့ဝင်ငွေများ တိုးမြှင့်ရှာဖွေပေးနိုင်သည့်အပြင် ရွာပေါင်း ၂၂,၇၆၂ ရွာရှိ OTOP လုပ်ငန်း ပေါင်း ၃၆,၂၃၆ ခုတွင် လုပ်သားပေါင်း ၁.၂သန်းကို အလုပ်အကိုင်ပေးနိုင်ခဲ့၍ လူမှုဘဝကိုလည်း မြှင့်တင်ပေးနိုင်ခဲ့သည့်အပြင် နိုင်ငံတစ်ဝန်းရှိ အသေးစားနှင့် အလတ်စားစီးပွားရေးလုပ်ငန်းများဖွံ့ဖြိုးမှု နှင့်အတူ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးနှင့် ဆင်းရဲမှုလျှော့ချရေးတို့ကို များစွာအထောက်အကူ ပြုနိုင်ခဲ့ပါတယ်။

   OTOP အောင်မြင်ရခြင်း၏အဓိကအချက်များမှာ အစိုးရဌာနများ၏ ထိရောက်သောမူဝါဒ၊ စီမံကိန်းများဖြင့် အကောင်အထည်ဖော်ဆောင်မှု၊ လူသားအရင်းအမြစ်ဖွံ့ဖြိုးစေရန် ပံ့ပိုးပေးမှု၊ ပါဝင်သော အဖွဲ့အစည်းများအချင်းချင်း ချိတ်ဆက်ဆောင်ရွက်နိုင်မှု၊ အစိုးရကဏ္ဍများ၊ ပုဂ္ဂလိကများ၊ ဒေသခံ များနှင့် ပညာရေးအဖွဲ့အစည်းများ၏တက်ကြွစွာပူးပေါင်းဆောင်ရွက်မှုတို့ကြောင့်ဖြစ်ပြီး ထိုင်း နိုင်ငံရှိ နိုင်ငံဆင်းရဲမှုနှုန်းသည် ၂၀၀၀ ပြည့်နှစ်တွင် ၄၂.၃%မှ ၂၀၁၇ ခုနှစ်တွင် ၈.၆%သို့ လျှော့ချနိုင်ခဲ့တာ တွေ့ရပါတယ်။

“မြန်မာနိုင်ငံနှင့် OTOP နှင့် MSME”

      မြန်မာနိုင်ငံမှာလည်း ၂၀၁၀-၂၀၁၅ ခုနှစ်ဝန်းကျင်မှစတင်၍ ကျေးလက်ဒေသဖွံ့ဖြိုးရေးနှင့် ဆင်းရဲမှုလျှော့ချရေးကို မူဝါဒပိုင်းအရ အားပေးမြှင့်တင်ခဲ့ပြီး လုပ်ငန်းစဉ်များရေးဆွဲအကောင်အထည် ဖော်ခဲ့သည့်နည်းတူ “ကျေးရွာတစ်ရွာ ထုတ်ကုန်တစ်မျိုး”ကဲ့သို့ ဒေသအလိုက်ထွက်ရှိသော အသေးစား၊ အလတ်စားထုတ်ကုန်များဖွံ့ဖြိုးရေးအတွက် SME လုပ်ငန်းများကို မူဝါဒပိုင်းဆိုင်ရာ အားပေးမြှင့်တင် မှုများ ဆောင်ရွက်ခဲ့ပါတယ်။ ၂၀၁၅ ခုနှစ်မှာ အသေးစားနှင့် အလတ်စားစီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးဥပဒေကို အတည်ပြုပြဌာန်းနိုင်ခဲ့ပါတယ်။ ဥပဒေရဲ့ ရည်ရွယ်ချက်များကတော့-

        (က)    အသေးစားနှင့် အလတ်စားစီးပွားရေးလုပ်ငန်းများအတွက် စီးပွားရေးနှင့် ဆက်စပ်သည့် သတင်းအချက်အလက်၊ နည်းပညာအထောက်အကူများနှင့် 

                  ငွေကြေးပံ့ပိုးမှုများလွယ်ကူစွာ ရရှိနိုင်စေရန်၊

       ( ခ )    အသေးစားနှင့် အလတ်စားစီးပွားရေးလုပ်ငန်းများသည် ပြည်တွင်းပြည်ပ ဈေးကွက် များသို့ လက်လှမ်းမီစေရန်နှင့် ယှဉ်ပြိုင်နိုင်မှုစွမ်းရည် မြင့်မားတိုးတက်စေရန်၊

       ( ဂ )    အသေးစားနှင့် အလတ်စားစီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်လာခြင်းအားဖြင့် ပြည်သူများအလုပ်အကိုင်အခွင့်အလမ်းအသစ်များနှင့်အတူ ဝင်ငွေတိုးတက်ရရှိလာစေရန်၊

       (ဃ)     အသေးစားနှင့် အလတ်စားစီးပွားရေးလုပ်ငန်းများ ဆောင်ရွက်ရာတွင် လုပ်ငန်းဆိုင်ရာ အခက်အခဲများနှင့် အဟန့်အတားများကို လျော့ပါးစေရန်တို့ဖြစ်ပါတယ်။

 ဒါ့အပြင် အသေးစားနှင့် အလတ်စားစီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးမူဝါဒ (၂၀၁၅) ခုနှစ်ကို ချမှတ်ထုတ်ပြန်နိုင်ခဲ့ပါတယ်။ မူဝါဒရဲ့ မျှော်မှန်းချက်မှာ “ကဏ္ဍအသီးသီးရှိ အသေးစားနှင့် အလတ်စားစီးပွားရေးလုပ်ငန်းများသည် ဒေသတွင်း စီးပွားရေးကွန်ရက်အတွင်း၌ တီထွင်ဆန်းသစ်မှု နှင့်၊ ယှဉ်ပြိုင်နိုင်မှု၊ စွမ်းဆောင်ရည်ကောင်းများ မြင့်မားလာပြီး နိုင်ငံသားများ၏ အလုပ်အကိုင်၊ အခွင့်အလမ်းများ တိုးပွားရေးနှင့် လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်ရေးတို့ကို ဦးဆောင်သွားနိုင်ရန်” ဖြစ်ပါတယ်။ ရည်မှန်းချက်များအောင်မြင်ဖို့အတွက်

      (က)   လူ့စွမ်းအားအရင်းအမြစ်

      ( ခ )   နည်းပညာဖွံ့ဖြိုးမှုနှင့် တီထွင်ဖန်တီးတတ်မှု၊

      ( ဂ )    ငွေကြေးအရင်းအမြစ်၊ အခြေခံအဆောက်အအုံများ ဖွံ့ဖြိုးတိုးတက်ရေး၊

      (ဃ)   ဈေးကွက်ရရှိရေး၊

      ( င )    သင့်လျော်သော အခွန်အကောက်နှင့် လုပ်ထုံးလုပ်နည်းများ၊

      ( စ )    လုပ်သာကိုင်သာရှိသော စီးပွားရေးဝန်းကျင်ကောင်းများကို ထောက်ပံ့၊ ဖန်တီးပေးရမှာ ဖြစ်ပါတယ်။ ဒီအချက်တွေက မြေပြင်မှာ အမှန်တကယ်ကြုံတွေ့နေရတဲ့

                 အဟန့်အတားအခက်အခဲများဖြစ်တာကြောင့် ဒါတွေကို ထောက်ပံ့၊ ဖြေလျော့ပေးနိုင်မှသာ MSME လုပ်ငန်းတွေ ပိုမို ဖွံ့ဖြိုးလာမှာဖြစ်ပါတယ်။

၂၀၁၇ ခုနှစ်မှာ အသေးစားနှင့် အလတ်စား စီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေး နည်း ဥပဒေများကို ထုတ်ပြန်နိုင်ခဲ့ပါတယ်။ နည်းဥပဒေ ထွက်ရှိလာခဲ့အတွက် ဆောင်ရွက်ရန် လုပ်ငန်းများ၊ နည်းပညာနှင့် ချေးငွေရရှိရေးနည်းလမ်းများ၊ မှတ်ပုံတင်ခြင်းဆိုင်ရာများ၊ တစ်နေရာတည်း ဝန်ဆောင်မှု (One stop service - OSS) ပေးသည့်အဖွဲ့ ဖွဲ့စည်းခြင်းနှင့် ဆောင်ရွက်ရမည့် လုပ်ငန်း များ၊ လုပ်ငန်းသုံးသပ် အစီရင်ခံရေးအဖွဲ့များ ဖွဲ့စည်းခြင်းနှင့် ဆောင်ရွက်ရမည့် လုပ်ငန်းများကို နည်းဥပဒေအရ ပိုလို့ ဆောင်ရွက်နိုင်လာတာ တွေ့ရပါတယ်။

မူဝါဒ၊ နည်းဥပဒေများ ထုတ်ပြန်ဆောင်ရွက်နေသော်လည်း လက်တွေ့မှာ နည်းပညာပိုင်း၊ ဈေးကွက်ပိုင်း၊ ရန်ပုံငွေပိုင်း၊ စွမ်းဆောင်ရည်ပိုင်း၊ ချိတ်ဆက်မှုအပိုင်းများမှာ MSME လုပ်ငန်းရှင်များ အနေဖြင့် အခက်အခဲများစွာ ရှိနေဆဲဖြစ်ပါတယ်။ စာရေးသူကိုယ်တိုင် MSME Agency အဖွဲ့ဝင်အဖြစ် ဆောင်ရွက်ခဲ့စဉ်ကာလအတွင်း အစည်းအဝေးများ အကြိမ်ကြိမ်တက်ရောက်ဆွေးနွေးခဲ့မှု၊ ကဏ္ဍ အလိုက် တင်ပြမှု၊ တွေ့ကြုံရသည့် အခက်အခဲများ၊ ဖြေရှင်းနိုင်သည့် နည်းလမ်းများကို အကြိမ်ကြိမ် ကြားသိခဲ့ရပါတယ်။ မြေပြင်မှာလည်း အမှန်အခက်အခဲရှိပါတယ်။ တွေ့ရှိချက်နှင့် ဆောင်ရွက်ရန် များကတော့-

      (က)     MSME ချေးငွေကိစ္စနှင့်ပတ်သက်၍ Business Plan မရေးတတ်/ မဖတ်တတ်၊ ဘဏ် စာရင်းမရှိ၊ ဘဏ်အရှုံး/အမြတ်မပြနိုင်၊ ခုမှစလုပ်ချင်သူတွေ ဆန္ဒပဲရှိ၊

                သတ်မှတ်ချက်တွေ မလုပ်တတ်၊ ရိုးရိုးရှင်းရှင်း သင်ပေးရန်နှင့် ရိုးရိုးရှင်းရှင်း သတ်မှတ်ရန်လိုအပ်ခြင်း၊

      ( ခ )    ပြည်ထောင်စုအဆင့်က စီမံခန့်ခွဲတဲ့ သတ်မှတ်တဲ့ ချေးငွေအရင်းအမြစ်ပဲရှိပြီး ဆိုင်ရာ ပြည်နယ်/တိုင်းများမှ ၎င်းတို့အစီအစဉ်/ အစီအမံဖြင့် ချေးငွေအမျိုးအစားများ မရှိခြင်း၊

                 ဘတ်ဂျက်မရှိခြင်း၊

     ( ဂ )    ဆိုင်ရာဌာနများရဲ့ MSME နဲ့ဆိုင်တဲ့ လုပ်ထုံးလုပ်နည်းများကို သာမန်သူများ နားလည်အောင် ရေးဆွဲလုပ်ဆောင်သင့်ခြင်းနှင့် ရိုးရှင်းလွယ်ကူအောင်

               ပြင်ဆင်ဆောင်ရွက်ပေးသင့်ခြင်း၊

     (ဃ)   Agency များ ပုံမှန် Function ဖြစ်ဖို့လိုပြီး MSME လုပ်ငန်းများ ဖွံ့ဖြိုးရေးမှာ ဆိုင်ရာ အစိုးရများ၊ လုပ်ငန်းရှင်များကို အထောက်အပံ့ပေးနိုင်အောင်လုပ်ရန် လိုအပ်နေသေးခြင်း၊

     ( င )    နှစ်စဉ်တစိုက်မတ်မတ် စီမံချက်အစီအစဉ်ရေးဆွဲပြီး၊ လုပ်ငန်းစဉ်ဇယားရေးဆွဲပြီး ဒေသအလိုက် ထုတ်ကုန်ပြပွဲတွေ မဖြစ်မနေလုပ်ရန်၊ အားပေးရန်၊ ဆုပေးရန်၊ ဈေးကွက်

              ချိတ်ဆက်ပေးရန် လိုအပ်ခြင်း၊ ရာသီအလိုက်တစိုက်မတ်မတ်လုပ်ရန်လိုအပ်ခြင်းနှင့် စဉ်ဆက်မပြတ် အားပေးအားမြှောက်ပေးရန် လိုအပ်ခြင်းတို့ ဖြစ်ပါတယ်။

မြန်မာနိုင်ငံ၏ MSME ကဏ္ဍအပေါ် လေ့လာသုံးသပ်တွေ့ရှိချက်

      ၂၀၁၇ခုနှစ်မှ ၂၀၁၉ခုနှစ်အထိ စစ်တမ်းကောက်ယူခဲ့သည့်Myanmar Micro, Small and Medium Enterprise Survey 2019အစီရင်ခံစာအရလည်း လုပ်ငန်းရှင်များ အများဆုံးတွေ့ကြုံရသည့် အဟန့်အတား မှာ ငွေကြေးအရင်းအနှီး လုံလောက်မှု မရှိခြင်း၊ ကျွမ်းကျင်လုပ်သား ရှားပါးခြင်း၊ နည်း ပညာပိုင်း ကျွမ်းကျင်မှု အားနည်းခြင်း၊ ဝယ်လိုအား အကန့်အသတ်ရှိခြင်း၊ ဈေးကွက်ဝန်ဆောင်မှု/ သယ်ယူ ပို့ဆောင်မှုအပိုင်းတွင် အားနည်းခြင်း၊ ကုန်ကြမ်း ရှားပါးခြင်း၊ စွမ်းအင်ရရှိမှု အားနည်းခြင်း (လျှပ်စစ် စွမ်းအင်/ လောင်စာဆီ) စသည်တို့ကြောင့် ဖြစ်ပါတယ်။

    စာရေးသူရဲ့ လေ့လာချက်အရလည်း မြန်မာနိုင်ငံ၏ MSME လုပ်ငန်းများဆောင်ရွက်ရာမှာ စိန်ခေါ်မှုတွေအနေနဲ့ တိုးတက်ပြောင်းလဲနေသော ခေတ်ရေစီးကြောင်းအရ MSME လုပ်ငန်းရှင်များ သည် ၎င်းတို့၏ ကုန်ထုတ်စွမ်းအားနှင့် ဈေးကွက်ယှဉ်ပြိုင်နိုင်စွမ်းတို့အတွက် နည်းပညာအသစ်များ အသုံးပြုနိုင်မှုနည်းပါးနိုင်ခြင်း၊ MSME လုပ်ငန်းရှင်များ ဈေးကွက်ဝေစုရရှိနိုင်ရန်နှင့် လုပ်ငန်းချဲ့ထွင် ရာတွင် ကုမ္ပဏီ ကြီးများ၏ ပြိုင်ဆိုင်မှုကို ရင်ဆိုင်နိုင်ခြင်းနှင့် MSME လုပ်ငန်းများသည် မကြာခဏ အရင်းအမြစ်အကန့်အသတ်များရှိနိုင်ပြီး ဝယ်လိုအားအခြေခံနည်းပါးသောကြောင့် စီးပွားရေးအတက် အကျအချိန်များ၊ ဈေးနှုန်း ကျချိန်များတွင် ပိုမိုထိခိုက်နိုင်ခြေရှိခြင်းတို့ကို ဖြစ်စေနိုင်ကြောင်း လေ့လာ သုံးသပ်ရပါတယ်။

     ထုတ်လုပ်မှု၊ ရင်းနှီးမြှုပ်နှံမှုနှင့် ငွေကြေးအရင်းအနှီး၊ ကဏ္ဍအလိုက်ချိတ်ဆက်မှု၊ လုပ်သားအင်အား၊ စီးပွားရေးလုပ်ငန်းဆိုင်ရာ အတားအဆီးများစသည့် ကဏ္ဍအသီးသီး၏ပြောင်းလဲမှုကို ဖော်ဆောင်ရာ တွင် စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုကို အထောက်အပံ့ပေးမည့်မူဝါဒအသစ်များ ချမှတ်နိုင်ရေးကို ထည့်သွင်း စဉ်းစားရန်လိုပါတယ်။ ထိုသို့ထည့်သွင်းစဉ်းစားရာတွင် ထုတ်လုပ်မှုတိုးမြှင့်စေရေးအတွက် လုပ်ငန်းတူ များကို စုဖွဲ့ပူးပေါင်းဆောင်ရွက်စေရန်၊ Value Chains ပိုမိုအားကောင်းစေရန်၊ စားသောက်ကုန် ထုတ်လုပ်မှုပိုင်းတွင် International Value Chains ချိတ်ဆက်မှု ပိုမို အားကောင်းလာစေရေး ဆောင်ရွက် ပေးရန်၊ ဈေးကွက်အဆင်ပြေမှုရှိစေရန်၊ အသေးစား/ အလတ်စားနှင့် အကြီးစားစီးပွားရေးလုပ်ငန်းများ ထုတ်လုပ်မှုတိုးမြှင့်စေရေးအတွက် တရားဝင်ငွေကြေးအရင်းအနှီး ရရှိစေရေး ဆောင်ရွက်ပေးရန်၊ အငယ်စားနှင့် အသေးစားစီးပွားရေးလုပ်ငန်းများ၏ ကုန်ထုတ်လုပ်မှုတိုးမြင့်စေရေးအတွက် လေ့ကျင့် သင်ကြားပေးမှုများ၊ အခွင့်အလမ်းများ မြှင့်တင်ပေးရန်၊ အလုပ်အကိုင်အခွင့်အလမ်းနှင့် လုပ်ခလစာ တို့တွင် ကျား/မ တန်းတူညီမျှမှုအပါအဝင် အလုံးစုံဖွံ့ဖြိုးပြီး မျှတသောလုပ်သားဈေးကွက် ဖန်တီး ပေးရန် စသည့်အချက်များအား အဓိကထား ထည့်သွင်း စဉ်းစားပေးရန် လိုအပ်မှာဖြစ်ပါတယ်။

မြန်မာနိုင်ငံ၏လက်ရှိ MSMEs ဖွံ့ဖြိုးရေးဆိုင်ရာ မူဝါဒ

          နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၏ MSMEs ဖွံ့ဖြိုးရေးဆိုင်ရာ မူဝါဒလမ်းညွှန် ကောက်နှုတ်ချက်များကတော့ -

  • နိုင်ငံ့စီးပွားမြှင့်တင်နိုင်ရေးနှင့် ကိုဗစ်-၁၉ ရောဂါ ကြောင့်ဖြစ်ပေါ်ခဲ့သည့် စီးပွားရေးထိခိုက် ခဲ့ရမှုများကို ကုစားနိုင်ရေးတို့အတွက် မိမိတို့ နိုင်ငံနှင့် ကိုက်ညီမှုရှိသည့် MSMEs စီးပွားရေး လုပ်ငန်းများကို အားပေးဆောင်ရွက်ခြင်း/ MSMEs လုပ်ငန်းရှင်များ၏ လိုအပ်ချက်များကို ကူညီပံ့ပိုးပေးခြင်းဖြင့် ပြည်ပသွင်းကုန်များကို အစားထိုးထုတ်လုပ်နိုင်ပြီး ပြည်တွင်း ထုတ်ကုန်များကို ပြည်ပသို့  တင်ပို့နိုင်သည်အထိ ကြိုးပမ်းဆောင်ရွက်ရန် (၄-၁၁-၂၀၂၂) ရက်နေ့ တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်အထူးစီးပွားရေးဇုန်နဲ့ မြိတ်မြို့ရှိ MSME လုပ်ငန်းရှင်များနှင့် တွေ့ဆုံဆွေးနွေးမှုမှ ကောက်နှုတ်ချက်)၊
  • အရင်းအမြစ်စသည့် အချက်(၄)ချက် ဟန်ချက်ညီညီပြည့်စုံစွာရရှိရေး ကြိုးပမ်း ဆောင်ရွက် ရမည်ဖြစ်ပြီး MSME လုပ်ငန်းများအတွက် ချေးငွေအသစ်ထုတ်ချေးပေးနိုင်ရေး၊ လိုအပ် သည့် နည်းပညာနှင့် ရင်းနှီးငွေများ သတ်မှတ်ချက်နှင့်အညီ ပံ့ပိုးပေးနိုင်ရန် ရင်းနှီးမြှုပ်နှံငွေ များကို စည်းမျဉ်းစည်းကမ်းများနှင့်အညီ ထုတ်ချေးပေးလျက်ရှိရာ ယင်းငွေများကို နိုင်ငံ့စီးပွား ဖွံ့ဖြိုးတိုးတက်ရေးအတွက် အကျိုးရှိရှိ အသုံးပြုနိုင်ရေး စီမံဆောင်ရွက်ရန် (၂၂-၁၀-၂၀၂၂)ရက်နေ့ နေပြည်တော်၊ (၂၇-၁၁-၂၀၂၂)ရက်နေ့ မကွေးတိုင်းဒေသကြီး၊ (၂၃-၁၂-၂၀၂၂)ရက်နေ့ ရန်ကုန်တိုင်းဒေသကြီးနှင့် (၁၅-၁-၂၀၂၃)ရက်နေ့ စစ်ကိုင်းတိုင်းဒေသကြီး  တို့တွင် MSME လုပ်ငန်းရှင်များ၊ UMFCCI မှ ကုန်သည်ကြီးများနှင့် တွေ့ဆုံဆွေးနွေးမှုမှ ကောက်နှုတ်ချက်)၊
  • စိုက်ပျိုးရေးနှင့် မွေးမြူရေးလုပ်ငန်းများမှ ထွက်ရှိသည့်ကုန်ကြမ်းများ/ဒေသထွက်ကုန်ကြမ်း များကို အခြေခံသည့် MSMEလုပ်ငန်းများကို အားပေးဆောင်ရွက်ပြီး တန်ဖိုးမြှင့် ထုတ်ကုန် များ (Value Added)ထုတ်လုပ်၍ ခေတ်မီသောထုပ်ပိုးမှုပုံစံဖြင့် ကောင်း မွန်အောင်လုပ် ဆောင်၍ OVOP စနစ်ဖြင့် ဒေသမှစံပြုထုတ်ကုန်တစ်မျိုးချင်းကို ပြည်တွင်း/ ပြည်ပ ဈေးကွက်များသို့ ဈေးကွက်ဝင်ရေး ဆောင်ရွက်သွားရန်၊ (၁၂-၉-၂၀၂၂)ရက်နေ့မှ (၁၉-၉-၂၀၂၂)ရက်နေ့ထိ မန္တလေးတိုင်းဒေသကြီး၊ ကချင်ပြည်နယ်နှင့် ရှမ်းပြည်နယ်တို့တွင်  MSME လုပ်ငန်းရှင်များနှင့် တွေ့ဆုံဆွေးနွေးမှုမှ ကောက်နှုတ်ချက်)
  • MSME လုပ်ငန်းများမှထွက်ရှိသည့် ထုတ်ကုန်/ ထွက်ကုန်ပစ္စည်းများကို ပြည်သူများ ဈေးနှုန်းသက်သာစွာဖြင့်သုံးစွဲနိုင်ရုံမက အကြီးစားစီးပွားရေးလုပ်ငန်းများ၏လို အပ်ချက်ကို ပံ့ပိုးထောက်ကူပေးနိုင်ခြင်းဖြင့် ပြည်တွင်းဈေးကွက်ကိုသာမက ပြည်ပ ဈေးကွက်ကိုပါ တင်ပို့ရောင်းချနိုင်ရန် ဈေးကွက်ကျယ်ကျယ်ပြန့်ပြန့် ရရှိစေရေးအတွက် ကုန်စည်ပြပွဲများ ကျင်းပပေးရန် (၂၈-၉-၂၀၂၂)ရက်နေ့ မန္တလေးတိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီးတို့ရှိ MSME လုပ်ငန်းရှင် များနှင့်တွေ့ဆုံဆွေးနွေးမှုမှ ကောက်နှုတ်ချက်)

နိုင်ငံတော်အစိုးရ၏ MSME ကဏ္ဍဖွံ့ဖြိုးရေးဆောင်ရွက်ထားရှိမှု

     နိုင်ငံတော်အစိုးရအနေဖြင့် အသေးစား၊ အငယ်စားနှင့် အလတ်စားစီးပွားရေး လုပ်ငန်းများ ကောင်းမွန်စွာလည်ပတ်နိုင်ရေးနှင့် လုပ်ငန်းများ ပိုမိုချဲ့ထွင်နိုင်ရေး၊ MSME လုပ်ငန်းရှင်များ၏ ထုတ်ကုန်ပစ္စည်းများ ရောင်းလိုအားမြှင့်တင်နိုင်ရေးနှင့် အရည်အသွေး ပြည့်မီသောထုတ်ကုန် ပစ္စည်းများ ထုတ်လုပ်နိုင်ရေးတို့အတွက် MSME ချေးငွေများ၊ မြစိမ်းရောင်ချေးငွေများနှင့် နိုင်ငံ့ စီးပွားမြှင့်တင်ရေးရန်ပုံငွေတို့မှ ရင်းနှီးမတည်ငွေများရရှိအောင် ဆောင်ရွက်ပေးလျက်ရှိပါတယ်။ MSME ၏ အခြေခံဖြစ်သော ကုန်ထုတ်လုပ်ငန်း၊ ရောင်းဝယ်ရေးလုပ်ငန်း၊ သွင်းအားစုနှင့် လူ့စွမ်းအား အရင်းအမြစ် ဖွံ့ဖြိုးရေးအတွက် လူငယ်နှင့်အမျိုးသမီးများ၊ စွန့်ဦးတီထွင်သူများအား လိုအပ်တဲ့ နည်း ပညာပေးခြင်း၊ လုပ်ငန်းစွမ်းဆောင်ရည်မြှင့်တင်ပေးခြင်းတို့အပြင် ဆက်စပ်ဌာနများ၊ NGO၊ INGOများ နှင့် ပူးပေါင်းဆောင်ရွက်ခြင်း၊ ကုန်ကြမ်းနှင့် သွင်းအားစုရရှိအောင် သက်ဆိုင်ရာဌာနအဖွဲ့အစည်း များနှင့် ညှိနှိုင်းချိတ်ဆက်ပေးခြင်းတို့ကို ဆောင်ရွက်လျက်ရှိပါတယ်။

ဒေသမှ စံပြုထုတ်ကုန်တစ်မျိုးချင်းကို ဈေးကွက်ဝင်ရေး ဆောင်ရွက်ခြင်း

    ကျေးရွာတစ်ရွာ ထုတ်ကုန်တစ်ခုလုပ်ငန်းများမှတဆင့် ပြည်တွင်းဈေးကွက်တွင် ဈေးနှုန်း ချိုသာပြီး အဆင့်မီစွာသုံးစွဲနိုင်မည့် ကုန်ပစ္စည်းများအား တွင်ကျယ်စွာအသုံးပြုနိုင်ရေးအတွက်လည်း OVOP အစီအစဉ်ဖြင့် ဒေသထွက်ကုန်ပစ္စည်း ထုတ်လုပ်သည့်လုပ်ငန်းများအား ထွက်ပေါ်လာရေး ကိုလည်း အားပေးမြှင့်တင်ဆောင်ရွက်နေတာ ရှိပါတယ်။

ဈေးနှုန်းသက်သာစွာသုံးစွဲနိုင်ရုံမက ပြည်တွင်းဖူလုံပြီး ဈေးကွက်သို့တင်ပို့ရောင်းချနိုင်ရေး…

    စားသုံးဆီဖူလုံရန် ဆီထွက်သီးနှံများ စိုက်ပျိုးထုတ်လုပ်နိုင်ရေး၊ နို့နှင့် နို့ထွက်ပစ္စည်းများ ထုတ်လုပ်ဖြန့်ဖြူး ရောင်းချနိုင်ရေးတို့အပြင် အုန်းသီးအခြေခံတန်ဖိုးမြှင့် စားသောက်ကုန်များ၊ လူသုံး ကုန်ပစ္စည်းများအား ဒေသထွက်ဝင်ငွေရလုပ်ငန်းအဖြစ် လုပ်ကိုင်နိုင်လျက်ရှိပြီဖြစ်ပါတယ်။ တန်ဖိုးမြှင့် ကော်ဖီထုတ်ကုန်များ တိုးမြှင့်ထုတ်လုပ်နိုင်ရန်အတွက် လိုအပ်သောစက်ကိရိယာ နှင့်အရင်းအနှီးများ ထောက်ပံ့ပေးခြင်း၊ စိုက်ပျိုးရေးထုတ်ကုန်များ တန်ဖိုးမြှင့်ထုတ်လုပ်လာနိုင်စေရေးအတွက်လည်း သက်သာသောအတိုးနှုန်းဖြင့် ချေးငွေများ ထုတ်ချေးပေးခြင်းတို့ကိုလည်း ဆောင်ရွက်ပေးနေတာ ရှိပါတယ်။

MSMEs ကဏ္ဍဖွံ့ဖြိုးရေးတွင် အရေးပါသည့်ထိုင်းနိုင်ငံ၏ OTOP နှင့် မြန်မာနိုင်ငံ၏ OVOP

    အထက်မှာ ကျွန်တော်ဆွေးနွေးတင်ပြခဲ့တဲ့အတိုင်း ထိုင်းနိုင်ငံ၏ OTOPစီမံကိန်းသည် ဒေသ ထွက်အင်အားစုနှင့် သယံဇာတများကို အသုံးပြုပြီး ကျေးလက်ဒေသဖွံ့ဖြိုးရေးအတွက် ထုတ်လုပ်မှု များ ဆောင်ရွက်ခြင်းဖြစ်သကဲ့သို့ပင် မြန်မာနိုင်ငံ၏ OVOP သည်လည်း ကျေးလက်ဒေသ ဖွံ့ဖြိုးရေး အတွက် ဒေသထွက်ကုန်ကြမ်းများကို အခြေခံသည့် တန်ဖိုးမြှင့်ထုတ်ကုန်များ ထုတ်လုပ်ဖြန့်ဖြူးလာ နိုင်ပြီး MSME လုပ်ငန်းကဏ္ဍများ ဖွံ့ဖြိုးလာစေရေးကို ဦးတည်ဆောင်ရွက်နေခြင်းဖြစ်ပါတယ်။ မြန်မာနိုင်ငံတွင် MSME လုပ်ငန်းပေါင်း ၄၀,၀၀၀ကျော်ရှိပြီး ကုန်ထုတ်လုပ်မှုကဏ္ဍ၏ (၉၉) ရာခိုင်နှုန်း ခန့်အထိ ပါဝင်လျက်ရှိရာ နိုင်ငံ၏ ပြည်တွင်းအသားတင်ထုတ်လုပ်မှုတန်ဖိုး (GDP) တွင် အရေးကြီး သော အခန်းကဏ္ဍမှ ရပ်တည်လျက်ရှိတာ တွေ့ရပါတယ်။

      သို့ဖြစ်ရာ စာရေးသူအနေနဲ့ သုံးသပ်ဆွေးနွေးတင်ပြလိုတာကတော့ MSME လုပ်ငန်းရှင်များ အဓိကရင်ဆိုင်ကြရသည့် အဟန့်အတားများ ဖြေလျော့ပေးခြင်း၊ OVOP စနစ်ဖြင့် ဒေသအလိုက် စံပြု ထုတ်ကုန်များ ထုတ်လုပ်လာနိုင်ပြီး ပြည်တွင်း/ ပြည်ပသို့ ဈေးကွက်ဝင် တင်ပို့ရောင်းချနိုင်ရေး ဆောင်ရွက်ပေးခြင်း၊ ကုန်ထုတ်လုပ်ငန်း၊ ရောင်းဝယ်ရေးလုပ်ငန်း၊ သွင်းအားစုနှင့် လူ့စွမ်းအား အရင်းအမြစ်ဖွံ့ဖြိုးစေရေးတို့အတွက် လိုအပ်သော ရန်ပုံငွေ၊ ချေးငွေ အခွင့်အလမ်းများ ဖန်တီးပေး ခြင်းတို့အပြင် ပုဂ္ဂလိကအဖွဲ့အစည်းများနှင့် သက်ဆိုင်သူအားလုံးတို့မှ ပူးပေါင်းဆောင်ရွက်သွား မည်ဆိုပါက  မြန်မာနိုင်ငံ၏ အဓိကစီးပွားရေးအခြေခံဖြစ်သော MSME ကဏ္ဍ ပိုမိုဖွံ့ဖြိုးလာစေရေးကို များစွာအထောက်အကူပြုနိုင်မည်ဖြစ်ပါကြောင်း တင်ပြလိုက်ရပါတယ်။

ရည်ညွှန်းကိုးကားချက်  -  Myanmar Micro, Small, and Medium Enterprise Survey 2019 Descriptive Report

                                  -   အသေးစားနှင့်အလတ်စားစီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးဥပဒေ (၂၀၁၅)

                                  -  အသေးစားနှင့် အလတ်စားစီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေး နည်းဥပဒေ (၂၀၁၆)

                                  -  အသေးစားစက်မှုလက်မှုလုပ်ငန်းမြှင့်တင်ရေးဥပဒေ (၂၀၁၁)

                                  -   အသေးစား၊ အငယ်စားနှင့် အလတ်စားစီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုး တက်ရေးလုပ်ငန်းသုံးသပ်မှုအစီရင်ခံရေးအဖွဲ့၏(၁/၂၀၂၃)အစည်းအဝေး ကောက်နှုတ်ချက်

                                  -   ကမ္ဘာဘဏ်မှ ရေးသားသော ထိုင်းနိုင်ငံ၏ စီးပွားရေးဖွံ့ဖြိုးမှုဖော်ပြချက်

                                  -   Charltons Myanmar ၏ SMES in Myanmar ဖော်ပြချက်

 

 

 


ဆက်စပ် သတင်းများ

Related News and Articles

ဆက်စပ်လင့်ခ်များ

အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။

  • တယ်လီဖုန်း

    ၀၆၇ - ၄၁၀၀၃၃
  • ဖက်စ်

    ၀၆၇ - ၄၁၀၀၃၆
  • Email

    contact@mcrd.gov.mm