Language : |
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

“ခေတ်မီဖွံ့ဖြိုးတိုးတက်ဖို့ စံပြကျေးရွာများ ထူထောင်စို့”


01 Mar,2022

ခန့်ဇော်(ကျေးလက်)
ကျေးရွာလို့ ဆိုလိုက်တာနဲ့ ကျွန်တော်တို့စိတ်ထဲမှာ အရင်ဆုံးတွေးမြင်မိတာကတော့ နေရာကျယ်ကျယ်ဝန်းဝန်းရှိတဲ့ ကွင်းပြင်ကြီးတွေရယ်၊ လတ်ဆတ်တဲ့ အစားအစာ၊ သန့်ရှင်း သောလေ ခံစားနိုင်တဲ့ သာယာလှပတဲ့ နေရာများပဲ ဖြစ်ပါတယ်။ ဒီလို ရိုးရှင်းသာယာ အေးချမ်းတဲ့ ကျေးရွာတွေမှာနေထိုင်ကြတဲ့ ပြည်သူတွေရဲ့ဘဝ အစဉ်လှပစေဖို့ ၂၁ ရာစု ခေတ်ရေစီးကြောင်း နဲ့အညီ ခေတ်မီဖွံ့ဖြိုးတိုးတက်စေသော ကျေးလက်လူနေမှုပုံစံများအဖြစ် ပြောင်းလဲသွားကြဖို့ လိုအပ်လာ တာပဲ ဖြစ်ပါတယ်။
ယခုလို ကျေးလက်လူနေမှုပုံစံများ ခေတ်မီတိုးတက်ပြောင်းလဲစေဖို့အတွက် ခေတ်စနစ်နှင့် ကိုက်ညီပြီး ဘက်စုံဖွံ့ဖြိုးတိုးတက်မှုကို အားပေးမြှင့်တင်သည့် “ခေတ်မီစံပြကျေးရွာ”များကို ထူထောင်ပေးဖို့ လိုအပ်မှာပဲ ဖြစ်ပါတယ်။ “ခေတ်မီစံပြကျေးရွာ ထူထောင်ခြင်း”ဟု ဆိုရာတွင် ကျေးရွာ၏ ရှိရင်းစွဲအားသာချက်များ၊ ပိုင်ဆိုင်မှုများနှင့် ဖွံ့ဖြိုးရေး အခွင့်အလမ်းများအပေါ်တွင် အခြေတည်ပြီးတည်ဆောက်ထားရှိတဲ့ ကျေးရွာလူမှုအဖွဲ့အစည်းတွေ၊ ရိုးရာ ယဉ်ကျေးမှုတွေ၊ ဆက်သွယ်မှုတွေနှင့် ဝန်ဆောင်မှုတွေကို ဒစ်ဂျစ်တယ်နည်းပညာများ၊ ဆန်းသစ်တီထွင်မှုများနှင့် ခေတ်မီအသိပညာများဖြင့် မြှင့်တင်ဆောင်ရွက်ပေးပြီး ရေရှည်တည်တံ့သောကျေးရွာများအဖြစ် တည်‌ဆောက်ခြင်းပင် ဖြစ်ပါတယ်။
မြန်မာနိုင်ငံလူဦးရေ၏ ၇၀ ရာခိုင်နှုန်းသည် ကျေးလက်ဒေသများတွင် နေထိုင်ကြသူများ ဖြစ်လို့ သူတို့တွေရဲ့ လူနေမှုဘဝအဆင့်အတန်းမြင့်မားရေးသည် ကျေးလက်ဒေသများဖွံ့ဖြိုးမှု အပေါ် များစွာမူတည်သက်ရောက်လျက်ရှိပါတယ်။ ယခုအချိန်တွင် ကျေးလက်ဒေသများ၌ မိသားစုဝင်ငွေ နည်းပါးခြင်း၊ အလုပ်အကိုင် အခွင့်အလမ်းရှားပါးခြင်း၊ မြို့များနှင့် ဆက်သွယ် ချိတ်ဆက်ရာ၌ အလှမ်းကွာဝေးခြင်း၊ ကျန်းမာရေးစောင့်ရှောက်မှု အထောက်အပံ့ရရှိမှုအားနည်း ခြင်း၊ ပညာရေး ဆိုင်ရာစာသင်ကျောင်းများနှင့် ပညာရပ်ကိစ္စရပ်များရွေးချယ်ရာ၌ ကန့်သတ်မှုများ ဖြစ်ပေါ်နေခြင်း၊ လူမှုရေးဆိုင်ရာအခြေခံအဆောက်အအုံနည်းပါးခြင်း၊ သဘာဝအရင်းအမြစ် များကို ထိရောက်စွာ စီမံခန့်ခွဲနိုင်မှုနည်းပါးခြင်းတို့အပြင် အင်တာနက်ချိတ်ဆက်မှု အားနည်းခြင်း တို့သည် ကျေးလက်လူနေမှုဘဝတွင် အကြီးမားဆုံးသောစိန်ခေါ်မှုများပင် ဖြစ်ပါတယ်။
တစ်ဖက်မှာလည်း ၂၀၂၀ ပြည့်နှစ်ဆန်းတွင် စတင်ဖြစ်ပွားခဲ့တဲ့ ကမ္ဘာလုံးဆိုင်ရာ ကူးစက် ရောဂါ ကိုဗစ်-၁၉ ကြောင့် ကျေးလက်နေပြည်သူများ၏ မိသားစုဝင်ငွေရရှိရေးလုပ်ငန်းများ များစွာထိခိုက်ခဲ့ရပြီး လူမှုစီးပွားဘဝများအပေါ် ကြီးစွာသောဆိုးကျိုး သက်ရောက်မှုများ ကျရောက်လျက်ရှိပါတယ်။ ဒါ့ပြင် ယခု ၂၁ ရာစုတွင် ကျေးရွာများသည် ကုလသမဂ္ဂ၏ စဉ်ဆက် မပြတ်ဖွံ့ဖြိုးတိုးတက်ရေးပန်းတိုင်များ ပြည့်မီစေရေးအတွက် အရေးကြီးသော အာရုံစိုက်မှု တစ်ခု ဖြစ်လာပါတယ်။
လွန်ခဲ့သော နှစ်အနည်းငယ်အတွင်းမှာပဲ ရေရှည်တည်တံ့ခိုင်မြဲပြီး အားလုံးပါဝင်နိုင်တဲ့ စက်မှုဖွံ့ဖြိုးတိုးတက်မှုကို ဖော်ဆောင်ရာတွင် အဓိကအခန်းကဏ္ဍကပါဝင်လာတဲ့ စတုတ္ထ စက်မှုတော်လှန်ရေး (4th Industrial Revolution- 4IR) ပေါ်ပေါက်လာပြီး ၎င်းနှင့်အတူ ဆန်းသစ် တီထွင်မှုနှင့် ဒစ်ဂျစ်တယ်အသွင်ကူးပြောင်းခြင်းလုပ်ငန်းစဉ်များလည်း တပါတည်း ပေါ်ပေါက်လာ ပါတယ်။ ကျေးလက်ဒေသများ၌လည်း ခေတ်မီစံပြကျေးရွာ SMART Village စီမံကိန်းများကို အစပြုဆောင်ရွက်လျက် ရှိကြပါတယ်။
ကျွန်တော်တို့နိုင်ငံမှာလည်း နိုင်ငံတော်အစိုးရက ပြည်သူများရဲ့ လူမှုစီးပွားဘဝ စဉ်ဆက် မပြတ် ဖွံ့ဖြိုးစေရေးအတွက် လူမှုရေး၊ စီးပွားရေးနဲ့ ပတ်ဝန်းကျင်ဆိုင်ရာဘက်စုံ ပြုပြင်ပြောင်းလဲမှု မူဝါဒများချမှတ်ပြီး သက်ဆိုင်ရာကဏ္ဍအလိုက် ဖွံ့ဖြိုးတိုးတက်မှုများရရှိအောင် ဆောင်ရွက် ပေးလျက်ရှိပါတယ်။ တဆက်တည်းမှာပဲ အဆိုပါကဏ္ဍတို့နှင့်ချိတ်ဆက်ပြီး တီထွင်ဆန်းသစ်မှု များကို အားပေးမြှင့်တင်သည့် ဒီဂျစ်တယ်နည်းပညာများအသုံးပြု၍ ဖွံ့ဖြိုးရေးလုပ်ငန်းအစီ အစဉ်များကို အကောင်အထည်ဖော် ဆောင်ရွက်ပေးလျက်ရှိပါတယ်။
မြို့ပြနှင့်ကျေးလက် ဖွံ့ဖြိုးမှုကွာဟချက်များ ကျဉ်းမြောင်းစေရန် မျှော်မှန်း၍ လူနေမှု အဆင့်အတန်းမြင့်မားပြီး စီးပွားရေး ခိုင်မာအားကောင်းကာ အစိမ်းရောင်ဖွံ့ဖြိုးမှုဖြစ်စဉ်ကို အားပေးသည့် ခေတ်မီစံပြကျေးရွာ (Smart Village) များ ထူထောင်နိုင်ရန် ရည်မှန်းပြီး သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ဌာနဆိုင်ရာများနှင့်ပူးပေါင်းပြီး ဆောင်ရွက်လျက်ရှိပါတယ်။
ကျေးရွာအခြေခံအဆောက်အအုံများ ဖွံ့ဖြိုးစေခြင်းဖြင့် ကျေးလက်နေပြည်သူများ၏ လူနေမှုအဆင့်အတန်းမြင့်မားလာစေရန်၊ သွင်းအားစု၊ ငွေကြေးဝန်ဆောင်မှုနှင့် နည်းပညာ များ ပံ့ပိုးပေးခြင်းဖြင့် ကျေးလက်စီးပွားရေး မြင့်မားလာစေရန်၊ သဘာဝပတ်ဝန်းကျင်နှင့် လိုက်လျော ညီထွေရှိသော နေချင့်စဖွယ်စံပြကျေးရွာများ ဖြစ်ပေါ်လာစေရန်၊ ကျေးရွာသူ/သား များနှင့် ကျေးရွာအသင်းအဖွဲ့များ စွမ်းဆောင်ရည်မြင့်မားလာခြင်းဖြင့် စဉ်ဆက်မပြတ်ဖွံ့ဖြိုးမှုကို ဖော်ဆောင် ရန် ရည်ရွယ်ပါတယ်။
ပြည်သူဗဟိုပြုစနစ်ဖြင့် ကျေးရွာ၏ လိုအပ်ချက်များဖော်ထုတ်၍ ကျေးရွာဖွံ့ဖြိုး ရေးနှင့် မိသားစုဝင်ငွေ တိုးပွားရေးလုပ်ငန်းများ ဆောင်ရွက်ခြင်းနှင့် အစုအဖွဲ့/ သမဝါယမစနစ် ဖြင့် ကျေးလက်စီးပွားရေးမြင့်မားရေးဆောင်ရွက်ခြင်းတို့ဖြင့် အကောင်အထည်ဖော်သွားမှာ ဖြစ်ပါတယ်။ ထိုသို့ဆောင်ရွက်ပေးရာမှာ အခြေခံအဆောက်အဦလိုအပ်ချက်များ၊ ဝင်ငွေတိုးပွားရေးဆိုင်ရာ စိုက်ပျိုးရေး၊ မွေးမြူရေးအခြေပြုကုန်ထုတ်လုပ်ငန်းများအပြင် မြို့ပြနှင့်မခြား အစိုးရ၏ဝန်ဆောင် ပေးမှုများကို စုံစုံလင်လင် ပြည့်ပြည့်စုံစုံဖြစ်အောင် ဌာနစုံမှ ပူးပေါင်းဆောင်ရွက်မည့် ပုံစံပဲ ဖြစ်ပါတယ်။
ကဏ္ဍအလိုက် ဖွံ့ဖြိုးရေးလုပ်ငန်းများကို ဆိုင်ရာဌာနအလိုက် ပုံမှန်ဆောင်ရွက်လျက် ရှိပြီး ယခု Pilot အဖြစ် ဆောင်ရွက်မည့် စံပြကျေးရွာစီမံကိန်းကိုတော့ ပျဉ်းမနားမြို့နယ်၊ ကျွန်းဦး ကျေးရွာ၊ လယ်ဝေးမြို့နယ်၊ သော်မှော်ကုန်းကျေးရွာနှင့် တပ်ကုန်းမြို့နယ်၊ ဂွေးပင်ကျေးရွာတို့မှာ စတင်အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိပြီး ပြည်နယ်/တိုင်းဒေသကြီး အားလုံးမှ (၃)ရွာစီ ရွေးချယ်ကာ ဆောင်ရွက်သွားဖို့ စီစဉ်လျက်ရှိပါတယ်။
စီမံကိန်းကာလမှာ ၂၀၂၁ - ၂၀၂၂ (၆) လ ဘဏ္ဍာရေးနှစ်မှ ၂၀၂၃-၂၀၂၄ ဘဏ္ဍာရေးနှစ် အထိ (၂ နှစ် ၆ လ) ဖြစ်ပါတယ်။
#ခေတ်မီစံပြကျေးရွာ ထူထောင်ရေးအဓိကလုပ်ငန်းကဏ္ဍများ
ခေတ်မီစံပြကျေးရွာ ထူထောင်ရေးအဓိကလုပ်ငန်းကဏ္ဍများအနေဖြင့် ကျေးရွာအခြေခံ အဆောက်အအုံများဖွံ့ဖြိုးရေး၊ သွင်းအားစုများနှင့် ငွေကြေးဝန်ဆောင်မှုများ ထောက်ပံ့ကူညီ ခြင်း၊ အသက်မွေးဝမ်းကျောင်းဖွံ့ဖြိုးရေးနှင့် ကျေးရွာစီးပွားရေး မြင့်မားစေခြင်း၊ အသင်းအဖွဲ့များ ခိုင်မာ အားကောင်းစေခြင်းနှင့် နည်းပညာဖြန့်ဖြူးခြင်း၊ လူမှုကာကွယ်စောင့်ရှောက်ရေးနှင့် သဘာဝ ပတ်ဝန်းကျင်ကာကွယ်ထိန်းသိမ်းရေးတို့ပဲ ဖြစ်ပါတယ်။
ကျေးရွာအခြေခံအဆောက်အအုံဖွံ့ဖြိုးရေးကဏ္ဍတွင် ရေရရှိရေးလုပ်ငန်း၊ လျှပ်စစ်မီး ရရှိရေးလုပ်ငန်း၊ ပညာရေးနှင့် ကျန်းမာရေးဆိုင်ရာ အဆောက်အအုံများ၊ လူမှုရေးဆိုင်ရာ အဆောက်အအုံများ၊ စိုက်ပျိုးရေးနှင့် မွေးမြူရေးအထောက်အကူပြု လုပ်ငန်းများကို ဆောင် ရွက်ပေးသွားမှာဖြစ်ပါတယ်။ သွင်းအားစုများနှင့် ငွေကြေးဝန်ဆောင်မှုကဏ္ဍတွင် ကျေးရွာ မတည်ရန်ပုံငွေထူထောင်ခြင်း၊ အသေးစားငွေကြေးလုပ်ငန်းများ ဆောင်ရွက်ပေးခြင်း၊ စိုက်ပျိုး မွေးမြူရေးဆိုင်ရာ သွင်းအားစုများ ကူညီထောက်ပံ့ပေးခြင်း၊ ကုန်ထုတ်လုပ်မှုဆိုင်ရာ စက်ကိရိယာ များ ထောက်ပံ့ပေးခြင်းနှင့် ပြည်သူ့ဝန်ဆောင်မှုဆိုင်ရာ Digital Services နှင့် Digital Payment စနစ်များ ဖွံ့ဖြိုးလာအောင် ဆောင်ရွက်ခြင်းတို့ ပါဝင်မှာဖြစ်ပါတယ်။
ကျေးရွာအသက်မွေးဝမ်းကျောင်းနှင့် စီးပွားရေးမြင့်မားရေးကဏ္ဍအတွက် စိုက်ပျိုးရေး၊ မွေးမြူ ရေးဆိုင်ရာ လုပ်ငန်းများ၊ အိမ်တွင်းမှု လက်မှုပညာဖွံ့ဖြိုးရေးလုပ်ငန်းများ၊ အသေးစား အလတ်စားစီးပွားရေးလုပ်ငန်းများ၊ စားသောက်ကုန်/လူသုံးကုန်အတွက် Value Added ဖွံ့ဖြိုးရေး လုပ်ငန်းများ၊ ကျေးရွာတစ်ရွာထုတ်ကုန်တစ်မျိုးလုပ်ငန်းများ၊ ဈေးကွက်အချက်အလက် စုဆောင်း ခြင်းနှင့် ဈေးကွက်ချိတ်ဆက်ပေးခြင်းလုပ်ငန်းများဆောင်ရွက်ပေးသွားမှာ ဖြစ်ပါတယ်။ အသင်း အဖွဲ့များခိုင်မာအားကောင်းစေရေးကဏ္ဍအတွက် ကျေးရွာသမဝါယမအသင်းများ၊ စိတ်တူကိုယ်တူ (SHG)အဖွဲ့များ ထူထောင်ပေးခြင်း၊ စိုက်ပျိုးမွေးမြူရေး အသိပညာပေးအမြင်ဖွင့်သင်တန်းများ ပို့ချခြင်း၊ ပြန်လှန်လေ့လာရေးအစီအစဉ်များ ဆောင်ရွက်ခြင်းများ ပါဝင်မှာ ဖြစ်ပါတယ်။
လူမှုကာကွယ်စောင့်ရှောက်ရေးလုပ်ငန်းများကဏ္ဍတွင် ထိခိုက်လွယ်အုပ်စုများအတွက် Cash for Work အစီအစဉ်များဆောင်ရွက်ခြင်း၊ အသက်မွေးဝမ်းကျောင်းလုပ်ငန်းများ ဖန်တီး ပေးခြင်း၊ ကျား-မရေးရာအသိပညာပေးခြင်းများဆောင်ရွက်ခြင်းနှင့် လူမှုကာကွယ်စောင့်ရှောက်ရေး ဆိုင်ရာ ပြည်သူလူထုအသိပညာပေးလုပ်ငန်းများ ဆောင်ရွက်ပေးသွားမှာဖြစ်ပါတယ်။ သဘာဝ ပတ်ဝန်းကျင်ကာကွယ်ထိန်းသိမ်းရေးကဏ္ဍအနေဖြင့် ကျေးရွာစွန့်ပစ်အမှိုက် စီမံခန့်ခွဲခြင်း၊ အစု အဖွဲ့ပိုင်သစ်တောများ ထူထောင်ခြင်း၊ ကျေးရွာတွင်းနှင့် ဝန်းကျင်စိမ်းလန်း စိုပြေသာယာလှပရေး ဆောင်ရွက်ခြင်း၊ သဘာဝပတ်ဝန်းကျင်နှင့် ဘေးအန္တရာယ်ကာကွယ်ရေး အသိပညာပေးခြင်း၊ အစိမ်းရောင်ဖွံ့ဖြိုးရေးဆိုင်ရာ အသိပညာပေးလုပ်ငန်းများကို SMART Village စီမံကိန်းတွင် ထည့်သွင်းဆောင်ရွက်သွားမှာ ဖြစ်ပါတယ်။
စီမံကိန်း Focal အဖြစ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ တာဝန်ယူပြီး ကဏ္ဍ (၁) အနေဖြင့် အခြေခံအဆောက်အအုံဖွံ့ဖြိုးရေးလုပ်ငန်းအား ကျေးလက်ဦးစီး၊ ကျေးလက်လမ်း ဦးစီး၊ အသေးစားဦးစီး၊ သမဝါယမဦးစီး၊ ကဏ္ဍ(၂)အနေဖြင့် သွင်းအားစုနှင့် ငွေကြေးထောက်ပံ့ခြင်း လုပ်ငန်းအား သမဝါယမဦးစီး၊ ကျေးလက်ဦးစီး၊ အသေးစားဦးစီး၊ စိုက်ပျိုးရေးဦးစီး၊ မွေးမြူရေးဦးစီး နှင့် ပုဂ္ဂလိက၊ ကဏ္ဍ (၃) အနေဖြင့် အသက်မွေးဝမ်းကျောင်းနှင့် ကျေးရွာစီးပွားရေး မြင့်မားရေး လုပ်ငန်းအား သမဝါယမဦးစီး၊ အသေးစားဦးစီး၊ ကျေးလက်ဦးစီး၊ စိုက်ပျိုးရေးဦးစီး၊ မွေးမြူရေး ဦးစီး၊ သမတက္ကသိုလ်များနှင့် ပုဂ္ဂလိကများ၊ ကဏ္ဍ (၄)အနေဖြင့် အသင်းအဖွဲ့များ ဖွဲ့စည်းခြင်းနှင့် နည်းပညာဖြန့်ဖြူးခြင်းလုပ်ငန်းအား သမဝါယမဦးစီး၊ ကျေးလက်ဦးစီး၊ အသေးစားဦးစီး၊ စိုက်ပျိုး ရေးဦးစီး၊ မွေးမြူရေးဦးစီး၊ သမတက္ကသိုလ်များနှင့် ပုဂ္ဂလိကများ၊ ကဏ္ဍ (၅)အနေဖြင့် လူမှု ကာကွယ်စောင့်ရှောက်ရေးလုပ်ငန်းအား ကျေးလက်ဦးစီး၊ လူမှုဝန်ထမ်းဦးစီး၊ ထွေအုပ်ဦးစီး၊ ကျန်းမာ ရေးဦးစီး၊ သမဝါယမဦးစီး၊ အသေးစားဦးစီးနှင့် လူမှုရေးအသင်းများ၊ ကဏ္ဍ (၆) သဘာဝ ပတ်ဝန်းကျင်ကာကွယ်ထိန်းသိမ်းရေးလုပ်ငန်းအား ကျေးလက်ဦးစီး၊သစ်တောဦးစီး၊ ပတ်ဝန်းကျင် ထိန်းသိမ်းရေးဦးစီး၊ စိုက်ပျိုးရေးဦးစီး၊ ပြန်/ဆက်ဦးစီး၊ ကျန်းမာရေးဦးစီး၊ လူမှုဝန်ထမ်းဦးစီး၊ သမဝါ ယမဦးစီး၊ အသေးစားဦးစီးဌာနတို့မှ သက်ဆိုင်ရာကဏ္ဍများအလိုက်လုပ်ငန်းများ အကောင် အထည်ဖော် ဆောင်ရွက်သွားမှာ ဖြစ်ပါတယ်။
ခေတ်မီစံပြကျေးရွာ ထူ‌ထောင်ရာမှာ လုပ်ငန်းစဉ်(၇)ရပ်ဖြင့် ဆောင်ရွက်သွားမှာဖြစ်ပြီး (၁) ကျေးရွာအချက်အလက်များ ကောက်ယူခြင်း၊ (၂) စီမံကိန်းဒီဇိုင်းအပေါ် သက်ဆိုင်ရာဌာန များမှ အကြံဉာဏ်ရယူခြင်းနှင့် ကျေးရွာလူထုထံ အသိပေးမိတ်ဆက်ခြင်း၊ (၃) ကျေးရွာဖွံ့ဖြိုးတိုးတက် ရေးလုပ်ငန်းစီမံချက်ရေးဆွဲခြင်း (VDP)၊ (၄) ကျေးရွာမှရေးဆွဲထားသော စီမံချက်အပေါ် ဌာန အလိုက်ဆောင်ရွက်မည့် အသေးစိတ်လုပ်ငန်းစဉ်များနှင့် ငွေကြေးအစီအစဉ်များ ရေးဆွဲခြင်း၊ (၅) လုပ်ငန်းများ စတင်အကောင်အထည် ဖော်ဆောင်ရွက်ခြင်း၊ (၆) စောင့်ကြည့်စစ်ဆေး အကဲဖြတ် ခြင်းနှင့် အစီရင်ခံတင်ပြခြင်း၊ (၇) အခြား ပြည်နယ်နှင့် တိုင်းဒေသကြီးများတွင် ဆောင်ရွက်ရန် အသိပညာမျှဝေခြင်း၊ Knowledge Exchange လုပ်ငန်းများ ဆောင်ရွက်ခြင်းတို့ကို အစီအစဉ် အလိုက် စနစ်တကျ အကောင်အထည်ဖော် ဆောင်ရွက်သွားမှာ ဖြစ်ပါတယ်။
SMART Village ထူထောင်ရာတွင် ကျေးရွာသူ/သားများကိုယ်တိုင် ကျေးရွာ၏ပကတိ အခြေအနေများကို ဖော်ထုတ်ပြီး ကဏ္ဍအလိုက်ဖွံ့ဖြိုးရေးအစီအစဉ်များကို စနစ်တကျရေးဆွဲ ပြုစုထားသော ကဏ္ဍအလိုက်ပါဝင်သည့် ဖွံ့ဖြိုးရေးအစီအစဉ်တစ်ရပ်ဖြစ်သည့် ကျေးရွာဖွံ့ဖြိုး တိုးတက်ရေးစီမံကိန်းရေးဆွဲခြင်းကို အခြေခံ၍ဆောင်ရွက်သွားမှာ ဖြစ်ပါတယ်။
ထိုသို့ ဆောင်ရွက်ရာမှာ ကျေးရွာသူ/သားများကိုယ်တိုင် ပူးပေါင်းပါဝင်ဆောင်ရွက်ခြင်း နည်းဖြင့် ကျေးရွာ၏ လိုအပ်ချက်များကို လူမှုစီးပွားဘဝအခြေအနေဆန်းစစ်ခြင်း (PRA) ကို အသုံးပြု၍ ကျေးရွာ၏ အခြေခံအချက်အလက်များဖြစ်တဲ့ လူဦးရေ၊ လုပ်သား၊ သဘာဝ အရင်း အမြစ်၊ ထိခိုက်လွယ်မှုနှင့် အိမ်ထောင်စုအလိုက် ဥစ္စာဓနခွဲခြားခြင်းများ ကောက်ယူခြင်း၊ ရရှိ လာသော အချက်အလက်များအပေါ်အခြေခံပြီး ကျေးရွာ၏ လက်ရှိကဏ္ဍအသီးသီးရှိ အခြေခံ အဆောက်အအုံများနှင့် ဝန်ဆောင်မှုအခြေအနေများကို လေ့လာဆန်းစစ်ခြင်း၊ ထိုမှတဆင့် ကျေးရွာဖွံ့ဖြိုးရေးကို အထောက်အပံ့ဖြစ်စေသော အခြေအနေကောင်းများ၊ အဟန့်အတား စိန်ခေါ်မှုများကို ဖော်ထုတ်ခြင်း၊ ဖော်ထုတ်ရရှိမှုများကို အခြေခံ၍ ကျေးရွာဖွံ့ဖြိုးရေးဗျူဟာ ရေးဆွဲခြင်းနှင့် ဦးစားပေးဖွံ့ဖြိုးရေးလုပ်ငန်းများကို ဖော်ထုတ်၍ ကဏ္ဍစုံလွှမ်းခြုံသော ကျေးရွာ ဖွံ့ဖြိုးတိုးတက်ရေးစီမံချက်ကို ရေးဆွဲသွားမှာ ဖြစ်ပါတယ်။
ကျေးလက်နေပြည်သူများ၏ လူမှုစီးပွားဘဝတိုးတက်စေရန်အတွက် ဖွံ့ဖြိုးရေးလုပ်ငန်း များဆောင်ရွက်ရာမှာ ကျေးရွာလူထု၏ ပူးပေါင်းဆောင်ရွက်မှုရရှိရန် စည်းရုံးဆောင်ရွက်ခြင်း၊ လိုအပ်သောအထောက်အပံ့များရရှိရန် ပြင်ပအဖွဲ့အစည်းများနှင့် ချိတ်ဆက်ခြင်း အပြင် အဖွဲ့ အစည်းဆိုင်ရာ စီမံခန့်ခွဲမှုစနစ်နှင့် ဖွံ့ဖြိုးရေးကိစ္စများအတွက် ညှိနှိုင်းခြင်းတို့ ဆောင်ရွက်နိုင် စေရန်အတွက် ကျေးရွာဖွံ့ဖြိုးရေးကော်မတီကို ဖွဲ့စည်းဆောင်ရွက်သွားမှာ ဖြစ်ပါတယ်။ ထို ကျေးရွာဖွံ့ဖြိုးရေးကော်မတီသည် ကျေးရွာနေပြည်သူများမှ ရွေးကောက်တင်မြှောက်သည့် အဖွဲ့အစည်းတစ်ရပ်ဖြစ်ပြီး ကော်မတီဝင်အရေအတွက်ကို (၇)ဦးထက်မနည်း (၁၁)ဦးထက်မပို စေဘဲ အမျိုးသား၊ အမျိုးသမီး အချိုးညီစွာ ထည့်သွင်းပါဝင်ဖွဲ့စည်းစေမှာ ဖြစ်ပါတယ်။
#ကျေးရွာဖွံ့ဖြိုးရေးကော်မတီ၏ လုပ်ငန်းတာဝန်များ
ဖွဲ့စည်းထားရှိတဲ့ ကျေးရွာဖွံ့ဖြိုးရေးကော်မတီအနေဖြင့် စီမံကိန်းရေးဆွဲခြင်းလုပ်ငန်းစဉ် ကို ဦးဆောင်ခြင်း၊ ကျေးရွာရှိ အခြားဖွံ့ဖြိုးရေးဆိုင်ရာ အုပ်ချုပ်ရေးအဖွဲ့များနှင့် ညှိနှိုင်း ဆောင် ရွက်ခြင်း၊ ကျေးရွာအတွင်းရှိ အဖွဲ့အစည်းစနစ်ခိုင်မာအားကောင်းစေရန် ဆောင်ရွက်ခြင်း၊ ဖော် ထုတ်ထားသော ဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်နိုင်ရန် လိုအပ်သောအရင်းအမြစ်များ ရှာ ဖွေနိုင်ရန် ကျေးရွာအတွင်းရှိ အဖွဲ့အစည်းများကို တာဝန်ခွဲဝေသတ်မှတ်ပေးခြင်း၊ စွမ်းဆောင် ရည်မြှင့်တင်ရေးအစီအစဉ်များ ရေးဆွဲဆောင်ရွက်ခြင်း၊ လုပ်ငန်းအကောင်အထည်ဖော်ရာတွင် ကြီးကြပ်ခြင်း၊ အကဲဖြတ်ခြင်း၊ ကျေးရွာအဖွဲ့အစည်းများနှင့် ညှိနှိုင်းအစည်းအဝေး ပုံမှန်ကျင်းပ ခြင်း၊ လုပ်ငန်းများ ပြုပြင်ထိန်းသိမ်းရေးနှင့် လည်ပတ်ရေးတို့အတွက် ငွေကြေးနှင့် အဖွဲ့အစည်း ဆိုင်ရာ အစီအစဉ်များ ချမှတ်ရာတွင် ဦးစီးဆောင်ရွက်သွားရမှာ ဖြစ်ပါတယ်။
စီမံကိန်း၏ လုပ်ငန်းပိုင်းဆိုင်ရာတိုးတက်မှု (Physical Progress) နှင့် ငွေကြေးပိုင်း ဆိုင်ရာ တိုးတက်မှု (Financial Progress) တို့ကို စနစ်တကျ ကြီးကြပ်စစ်ဆေးသွားပါမယ်။ ၎င်းစစ်ဆေးခြင်းကို (၃)လပတ်အစီအစဉ်ဖြင့် ဆောင်ရွက်သွားမှာဖြစ်ပြီး ကြီးကြပ်စစ်ဆေးခြင်း လုပ်ငန်းကို ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်း ကော်မတီ၏ စီစဉ်မှုဖြင့် သက်ဆိုင်ရာ စီမံကိန်းလုပ်ငန်းအလိုက် တာဝန်ယူဆောင်ရွက်နေသော အဖွဲ့အသီးသီး၊ ကော်မတီအသီးသီး တို့က မိမိတို့တာဝန်ကျရာ ကဏ္ဍအလိုက် စစ်ဆေးသုံးသပ်ရေး စီမံဆောင်ရွက်သွားပါမယ်။
အဖွဲ့အသီးသီး၊ ကော်မတီအသီးသီးတို့က မိမိတို့၏ စီမံကိန်းဆိုင်ရာ ကနဦးသတင်း အချက်အလက်များ (Baseline) ရရှိအောင် ဆောင်ရွက်ထားပါတယ်။ ယင်းအချက်အလက် များကို အသုံးပြု ၍ စီမံကိန်း၏ တိုးတက်မှုကို တိုင်းတာမည့်ညွှန်ကိန်း (Indicators) များ ဖော်ထုတ်ပါမယ်။ (၃) လပတ် ကုန်ဆုံးချိန်တိုင်းတွင် ကော်မတီနှင့် အဖွဲ့အသီးသီးသည် ၎င်းတို့၏ ကြီးကြပ်စစ်ဆေးမှုတွေ့ရှိချက်အစီရင်ခံစာ (Monitoring Report)ကို ကျေးရွာလူထု အစည်း အဝေး၌ အစီရင်ခံတင်ပြမည်ဖြစ်ပြီး (၃)လပတ် ကြီးကြပ်စစ်ဆေးမှုအစီရင်ခံစာတွင် (က)လုပ်ငန်း ပိုင်းဆိုင်ရာတိုးတက်မှု (Physical Progress)၊ (ခ)ငွေကြေးဆိုင်ရာတိုးတက်မှု (Financial Progress) တို့ ပါဝင်မှာ ဖြစ်ပါတယ်။
#စောင့်ကြည့်စစ်ဆေးအကဲဖြတ်ခြင်းနှင့် ဝေဖန်အကြံပြုတိုင်ကြားခြင်းစနစ်
စောင့်ကြည့်စစ်ဆေးအကဲဖြတ်ခြင်းလုပ်ငန်းအနေဖြင့် ကျေးရွာလူထုကိုယ်တိုင်မှ စောင့် ကြည့်စစ်ဆေးခြင်း၊ Social Audit ပြုလုပ်ခြင်း၊ M&E ပုံစံများ ပြုစု၍ လုပ်ငန်း တိုးတက်မှု၊ ဆောင်ရွက်မှုအခြေအနေများအား စောင့်ကြည့်စစ်ဆေးခြင်း၊ ဝန်ကြီးဌာန၊ ဦးစီးဌာနနှင့် တာဝန် ရှိသူများမှ ကွင်းဆင်းစစ်ဆေးခြင်းတို့ကို ဆောင်ရွက်သွားမှာ ဖြစ်ပါတယ်။
ဝေဖန်အကြံပြုတိုင်ကြားခြင်းစနစ်အနေဖြင့် မကျေနပ်ချက်များ၊ အကြံပြုချက်များရှိခဲ့ ပါက (က) အစည်းအဝေးများတွင် တင်ပြအကြံပြုခြင်း၊ (ခ) တယ်လီဖုန်း၊ (ဂ) စာဖြင့် (ဃ) Email၊ social media တို့မှတစ်ဆင့် အကြံပြုတိုင်ကြားရန် စီစဉ်ပါမည်။ ဆက်သွယ်ရန် အမည်၊ ဖုန်းနံပါတ်များ ဖြန့်ဝေထားပါမည်။
အများပြည်သူ ကျယ်ကျယ်ပြန့်ပြန့်သိရှိစေရန်အတွက် Mass Communication ဆောင် ရွက်ပါမယ်။ သတင်းစာ၊ ရုပ်မြင်သံကြား၊ သတင်းမီဒီယာများ၊ Website နှင့် Social Media တို့မှတစ်ဆင့် ထုတ်လွှင့်ခြင်းစသည့် ပြည်သူ့ဆက်ဆံရေးလုပ်ငန်းများကို ဆောင်ရွက်သွားမှာ ဖြစ်ပါတယ်။
ဘက်စုံ၊ ကဏ္ဍစုံ ဆောင်ရွက်ရသောစီမံကိန်းများတွင် Focal အဖြစ် ပင်မဆက်သွယ် တာဝန်ခံရန် ဌာနနှင့် ညှိနှိုင်းပေါင်းစပ် ဆောင်ရွက်ခြင်း အခန်းကဏ္ဍမှာ အလွန်အရေးကြီး ပါတယ်။ စီမံကိန်းတစ်ခုလုံးရဲ့ ရည်မှန်းချက် ပြည့်မြောက်ရန်အတွက် အဖွဲ့အစည်းအသီးသီးရဲ့ ရည်မှန်းချက်နှင့် ကဏ္ဍအလိုက် ဆောင်ရွက်ချက်များ ဟန်ချက်ညီညီ အဆင်ပြေချောမွေ့ အောင် ပေါင်းစပ်ညှိနှိုင်း‌ ဆောင်ရွက်ခြင်းဟာ အနုပညာမြောက်ပြီး စိတ်စေတနာအရင်းခံ၍ စိတ်ရှည်သည်းခံရန် လိုအပ်ပါတယ်။ ငါနှင့်မဆိုင်၊ ငါ့ကဏ္ဍမဟုတ်၊ ငါ့ဌာနအလုပ်မဟုတ်ဟူ၍ စိတ်ထား၍မရပေ။ စီမံကိန်းရည်မှန်းချက် အောင်မြင်အောင် စဉ်ဆက်မပြတ် ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်နေရန် လိုအပ်ပါတယ်။
မျှော်မှန်းချက်များအနေဖြင့် -
(က) စိုက်ပျိုးရေး၊ မွေးမြူရေးဆိုင်ရာ ကုန်ထုတ်လုပ်ငန်းများ ရှင်သန်ဖွံ့ဖြိုးလာစေရန် နှင့် မိသားစုများ ဝင်ငွေတိုးပွားနိုင်ရန်၊
(ခ) မြို့ပြကဲ့သို့ ပြည်သူ့ဝန်ဆောင်မှုလုပ်ငန်းများ စနစ်တကျ ပုံမှန်ချိတ်ဆက်ဆောင် ရွက်နိုင်ရန်၊
(ဂ) ကျေးရွာစိတ်ဓာတ်၊ ကိုယ့်အားကိုယ်ကိုးစိတ်ဓာတ်များရှင်သန်ပြီး ကျေးရွာရှိ အသင်း အဖွဲ့စနစ်များ ခိုင်မာအားကောင်း၍ တုံ့ပြန်နိုင်စွမ်းအားကောင်းသော လူအဖွဲ့ အစည်းများ ဖြစ်ပေါ်လာစေရေး။
ဤစီမံကိန်းမှာ ဌာနဆိုင်ရာများမှ လိုအပ်သည်များ ပံ့ပိုးပေးသွားမှာဖြစ်ပါတယ်။ ဖွံ့ဖြိုးရေး လုပ်ငန်းများနှင့် နိုင်ငံသူနိုင်ငံသားများ ဘေးကင်းလုံခြုံပြီး စားနပ်ရိက္ခာဖူလုံရေးမှာ နိုင်ငံတော် အစိုးရများရဲ့တာဝန်များ ဖြစ်ပါတယ်။ တစ်ဖက်မှလည်း နိုင်ငံသားတိုင်း ကျေးရွာသူ/သားများ ကိုယ်တိုင် လုပ်ချင်စိတ်၊ ကြိုးစားလိုစိတ်၊ ဖြစ်ချင်စိတ်ဖြင့် ကျေးရွာစိတ်ဓာတ်အပြည့်ဖြင့် ငါတို့ရွာ၊ ငါတို့ စီမံကိန်း၊ ငါတို့မှာ တာဝန်ရှိတယ်ဟူသည့် အသိဖြင့် တက်တက်ကြွကြွ ပူးပေါင်း ဆောင်ရွက်မှသာ အောင်မြင်မည်၊ ရေရှည်ခံမည်၊ ကျေးရွာဦးဆောင်သူ ခေါင်းဆောင်များ အမြော်အမြင်ရှိရှိ စိတ်စေတနာကောင်းဖြင့် ဦးဆောင်ကြမှသာ ဟန်ချက်ညီသော အဖွဲ့အစည်း ဖြစ်လာပြီး ဖွံ့ဖြိုးရေးအသီးအပွင့်များကို အတူတူ ရရှိခံစားနိုင်မည် ဖြစ်ပါတယ်။ ကောက်ရိုး မီးလို တခဏတာမဟုတ်ဘဲ ရေရှည်ကျေးရွာစိတ်ဓာတ်အပြည့်ဖြင့် နေ့စဉ်နေ့တိုင်း ဆောင်ရွက်ခြင်းဖြင့် မိမိတို့၏ ကျေးရွာများကို ခေတ်မီဖွံ့ဖြိုးတိုးတက်သော စံပြကျေးရွာများအဖြစ် အတူတကွ လက်တွဲပူးပေါင်းပြီး ဆောင်ရွက်ကြပါစို့လို့ တိုက်တွန်းပြောကြားလိုက်ပါတယ်။
ရည်ညွှန်းကိုးကားချက်
#ခေတ်မီစံပြကျေးရွာ (SMART Village) ထူထောင်ရေးစီမံချက်


ဆက်စပ် သတင်းများ

Related News and Articles

ဆက်စပ်လင့်ခ်များ

အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။

  • တယ်လီဖုန်း

    ၀၆၇ - ၄၁၀၀၃၃
  • ဖက်စ်

    ၀၆၇ - ၄၁၀၀၃၆
  • Email

    contact@mcrd.gov.mm