Language : |
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

(၇၆)နှစ်မြောက် ပြည်ထောင်စုနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ဥတ္တရသီရိမြို့နယ် မင်းကုန်းကျေးရွာ ကွန်ကရစ်လမ်းသစ်ဖွင့်ပွဲကျင်းပ


12 Feb,2023

နေပြည်တော်၊ ဖေဖော်ဝါရီ (၁၁)

ကျေးလက်ဒေသဆင်းရဲနွမ်းပါးမှု လျော့ချရေးလုပ်ငန်းများမှာ သယ်ယူပို့ဆောင်ရေး လွယ်ကူချောမွေ့မှုအပေါ်များစွာအခြေခံသည့်အတွက်ကျေးလက်နေပြည်သူများအတွက် လမ်းပန်း ဆက်သွယ်ရေး ကောင်းမွန်မှုသည် အဓိကအရေးကြီးသည့် အခန်းကဏ္ဍတွင် ပါဝင်နေကြောင်း၊ ဒေသခံပြည်သူများ၏ စိုက်ပျိုးမွေးမြူရေးဆိုင်ရာ ကုန်ထုတ်လုပ်ငန်းတွေ တစ်နှစ်ပတ်လုံး သယ်ပို့ရောင်းချနိုင်ရန် ရာသီမရွေးဆက်သွယ်သွားလာနိုင်သည့် လမ်းများ လိုအပ်လျက်  ရှိပါကြောင်း၊ နိုင်ငံတော်အစိုးရ အနေဖြင့်လည်း မြန်မာနိုင်ငံ၏ ဘက်စုံဖွံ့ဖြိုး တိုးတက်စေရေး၊ ပြည်သူများလူမှုစီးပွားဘဝများ စဉ်ဆက်မပြတ်ဖွံ့ဖြိုး တိုးတက်စေရေး၊ မြို့ပြနှင့် ကျေးလက် ဒေသများအကြား၊ ပြည်နယ်နှင့် တိုင်းဒေသကြီးများအကြား ဖွံ့ဖြိုးမှုကွာဟချက်များ ကျဉ်းမြောင်းစေရေးတို့အတွက် ရည်မှန်းချက်များ၊ မဟာဗျူဟာများရေးဆွဲချမှတ်ပြီး ကျေးလက် လမ်းတံတားဖွံ့ဖြိုးရေးဆိုင်ရာ မူဝါဒများလည်း ရေးဆွဲချမှတ် ဆောင်ရွက်လျက်ရှိကြောင်း ယနေ့ နံနက်ပိုင်းက (၇၆)နှစ်မြောက် ပြည်ထောင်စုနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ဥတ္တရသီရိမြို့နယ် မင်းကုန်းကျေးရွာ၌ ကျင်းပပြုလုပ်သည့် ကွန်ကရစ်လမ်းသစ်ဖွင့်ပွဲတွင် သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးလှမိုးက ပြောကြား သည်။

          ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးက အမှာစကားပြောကြားရာတွင် သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာနအနေနဲ့ စဉ်ဆက်မပြတ် ကျေးလက်လမ်းကွန်ယက်များ ဖွံ့ဖြိုးစေရေးအတွက် သက်ဆိုင်သူအားလုံးနဲ့ ပူးပေါင်း ဆောင်ရွက်လျက်ရှိပါကြောင်း၊ ကျေးလက်လမ်းပန်း ဆက်သွယ်ရေးလုံခြုံချောမွေ့မှုဟာ ကျေးလက်နေပြည်သူများရဲ့ လူမှုဘဝ မြင့်မားရေးနဲ့ ဥစ္စာဓနကြွယ်ဝချမ်းသာရေးအတွက် များစွာအထောက်အကူပြုတာကြောင့် စံချိန်စံညွှန်းနဲ့ အရည်အသွေးပြည့်မီတဲ့ ကျေးလက်လမ်းတံတားများ ဖြစ်ထွန်းပေါ်ပေါက် စေရေး၊ သဘာဝဘေးဒဏ်ခံနိုင်သော လမ်းများဖြစ်ပေါ်ရေး၊ ကျေးရွာများအားလုံး ရာသီမရွေး ဆက်သွယ်သွားလာနိုင်တဲ့ လမ်းတံတားများအဖြစ်ရည်မှန်းပြီး ကျေးလက်လမ်းဖွံ့ဖြိုးရေး မဟာဗျူဟာစီမံချက်နှင့်ရင်းနှီးမြှုပ်နှံမှုအစီအစဉ် (၂၀၁၇-၂၀၃၀)ကို ရေးဆွဲပြီး လုပ်ငန်းများ အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိပါကြောင်း၊ လက်ရှိနိုင်ငံအတွင်း၌ ကျေးရွာပေါင်း (၆၃,၈၈၉)ရွာရှိရာမှာ မိမိတို့ ဝန်ကြီးဌာန လက်အောက်မှာရှိတဲ့ ကျေးလက်လမ်းဖွံ့ဖြိုးရေး ဦးစီးဌာနက ကျေးလက်လမ်း မိုင်အရှည် စုစုပေါင်း ၃၅,၈၈၉ မိုင် ၅ ဒသမ ၀၄ ဖာလုံကို တာဝန်ယူတည်ဆောက် ထိန်းသိမ်းလျက်ရှိပါကြောင်း၊ အဆိုပါလမ်းများအနက် ရာသီမရွေး သွားလာအသုံးပြုနိုင်သည့်လမ်း ကျေးရွာ ၅၀ ရာခိုင်နှုန်း၊ ခြောက်သွေ့ရာသီ၌သွားလာအသုံးပြု နိုင်သည့် ကျေးရွာ ၃၆ ရာခိုင်နှုန်းနှင့် လမ်းမရှိသေးသည့်ကျေးရွာ ၁၄ ရာခိုင်နှုန်းရှိပါကြောင်း၊ နေပြည်တော်ကောင်စီနယ်မြေအတွင်း ယခု ၂၀၂၂-၂၃ ဘဏ္ဍာရေးနှစ်မှ ပြည်ထောင်စုရန်ပုံငွေ နှင့် နေပြည်တော်ကောင်စီနယ်မြေ ခွင့်ပြုရန်ပုံငွေကျပ်သန်းပေါင်း ၅၆၀၀ ကျော်ဖြင့် ကွန်ကရစ် လမ်း  ၆ မိုင်၊ ကတ္တရာလမ်း ၂ မိုင် ၅ ဖာလုံ၊ ကျောက်ချောလမ်း ၄ ဖာလုံ၊ ဂဝံ/ဂျင်းလမ်း ၄ မိုင် စုစုပေါင်းကျေးလက်လမ်း ၁၃ မိုင်နှင့်  ကွန်ကရစ်တံတားနှင့် ကြိုးတံတား  ၁၅ စင်း၊ Box Culvert  ၂၆ စင်း၊ စုစုပေါင်း ကျေးလက်တံတား(၄၁)စင်းကို  ဆောင်ရွက်လျက်ရှိပါကြောင်း၊ ယခု(၇၆)နှစ်မြောက် ပြည်ထောင်စုနေ့ကို ဂုဏ်ပြုကြိုဆိုသောအားဖြင့် ဖွင့်ပွဲအခမ်းအနား ဆောင်ရွက်သည့် ဥတ္တသီရိမြို့နယ် မင်းကုန်းကျေးရွာတွင်း ကွန်ကရစ်လမ်းသစ်မှာ အရှည် ၇ ဖာလုံ လမ်းအကျယ် ၁၂ ပေရှိပြီး ယခင်က မြေသားလမ်းအဆင့်မှ ကွန်ကရစ်လမ်းအဖြစ်  အဆင့်မြှင့်တင်ဆောင်ရွက်ပြီးစီးခဲ့သည့်အတွက် ယနေ့ဖွင့်လှစ်ပေးခြင်းဖြစ်ပါကြောင်း၊ ကွန်ကရစ် လမ်းအဖြစ် အဆင့်မြှင့်တင် ဆောင်ရွက်နိုင်မှုကြောင့် ဥတ္တရသီရိမြို့နယ်၊ မင်းကုန်းကျေးရွာ အုပ်စုအတွင်း ကျေးရွာ ၆ ရွာရှိ စိုက်ဧကပေါင်း ၂၉၀ ခန့်မှ ထွက်ကုန်များအား အချိန်အတို အတွင်း ကုန်ကျစရိတ်သက်သာစွာဖြင့် မြို့ပေါ်သို့ တိုက်ရိုက် ပို့ဆောင်ပေးနိုင်မှာသည့်အတွက် ကျေးလက်အိမ်ထောင်စုများ၏ မိသားစုဝင်ငွေများလည်း တိုးပွားလာနိုင်မှာဖြစ်ကြောင်း ပြောကြားပါသည်။

          ဆက်လက်၍ နေပြည်တော်ကောင်စီဥက္ကဌ ဦးတင်ဦးလွင်က နေပြည်တော်ကောင်စီ နယ်မြေအတွင်း ကျေးရွာများဖွံ့ဖြိုးတိုးတက်ရေးအတွက် သက်ဆိုင်သူများနှင့် နီးနီးကပ်ကပ် ပေါင်းစပ်ဆောင်ရွက်လျက်ရှိပါကြောင်း၊ ယခုကွန်ကရစ်လမ်းသစ်တည်ဆောက်ရာတွင် အရည် အသွေးကောင်းမွန်အောင် အချိန်မီပြီးစီးအောင် ဝိုင်းဝန်းကူညီဆောင်ရွက်ပေးခဲ့သော သက်ဆိုင်ရာ တာဝန်ရှိသူများနှင့် ကျေးရွာနေပြည်သူများအား မှတ်တမ်းတင်ဂုဏ်ပြုပါကြောင်း ပြောကြားပါသည်။

          ထို့နောက် မင်းကုန်းကျေးရွာ ကွန်ကရစ်လမ်းသစ် ဖွင့်ပွဲမုဒ်ဦးကို သမဝါယမနှင့် ကျေးလက် ဖွံ့ဖြိုးရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးလှမိုး၊ နေပြည်တော်ကောင်စီဥက္ကဌ ဦးတင်ဦးလွင်၊ နေပြည်တော်ကောင်စီအဖွဲ့ဝင် ဦးမြင့်စိုးတို့က ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးပြီးနောက် ကွန်ကရစ်လမ်းသစ် ဆောင်ရွက်နေမှု အခြေအနေများ လှည့်လည်ကြည့်ရှုစစ်ဆေးကာ ကျေးရွာနေပြည်သူများအား ကျေးရွာရှိ အခြေခံပညာအလယ်တန်းအဆင့် အောင်မြင်ပြီးသူ များအား သမဝါယမစာရင်းရေးစာရင်းကိုင်သင်တန်းကျောင်းများတွင် အခမဲ့တက်ရောက် နိုင်ကြောင်း၊ အသေးစားအငယ်စားကုန်ထုတ်လုပ်ငန်းများ လုပ်ကိုင်နိုင်ရေး၊ လိုအပ်သော နည်းပညာသင်တန်းများ ကျေးရွာအရောက်ဆောင်ရွက်ပေးခြင်းနှင့်အတူ အရင်းအနှီး မတည်ငွေထူထောင်ပေးမည့် အစီအစဉ်များ၊ စိတ်တူကိုယ်တူဆန္ဒတူသူများ စုပေါင်း၍ သမဝါယမအသင်းထူထောင်ပြီး စီးပွားဖြစ် လယ်ယာကုန်ထုတ်လုပ်ငန်းများ ပေါ်ထွန်းလာရေး အတွက် ကျေးရွာသူ ကျေးရွာသားများ အားလုံး ပူးပေါင်းလုပ်ဆောင်ကြရန် လိုအပ်ချက်များကို ဆွေးနွေးပြောကြားသည်။

          ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနအနေဖြင့် ၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ်တွင် နိုင်ငံအဝှမ်း ပြည်ထောင်စု၊ တိုင်းဒေသကြီး/ပြည်နယ် ခွင့်ပြုရန်ပုံငွေကျပ် ၂၅၀ ဒသမ ၃၈၃ ဘီလီယံဖြင့် ကွန်ကရစ်လမ်း  ၂၆၃ မိုင်၊ ကတ္တရာလမ်း ၁၄၉ မိုင်၊ ကျောက်ချောလမ်း ၂၇၉ မိုင်၊ ဂဝံ/ ဂျင်း လမ်း ၂၁၃ မိုင်၊ မြေသားလမ်း  ၃၃၈ မိုင်၊ စုစုပေါင်းကျေးလက်လမ်းအရှည် ၁၂၄၂ မိုင်နှင့် ကွန်ကရစ်တံတား ၃၂၃ စင်း၊ Box Culvert/ ရေကျော် ၇၁၇ စင်း စုစုပေါင်း ကျေးလက်တံတား ၁,၇၅၀ စင်းတို့ကို အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိသည်။


ဆက်စပ် သတင်းများ

Related News and Articles

ဆက်စပ်လင့်ခ်များ

အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။

  • တယ်လီဖုန်း

    ၀၆၇ - ၄၁၀၀၃၃
  • ဖက်စ်

    ၀၆၇ - ၄၁၀၀၃၆
  • Email

    contact@mcrd.gov.mm