Language : |
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

ဒုတိယဝန်ကြီး ဦးမြင့်စိုး ပဲတီစိမ်းစိုက် သမဝါယမအသင်းသားတောင်သူများသို့ သွင်းအားစုများ ထောက်ပံ့ပေးအပ်


08 Jan,2023

နေပြည်တော် ဇန်နဝါရီ ၇

          သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးမြင့်စိုးသည် ဇန်နဝါရီလ ၇ ရက်နေ့ နံနက်ပိုင်းက ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊ တိုင်းဒေသကြီးဦးစီးမှူးများနှင့် ဌာနဆိုင်ရာ တာဝန်ရှိသူများ လိုက်ပါလျက် ဧရာဝတီတိုင်းဒေသကြီး၊ ကန်ကြီးထောင့်မြို့နယ်၊ မိချောင်းတစ်ရာ ကျေးရွာအုပ်စု၊ ရွာသစ်ကုန်းကျေးရွာတွင် ကျင်းပပြုလုပ်သော နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေဖြင့် ပဲတီစိမ်းစိုက်ပျိုးနေသည့် သမဝါယမအသင်းသား တောင်သူများထံ စိုက်ပျိုးရေးသွင်းအားစုများ ထောက်ပံ့ပေးအပ်ပွဲ အခမ်းအနားသို့ တက်ရောက်သည်။

အခမ်းအနားတွင် ဒုတိယဝန်ကြီး ဦးမြင့်စိုးက မြန်မာနိုင်ငံ၏ ၇၀ ရာခိုင်နှုန်းသော ကျေးလက် နေပြည်သူများ၏ လူမှုစီးပွားဘဝများ ဖွံ့ဖြိုးတိုးတက်ရေး၊ မိသားစုဝင်ငွေတိုးပွားရေး၊ အလုပ်အကိုင် အခွင့်အလမ်းများ ရရှိရေးတို့အတွက် မိမိတို့ သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာနက အလေးထား ဆောင်ရွက်ပေးနေပါကြောင်း၊ နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေ ထူထောင်ပေးရခြင်း၏ အဓိကရည်ရွယ်ချက်မှာ ရာသီအလိုက် သီးနှံများစိုက်ပျိုးကြမည့် တောင်သူများ၏ ပန်းတိုင် အထွက်နှုန်းတိုးရေးနှင့် လူမှုစီးပွားဘဝမြင့်မားပြီး ကြွေးမြီကင်းရှင်းသော မိသားစုဘဝများ ပိုင်ဆိုင်စေလို၍ ဖြစ်ကြောင်း၊ ဆောင်းသီးနှံပဲတီစိမ်းနှင့် နွေစပါးစိုက်ပျိုးရေး လုပ်ငန်းများ အောင်မြင်ရေးအတွက် သက်ဆိုင်သူအားလုံး တက်ညီလက်ညီ ပူးပေါင်းပါဝင် ဆောင်ရွက်ကြစေလို ကြောင်း ပြောကြားသည်။

ဆက်လက်၍ ဒုတိယဝန်ကြီး ဦးမြင့်စိုးနှင့် တာဝန်ရှိသူများက ကန်ကြီးထောင့်မြို့နယ်၊ မိချောင်းတစ်ရာကျေးရွာအုပ်စုတွင် နိုင်ငံ့စီးပွားမြှင့်တင်ရေး ရန်ပုံငွေဖြင့် ပဲတီစိမ်းစိုက်ပျိုးနေသည့် သမဝါယမအသင်းသားတောင်သူ (၁၀၁) ဦးအတွက် စိုက်ပျိုးရေး သွင်းအားစုများ ထောက်ပံ့ ပေးအပ်ခဲ့ကြပြီး အသင်းသားတောင်သူတစ်ဦးက ကျေးဇူတင်စကား ပြန်လည်ပြောကြားခဲ့သည်။

ထို့နောက် ဒုတိယဝန်ကြီးနှင့်အဖွဲ့သည် အောင်မြန်မာ စိုက်ပျိုးရေးနှင့်အထွေထွေလုပ်ငန်း သမဝါယမအသင်းလီမိတက်၏ ပဲတီစိမ်းစိုက်ကွက်အား ကြည့်ရှုအားပေးပြီး ဒုတိယဝန်ကြီးက ပြည်တွင်းစာသုံးဆီဖူလုံရေးနှင့် ပြည်ပမှ ဝယ်ယူတင်သွင်းမှု လျှော့ချနိုင်ရေးအတွက် ဆီထွက်သီးနှံ များကိုပါ တိုးချဲ့စိုက်ပျိုးကြရန် မှာကြားသည်။

ကန်ကြီးထောင့်မြို့နယ်အနေဖြင့် နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေမှ ပဲတီစိမ်း (၉၃၇) ဧကနှင့် နွေစပါး (၄၃၄) ဧက စိုက်ပျိုးနိုင်ရေး လျာထားဆောင်ရွက်လျက် ရှိသည်။

          ထိုမှတစ်ဆင့် ဒုတိယဝန်ကြီး ဦးမြင့်စိုးနှင့်အဖွဲ့သည် ညောင်တုန်းမြို့နယ်၊ ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနရုံးတွင် ဝန်ကြီးဌာနရှိ ဦးစီးဌာန (၄) ခုမှ ဝန်ထမ်းများနှင့် တွေ့ဆုံကာ ဝန်ကြီးဌာန၏ မူဝါဒ၊ ရည်မှန်းချက်၊ ရည်ရွယ်ချက်များ အောင်မြင်ရေး၊ နိုင်ငံ့စီးပွားမြှင့်တင်ရေး ရန်ပုံငွေဖြင့် ပဲတီစိမ်းနှင့် နွေစပါးစိုက်ပျိုးရေးလုပ်ငန်းများ၊ ဆီထွက်သီးနှံ တိုးချဲ့စိုက်ပျိုးရေးလုပ်ငန်း များ အောင်မြင်ရေး၊ နိုင်ငံ့ဝန်ထမ်း စည်းမျဉ်း စည်းကမ်းများနှင့်အညီ နေထိုင်ဆောင်ရွက်ရေး တို့ကို မှာကြားသည်။

ဆက်လက်ပြီး ဒုတိယညွှန်ကြားရေးမှူးချုပ်များက မိမိတို့ဦးစီးဌာနအလိုက် အကောင် အထည်ဖော် ဆောင်ရွက်နေသည့် လုပ်ငန်းများ ထိရောက်အောင်မြင်ရေးအတွက် ဆွေးနွေး ပြောကြားပြီး ဒုတိယဝန်ကြီးက ဝန်ထမ်းများအား ထောက်ပံ့ငွေများ ပေးအပ်ကာ လုပ်ငန်း လိုအပ်ချက် တင်ပြမှုများအပေါ် ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ကြောင်း သတင်းရရှိပါသည်။


ဆက်စပ်လင့်ခ်များ

အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။

  • တယ်လီဖုန်း

    ၀၆၇ - ၄၁၀၀၃၃
  • ဖက်စ်

    ၀၆၇ - ၄၁၀၀၃၆
  • Email

    contact@mcrd.gov.mm