နေပြည်တော် ဒီဇင်ဘာ ၂၇
နိုင်ငံ့စီးပွားမြှင့်တင်ရေးစီမံကိန်းတွင် သမဝါယမကဏ္ဍက ပူးပေါင်းဆောင်ရွက်မည့် လုပ်ငန်း များ ထိရောက်အောင်မြင်စွာ ဆောင်ရွက်နိုင်ရေးနှင့် ချေးငွေလုပ်ငန်း ကြီးကြပ်မှုဗဟိုအဆင့် လုပ်ငန်း ကော်မတီအစည်းအဝေးကို ယနေ့နံနက်ပိုင်းက သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ ရုံးအမှတ် (၁၆) ၌ ကျင်းပပြုလုပ်ရာ ဒုတိယဝန်ကြီး ဦးမြင့်စိုး၊ အမြဲတမ်းအတွင်းဝန် ဦးခန့်ဇော်၊ သမဝါယမဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးအောင်သူရ၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊ တိုင်းဒေသကြီး/ ပြည်နယ်သမဝါယမဦးစီးမှူးများ၊ သမဝါယမအသင်းစုချုပ်များမှ ဥက္ကဋ္ဌများနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။
ရှေးဦးစွာ ဒုတိယဝန်ကြီး ဦးမြင့်စိုးက အမှာစကားပြောကြားရာတွင် မိမိတို့ဝန်ကြီးဌာနအနေဖြင့် ပြည်သူများ၏ လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်ရေး၊ စိုက်ပျိုးမွေးမြူရေးကို အခြေခံပြီး ကုန်ထုတ်လုပ်မှု ကဏ္ဍ တိုးတက်ရေး၊ ပြည်သူများ၏ လိုအပ်ချက်နှင့်ကိုက်ညီမည့် ထုတ်ကုန်များ ထုတ်လုပ်ရေး၊ အလုပ် အကိုင် အခွင့်အလမ်းများ ရရှိရေး၊ ဝင်ငွေတိုးပွားရေးတို့ကို သမဝါယမစနစ်ဖြင့် ဦးစီးဌာန (၄) ခု ပူးပေါင်းပြီး ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်နေပါကြောင်း၊ ချေးငွေကြွေးကျန်များ ရရှိရေးအတွက် စီမံချက်ရေးဆွဲ ဆောင်ရွက်ကြရန်နှင့် သို့မှသာ ဆက်လက်ထုတ်ချေးပေးနိုင်ပြီး သမဝါယမအသင်း များ ဆက်လက်လည်ပတ် ဆောင်ရွက်နိုင်မည် ဖြစ်ပါကြောင်း၊
နိုင်ငံတော်အစိုးရအနေဖြင့် နိုင်ငံ့စီးပွားမြှင့်တင်ရေး ရန်ပုံငွေထူထောင်ပြီး နိုင်ငံ့စီးပွားရေး မြင့်မားလာစေရန်နှင့် ပြည်သူများ၏ လူမှုစီးပွားဘဝနှင့် စီးပွားရေးမြင့်တက်လာစေရေးတို့အတွက် ရည်မှန်းဆောင်ရွက်လျက် ရှိပါကြောင်း၊ ပဲတီစိမ်းနှင့်နွေစပါးစီမံကိန်းကို စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနက တာဝန်ယူကြီးကြပ်ဆောင်ရွက်ပြီး တိုင်းဒေသကြီး/ ပြည်နယ်အစိုးရ အဖွဲ့များ၏ အနီးကပ်ကြီးကြပ်မှုဖြင့် တောင်သူလယ်သမားအစုအဖွဲ့/ သမဝါယမအသင်းများ၊ ဝယ်ယူ၊ ကြိတ်ခွဲ၊ တင်ပို့သူများက အဓိကပါဝင်ဆောင်ရွက်သွားမည် ဖြစ်ပါကြောင်း၊
နိုင်ငံ့စီးပွားမြှင့်တင်ရေး ရန်ပုံငွေမှ စိုက်ပျိုးရေး၊ မွေးမြူရေး၊ သမဝါယမလုပ်ငန်းများ ဆောင်ရွက်ရန်အတွက် ကျပ်ဘီလီယံ(၁၀၀)ကို သက်ဆိုင်ရာ တိုင်းဒေသကြီး/ ပြည်နယ်၊ ကိုယ်ပိုင် အု်ပချုပ်ခွင့်ရတိုင်း/ ဒေသအစိုးရအဖွဲ့များ၏ ကြီးကြပ်မှုဖြင့် တိုင်းဒေသကြီး/ ပြည်နယ် (၈) ခု၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း/ ဒေသ (၃) ခုတို့တွင် သမဝါယမအသင်း (၁၅၈) သင်း၊ အသင်းသား (၇၁၇၃) ဦးအား စိုက်ပျိုးရေး၊ မွေးမြူရေး၊ ကန်ထရိုက်လယ်ယာ၊ ကျေးရွာတစ်ရွာ ထုတ်ကုန်တစ်ခု၊ အရောင်းဆိုင်၊ ဆန်စက်နှင့် ဆီစက်လုပ်ငန်းများ အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရန် ကျပ် (၁၁.၆၇၉) ဘီလီယံခန့် လျာထားဆောင်ရွက်နေတာ သိရှိပါကြောင်း၊ သက်ဆိုင်ရာ အစိုးရအဖွဲ့ များ၏ အတည်ပြုခွင့်ပြုချက်၊ သမဝါယမဦးစီးဌာနအဆင့်ဆင့်၏ တင်ပြချက်များကို စိစစ်ပြီး မှတ်တမ်းတင် ဆောင်ရွက်ရန်၊ သမဝါယမဦးစီးဌာနမှ လိုအပ်သည်များ ပံ့ပိုးပေးရန်၊ ကြီးကြပ်ကွပ်ကဲ ရန်နှင့် ဆောင်ရွက်ချက်များကို ပုံမှန်တင်ပြ ဆောင်ရွက်သွားရမည် ဖြစ်ပါကြောင်း၊ စီမံကိန်း အောင်မြင်ရန် တိုင်းဦးစီးမှူးများ၊ မြို့နယ်ဦးစီးမှူးများနှင့် တာဝန်ကျဝန်ထမ်းများအနေဖြင့် စီမံကိန်း ကျေးရွာများသို့ စဉ်ဆက်မပြတ် ကွင်းဆင်း၍ အသင်းတာဝန်ရှိသူများ၊ တောင်သူလယ်သမားများနှင့် ထိတွေ့ဆောင်ရွက်နေကြ ရမည် ဖြစ်ပါကြောင်း၊
ပြည်တွင်းစားသုံးဆီ ဖူလုံစေရေးအတွက် နိုင်ငံတော်မှ မူဝါဒများ ချမှတ်ဆောင်ရွက်နေပြီး သမဝါယမအသင်းများ ပိုင်ဆိုင်သော ဆီစက်များ တည်ထောင်ပြီးစီးပါက ဆီစက် (၁၅) လုံးအထိ ရှိလာမည် ဖြစ်ပါကြောင်း၊ ဆီစက်တစ်လုံးမှ တစ်ရက်ပျမ်းမျှ ဆီပိသာချိန် (၄၀၀) ဝန်းကျင် ကြိတ်ခွဲ ထုတ်လုပ်နိုင်သည့်အတွက် သမဝါယမအသင်းပိုင် ဆီစက်များမှ တစ်ရက်လျင် စားဆီ ပိသာချိန် (၆၀၀၀) ခန့် ထုတ်လုပ်နိုင်မှာဖြစ်၍ နိုင်ငံတော်ရဲ့ ပြည်တွင်းစားသုံးဆီ လိုအပ်ချက်ကို ဖြည့်ဆည်း ပေးနိုင်မှာဖြစ်သည့်အပြင် ပြည်ပမှတင်သွင်းနေရမှုကို လျှော့ချနိုင်မည်ဖြစ်သဖြင့် နိုင်ငံခြားငွေသုံးစွဲ မှုကို လျှော့ချနိုင်မည် ဖြစ်ပါကြောင်း ပြောကြားပါသည်။
ထို့နောက် အမြဲတမ်းအတွင်းဝန် ဦးခန့်ဇော်က အကောင်အထည်ဖော် ဆောင်ရွက်ရမည့် လုပ်ငန်းများနှင့် လိုက်နာရမည့် စည်းကမ်းများ တာဝန်များကိုလည်းကောင်း၊ ညွှန်ကြားရေးမှူးချုပ် ဦးအောင်သူရက သမဝါယမလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေး ဆောင်ရွက်နေမှုများကိုလည်းကောင်း၊ တိုင်းဒေသကြီးနှင့် ပြည်နယ်ဦးစီးမှူးများနှင့် သမဝါယမအသင်းစုချုပ်ဥက္ကဋ္ဌတို့က မိမိတို့ သက်ဆိုင် ရာတိုင်းဒေသကြီး ပြည်နယ်အလိုက် အကောင်အထည်ဖော် ဆောင်ရွက်နေသည့် လုပ်ငန်းများအား လည်းကောင်း အသီးသီး ရှင်းလင်းတင်ပြကြသည်။
ယင်းနောက် ဒုတိယဝန်ကြီး ဦးမြင့်စိုးက နိဂုံးချုပ်အမှာစကား ပြောကြားပြီး အခမ်းအနားကို ရုတ်သိမ်းခဲ့ကြောင်း သတင်းရရှိပါသည်။
Related News and Articles
အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။