Language : |
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

ယွန်းပညာကောလိပ်(ပုဂံ)မှ ယွန်းအတတ်ပညာဒီပလိုမာသင်တန်းများ ဖွင့်လှစ်ပို့ချ


07 Dec,2022

မန္တလေး၊ ဒီဇင်ဘာ ၆

          အရှေ့တောင်အာရှတွင် တစ်ခုတည်းသော ယွန်းအတတ်ပညာများကို သင်ကြားပို့ချပေးနေ သည့် ညောင်ဦးခရိုင် ပုဂံမြို့ဟောင်းရှိ ယွန်းပညာကောလိပ်(ပုဂံ)မှ ယွန်းအတတ်ပညာဒီပလိုမာ (၁) နှစ်သင်တန်း၊ (၂)နှစ်သင်တန်းများကို ပုံမှန်ဖွင့်လှစ် ပို့ချပေးလျက်ရှိရာ ဒီပလိုမာ(၁)နှစ် သင်တန်းကို ဒီဇင်ဘာလအတွင်း ဖွင့်လှစ်သွားမည်ဖြစ်ကြောင်း ယွန်းပညာကောလိပ်(ပုဂံ) ကျောင်းအုပ်ကြီးထံက သိရသည်။

          ၁၉၂၄-၁၉၂၅ ပညာသင်နှစ်မှ ၂၀၁၉-၂၀၂၀ ပညာသင်နှစ်အထိ အခြေခံယွန်းပညာသင်တန်း ၁၀၆၅ ဦး၊ အထက်တန်း ယွန်းပညာသင်တန်း ၁၃၃ ဦး၊ ယွန်းအတတ်ဒီပလိုမာသင်တန်း ၁၂၄ ဦး၊ ယွန်းအတတ်ပညာ ဒီပလိုမာ(၁)နှစ်သင်တန်း(ဘွဲ့ရ) ၅၀ဦး၊ ယွန်းအတတ်ပညာ ဒီပလိုမာ(၂)နှစ်သင် တန်း (တက္ကသိုလ်ပေါင်းကူး) ၁၁၉၂ ဦး စုစုပေါင်း ၂၅၆၄ ဦး မွေးထုတ်ပေးနိုင်ခဲ့ပြီဖြစ်ကြောင်း သိရသည်။

          “ဒီပလိုမာ(၁)နှစ် သင်တန်းကိုတော့ ဒီဇင်ဘာလထဲမှာ ဖွင့်သွားမှာပါ။ တက္ကသိုလ်တစ်ခုခုက ဘွဲ့ရရှိပြီးသူများ လျှောက်နိုင်ပါတယ်။ ဒီပလိုမာ (၂)နှစ်သင်တန်းကတော့ တက္ကသိုလ်ဝင်စာမေးပွဲကို ဘယ်ဘာသာတွဲနဲ့ပဲဖြစ်ဖြစ် အောင်မြင်ပြီးသူတိုင်း လျှောက်နိုင်တယ်။ (၂)နှစ်သင်တန်းမှာ စီမံခန့်ခွဲမှု ပညာဘာသာရပ်၊ သတင်းအချက်အလက်နှင့် နည်းပညာဘာသာရပ်တွေကိုပါ သင်ကြားပို့ချပေးသွား မှာပါ။ အဆောင်နေထိုင်ခွင့်များကိုလည်း ရရှိမှာဖြစ်ပါတယ်။ အောင်မြင်ပြီးသူတွေဟာ သန်လျင် နဲ့ စစ်ကိုင်းမှာရှိတဲ့ သမဝါယမနှင့်စီမံခန့်ခွဲမှုပညာတက္ကသိုလ်တွေမှာ တတိယနှစ်ကို ပေါင်းကူးတက်ရောက် သင်ကြားခွင့်ရရှိမှာပါ”ဟု ကျောင်းအုပ် ဒေါ်နီလာမြင့်က ပြောသည်။

          ယွန်းပညာကောလိပ် တက်ရောက်ခြင်းဖြင့် အမျိုးသားယဉ်ကျေးမှုလက္ခဏာတစ်ရပ်ဖြစ်သော ပန်းယွန်းအနုပညာကို သင်ယူခြင်းဖြင့် မျိုးချစ်စိတ်ဓာတ် မြင့်မားစေခြင်း၊ စီးပွားရေးစီမံခန့်ခွဲမှုပညာရပ်များကို လေ့လာတတ်မြောက်ခြင်းဖြင့် ပြည်တွင်းပြည်ပဈေးကွက်များကို လေ့လာသင်ယူနိုင်ခြင်း၊ ကွန်ပျူတာ၊ စာရင်းကိုင်၊ စာရင်းအင်း၊ စီမံခန့်ခွဲမှုစသည့် ပညာရပ်များကို စီးပွားရေးနယ်ပယ်တွင် လက်တွေ့အသုံးချနိုင်သည်အထိ တတ်မြောက်ကျွမ်းကျင်မှုရှိခြင်း၊ ယွန်းလက်မှုအနုပညာကို တတ်မြောက်ကျွမ်းကျင်ခြင်းဖြင့် နိုင်ငံတကာ အနုပညာတက္ကသိုလ်များနှင့် ချိတ်ဆက်ဆောင်ရွက်နိုင် ခြင်း၊ အရှေ့တောင်အာရှယွန်းထုတ်လုပ်သည့် နိုင်ငံများနှင့် နည်းပညာဆိုင်ရာပူးပေါင်းဆောင်ရွက်နိုင်ခြင်းစသည့် အကျိုးကျေးဇူးများရရှိမည်ဖြစ်သည်။

          မြန်မာ့ရိုးရာ လက်မှုအနုပညာတစ်ခုဖြစ်သော ယွန်းထည်လုပ်ငန်း အတတ်ပညာနှင့် နည်းစနစ် များကို တိမ်ကောပပျောက်မှုမရှိစေရန် အစဉ်ထိန်းသိမ်းပြီး ဖွံ့ဖြိုးတိုးတက်စေရန်အတွက် ယွန်းထည် လုပ်ငန်းအတတ်ပညာသင်တန်းကျောင်းကို ၁၉၂၄ ခုနှစ်က စတင်တည်ထောက်ခဲ့ပြီး ၁၉၉၅ ခုနှစ်တွင် မြန်မာ့ယွန်းသိပ္ပံ အဖြစ်လည်းကောင်း၊ ၂၀၀၃ ခုနှစ်တွင် ယွန်းပညာကောလိပ်သို့ တိုးမြှင့်ဖွင့်လှစ်ခဲ့ကြောင်း သိရသည်။

                                                                                                                                                                                                                                                                                         


ဆက်စပ်လင့်ခ်များ

အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။

  • တယ်လီဖုန်း

    ၀၆၇ - ၄၁၀၀၃၃
  • ဖက်စ်

    ၀၆၇ - ၄၁၀၀၃၆
  • Email

    contact@mcrd.gov.mm