Language : |
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

ပြည်ထောင်စုဝန်ကြီး ဦးလှမိုး နေပြည်တော် ခေတ်မီစံပြကျေးရွာများ၏ စီမံကိန်းလုပ်ငန်းများအား ကွင်းဆင်းစစ်ဆေး


13 Oct,2022

နေပြည်တော် အောက်တိုဘာ ၁၂

သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာနသည် ကျေးလက်နေပြည်သူများ၏ လူမှုစီးပွား ဘဝများ ဖွံ့ဖြိုးတိုးတက်ရေး၊ မိသားစုဝင်ငွေ တိုးပွားရေး၊ အလုပ်အကိုင် အခွင့်အလမ်းများ ဖန်တီး ပေးနိုင်ရေး၊ ကျေးလက်နှင့် မြို့ပြဖွံ့ဖြိုးမှုကွာဟချက် လျှော့ချရေးတို့အတွက် တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးရှိ ကျေးရွာပေါင်း (၄၂) ရွာတွင် ခေတ်မီစံပြကျေးရွာ စီမံကိန်းများ အကောင် အထည်ဖော် ဆောင်ရွက်လျက်ရှိပြီး ပြည်ထောင်စုဝန်ကြီး ဦးလှမိုးသည် ယနေ့မွန်းလွဲပိုင်းက အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ်များနှင့် သက်ဆိုင်ရာတာဝန်ရှိသူများ လိုက်ပါလျက် နေပြည်တော်ကောင်စီနယ်မြေအတွင်း ရှေ့ပြေးစီမံကိန်း (Pilot Project) အဖြစ် စတင်အကောင် အထည်ဖော် ဆောင်ရွက်ခဲ့သည့် တပ်ကုန်းမြို့နယ်နှင့် လယ်ဝေးမြို့နယ်တို့မှ ခေတ်မီစံပြကျေးရွာ များ၏ စီမံကိန်းလုပ်ငန်းများအား ကွင်းဆင်းစစ်ဆေးသည်။

ရှေးဦးစွာ ပြည်ထောင်စုဝန်ကြီး ဦးလှမိုးနှင့်အဖွဲ့သည် အိမ်ခြေ (၂၉၃) အိမ်၊ အိမ်ထောင်စု (၃၂၈) စု၊ လူဦးရေ (၁၃၂၂) ဦးရှိ တပ်ကုန်းမြို့နယ်၊ ဂွေးပင်စံပြကျေးရွာသို့ရောက်ရှိကာ ဂွေးပင်စံပြ စိုက်ပျိုးရေးနှင့် အထွေထွေလုပ်ငန်း သမဝါယမအသင်းလီမိတက်မှ အသင်းသားတောင်သူများ၊ ဒေသခံပြည်သူများနှင့် တွေ့ဆုံစဉ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၊ မြို့နယ်ဦးစီးမှူးက ဂွေးပင်စံပြကျေးရွာ၏ အကောင်အထည်ဖော် ဆောင်ရွက်နေသည့် လုပ်ငန်းအခြေအနေများအား ရှင်းလင်းတင်ပြမှုအပေါ် ပြည်ထောင်စုဝန်ကြီးက ဂွေးပင်စံပြကျေးရွာအား စိုက်ပျိုးရေးအခြေခံ စံပြ ကျေးရွာအဖြစ် စတင်အကောင်အထည်ဖော် ဆောင်ရွက်ခဲ့ပါကြောင်း၊ မိုးစပါးစိုက်ပျိုးပြီးပါက နွေစပါး (သို့မဟုတ်) ဆောင်းသီးနှံ နေကြာ၊ ပဲတီစိမ်းတွင် မည်သည့်သီးနှံ စိုက်ပျိုးလိုသည်ကို သမဝါယမအသင်းသား တောင်သူများက ဦးစွာတိုင်ပင် ဆွေးနွေးကြစေလိုကြောင်း၊ စိုက်ပျိုးရေ ပေးဝေရေး အဆင်ပြေနိုင်ရန်အတွက် မည်သည့်သီးနှံစိုက်ပျိုးမည်ကို အားလုံးက ဝိုင်းဝန်းတိုင်ပင် ဆွေးနွေးရမည် ဖြစ်ကြောင်း၊ နွေစပါး (သို့မဟုတ်) ဆောင်းသီးနှံ နေကြာ၊ ပဲတီစိမ်း စိုက်ပျိုးရေး လုပ်ငန်းများအတွက် လိုအပ်သည့် မျိုး၊ မြေဩဇာ၊ ပိုးသတ်ဆေး၊ ပေါင်းသတ်ဆေးများ ပံ့ပိုး ပေးမည်ဖြစ်ပါကြောင်း၊ ထွန်ယက်စိုက်ပျိုးခြင်း၊ ရိတ်သိမ်းခြင်းလုပ်ငန်းများကိုလည်း ဆောင်ရွက် ပေးမည်ဖြစ်ကြောင်း၊ ဝန်ကြီးဌာနမှ ဆောင်ရွက်ပေးနေသော ခေတ်မီစံပြကျေးရွာ စီမံကိန်းလုပ်ငန်း  များ အောင်မြင်ရေးအတွက် ဝိုင်းဝန်းပူးပေါင်း ဆောင်ရွက်ကြရမည်ဖြစ်ကြောင်း မှာကြားခဲ့သည်။ ဆက်လက်၍ ဒေသခံတောင်သူများက စက်မှုလယ်ယာစနစ် ဆက်လက်ဖော်ထုတ်ပေးရန် ကျန်ရှိ နေသည့် လယ်မြေ (၇၈) ဧကအား ဖော်ထုတ်ပေးနိုင်ရေး တင်ပြမှုအပေါ် ပြည်ထောင်စုဝန်ကြီးက စက်မှုလယ်ယာစနစ် ဖော်ဆောင်နိုင်ရေး သက်ဆိုင်ရာဌာနများနှင့် ပူးပေါင်းဆောင်ရွက်ပေးမည် ဖြစ်ကြောင်း ပြောကြားကာ လုပ်ငန်းလိုအပ်ချက်များ တင်ပြမှုအပေါ် ဖြည့်ဆည်းဆောင်ရွက် ပေးခဲ့သည်။

ယင်းနောက် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် အကောင်အထည်ဖော် ဆောင်ရွက်နေသည့် ခေတ်မီစံပြကျေးရွာ စီမံကိန်းလုပ်ငန်းများ၊ စံပြဂွေးပင်စိုက်ပျိုးရေးနှင့် အထွေထွေစီးပွားရေးလုပ်ငန်း သမဝါယမအသင်းမှ အသင်းသားတောင်သူ (၆) ဦး၏ စိုက်ပျိုးမြေ (၇.၀၅) ဧကတွင် အစေ့ချ(စီဒါ) စိုက်ပျိုးခြင်း၊ ကြဲပက်စိုက်ပျိုးခြင်း၊ ပျိုးထောင်စိုက်ပျိုးခြင်း စသည့်စိုက်နည်းစနစ် (၃) မျိုးဖြင့် စိုက်ပျိုးထားသော GW-11 စပါးမျိုး စမ်းသပ်စိုက်ကွက်များ၏ (၉၈) ရက်သား စိုက်ပျိုးဖြစ်ထွန်းနေမှု အား ကြည့်ရှုစစ်ဆေးခဲ့သည်။

 ထို့နောက် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် အိမ်ခြေ (၁၄၀) အိမ်၊ အိမ်ထောင်စု (၁၄၀) စု၊ လူဦးရေ (၆၃၂) ဦးရှိ လယ်ဝေးမြို့နယ်၊ သော်မှော်ကုန်းစံပြကျေးရွာ သို့ရောက်ရှိပြီး ဒေသခံပြည်သူ များနှင့်တွေ့ဆုံရာတွင် ၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ်၌ သော်မှော်ကုန်းကျေးရွာ အသက်မွေးဝမ်းကျောင်း အစုအဖွဲ့ (၉) ဖွဲ့၏ ကျေးလက်စီးပွားမြင့်မားရေးရန်ပုံငွေ ထူထောင်ခြင်းလုပ်ငန်း (RBF) ရန်ပုံငွေဖြင့် မွေးမြူရေးလုပ်ငန်းများဖြစ်သည့် CP ဝက်မွေးမြူခြင်း (၃) ဖွဲ့၊ ဒေသဝက်မွေးမြူခြင်း (၁) ဖွဲ့၊ CP ကြက်မွေးမြူခြင်း (၁) ဖွဲ့၊ ဒေသနွားမွေးမြူခြင်းအဖွဲ့ (၄) ဖွဲ့တို့၏ ၂၀၂၂ ခုနှစ်၊ မေလမှ စတင် အကောင်အထည်ဖော် ဆောင်ရွက်ခဲ့သည့် လုပ်ငန်းအခြေအနေများအား ကြည့်ရှုစစ်ဆေးသည်။

ထိုသို့စစ်ဆေးရာတွင် သက်ဆိုင်ရာတာဝန်ရှိသူများက လုပ်ငန်းဆောင်ရွက်နေမှုများ၊ အသက် မွေးဝမ်းကျောင်း အစုအဖွဲ့များ၏ အကျိုးအမြတ်ရရှိနေမှု အခြေအနေများ ရှင်းလင်းတင်ပြမှုအပေါ် ပြည်ထောင်စုဝန်ကြီးက သော်မှော်ကုန်းကျေးရွာသည် မွေးမြူရေးအခြေခံ ဆောင်ရွက်ခဲ့သည့် ခေတ်မီစံပြကျေးရွာ ဖြစ်ပါကြောင်း၊ မွေးမြူရေးလုပ်ငန်းများ ဆောင်ရွက်ရာတွင် လိုအပ်သည့် မျိုး၊ တိရစ္ဆာန်အစာ၊ နည်းပညာ စသည်တို့ကို မိမိတို့ဝန်ကြီးဌာနနှင့် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနတို့က ပံ့ပိုးဆောင်ရွက်ပေးနေပါကြောင်း၊ လက်ရှိအကောင်အထည်ဖော် ဆောင်ရွက်နေသည့် ကျေးလက်စီးပွားမြင့်မားရေးရန်ပုံငွေ ထူထောင် ခြင်းလုပ်ငန်းကို အောင်မြင်အောင် ဆောင်ရွက်ပြီး အခြားတိုင်းဒေသကြီးနှင့် ပြည်နယ်များတွင် လည်း ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ စီမံကိန်းလုပ်ငန်းများ အောင်မြင်ရေးအတွက် တာဝန်ရှိသူ အသီးသီးက စဉ်ဆက်မပြတ် ကြပ်မတ်ကွပ်ကဲပြီး ဒေသခံပြည်သူများ၏ လုပ်ငန်းလိုအပ်ချက် များအား အမြန်ဆုံး ဖြည့်ဆည်းပေးနိုင်ရေး ဆောင်ရွက်ကြရမည်ဖြစ်ကြောင်း မှာကြားခဲ့သည်။

နေပြည်တော်ကောင်စီနယ်မြေ၊ လယ်ဝေးမြို့နယ်၊ သော်မှော်ကုန်းကျေးရွာတွင် ၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ်၌ ကျေးလက်စီးပွားမြင့်မားရေးရန်ပုံငွေ ထူထောင်ခြင်းလုပ်ငန်း (RBF) ရန်ပုံငွေဖြင့် ဆောင်ရွက်ခဲ့သည့် အစုအဖွဲ့ (၉) ဖွဲ့အနက် ပထမအကြိမ် စီမံကိန်းစက်ဝန်းဆောင်ရွက်ပြီးစီးချိန်တွင် ဦးမြင့်သိန်း CP ဝက်မွေးမြူခြင်းအဖွဲ့အနေဖြင့် အသားတင်အမြတ် ငွေကျပ် (၁၄) သိန်း၊ အောင်မြင် သူ CP ကြက်မွေးမြူခြင်းအဖွဲ့အနေဖြင့် အသားတင်အမြတ် ငွေကျပ် (၈) သိန်း၊ ခတ္တာ CP ဝက် မွေးမြူခြင်းအဖွဲ့အနေဖြင့် အသားတင်အမြတ် ငွေကျပ် (၂၅) သိန်းကျော်နှင့် ရွှေပန်းတိုင် CP ဝက် မွေးမြူခြင်းအဖွဲ့အနေဖြင့် အသားတင်အမြတ် ငွေကျပ် (၁၇) သိန်းဖြင့် အစုအဖွဲ့ (၄) တို့သည်  အကျိုးအမြတ်များ စတင်ခံစားနေပြီဖြစ်ကြောင်း သတင်းရရှိပါသည်။ 


ဆက်စပ် သတင်းများ

Related News and Articles

ဆက်စပ်လင့်ခ်များ

အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။

  • တယ်လီဖုန်း

    ၀၆၇ - ၄၁၀၀၃၃
  • ဖက်စ်

    ၀၆၇ - ၄၁၀၀၃၆
  • Email

    contact@mcrd.gov.mm