Language : |
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

ပြည်ထောင်စုအဆင့် MSME ထုတ်ကုန်ပြပွဲနှင့် ပြိုင်ပွဲမှသည် နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေးဆီသို့ (၅) (ကုန်ထုတ်သမဝါယမအသင်းများနှင့် အသေးစားစက်မှုလက်မှုလုပ်ငန်းများ)


13 Mar,2025

မြင့်စိုး(နတလ)

ပျဉ်းမနားကြီး၊ ရေနံမြေဒေးဗစ်နှင့် မောင်တို့ကျိုက်လတ်

ပြည်ထောင်စုအဆင့် MSME ထုတ်ကုန်ပြပွဲနှင့် ပြိုင်ပွဲ တည်းဟူသော ခေါင်းစဉ်ကြီး အောက်မှာ ကုန်ထုတ်သမဝါယမအသင်းများ၊ အသေးစားစက်မှုလက်မှုလုပ်ငန်းများအကြောင်း ကို ကလောင်ရှင် ကျွန်တော် မြင့်စိုး(နတလ)က ရေးသားတင်ပြရန် အစပျိုးလိုက်ချိန်မှာတော့ တစ်ခါကတစ်ဘဝ ရုပ်ရှင်ဇာတ်ကားထဲကလို စိတ်အလျဉ်၏ ခေါ်ဆောင်ရာ အတိတ်ကာလ တစ်ခုဆီသို့ ဖျတ်ခနဲ ရောက်သွားပါတော့သည်။ တစ်ခါက တပ်မတော်သား ဖြစ်ခဲ့ဖူးသော ကျွန်တော်၊ ၁၉၉၁ ခုနှစ်မှာ အရှေ့မြောက်တိုင်းစစ်ဌာနချုပ်၊ အမှတ် (၁) လှုပ်ရှားစစ်ဗျူဟာ (တန့်ယန်း)၏ စစ်ဦးစီးမှူး (တတိယတန်း) ကနေ ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)၊ ပြည်သူ့ စစ်နှင့် နယ်ခြားတပ်များ ညွှန်ကြားရေးမှူးရုံးသို့ ဦးစီးအရာရှိ(တတိယတန်း) တာဝန်ဖြင့် ပြောင်းရွှေ့ ထမ်းဆောင်ခဲ့ရပါသည်။ ကျွန်တော် မကြာခဏ ရေးပြခဲ့ဖူးသည့်အတိုင်း ထိုအချိန် က ကျွန်တော်တို့ဌာန (ကကနယ်) တွင် ညွှန်ကြားရေးမှူး မရှိသေး၊ ဒုတိယညွှန်ကြားရေးမှူး၊ ဒုတိယဗိုလ်မှူးကြီး ခင်မောင်ထွေး(အဘထွေး၊ ကွယ်လွန်)ကပဲ အနီးကပ်ကွပ်ကဲပြီး ပြည်သူ့ ဆက်ဆံရေးနှင့် စိတ်ဓာတ်စစ်ဆင်ရေး ညွှန်ကြားရေးမှူးရုံးမှ ညွှန်ကြားရေးမှူး ဗိုလ်ချုပ် အောင်သိန်း (နောင်တွင် ဒုတိယဝန်ကြီး၊ ပြန်ကြားရေးဝန်ကြီးဌာန)က တွဲကိုင်နေချိန် ဖြစ်၏။ ဆိုရသော် ကကပြည်နှင့် ကကနယ်တို့သည် ညီအစ်ကိုဌာနများသဖွယ် ရင်းရင်းနှီးနှီး ပြောဆို ဆက်ဆံနေထိုင်ခဲ့ကြသည်မှာ ကာလအတန်ကြာခဲ့၏။ နံနက်ပိုင်း briefing လုပ်လျှင်လည်း အတူတူ၊ ကျွန်တော်တို့ ကကနယ်က ဦးစီးအရာရှိ (ဒုတိယတန်း) ဗိုလ်မှူးဒေါ်ခင်မျိုးနွယ်က ခင်မျိုးနွယ်(မန်းတက္ကသိုလ်) ဖြင့် စာတွေရေးနေသည်။ အင်္ဂလိပ်စာကောင်းသဖြင့် ဘာသာပြန် တွေလည်း ရေး၏။ ဟိုဘက်ဌာန ကကပြည်ကတော့ အနုပညာရှင်တွေ စုဝေးရောက်ရှိရာ ဌာန ကြီးဖြစ်သည်။ နိုင်ငံကျော်စာရေးဆရာ၊ ဒါရိုက်တာတင်သန်းဦး (ဒုတိယဗိုလ်မှူးကြီး မောင် မောင်ဦး-ကွယ်လွန်)၊ ပျဉ်းမနားမြင့်လှိုင် (ဗိုလ်ကြီးမြင့်လှိုင်-ကွယ်လွန်)၊ တေးရေး မြသန်းစံ (ဗိုလ်မှူးမြသန်းစံ၊ ယခု အမျိုးသားစာပေဆုရ ဆရာတော် ဘဒ္ဒန္တပညိန္ဒ)၊ စာရေးဆရာ ချမ်းမြ အောင် (ဗိုလ်မှူးမြင့်အောင်)၊ ဒုတိယဗိုလ်မှူးကြီး အောင်ကျည်ထွဏ်း (ဗပဆ) တို့အပြင် မြဝတီရုပ်မြင်သံကြား လည်း တည်ဆောက်ထုတ်လွှင့်နေပြီဖြစ်၍ တပ်မှူးတွေ briefing လာတက်ကြရ၏။ briefing မစခင်မှာ အကြောင်းသင့်ရာတွေ ပြောကြသည်။ ရင်းရင်းနှီးနှီး စကြနောက်ကြသည်။ အစ်မကြီး ဗိုလ်မှူးဒေါ်ခင်မျိုးနွယ်က ပျဉ်းမနားမြင့်လှိုင်ကို မကြာခဏ နောက်ပြောင်တတ် သည်။ ပျဉ်းမနားကြီးရယ် - ဒီနေ့ရုံးကို လာကာနီး အစ်မရေဒီယို နားထောင်လိုက်ရတယ် သိလား၊ သီချင်းလွှင့်ကာနီး ကြေညာတာက ဘာတဲ့ …… ပျဉ်းမနားမြင့်လှိုင် ရေစပ်သီကုံးပြီး ရေနံမြေဒေးဗစ် သီဆိုထားတဲ့ မောင်တို့ ကျိုက်လတ် …ဆိုပဲ။ ရေးတဲ့သူက ပျဉ်းမနားဇာတိ၊ ဆိုတဲ့သူက ရေနံချောင်းကလား ချောက်ကလား၊ ထားပါတော့ ဒီအထိ ငါလက်ခံနိုင်တယ်၊ သီချင်းနာမည်ကျမှ မောင်တို့ကျိုက်လတ် ဆိုတာက တော့ မဟုတ်သေးဘူး ထင်တယ်နော်….. တဲ့။ ပျဉ်းမနားကြီးက ဘာမျှပြန်မပြော၊ ဆံပင်တွေပါးစပြုနေသော ခေါင်းကိုပွတ်၍ ပြုံးပြုံးကြီး လုပ်နေတာကို ပြန်လည်မြင်ယောင်မိ၏။

အမှတ်ရစရာတွေက မနေ့တစ်နေ့ကလို ဖြစ်နေ၏။ လွမ်းမိပါတယ် နောင်တော်ကြီး ကိုတင်သန်းဦးနှင့် ပျဉ်းမနားကြီးတို့ရေ…၊ အမှတ်ရမိပါတယ်…အစ်မကြီးနှင့်လုပ်ဖော်ကိုင်ဖက် များတို့ရေ။ ယခုလည်း နယ်စပ်ဖွံ့ဖြိုးရေးလုပ်ငန်းများ၊ ငြိမ်းချမ်းရေးလုပ်ငန်းများ အကြောင်း ရေးရင်း(နတလ) အမည်ကို မပြောင်းမလဲ ယူလာခဲ့သော ကျွန်တော် မြင့်စိုး (နတလ) MSME ခေါင်းစဉ်ကို အကြောင်းပြုလျက် ဝန်ကြီးဌာနပြခန်းများ၊ အသင်းအဖွဲ့ပြခန်းများ၊ ကုန်ထုတ် သမဝါယမအသင်းများ၊ အသေးစားစက်မှုလက်မှုလုပ်ငန်းများ အကြောင်းတွေကို ရေးရချေပြီ တမုံ့။

ပြည်ပသို့တင်ပို့နေသော ကုန်ထုတ်သမဝါယမအသင်းများ

          ပြည်ထောင်စုအဆင့် MSME ထုတ်ကုန်ပြပွဲနှင့် ပြိုင်ပွဲကြီးတွင် ပြည်နယ်နှင့် တိုင်းဒေသကြီး အသီးသီးမှ ကုန်ထုတ်သမဝါယမအသင်းများ လာရောက်ပါဝင်ယှဉ်ပြိုင် ခင်းကျင်းပြသလျက် ရှိရာ ယင်းတို့အနက် ပြည်ပနိုင်ငံများသို့ ပို့ကုန်တင်ပို့နေသော ကုန်ထုတ်သမဝါယမအသင်း များ ပါဝင်လာပေသည်။ ၎င်းတို့မှာ ရန်ကုန်တိုင်းဒေသကြီးကိုယ်စားပြု ရောက်ရှိလာကြသော ရွှေပြည်သာမြို့နယ်မှ တံမြက်စည်းလုပ်ငန်းလုပ်ကိုင်နေသာ ကျေးဇူးတော်နှင့် တင့်တယ်ခြင်း အထွေထွေစီးပွားရေး သမဝါယမအသင်း၊ ကြည့်မြင်တိုင်မြို့နယ်မှ သီရိစန္ဒာအထည်ချုပ် လုပ်ငန်းနှင့် အထွေထွေရောင်းဝယ်ရေးသမဝါယမအသင်း၊ ရှမ်းပြည်နယ်ကိုယ်စားပြု ဟိုပုံး မြို့နယ်အခြေစိုက် Green Gold ကော်ဖီစိုက်ပျိုးထုတ်လုပ်ရေး သမဝါယမအသင်းတို့ ဖြစ်ကြ သည်။ လွန်ခဲ့သော (၃) နှစ် အချိန်ကာလ ၂၀၂၂ မှ ၂၀၂၄ ခုနှစ်အတွင်း ကျေးဇူးတော်နှင့် တင့်တယ်ခြင်း တံမြက်စည်းလုပ်ငန်းက တောင်ကိုရီးယားနိုင်ငံသို့ ပို့ကုန်တန်ဖိုး အမေရိကန် ဒေါ်လာ ၀.၅၃၄ သန်း၊ သီရိစန္ဒာအထည်ချုပ်လုပ်ငန်းက ဂျပန်နိုင်ငံသို့ ပို့ကုန်တန်ဖိုး အမေ ရိကန်ဒေါ်လာ ၅.၂၃၀ သန်း၊ Green Gold ကော်ဖီလုပ်ငန်းက ဆွစ်ဇာလန်နိုင်ငံသို့ ပို့ကုန် တန်ဖိုး အမေရိကန် ဒေါ်လာ ၁.၈၉၅ သန်း၊ စုစုပေါင်း ၇.၆၅၉ သန်း၊ မြန်မာငွေအားဖြင့် ကျပ်သန်းပေါင်း ၁.၅၇၈ ဘီလီယံ နိုင်ငံအတွက် ရှာဖွေပေးနိုင်ခဲ့ပြီ ဖြစ်သည်။

          ယခုပြပွဲပြိုင်ပွဲကြီး ကျင်းပပြုလုပ်ရခြင်း၏ မူလရည်ရွယ်ချက်များထဲတွင် အောက်ပါ ရည်ရွယ်ချက်က ပါရှိပြီးဖြစ်သည် -

“MSME များ၏ ထုတ်ကုန်နှင့် ဝန်ဆောင်မှုများကို စဉ်ဆက်မပြတ် မြှင့်တင်နိုင်စေရန်၊ တန်ဖိုးမြှင့်ထုတ်ကုန်အသစ်များကို ပြည်ပ သွင်းကုန်အစားထိုးအဖြစ် ပြည်တွင်းမှ ပိုမိုသုံးစွဲနိုင်ရန်နှင့် ပြည်ပသို့ ဈေးကွက်ချဲ့တွင်နိုင်ရန်

          ကုန်ထုတ်သမဝါယမအသင်းများထဲတွင် ပြည်ပဈေးကွက်များထိ ထိုးဖောက်နေရာယူ နိုင်သော အသင်းများ ပေါ်ပေါက်နေပြီဖြစ်သကဲ့သို့ ယခုပွဲတော်ကြီးအပြီးတွင် နိုင်ငံတကာနှင့် ချိတ်ဆက်နိုင်မည့် အသင်းများ ပေါ်ပေါက်လာဦးမည်ဟု ယုံကြည်မိပါသည်။

သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာနက ပြခန်း ၂၂ ခန်းတာဝန်ယူ

          (၇၈) နှစ်မြောက် ပြည်ထောင်စုနေ့ကို ဂုဏ်ပြုကြိုဆိုသောအားဖြင့် နေပြည်တော်ရှိ ဥပ္ပါတသန္တိစေတီတော်မြတ်ကြီး၏ ခြေတော်ရင်း၊ တပေါင်းကွင်း၌ ပြည်ထောင်စုအဆင့် MSME ထုတ်ကုန်ပြပွဲနှင့် ပြိုင်ပွဲကြီးကို ဖေဖော်ဝါရီလ ၁၀ ရက်နေ့မှ ၁၆ ရက်နေ့ထိ (၇) ရက်တိုင်တိုင် စည်ကားသိုက်မြိုက်စွာ ကျင်းပပြုလုပ်ခဲ့ပြီး ဝန်ကြီးဌာနပြခန်းများ၊ ပြည်နယ်နှင့်တိုင်းဒေသကြီး အသီးသီးမှ ပြခန်းများ၊ အသင်းအဖွဲ့ပြခန်းများ၊ ကုန်ထုတ်သမဝါယမအသင်းပြခန်းများ၊ အသေးစားစက်မှုလက်မှုပြခန်းများ၊ တိုင်းရင်းသားရိုးရာအစားအစာ ရောင်းချသည့်ပြခန်းများ စသည်ဖြင့် ပြခန်းစုစုပေါင်း ၉၆ ခန်း ခင်းကျင်းပြသထားပေရာ၊ ထိုအထဲတွင် သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာနက တာဝန်ယူခင်းကျင်းပြသရသည့် ပြခန်း ၂၂ ခန်းရှိပါသည်။ ပေ ၅၀ x ပေ ၃၀ တစ်ခန်းက ဝန်ကြီးဌာနပြခန်းအနေဖြင့် ခင်းကျင်းပြသရပြီး သမဝါယမဦးစီး ဌာန၏ ကြီးကြပ်မှုဖြင့် ပေ ၂၀ ပတ်လည် အခန်း ၁၀ ခန်းတွင် ကုန်ထုတ်သမဝါယမအသင်းများ ကလည်းကောင်း၊ အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာန၏ ကြီးကြပ်မှုဖြင့် ပေ ၂၀ ပတ် လည်အခန်း ၁၁ ခန်းတွင် အသေးစား၊ အငယ်စား၊ အလတ်စားစက်မှုလက်မှုလုပ်ငန်းရှင်များ ကလည်းကောင်း ခင်းကျင်းပြသထားသောကြောင့် သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေး ဝန်ကြီးဌာနက တာဝန်ယူခင်းကျင်းပြသရသော ပြခန်းစုစုပေါင်း ၂၂ ခန်း ရှိပါသည်။

သမဝါယမဆိုသည့် အနှစ်သာရနှင့်အညီ

          သမဝါယမဟူသောဝေါဟာရကို သမဝါယမဝန်ထောက်မင်း ဦးမောင်မောင်ပြား (၁၉၀၄) က စတင်တီထွင်ခဲ့ခြင်း ဖြစ်သည်။ Co-operation အတူတကွပူးပေါင်းဆောင်ရွက်ခြင်း ဆိုသည့်ဝေါဟာရကို မြန်မာမှုပြု၍ “သမဝါယမ” ဆိုသည့် ပါဠိပျက်ဝေါဟာရအသစ်တစ်ခုဖြင့် တီထွင်ပြန်ဆိုခဲ့သည်။ သမဆိုသည့် ပါဠိစကားသည် မျှမျှတတ၊ ညီတူညီမျှ ဟူသောအနက်ကို ပေးသည်။ ဝါယမ(ဝါယာမ)က လုံ့လပြုသည်၊ ကြိုးပမ်းသည်။ အားထုတ်သည်ဟု အဓိပ္ပာယ် ရသည်။ Co-operation က အတူတကွပူးပေါင်း ဆောင်ရွက်ခြင်းဟု ယေဘုယျအဓိပ္ပာယ်ကိုသာ ဖော်ဆောင်သော်လည်း သမဝါယမအဓိပ္ပာယ်ကမူ ပို၍လေးနက်သည်။ လုပ်ငန်းတစ်ခုခုကို လူအများ ပူးပေါင်းဆောင်ရွက်ကြရာ၌ ပါဝင်သောပုဂ္ဂိုလ်တိုင်းသည် မိမိ၏ ကာယဉာဏ လုပ်အားများဖြင့် မိမိစွမ်းဆောင်နိုင်သည့် နေရာအသီးသီးမှ ရေသာမခိုလှေကြုံမလိုက်ဘဲ အများနှင့်ညီတူညီမျှ တက်ညီလက်ညီ အတူတကွပူးပေါင်းဆောင်ရွက်ခြင်းဟု အနက် အဓိပ္ပာယ် ဖွင့်ဆိုထားပါသည်။ (တွဲဖက်သမဝါယမမင်းကြီး ဦးလှမောင်ရေးသားသည့် သမဝါယမနိဒါန်းမှ)

          အထက်ပါစကားရပ်နှင့်အညီ စုစည်းညီညွတ်စွာ စုဝေးရောက်ရှိလာကြကုန်သော နေပြည်တော်မှ ကုန်ထုတ်သမဝါယမအသင်း ၃ သင်း၊ ပဲခူးတိုင်းဒေသကြီးမှ ၁ သင်း၊ မကွေး တိုင်းဒေသကြီးမှ ၁ သင်း၊ မန္တလေးတိုင်းဒေသကြီးမှ ၅ သင်း၊ ရန်ကုန်တိုင်းဒေသကြီးမှ ၂ သင်း၊ ရှမ်းပြည်နယ်မှ ၄ သင်း၊ ဧရာဝတီတိုင်းဒေသကြီးမှ ၁ သင်း၊ စုစုပေါင်း ၁၉ သင်းတို့ကို ပြခန်း ၁၀ ခန်းတွင် ခွဲဝေနေရာချထားပေးခဲ့သည်။ ပြပွဲတွင် ခင်းကျင်းပြသမည့်ပစ္စည်းအမယ်များမှာ မြေပဲဆီ၊ နေကြာဆီ၊ မျှစ်ချဉ်၊ သစ်အချောထည်ပစ္စည်းများ၊ နို့ဆီ၊ ဒိန်ချန်နှင့် အားဖြည့်အချိုရည် များ၊ နှမ်းရိုးအခြေခံသဘာဝ မြေဩဇာများ၊ ပြောင်း၊ စပါး အခြောက်ခံစက်အပါအဝင် စက် ကိရိယာအမျိုးမျိုး၊ ဆန်နှင့် နနွင်း၊ ချင်း၊ ငရုတ် စသော စားသောက်ကုန်အမျိုးမျိုး၊ ဝါးလက်မှု ထည်များ၊ တံမြက်စည်းအမျိုးမျိုး၊ အဝတ်အထည်မျိုးစုံ၊ တိုင်းရင်းသားရိုးရာဝတ်စုံများနှင့် အသုံးအဆောင်ပစ္စည်းများ၊ သင်ဖျာ အမျိုးမျိုး၊ ကော်ဖီမှုန့်မျိုးစုံ အစရှိသည်တို့ ဖြစ်ကြသည်။ ပြပွဲမှာ ပြသရောင်းချမှာဖြစ်သလို ပြိုင်ပွဲမှာလည်း ပါဝင်ယှဉ်ပြိုင်ကြရန် ပြင်ဆင်လာကြသည်။ ကုန်ထုတ်သမဝါယမအသင်း ပြခန်းများတွင် နိုင်ငံတော်အကြီးအကဲ၏ လမ်းညွှန်ချက်ဖြစ်သော ပစ္စည်းချင်းတူလျှင် ဈေးနှုန်း သက်သာရမည်၊ ဈေးနှုန်းချင်းတူလျှင် အရည်အသွေးပိုကောင်း ရမည်ဆိုသည့် ဆောင်ပုဒ်ကို ချိတ်ဆွဲထားသကဲ့သို့ အမယ်သစ်များအဖြစ် ဝါး၊ ဝါ၊ ရော်ဘာ၊ ကော်ဖီ၊ သစ်သီးထုတ်ကုန်များ ပြသနိုင်ရေးကိုလည်း ကြိုးပမ်းဆောင်ရွက်ခဲ့ကြသည်။

ဆုရွေးချယ်ရေးအတွက် စံ သတ်မှတ်ချက်များ

          သမဝါယမကုန်ထုတ်လုပ်ငန်းများအတွက် ဆုရွေးချယ်ရန် အောက်ပါအမှတ်ပေးစည်းမျဉ်း များအား သတ်မှတ်ခဲ့ပါသည် -

(က)   ထုတ်လုပ်ရောင်းချသည့် ပစ္စည်းများသည် သမဝါယမအသင်း/ အသင်းသား ကိုယ်တိုင်ထုတ်လုပ်ဆောင်ရွက်မှု

(ခ)     ထုတ်ကုန်များသည် အရည်အသွေးမှန်ကန်မှု၊ သန့်ရှင်းသပ်ရပ်မှု၊ အမှတ်တံဆိပ် နှင့် ထုတ်ပိုးမှုကောင်းမွန်မှု

(ဂ)     ဒေသတွင်း အလုပ်အကိုင်အခွင့်အလမ်းများ ဖန်တီးပေးနိုင်ခြင်းနှင့် ဒေသခံလူထု အကျိုးစီးပွားအပြန်အလှန်ဖြစ်ထွန်းစေမှု

(ဃ)   ဆန်းသစ်တီထွင်နိုင်မှုနှင့် တန်ဖိုးမြှင့်ထုတ်ကုန်များ ထုတ်လုပ်နိုင်မှု

(စ)     ဒေသဆိုင်ရာအဖွဲ့အစည်းများ၊ ပြည်သူများ၏ ပူးပေါင်းပါဝင်မှုနှင့် ထောက်ခံ အားပေးမှု

(ဆ)   လုပ်ငန်းဆိုင်ရာ အသိအမှတ်ပြုလက်မှတ်များ ရရှိထားမှု (ဥပမာ- FDA ထောက် ခံချက်၊ စိုက်ပျိုးရေးဦးစီးဌာန၏ ထောက်ခံချက်၊ ပိုးသတ်ဆေးထောက်ခံချက်)

(ဇ)     သမဝါယမအသင်းအကျိုးပြုမှု

(ဈ)     လှည့်ပတ်ရင်းနှီးငွေကျပ် သိန်း(၁၀၀၀) အထက်ဖြစ်မှု

(ည)   ကုန်ထုတ်သမဝါယမအသင်းများ၏ နှစ်စဉ်ထုတ်လုပ်နိုင်မှုပမာဏ၊ ပြည်တွင်း ရောင်းချနိုင်မှုပမာဏ၊ ပြည်ပသို့တင်ပို့ရောင်းချနိုင်မှုပမာဏ

 

အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနနှင့် ဝင်ငွေတိုးစီမံကိန်း

          သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီး ဌာန၏ ဖွဲ့စည်းပုံက တစ်မျိုးဖြစ်သည်။ ဦးစီးဌာန(ရုံးချုပ်) ဖွဲ့စည်းပုံပြီးလျှင် ပြည်နယ်/ တိုင်း ဒေသကြီးရုံးများ ရှိသည်။ ခရိုင်အဆင့်ရုံးများ ဖွဲ့စည်းထားသည်။ မြို့နယ်ဖွဲ့စည်းပုံမရှိ၊ မြို့နယ် ဦးစီးမှူးမရှိ၊ သို့ရာတွင် အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနက နိုင်ငံတစ်ဝှမ်း အကောင် အထည်ဖော်နေသော ကျေးလက်နေပြည်သူများ အလုပ်အကိုင်အခွင့်အလမ်း ပေါများရေးနှင့် မိသားစုဝင်ငွေတိုးရေး စီမံကိန်းအောင်မြင်အောင်၊ ကျေးလက်နေပြည်သူများ ဝင်ငွေတိုး အောင်၊ ဒေသထွက်ကုန်များအပေါ် အခြေခံ၍ တန်ဖိုးမြှင့်ထုတ်ကုန်များ ထုတ်လုပ်နိုင်သည့် လုပ်ငန်းရှင်များ ပေါ်ပေါက်လာအောင် ဝိုင်းဝန်းကြိုးပမ်းဆောင်ရွက်ခဲ့ရာ (၃) နှစ်ပြည့်မြောက် လာသည့်စီမံကိန်းကာလအတွင်း ထိုက်သင့်သော အောင်မြင်မှုတစ်ခုကို ရရှိထားပြီး ဖြစ်သည်။ ပြည်နယ်နှင့်တိုင်းဒေသကြီးအသီးသီးမှ ဒေသခံပြည်သူများ၏ ဌာနအပေါ် ယုံကြည်ကိုးစားမှု ကိုလည်း ရရှိခဲ့ပြီဖြစ်သည်။ ယခုလည်း ပြည်ထောင်စုအဆင့် MSME ထုတ်ကုန်ပြပွဲနှင့် ပြိုင်ပွဲ ကြီးသို့ ပြည်နယ်နှင့်တိုင်းဒေသကြီး ညွှန်ကြားရေးမှူးများသည် မိမိတို့၏ဒေသတာဝန်ခံများ အဖြစ် စီးပွားရေးဝန်ကြီးများနှင့်အတူ လိုက်ပါလာခဲ့ကြပြီး အသေးစားစက်မှုလက်မှုလုပ်ငန်း များကို ပြည်နယ်နှင့်တိုင်းဒေသကြီး ပြခန်းများတွင်လည်းကောင်း၊ အသေးစားစက်မှုလက်မှု လုပ်ငန်းဦးစီးဌာနက ကြီးကြပ်ရသည့် ပြခန်း ၁၁ ခန်းတွင်လည်းကောင်း ခင်းကျင်းပြသခဲ့ကြ သည်။

နိုင်ငံခြားပို့ကုန်ဆောင်ရွက်နေသာ လုပ်ငန်းရှင်များ

          နေပြည်တော်အပါအဝင် ပြည်နယ်နှင့် တိုင်းဒေသကြီးအသီးသီးမှ MSME လုပ်ငန်းရှင် များအနေဖြင့် မိမိတို့၏ကုန်ပစ္စည်းများကို ပြည်ပနိုင်ငံများသို့ တင်ပို့ရောင်းချလျက်ရှိရာ ဝမ်း မြောက်စွာဂုဏ်ပြုဖော်ပြပေးလိုပါသည်။

(က)   နေပြည်တော်။         ဦးကျော်ထူး၏ “Oma” အသင့်စားခေါက်ဆွဲခြောက်လုပ်ငန်း၊ ဒေါ်ဟေမာစံ၏ “HEIN SHWE YAUNG” လူသုံးကုန်ပစ္စည်းထုတ်လုပ်ရေးလုပ် ငန်း၊ ဒေါ်ခင်မိုးဖြူ၏ “ချမ်းမြေ့မေတ္တာ” ကျောက်မျက်ရတနာအလှဆင်ပစ္စည်းနှင့် ရွှေပန်းတိမ်လုပ်ငန်း၊ ဒေါ်သဉ္ဇာဦး၏ “သဉ္ဇာ” မြန်မာ့အစားအစာလုပ်ငန်း၊ ဒေါ်အိဇင်ဦး၏ “အိလက်ရာ” စားသောက်ကုန်လုပ်ငန်း၊ ဒေါ်စုစုရီ၏ “ငွေစန္ဒာ” လက်ရက်ကန်းလုပ်ငန်း။

(ခ)     ပဲခူးတိုင်းဒေသကြီး။ ဦးအောင်ကျော်ဆန်း၏ “ပန်းကမ္ဘာ” မြန်မာ့လက်မှုထည် လုပ်ငန်း၊ ဦးကျော်လင်းဇော်၏ “ယောင်္ကျားကြီးငါးပိလုပ်ငန်း”၊ ဒေါ်ခင်စန်းမော်၏ “မခန်းလေး”ထမင်းသုပ်၊ ဒေါ်ခင်ရတနာလှိုင်၏ “ရိုးရာမောင်”ချည်ထည်လုပ်ငန်း။

(ဂ)     မကွေးတိုင်းဒေသကြီး။ ဦးမင်းသက်ဝေ၏ “မြန်မာ့သဘာဝဒန့်သလွန်ထုတ်ကုန် များလုပ်ငန်း” Myanmar Organic Moringa၊ ဒေါ်နီလာ၏ “ဂဠုန်မင်း ညီနောင်”ချည်ထည်လုပ်ငန်း၊ ဒေါက်သက်ဆုဌေး၏ JUMJEL ဇီး၊ မန်ကျည်း ဖျော်ရည်လုပ်ငန်း၊ ဒေါ်မိုးသူဇာ၏ “ခါတော်ဦး” စားသောက်ကုန်လုပ်ငန်း။

(ဃ)   မန္တလေးတိုင်းဒေသကြီး။ ဒေါ်လုကွေဆင်း၏ Super Hero ငှက်သိုက်လုပ်ငန်း၊ ဒေါ်မေနှင်းဝေ၏ Health & Happy ကွတ်ကီးလုပ်ငန်း၊ ဒေါ်လင်းလင်းခိုင်၏ “Because Coffee” လုပ်ငန်း၊ ဦးရာဇာဌေး၏ “ဓနသိဒ္ဓိအောင်”ကျောက်စိမ်း ကျောက်သွေးကျောက်ဖြတ်လုပ်ငန်း၊ ဒေါ်ယဉ်မူ၏ “ENE” လူသုံးကုန်လုပ်ငန်း။

(င)     ရန်ကုန်တိုင်းဒေသကြီး။ ဒေါ်သက်မာညို၏ “Better Bee” မြန်မာ့အရည်အသွေး မြင့်ထုတ်ကုန် ပျားရည်နှင့် စားသောက်ကုန်လုပ်ငန်း၊ ဦးငွေလင်း၏ “Burma Grace” လူသုံးကုန်လုပ်ငန်း၊ စိုင်းစိုးမြင့်၏ Myanmar Bird’s Nest စားသောက် ကုန်လုပ်ငန်း၊ ဒေါ်ခင်ချမ်းမြေ့သူ၏ “ချမ်း”လူသုံးကုန်လုပ်ငန်း။

(စ)     ရှမ်းပြည်နယ်။ ဒေါ်မို့မို့မြတ်မင်း၏ “OH MY ZING” စားသောက်ကုန်လုပ်ငန်း။

ဈေးကွက်ချိတ်ဆက်နိုင်မှု

          ပြည်နယ်နှင့် တိုင်းဒေသကြီး လုပ်ငန်းရှင်များအနေဖြင့် ပါဝင်ခင်းကျင်းပြသယှဉ်ပြိုင်ကြ သော စားသောက်ကုန်၊ လူသုံးကုန်၊ လက်မှုထည်၊ ရက်ကန်းစသည့် ကုန်ပစ္စည်းအမျိုးအစားအ လိုက် ဈေးကွက်ချိတ်ဆက်နိုင်မှုမှာ နေပြည်တော်မှ (၁၆)ခု၊ တနင်္သာရီတိုင်းဒေသကြီးမှ (၃) ခု၊ ပဲခူးတိုင်းဒေသကြီးမှ (၉) ခု၊ မကွေးတိုင်းဒေသကြီးမှ (၁၁) ခု၊ မန္တလေးတိုင်းဒေသကြီးမှ (၇) ခု၊ မွန်ပြည်နယ်မှ (၂) ခု၊ ရန်ကုန်တိုင်းဒေသကြီးမှ (၄) ခု၊ ဧရာဝတီတိုင်းဒေသကြီးမှ (၃) ခု၊ စုစုပေါင်းလုပ်ငန်း (၅၆) ခု ဈေးကွက်ရှာဖွေချိတ်ဆက်နိုင်ခဲ့သည်။

 

သုံးသပ်အကြံပြုချက်များ

          အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနအောက်မှ ပြည်နယ်နှင့် တိုင်းဒေသကြီး ညွှန်ကြားရေးမှူးများသည် MSME ပြပွဲပြိုင်ပွဲကြီးအပြီးတွင် ၎င်းတို့တာဝန်ယူထားရသော ပြခန်းများအလိုက် တွေ့ရှိသုံးသပ်ချက်များကို အကြံပြုရေးသား၍ အစီရင်ခံတင်ပြခဲ့ကြသည်။ သုံးသပ်အကြံပြုချက်များမှာ အောက်ပါအတိုင်းဖြစ်ပါသည် -

(က)   ပြိုင်ပွဲဝင်မည့်လုပ်ငန်းရှင်များကို ကြိုတင်လေ့ကျင့်ပေးပြီး ထုတ်ပိုးမှုစနစ်ကောင်း မွန်အောင်၊ ဈေးကွက်ချိတ်ဆက်မှု အားကောင်းအောင် အသိပညာပေးသင့် ပါသည်။

(ခ)     Micro ၊ Small ၊ Medium စံသတ်မှတ်ချက်များနှင့်အညီ လုပ်ငန်းများကို ပါဝင် ယှဉ်ပြိုင်လျှင် ပူးပေါင်းပါဝင်မှု ပိုမိုအားကောင်းလာပါမည်။

(ဂ)     ပြည်နယ်နှင့် တိုင်းဒေသကြီးအသီးသီးရှိ ကုန်ထုတ်လုပ်မှုကွင်းဆက် (Supply Chain) တစ်လျှောက် ဒေသတစ်ခု၏ လိုအပ်ချက်ကို အခြားဒေသတစ်ခုမှ ဖြည့်ဆည်းပေးနိုင်အောင် ဆောင်ရွက်သင့်သည်။

(ဃ)   တပေါင်းကွင်းသို့ အများပြည်သူ သွားလာမှုလွယ်ကူစေရေး ယာဉ်များပြေးဆွဲပေး သင့်ပါသည်။

(င)     လုပ်ငန်းရှင်များအနေဖြင့် မိမိတို့၏လုပ်ငန်းများကို လုပ်ငန်းလိုင်စင်၊ မှတ်ပုံတင်၊ မူပိုင်ခွင့်များ ပြည့်စုံအောင် စီစဉ်ဆောင်ရွက်ပေးကြဖို့ လိုပါသည်။

 

(ဆက်လက်ဖော်ပြပါမည်။)


ဆက်စပ် သတင်းများ

Related News and Articles

ဆက်စပ်လင့်ခ်များ

အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။

  • တယ်လီဖုန်း

    ၀၆၇ - ၄၁၀၀၃၃
  • ဖက်စ်

    ၀၆၇ - ၄၁၀၀၃၆
  • Email

    contact@mcrd.gov.mm

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်

၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့်
မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်
စုံစမ်းစစ်ဆေးတွေ့ရှိချက်